ဖေဖော်ဝါရီ ၈၊ ၂၀၁၅
M-Media
– အစ္စလာမ့်အသိပညာကို အာဖရိကတိုက်အတွင်းရှိ နိုင်ငံအားလုံးသို့ ရောက်ရှိစေရန် ကြိုးပမ်းမှုအဖြစ် မာလာဝီရှိ
မွတ်စလင်သတင်းအချက်အလက် ဗျူရို IIB က ၎င်းတို့၏ အစ္စလာမ့်ပညာပေး လုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဇင်ဘာဘွေနှင့် ဇမ်ဘီယာ နိုင်ငံတို့တွင် ချဲ့ထွင်ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
“ဇင်ဘာဘွေနဲ့ ဇမ်ဘီယာနိုင်ငံက အစ္စလာမ်ဟာ မာလာဝီမှာလောက် အားကောင်းမှုမရှိပါဘူး။ ဒီအကြောင်းအရင်းက ကျွန်တော်တို့အသင်းရဲ့ အဖွဲ့ခွဲတွေဖွင့်ဖို့ ဖြစ်လာတာပါ။ ဒါမှသာ ကျွန်တော်တို့ဟာ သစ်လွင်မွတ်စလင်တွေကို အစ္စလာမ်နဲ့ပတ်သက်ပြီး သိသာထင်ရှားတဲ့ အကြောင်းအရာတွေအတွက် သင်ကြားပေးနိုင်ပါလိမ့်မယ်။ ပြီးတော့ အစ္စလာမ်ဟာ ဘယ်လိုအယူဝါဒမျိုးလဲဆိုတာ အခြားသော ဘာသာရေးအုပ်စုတွေကိုလည်း အသိပေးနိုင်ပါလိမ့်မယ်” ဟု IIB နိုင်ငံလုံးဆိုင်ရာ စီမံခန့်ခွဲရေးမှူး ရှိခ် ဒီနာလာ ချာဘူလီကာက ပြောကြားခဲ့သည်။
ထို့ပြင် အဆိုပါနိုင်ငံများရှိ ဝေးလံခေါင်ဖျားသော ဒေသများမှ မွတ်စလင်များမှာ ၎င်းတို့၏ ရုံးခွဲများမှနေ၍ အစ္စလာမ့် အသိပညာကို ရယူနိုင်မည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
“အစ္စလာမ်သာသနာ ပြန့်ပွားရာမှာ အသိပညာဟာ အဓိကအရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ လူတွေဟာ အစ္စလာမ်ကို သက်ဝင်ယုံကြည်ခြင်းမပြုခင်မှာ အစ္စလာမ်ဟာဘာလဲဆိုတာ ပြည့်ပြည့်၀၀ နားလည်သဘောပေါက်ရပါမယ်။ နိုင်ငံအားလုံးကို အစ္စလာမ့်အသိပညာတွေ ဖြန့်ဝေပေးဖို့ဆိုတာ ကျွန်တော်တို့ရဲ့ လုပ်ငန်းပါ။ ဒါ့ကြောင့် ဒီလိုဆောင်ရွက်မှုကတစ်ဆင့် ဒီနှစ်နိုင်ငံမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ညီအစ်ကိုမောင်နှမတွေ အစ္စလာမ်ကို သက်ဝင်ယုံကြည်ခြင်းရဲ့ အလှတရားကို ရရှိခံစားစေချင်ပါတယ်။ တကယ်လို့ ကျွန်တော်တို့ အဲဒီနိုင်ငံက ပြည်သူတွေကို အစ္စလာမ့်အသိပညာရရှိအောင် လုပ်ဆောင်ပေးမယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့အယူဝါကို လက်ခံသူတွေ များလာပါလိမ့်မယ်” ဟု ချာဘူလီကာက ထပ်လောင်းပြောကြားခဲ့သည်။
ဇမ်ဘီယာနှင့် ဇင်ဘာဘွေနိုင်ငံများမှာ ခရစ်ယာန်ဘာသာဝင်အများစုရှိရာ နိုင်ငံများဖြစ်ကြပြီး ဇင်ဘာဘွေလူဦးရေ ၁၅ သန်း၏ ၂ ရာခိုင်နှုန်းနှင့် ဇမ်ဘီယာလူဦးရေ ၁၃.၁ သန်း၏ ၁ ရာခိုင်နှုန်းသာလျှင် အစ္စလာမ်ကို သက်ဝင်ယုံကြည်ကြသူများ ဖြစ်ကြသည်။
ဇမ်ဘီယာအစ္စလာမ့်ကောင်စီ၏ ဥက္ကဌဖြစ်သူ ဆူဇ်ဂို ဇင်ဘာကမူ ၎င်းတို့နိုင်ငံရှိ မွတ်စလင်လူ့အဖွဲ့အစည်းနှင့် ပတ်သက်၍
“ဇမ်ဘီယာရဲ့ အစိတ်အပိုင်းအများစုမှာ အစ္စလာမ်ဟာ မရှိသလောက်ပါပဲ။ ဒါပေမယ့် IIB အဖွဲ့ ရောက်လာတဲ့အခါမှာတော့ လူတော်တော်များများဟာ အစ္စလာမ်ကို သက်ဝင်ယုံကြည်လာကြပါတယ်။ အစ္စလာမ်ဟာ ဘာလဲဆိုတာ ဖတ်ရှုနားလည်ပြီးတဲ့နောက်မှာတော့ လူတွေဟာ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်ခဲ့ကြပြီး ဒါဟာ IIB ရဲ့ ဇမ်ဘီယာမှာ အောင်မြင်မှုပါပဲ” ဟု ပြောကြားခဲ့သည်။
ထို့ပြင် IIB မှ ရုံးခွဲ လာရောက်ဖွင့်လှစ်ခြင်းမှာ အစ္စလာမ်၏ ဒါဝဟ်(သာသနာပြု) လုပ်ငန်း ပြန့်ပွားမှုအတွက် အလွန်အရေးပါသည်ဟုလည်း ပြောကြားခဲ့သည်။
ချာဘူလီကာကမူ အခြားသော ဘာသာရေးအုပ်စုများအနေဖြင့် အစ္စလာမ့်အသိပညာကို လုံလောက်စွာ ရရှိလာပါက အစ္စလာမ်မှာ မည်သို့သော အယူဝါဒဖြစ်သည်ကို နားလည်လာမည်ဖြစ်ပြီး ထိုနည်းလမ်းဖြင့် အစ္စလာမ်အပေါ် မကောင်းမြင်မှုများကို ရှောင်ရှားနိုင်လိမ့်မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
အားပေးကြိုဆို
ဇင်ဘာဘွေနိုင်ငံမှ အစ္စလာမ့် ဒါဝါဟ်လှုပ်ရှားမှုအဖွဲ့၏ ဥက္ကဌဖြစ်သူ ရှိခ် အဘ်ဒူလ်ရဟ်မန်က IIB ရုံးခွဲ ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံအတွင်း အစ္စလာမ်သာသနာ၏ လက်ရှိအခြေအနေနှင့်ပတ်သက်၍ ယခုကဲ့သို့ ပြောကြားခဲ့သည်။
“အစ္စလာမ်ရဲ့တိုးတက်မှုဟာ နှစ်ပေါင်းများစွာ တန့်နေပါတယ်။ ပြီးတော့ မွတ်စလင်လူဦးရေဟာ တစ်စတစ်စ လျော့လာတာကိုလည်း ကျွန်တော်တို့ ကြုံရပါတယ်။ ဒါပေမယ့် IIB ရုံးခွဲ ရောက်ရှိလာပြီးတဲ့အခါမှာတော့ အစ္စလာမ်ကို သက်ဝင်ယုံကြည်သူအရေအတွက်ဟာ မြင့်တက်လာခဲ့ပါတယ်။ ဒါဟာ ဇင်ဘာဘွေမှာ ဒီရုံးခွဲရှိနေတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့နှစ်သက်တဲ့ ဖွံ့ဖြိုးတိုးတက်မှုပါပဲ”
မာလာဝီရှိ အစ္စလာမ့်သတင်းအချက်အလက်ဗျူရို IIB ကို ၁၉၉၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့ပြီး မွတ်စလင်နှင့် မွတ်စလင်မဟုတ်သူများအား အစ္စလာမ့်အသိပညာသင်ကြားပို့ချပေးရန် ရည်ရွယ်ခဲ့ကာ နိုင်ငံတစ်ဝှမ်းတွင်လည်း ရုံးခွဲပေါင်း မြောက်များစွာရှိနေသည်။
ဇမ်ဘီယာနှင့် ဇင်ဘာဘွေနိုင်ငံများနှင့်မတူဘဲ မာလာဝီတွင် အစ္စလာမ်ကို သက်ဝင်ယုံကြည်သူများမှာ ပြီးခဲ့သည့် နှစ်များအတွင်း မကြုံစဖူး တိုးတက်လာခဲ့သည်။ နိုင်ငံ၏ လူဦးရေ ၁၆ သန်းတွင် အစ္စလာမ်ကို သက်ဝင်ယုံကြည်ကြသူများမှာ ၃၆ ရာခိုင်နှုန်းရှိပြီး ခရစ်ယာန်သာသနာပြီးနောက် ဒုတိယအကြီးဆုံး အယူဝါဒလည်းဖြစ်သည်။
“အာဖရိကတစ်ဝှမ်း အစ္စလာမ်သာသနာ တိုးတက်ပြန့်ပွားဖို့ ကျွန်တော်တို့ ရည်ရွယ်ချက်ထားပါတယ်။ ဘယ်လောက်ပဲ ဝေးနေပါစေ အစ္စလာမ့်ရဲ့သတင်းစကားတွေကို ပြည်သူထံရောက်ဖို့ ကျွန်တော်တို့ အသေအချာဆောင်ရွက်သွားမှာပါ။ အသိပညာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ဟာ ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေပါတယ်” ဟု ချာဘူလီကာက ပြောကြားခဲ့သည်။
Ref: onislam



![bzm]](http://www.m-mediagroup.com/wp-content/uploads/2015/02/bzm-300x208.jpg)





