News @ M-Media
Author: Ko Lay
  • ဆီးရီးယားရှိ ကာဒ့်တပ်များ IS လက်မှ ရွာပေါင်းများစွာကို ထပ်မံသိမ်းပိုက်
    ဆီးရီးယားရှိ ကာဒ့်တပ်များ IS လက်မှ ရွာပေါင်းများစွာကို ထပ်မံသိမ်းပိုက်
    ဖေဖော်ဝါရီ ၉၊ ၂၀၁၅
    M-Media
    koban
    – ဆီးရီးယားနိုင်ငံရှိ IS တပ်များအား တိုက်ခိုက်နေသော ကာ့ဒ်ပြည်သူ့ကာကွယ်ရေးတပ် YPG မှာ နယ်စပ်ရှိ အဓိကကျသော ကိုဘိန်းမြို့တစ်ဝိုက် ရွာပေါင်းများစွာကို ပြန်လည်သိမ်းယူနိုင်ခဲ့သည်ဟု ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောကြားလိုက်သည်။
    “ကာဒ့်ပြည်သူ့ကာကွယ်ရေး တပ်မတော် YPG က လွန်ခဲ့တဲ့ နှစ်ပတ်အတွင်းမှာ ကိုဘိန်းတစ်ဝိုက်က ရွာပေါင်း ၃၅၀ အထဲက ၁၂၈ ရွာကို သိမ်းယူနိုင်ခဲ့ပါတယ်” ဟု အဆိုပါ စောင့်ကြည့်အဖွဲ့၏ ဒါရိုက်တာဖြစ်သူ အဘ်ဒဲလ်ရဟ်မန်က ပြောကြားခဲ့သည်။
    YPG တပ်များမှာ IS က လပေါင်းများစွာကြာ သိမ်းပိုက်ထားခဲ့သော ဆီးရီးယား-တူရကီနယ်စပ်ရှိ ကိုဘိန်းမြို့ကို ဇန်န၀ါရီ ၂၆ ရက်နေ့တွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးနောက်ပိုင်း ထပ်မံထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။
    “ကိုဘိန်းမြို့ အရှေ့ဘက်နဲ့ တောင်ဘက်မှာရှိတဲ့ ရွာတွေကနေ IS တပ်ဖွဲ့အများစုဟာ ခုခံမှုမရှိဘဲနဲ့ ဆုတ်ခွာသွားပါတယ်။ ဒါပေမယ့် အနောက်ဘက်မှာရှိတဲ့ ရွာတွေကို ထိန်းချုပ်ဖို့တော့ သူတို့ ပြင်းပြင်းထန်ထန် ကြိုးစားနေကြပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ထိန်းချုပ်ထားတဲ့ အဲလစ်ပိုပြည်နယ်က ဒေသတွေကို ကာကွယ်ဖို့ပါပဲ။ ဒါပေမယ့် ကာ့ဒ်တပ်ဖွဲကတွေကတော့ ဖြည်းဖြည်းနဲ့မှန်မှန် တိုးတက်နေပါတယ်” ဟု အဘ်ဒဲလ် ရဟ်မန်က ထပ်လောင်းပြောကြားခဲ့သည်။
    YPG ၏ တိုက်ခိုက်မှုကို ကူညီပေးရန်အတွက် အမေရိကန်ဦးဆောင်ပြီး အာရပ်နိုင်ငံများပါဝင်သော မဟာမိတ်အဖွဲ့က လေကြောင်းမှ IS အဖွဲ့အား တိုက်ခိုက်မှုများကို ပြုလုပ်ပေးနေသည်။ အစ္စလာမ်ဘာသာဝင်မျိုးနွယ်စုတစ်ခုဖြစ်သော ကာဒ့်လူမျိုးများမှာ ဆီးရီးယားနှင့် အီရတ်တို့တွင် IS ရန်ကို အဓိကတွန်းလှန်နေသော အဖွဲ့လည်းဖြစ်သည်။
    Ref: aljazeera
  • ၂၀၁၅ အာဖရိကနိုင်ငံများဖလားအား အိုက်ဗရီကို့စ်ဆွတ်ခူး
    ၂၀၁၅ အာဖရိကနိုင်ငံများဖလားအား အိုက်ဗရီကို့စ်ဆွတ်ခူး
    ဖေဖော်ဝါရီ ၉၊ ၂၀၁၅
    M-Media
    ivc 2
    – ပုံမှန်ပွဲကစားချိန်၊ အချိန်ပိုများဖြင့် ရေကုန်ရေခန်းကစားခဲ့ကြပြီးနောက် ၂၀၁၅ ခုနှစ် အာဖရိကနိုင်ငံများဖလားကို အိုက်ဗရီကို့စ်အသင်းက ဂါနာအား ပင်နယ်တီဖြင့် အနိုင်ယူကာ ဆွတ်းခူးရရှိခဲ့သည်ဟုသိရသည်။
    အနောက်အာဖရိက အိမ်နီးချင်း ၂ သင်း အီကွေတိုရီယဲလ်ဂီနီနိုင်ငံ မြို့တော်ဘာတာတွင် ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့သည့် အဆိုပါပွဲမှာ အကြိတ်အနယ်ရှိခဲ့ပြီး ဂါနာအသင်းက ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာရခဲ့သည်။ သို့သော်လည်း အပြန်အလှန်ကစားနိုင်ခဲ့ပြီး ပွဲမှာမြိုင်ဆိုင်ခဲ့ကာ နှစ်သင်းစလုံး ဂိုးသွင်းခွင့် အချို့ ရခဲ့ကြသည်။
    ပွဲချိန်မိနစ် ၉၀ အတွင်း ဂိုးမရှိသရေကျနေသောကြောင့် အချိန်ပို ဆက်လက်ကစားခဲ့ရာ အချိန်ပိုတွင်လည်း မည်သူမှ ဂိုးမသွင်းနိုင်ခဲ့သောကြောင့် ပင်နယ်တီ ကန်ခဲ့ရသည်။ ပင်နယ်တီတွင် ၁၁ လုံး ကန်ခဲ့ရပြီး ၉ ဂိုး ၈ ဂိုးဖြင့်
    အိုက်ဗရီကို့စ်က အနိုင်ရခဲ့ကာ အနိုင်ရရှိမည့် ပင်နယ်တီကို ဂိုးသမား ဘောက်ဘာကာ ဘာရီက သွင်းယူပေးခဲ့ခြင်း
    ဖြစ်သည်။
    အိုက်ဗရီကို့စ်အသင်း၏ ယခုကဲ့သို့ ဗိုလ်စွဲခဲ့ခြင်းမှာ ၁၉၉၂ ခုနှစ်နောက်ပိုင်း ပထမဆုံး ဗိုလ်စွဲနိုင်ခဲ့ခြင်းဖြစ်သည်။ ၁၉၉၂ ခုနှစ်တွင်လည်း အိုက်ဗရီကို့စ်မှာ ဂါနာအသင်းအား ပင်နယ်တီ ၂၄ လုံးအထိ ကန်ကာ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
    Ref: dailymail
  • ချယ်ဆီးကလွဲလို့ အသင်းကြီးတွေ မျက်နှာပန်းမလှခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၄
    ချယ်ဆီးကလွဲလို့ အသင်းကြီးတွေ မျက်နှာပန်းမလှခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၄
    ဖေဖော်ဝါရီ ၉၊ ၂၀၁၅
    M-Media
    pml 2
    – ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ အသင်းကြီးတွေထဲမှာ ချယ်ဆီးတစ်သင်းသာ အနိုင်ရပြီး ကျန်တဲ့အသင်းတွေကတော့ သရေ၊ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
    စနေနေ့က အစောဆုံးကစားခဲ့တဲ့ လန်ဒန်ဒါဘီ စပါးနဲ့ အာဆင်နယ်တို့ပွဲမှာ ၀င်းဂါးရဲ့အသင်း အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပွဲအစမှာ အိမ်ရှင်တို့ ပိုသွက်ခဲ့ပေမယ့် အိုဇေးလ်က ၁၁ မိနစ်မှာ အာဆင်နယ်အတွက် ဦးဆောင်ဂိုး သွင်းပေးနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ နှစ်ဘက်စလုံး တင်ကစားလာခဲ့တာကြောင့် ပွဲက ပိုမြိုင်လာခဲ့ပြီး စပါးတို့က ဂိုးသွင်းခွင့် ပိုမိုရရှိခဲ့ပါတယ်။ အားထားရတဲ့ တိုက်စစ်မှူး ဆန်းချက်ဇ် ဒဏ်ရာကြောင့် မပါဝင်နိုင်တာက အာဆင်နယ်အတွက် အားနည်းချက်တစ်ခုဖြစ်ခဲ့ပြီး အိမ်ရှင်အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကိုတော့ ဟယ်ရီကိန်းက ၅၆ နဲ့ ၈၆ မိနစ်တွေမှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
    ချယ်ဆီးကတော့ ကစားရခက်တဲ့ အက်စတွန်ဗီလာကို အဝေးကွင်းမှာ ဟာဇာ့ဒ်နဲ့ အိုင်ဗန်နိုဗစ်ရဲ့ဂိုးတွေနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ ပွဲအစအဆုံး ချယ်ဆီးကသာ အသာရခဲ့ပြီး ဒီပွဲအနိုင်ဟာ ဗီလာကွင်းမှာ မော်ရင်ဟိုရဲ့ နောက်ဆုံး ၅ ပွဲ ပထမဆုံးအနိုင်လည်း ဖြစ်ပါတယ်။
    ချယ်ဆီးကို အမှီလိုက်နေတဲ့ မန်စီးတီးကတော့ အိမ်ကွင်းမှာ ဇယားအောက်ခြေက ဟားလ်စီးတီးကို အံ့သြဖွယ် သရေကျခဲ့ပါတယ်။ ဒါတောင် ကံကောင်းထောက်မစွာနဲ့ သရေကျခဲ့တယ်လို့ ပြောလို့ရပါတယ်။ ဟားလ်စီးတီးဟာ ၃၅ မိနစ်မှာ ဒေးဗစ်မေလာရဲ့ဂိုးနဲ့ လက်ရှိချန်ပီယံမန်စီးတီးကို ပွဲပြီးတဲ့အထိ ဦးဆောင်နေခဲ့တာပါ။ မန်စီးတီးက တရစပ်ဖိအားပေးခဲ့ပြီး ဟားလ်စီးတီးဂိုးပေါက်ကို အကြိမ်ကြိမ်ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်း နာကျင်အချိန်ပို ၂ မိနစ်မှာမှ ဂျိမ်းစ်မီလ်နာက ဂိုးသွင်းပေးခဲ့တာကြောင့် သရေတစ်မှတ် ရရှိခဲ့တာဖြစ်ပါတယ်။
    မန်ယူကလည်း ၀က်စ်ဟမ်းကွင်းမှာ နောက်ကလိုက်ကစားခဲ့ရပြီး ၉၂ မိနစ်မှာမှ ဘလင်းက ချေပဂိုးသွင်းပေးနိုင်ခဲ့ကာ သေpmlရတစ်မှတ်ရရှိခဲ့ပါတယ်။ အဆင့်လေးက ဆောက်သက်တမ်ကလည်း ကျူပီအာရ်ကို ဒုတိယပိုင်း နာကျင်အချိန်ပိုသွင်းဂိုးနဲ့ အနိုင်ရခဲ့ပြီး တတိယနေရာကို ရောက်ရှိလာခဲ့ပါတယ်။ လီဗာပူးလ်ကတော့ အဲဗာတန်ကို အဝေးကွင်းမှာ ဂိုးမရှိသရေကျခဲ့ပါတယ်။
    ဒီတစ်ပတ်ပရီးမီးယားလိဂ်ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    စပါး ၂-၁ အာဆင်နယ်
    အက်စတွန်ဗီလာ ၁-၂ ချယ်ဆီး
    လက်စတာ ၀-၁ ခရစ္စတယ်ပဲလေ့စ်
    မန်စီးတီး ၁-၁ ဟားလ်စီးတီး
    ကျူပီအာရ် ၀-၁ ဆောက်သက်တမ်
    ဆွမ်ဆီး ၁-၁ ဆန်းဒါးလန်း
    အဲဗာတန် ၀-၀ လီဗာပူးလ်
    ဘန်လေ ၂-၂ ၀က်စ်ဘရွန်း
    နယူးကာဆယ် ၁-၁ စတုတ်
  • ထိပ်ပြောင်ခြင်းကို ကုသနိုင်မည့် နည်းလမ်းသစ်တစ်ခု အမေရိကန် ပညာရှင်များတွေ့ရှိ
    ထိပ်ပြောင်ခြင်းကို ကုသနိုင်မည့် နည်းလမ်းသစ်တစ်ခု အမေရိကန် ပညာရှင်များတွေ့ရှိ
    ဖေဖော်ဝါရီ ၉၊ ၂၀၁၅
    M-Media
    bald
    – ကိုယ်တိုင်ဖန်တီးထားသော ဆဲလ်ကိုအသုံးပြု၍ ဆံပင်ပေါက်အောင်လုပ်ခြင်းအားဖြင့် ထိပ်ပြောင်သည့်ရောဂါကို ကုသနိုင်သည့်နည်းလမ်းအား အသုံးပြုနိုင်တော့မည်ဟု အမေရိကန် သိပ္ပံပညာရှင်များက ပြောကြားလိုက်သည်။
    အမျိုးသားများ၏ ထက်ဝက်နီးပါးခန့်မှာ အသက် ၅၀ သို့ ရောက်သည့်အချိန်တွင် ထိပ်ပြောင်ခြင်းဒဏ်ကို ခံစားရလေ့ရှိပြီး အမျိုးသမီးများမှာ သွေးဆုံးသည့် အချိန်မျိုးတွင် တွေ့ကြုံရလေ့ရှိသည်။ သို့သော်လည်း အမျိုးသမီးများ ထိပ်ပြောင်ခြင်းမှာ အလွန်နည်းပါးသည်။
    ထိပ်ပြောင်ခြင်းမှာ ဆံပင်အသစ်ကို ထုတ်လုပ်ပေးသော ဦးရေပြားမှ မွှေးညှင်းပေါက်များ အလုပ်မလုပ်တော့သည့်အခါ ဖြစ်ပွားခြင်းဖြစ်ပြီး အသက်ကို ထိခိုက်စေနိုင်သော ကိစ္စမဟုတ်သော်လည်း လူတစ်ဦး၏ မိမိကိုယ်မိမိ ယုံကြည်မှုအပေါ် ထိခိုက်စေနိုင်သည်။ ထိုပြဿနာအား ဖြေရှင်းပေးရန်အတွက် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယေဂိုရှိ Sanford-Burnham ဆေးဘက်ဆိုင်ရာသုတေသန ဌာနမှ သိပ္ပံပညာရှင်များက ဆောင်ရွက်လျက်ရှိနေပြီး အောင်မြင်မှုတစ်ချို့လည်း ရရှိနေသည်။
    အစောပိုင်း ဆောင်ရွက်မှုများတွင် ထိရောက်မှုမရှိသောကြောင့် သိပ္ပံပညာရှင်များမှာ အမွှေးပေါက်စေနိုင်သည့် ဆဲလ်ကို သဘာဝအတိုင်း ထုတ်လုပ်နိုင်အောင် ကြိုးစားခဲ့သည်။ အဆိုပါဆဲလ်များကို လိုအပ်သည့်နေရာတွင် အစားထိုးရမည်ဖြစ်ပြီး ကြွက်များကို စမ်းသပ်ကြည့်ခဲ့ရာ အောင်မြင်မှုများ ရရှိခဲ့သည်။
    “ကျွန်တော်တို့ရဲ့ ဆဲလ်ဖန်တီးမှုနည်းလမ်းဟာ ဆဲလ်အစားထိုးမှုပြုလုပ်ထားတဲ့ သူတွေမှာနောက်ထပ် ဆဲလ်ပေါင်းမြောက်များစွာကို ဖြစ်ပေါ်စေပါတယ်။ ပြီးတော့ လက်ရှိဖြစ်နေတဲ့ ဆံပင်ဆုံးရှုံးမှုကြောင့် ဒီနည်းလမ်းကို ထိခိုက်စေတာလည်း မရှိပါဘူး” ဟု Sanford-Burnham မှ ပါမောက္ခ အဲလက်ဇီ တာရ် ကစ်ဟ်က ပြောကြားခဲ့သည်။ ထို့ပြင် နောက်တစ်ဆင့်တွင် လူများအား စမ်းသပ်သွားမည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    Ref:alarabiya
  • နိုင်ငံတကာ သတင်းတို (ဖေဖော်ဝါရီ ၈၊ ၂၀၁၅)
    ဖေဖော်ဝါရီ ၈၊ ၂၀၁၅
    M-Media
    – ဂျော်ဒန်လေယာဉ်မှူး မီးရှို့အသတ်ခံရပြီးနောက် IS အား လေကြောင်းမှ တိုက်ခိုက်နေသည့် အမေရိကန်ဦးဆောင်သော မဟာမိတ်အဖွဲ့မှ နှုတ်ထွက်ခဲ့သည့် ယူအေအီးမှာ ယခုအခါ ဂျော်ဒန်၏ လေကြောင်းမှတိုက်ခိုက်မှုကို ကူညီရန်အတွက် F 16 တိုက်လေယာဉ် အုပ်စုတစ်ခုကို ဂျော်ဒန်သို့ ယမန်နေ့တွင် ပေးပို့လိုက်သည်။
    – ယူကရိန်းပြဿနာကို စစ်ရေးအရဖြေရှင်း၍ မရဘဲ သံတမန်နည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးစားမှုမှာလည်း အောင်မြင်မည်လားဆိုသည်ကို မသိရှိကြောင်း ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်က ပြောကြားလိုက်သည်။ အိန်ဂျလာမာကဲလ်နှင့် ပြင်သစ်သမ္မတ ဟော်လန်ဒေးတို့မှာ ရုရှားသမ္မတပူတင်နှင့် သောကြာနေ့က တွေ့ဆုံခဲ့ပြီး ယူကရိန်းပြဿနာဖြေရှင်းရေး နောက်ဆုံးနည်းလမ်းအဖြစ် အခြေခံမူတစ်ခုကို ချပြခဲ့သည်။
    – ပြင်းအား ၅.၁ ရစ်ခ်ျစတာကေးရှိ ငလျင်တစ်ခုမှာ အင်ဒိုနီးရှားနိုင်ငံ အရှေ့တောင်ပိုင်း နာဘီရီသို့ ဗဟိုပြုကာ ယမန်နေ့တွင် လှုပ်ခတ်သွားခဲ့သည်ဟု အမေရိကန် ဘူမိဗေဒ စူးစမ်းရေးအဖွဲ့မှ ပြောကြားခဲ့သည်။
    – ပြီးခဲ့သည့် သုံးနှစ်ခန့်မှစတင်ကာ ဆီးရီးယားနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်အတွင်း သေဆုံးသူဦးရေမှာ ၂၁၀၀၆၀ ဦး ရှိလာပြီဟု လန်ဒန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောကြားလိုက်သည်။
    – ယခုလနှောင်းပိုင်း ချစားမှုဖြင့် စွဲချက်တင်သည့်အချိန်တွင် တိုင်းပြည်အတွင်းရှိနေစေရန်အတွက် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်ထရာ၏ နိုင်ငံခြားသို့သွားရောက်ရန် ခွင့်တောင်းမှုကို စစ်တပ်ကျောထောက် နောက်ခံပြုထားသည့် ထိုင်းအစိုးရက ငြင်းပယ်လိုက်သည်။
    – အီရန်နိုင်ငံ၏ အဓိပတိ ခါမေနီက မိမိနှင့် အီရန်ပြည်သူများမှာ နျူကလီးယားအရေးနှင့်ပတ်သက်၍ အီရန်က ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို အပြည့်အ၀ ထောက်ခံအားပေးသည်ဟု ယနေ့တွင် ပြောကြားခဲ့သည်။
    – ပက်ရှ်ဝါရ်ကျောင်းအား တာလီဘန်တို့၏ တိုက်ခိုက်မှုပြီးနောက် ကျောင်းသားများ လုံခြုံရေးအတွက် ပါကစ္စတန်ကျောင်းဆရာများ သေနတ်ကိုင်ရန် ပါကစ္စတန်အစိုးရက ခွင့်ပြုခဲ့ခြင်းအတွက် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။
    Ref: news agencies