News @ M-Media

Author: Ko Lay

  • သွေးလွန်တုပ်ကွေး ရှိ၊ မရှိ မိနစ် ၂၀ အတွင်း ကိုယ်တိုင်စမ်းသပ်နိုင်တော့မည်

    သွေးလွန်တုပ်ကွေး ရှိ၊ မရှိ မိနစ် ၂၀ အတွင်း ကိုယ်တိုင်စမ်းသပ်နိုင်တော့မည်

    ဇန်န၀ါရီ ၃၁၊ ၂၀၁၅
    M-Media

    dengu

    – စက္ကူအရောင်ပြောင်းသည့် နည်းစနစ်ကို အခြေခံထားပြီး မိနစ် ၂၀ အတွင်း သွေးလွန်တုပ်ကွေး ရှိ၊ မရှိ စမ်းသပ်နိုင်မည့် အိတ်ဆောင် ကိရိယာတစ်ခုကို တီထွင်လိုက်ပြီဟု စင်ကာပူ သိပ္ပံ၊ နည်းပညာနှင့် သုတေသနအေဂျင်စီ ASTAR က ပြောကြားလိုက်သည်။

    စင်ကာပူ ဇီဝအင်ဂျင်နီယာနှင့် နာနိုနည်းပညာအသင်း IBN မှ ထုတ်လုပ်သည့် အဆိုပါကိရိယာတွင် လူ၏ တံတွေးနမူနာကိုယူ၍ သွေးလွန်တုပ်ကွေးဖြစ်ပွားနေသူတွင် တွေ့ရသော ပဋိပစ္စည်းများကို စမ်းသပ်နိုင်မည်ဖြစ်သည်။ ထိုကိရိယာမှာ ယခုလက်ရှိအသုံးပြုနေသော သွေးဖောက်၍ ဓာတ်ခွဲခန်းသို့ပို့ကာ စမ်းသပ်မှုထက် ပို၍ လျင်မြန်မည်ဖြစ်ကာ နာကျင်မှုလည်း ရှိမည်မဟုတ်ချေ။

    ထိုကိရိယာမှာ သွေးလွန်တုပ်ကွေး၏ ဒုတိယအဆင့်တွင်ပင် ရောဂါ၏ ပဋိဇီဝပစ္စည်းများကို စမ်းသပ်တွေ့ရှိနိုင်မည်ဖြစ်သည်။ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုး ကူးစက်၍ ဒုတိယအဆင့်သို့ရောက်နေသော လူနာများမှာ အဖျားကြီးကာ သွေးအန်ခြင်း သို့မဟုတ် ဆိုးရွားသည့် သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများကို ပြသနိုင်သည်အထိ အန္တရာယ်ရှိနေသည်။

    သွေးလွန်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ပြီးနောက် ရောဂါလက္ခဏာများ မပြသခင် ရောဂါပိုးပေါက်ဖွားသည့်ကာလမှာ များသောအားဖြင့် ၄ ရက်မှ ၁၀ ရက်အတွင်း ရှိသောကြောင့် စောစောစီးစီး စမ်းသပ်နိုင်ခြင်းမှာ အရေးကြီးသည့် ကိစ္စတစ်ခုလည်းဖြစ်သည်။

    အရောင်ပြောင်းသည့်စက္ကူကို အခြေခံသော စမ်းသပ်မှုကိရိယာများမှာ များသောအားဖြင့် တံတွေးပမာဏ အမြောက်အများကို ကိုင်တွယ်နိုင်ရန် ဒီဇိုင်းထုတ်ထားခြင်း မဟုတ်သော်လည်း IBN မှ ယခုတီထွင်လိုက်သည့် ကိရိယာမှာ ကြီးမားသည့် တံတွေးပမာဏကိုလည်း ကိုင်တွယ်နိုင်မည်ဖြစ်သည်။

    သုတေသနပညာရှင်များကမူ အဆိုပါ သွေးလွန်တုပ်ကွေးစပ်းသပ်သည့် ကိရိယာကို ကိုယ်ဝန် ရှိ၊ မရှိ စမ်းသပ်နိုင်သည့် ကိရိယာကဲ့သို့ လွယ်ကူစွာ အသုံးပြုနိုင်မည်ဟု မျှော်လင့်ထားပြီး ထိုကိရိယာအား အခြားသော ရောဂါများကို စမ်းသပ်နိုင်သည့် ကိရိယာအဖြစ် ပြောင်းလဲရန် ကြိုးစားနေကြသည်။

    Ref:channelnewsasia

  • နိုင်ငံတကာ သတင်းတို (ဇန်န၀ါရီ ၃၀၊ ၂၀၁၅)

    နိုင်ငံတကာ သတင်းတို (ဇန်န၀ါရီ ၃၀၊ ၂၀၁၅)

    ဇန်န၀ါရီ ၃၀၊ ၂၀၁၅
    M-Media

    – မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးရှိ ကလေးဆေးရုံတစ်ခု အပြင်ဘက်တွင် ဂက်စ်အိုးတင်လာသည့် ကားမှ ဂက်စ် ယိုစိမ့်ကာ ပေါက်ကွဲမှုကြောင့် မွေးကင်းစကလေးငယ် ၂ ဦးအပါအ၀င် လူ ၃ ဦးသေဆုံးခဲ့ကာ ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် ဆေးရုံ အဆောက်အဦး၏ ၄၀ ရာခိုင်နှုန်းမှာလည်း ပြိုကျပျက်ဆီးခဲ့သည်။

    – အီဂျစ်နိုင်ငံ ဆိုင်းနိုင်ကျွန်းဆွယ်မြောက်ပိုင်း အလ်အရစ်ရှ်မြို့တွင် ရဲစခန်းများ၊ ရဲနှင့် စစ်သားများနေရာ အိမ်ခန်းနှင့် စစ်တပ် စစ်ဆေးရေးဂိတ်တို့အား စစ်သွေးကြွများက ယမန်နေ့ ညနေပိုင်းတွင် ဒုံးကျည်များ၊ ကားဗုံးများဖြင့် တိုက်ခိုက်ခဲ့သောကြောင့် စစ်သားအများစုအပါအ၀င် ၂၆ ဦးသေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။

    – တစ်စထက်တစ်စ ကြီးထွားလာပြီး နိုင်ငံဖြတ်ကျော် တိုက်ခိုက်မှုများပါ ပြုလုပ်လာသည့် နိုက်ဂျီးရီးယားရှိ ဘိုကိုဟရမ် အဖွဲ့အား နှိမ်နင်းရန်အတွက် အာဖရိက သမဂ္ဂက ယနေ့တွင်ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် အာဖရိက ၅ နိုင်ငံပါဝင်သော အင်အား ၇၅၀၀ ရှိ ညွန့်ပေါင်းတပ်အား တိုက်တွန်းပြောဆိုလိုက်သည်။

    – IS လက်တွင် ကျန်ရှိနေသည့် မိမိတို့ဂျာနယ်လစ် လွတ်မြောက်ရေးအတွင် ဂျော်ဒန်နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေသည်ဟု ဂျပန် တာဝန်ရှိသူများက ပြောကြားလိုက်သည်။ ဂျော်ဒန်လေယာဉ်မှူးနှင့် အလ်ကိုင်းဒါး အဖွဲ့ဝင် အမျိုးသမီးတို့ လဲလှယ်ရေးအတွက် IS မှ ပေးထားသော အချိန်မှာ ပြည့်သွားခဲ့ပြီဖြစ်ပြီး IS ဘက်က မည်သည့်ထုတ်ပြန်မှုမှ မပြုလုပ်သေးပေ။

    – နိုင်ငံအတွင်း အရက်သေစာသောက်သုံးမှု ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ဥပေဒမူကြမ်းတစ်ခုကို စင်ကာပူ ပါလီမန်၌ ယနေ့တွင် တင်သွင်းခဲ့သည်။ အဆိုပါ ဥပဒေမူကြမ်းအရ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် အရက်သေစာသောက်စားခြင်းကို နေ့စဉ် ည ၁၀ နာရီခွဲမှ နံနက် ၇ နာရီအထိ ပိတ်ပင်သွားမည်ဖြစ်ပြီး အပြင်သို့သယ်ဆောင်သွားနိုင်သည့် အရက်သေစာ ရောင်းချမှုကိုလည်း ည ၁၀ နာရီခွဲအထိသာ ပြုလုပ်နိုင်မည်ဖြစ်သည်။

    – ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေတွင် အစ္စရေးက တရားမ၀င်လူနေအိမ်ရာ ၄၃၀ ကို ထပ်မံဆောက်လုပ်ရန်စီစဉ်နေသည်ဟု တရားမ၀င်အိမ်ရာဆောက်လုပ်မှုများကို စောင့်ကြည်နေသည့် Terrestrial Jerusalem အဖွဲ့က ပြောကြားလိုက်သည်။ ပါလက်စတိုင်းပိုင်နက်များတွင် ဂျူးအခြေချအိမ်ရာများအစ္စရေးက ဆောက်လုပ်ခြင်းမှာ နိုင်ငံတကာဥပဒေများအား ချိုးဖောက်ခြင်းဖြစ်သည်ဟု ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းက သတိပေးထားသော်လည်း အစ္စရေးက ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ဆောင်ရွက်နေခြင်း ဖြစ်သည်။

    – ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သော စစ်ဆင်ရေးအတွင်း ကျဆုံးသွားခဲ့သည့် ရဲကွန်မန်ဒို ၄၄ ဦး၏ ဈာပနအခမ်းအနားကို ဖိလစ်ပိုင်၌ ယနေ့တွင် ပြုလုပ်ခဲ့ပြီး ဖိလစ်ပိုင်သမ္မတ အကွီနိုက ကျဆုံးသွားသူများအတွက် တရားမျှတမှုကို ရယူပေးမည်ဟု ကတိပြုခဲ့သည်။ ကွန်မန်ဒိုများမှာ နိုင်ငံတောင်ပိုင်းရှိ သူပုန်အဖွဲ့နှစ်ဖွဲ့ကို တိုက်ခိုက်ရင်း သေဆုံးခဲ့ရခြင်းဖြစ်ပြီး သူပုန်များကမူ အစိုးရက ငြိမ်းချမ်းရေးသဘောတူညီချက်ကို ချိုးဖောက်ကာ စစ်ဆင်ရေးပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: .aljazeera,channelnewsasia

  • ဆော်ဒီ ဘုရင်သစ် နိုင်ငံ ၀န်ထမ်းများနှင့် ပြည်သူများအား ဆုကြေးများ ချီးမြှင့်မည်

    ဆော်ဒီ ဘုရင်သစ် နိုင်ငံ ၀န်ထမ်းများနှင့် ပြည်သူများအား ဆုကြေးများ ချီးမြှင့်မည်

    ဇန်န၀ါရီ ၃၀၊ ၂၀၁၅
    M-Media

    slm

    – ပြီးခဲ့သည့် တစ်ပတ်က ထီးနန်းစိုးစံခဲ့သည့် ဆော်ဒီဘုင်သစ် ဆလ်မာန် ဘင် အဘ်ဒူလ်အဇစ်က ဘုရင့်အစိုးရမှ နိုင်ငံအတွက် သုံးစွဲမည့် ဘက်ဂျက်စာရင်းကို ယမန်နေ့က ထုတ်ပြန်ခဲ့ပြီး အဆိုပါ ထိုအစီအစဉ်တွင် နိုင်ငံ့ဝန်ထမ်းအားလုံးကို အပိုဆုကြေးပေးခြင်းနှင့် ပြည်သူများအား ထောက်ပံ့ငွေပေးခြင်းတို့ ပါဝင်သည်ဟု သိရသည်။

    ထိုအစီအစဉ်အရ နိုင်ငံ့ဝန်ထမ်းများမှာ ၎င်းတို့ရရှိသည့် လစာ၏ ၂ လစာကို ယခုလကုန်တွင် အပိုဆုကြေးအဖြစ် ရရှိမည်ဖြစ်ပြီး ပင်စင်စားများမှာလည်း ၂ လစာ ပင်စင်လခကို ရရှိမည်ဖြစ်သည်။ ထို့ပြင် ကျောင်းသားများ၊ အထူးလိုအပ်ချက်ရှိနေသောသူများ၊ လူမှုဖူလုံရေးအစီအစဉ်မှ ထောက်ပံ့ငွေရရှိနေသောသူများကိုလည်း ၎င်းထို့လစဉ်ရရှိသည့် ထောက်ပံ့ကြေးများ၏ ၂ လစာကို
    ဆော်ဒီအစိုးရမှ ထပ်ဆောင်းပေးအပ်သွားမည်ဖြစ်သည်။

    အဆိုပါ ချီးမြှင့်မှုနှင့်ပတ်သက်၍ ဘုရင်ကြီးက Twitter စာမျက်နှာတွင် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ထိုကြေညာချက်တွင် –

    `အသင်တို့အနေနဲ့ ဒီထက်ပိုထိုက်တန်ပြီး ကျွန်ုပ်ရဲ့ ဖြည့်ဆည်းပေးမှုဟာ အသင်တို့ရဲ့ ရပိုင်ခွင့်ကို ဘယ်တော့မှ ပြည့်မီမှာမဟုတ်ပါဘူး။ သာသနာ့တာဝန်၊ တိုင်းပြည်တာဝန်ထမ်းဆောင်ရာမှာ ကျွန်ုပ်ကိုရော အသင်တို့ကိုပါ အလ္လာဟ်အရှင်မြတ် ကူညီတော်မူပါစေလို့ ကျွန်ုပ်အနေနဲ့ ဆုတောင်းပတ္တနာ ပြုအပ်ပါတယ်။ အသင်တို့ရဲ့ တောင်းဆုတိုင်းမှာ ကျွန်ုပ်အတွက် ဆုမွန်ကောင်းတောင်းပေးဖို့ မမေ့ကြပါနဲ့လို့ မေတ္တာရပ်ခံပါတယ်´ ဟု ဖော်ပြခဲ့သည်။

    နိုင်ငံဝန်ထမ်းများနှင့် ပြည်သူများအား ထိုကဲ့သို့ထောက်ပံ့မှုအပြင် နိုင်ငံ၏ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းလုပ်ငန်း၊ ရေပေးဝေခြင်းလုပ်ငန်းနှင့် အိမ်ယာများ ဆောက်လုပ်ခြင်းတို့ အတွက် ကန်ဒေါ်လာ ၅.၃ ဘီလီယံ သုံးစွဲသွားမည်ဟု ပြောကြားခဲ့ပြီး ဆော်ဒီအစိုးရမှ နိုင်ငံအတွက် သုံးစွဲသွားမည့် စုစုပေါင်း ငွေကြေးပမာဏမှာ ကန်ဒေါ်လာ ၂၉ ဘီလီယံ (ဆော်ဒီရီယဲလ် ဘီလီယံ ၁၁၀) ရှိမည်ဖြစ်သည်။

    ပြီးခဲ့သည့် သီတင်းပတ်က အစ်ကိုဖြစ်သူ ဘုရင်ကြီး အဘ်ဒူလာ ကွယ်လွန်ခဲ့ပြီးနောက် အိမ်ရှေ့မင်းသား ဆလ်မာန်မှာ ဆော်ဒီဘုရင်သစ် ဖြစ်လာခဲ့သည်။

    ဘုရင်ကြီးဆလ်မာန်မှာ နိုင်ငံအတွင်းရှိ ယဉ်ကျေးမှုအနုပညာစင်တာတစ်ခုချင်းစီအတွက် ကန်ဒေါ်လာ ၂၆၇၀၀၀ ကို ထောက်ပံ့ပေးသွားမည်ဟုလည်း ယမန်နေ့တွင် ကတိပြုခဲ့သည်။

    Ref: alarabiya

  • ဂျရတ်မှာ တစ်နေ့တွင် လီဗာပူးလ်နည်းပြဖြစ်လာမည်ဟု စတားရစ်ခ်ျဆို

    ဂျရတ်မှာ တစ်နေ့တွင် လီဗာပူးလ်နည်းပြဖြစ်လာမည်ဟု စတားရစ်ခ်ျဆို

    ဇန်န၀ါရီ ၃၀၊ ၂၀၁၅
    M-Media

    grd

    – လာမည့်ရာသီတွင် အမေရိကန်မေဂျာလိဂ်ကလပ် LA Glaxy အသင်းသို့ ပြောင်းရွှေ့တော့မည့် ဂျရတ်အနေဖြင့် လီဗာပူးလ်အသင်းသို့ တစ်နေ့တွင် နည်းပြအဖြစ်ပြန်လာမည်ဟု ယုံကြည်ကြောင်း အသင်းဖော် ဒန်နီယဲလ် စတားရစ်ခ်ျက ပြောကြားလိုက်သည်။

    ဂျရတ်၏ လက်ရှိသက်တမ်းမှာ လာမည့် ဇွန်လတွင် ကုန်ဆုံးမည်ဖြစ်ပြီး သက်တမ်းတိုးရန် လီဗာပူးလ်က ကမ်းလှမ်းခဲ့သော်လည်း ဂျရတ်က ပယ်ချခဲ့သည်။ စတားရစ်ခ်ျကမူ ဂျရတ်အနေဖြင့် လီဗာပူးလ်က ထွက်ခွာမည်ဆိုခြင်းနှင့်ပတ်သက်၍ စိတ်မကောင်းဖြစ်မိပြီး တစ်နေ့တွင် အသင်းသို့ နည်းပြအဖြစ် ပြန်လာမည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။

    `လီဗာပူလ်းနဲ့ နိုင်ငံအတွက် သူစွမ်းဆောင်းပေးခဲ့တာတွေနဲ့ ပတ်သက်ပြီး ဖော်ပြဖို့ စကားလုံးတောင် မရှိပါဘူး။ သူဟာ ကျွန်တော့်အတွက် လေးစားအားကျစရာ ကစားသမားပါ။ ကျွန်တော်သူ့ကိုကြည့်ပြီး ကျွန်တော်ပိုကောင်းလာတာဖြစ်ပြီး အသင်းက ကျန်တဲ့ကစားသမားတွေလည်း ဒီလိုပဲလို့ ကျွန်တော်ထင်ပါတယ်´ ဟု စတားရစ်ခ်ျက ပြောကြားခဲ့သည်။

    စတားရစ်ခ်ျမှာ ပြီးခဲ့သည့် သြဂုတ်လကတည်းက ဒဏ်ရာကြောင့် အနားယူနေခဲ့ရသူဖြစ်ပြီး မနက်ဖြန်တွင်ကစားမည့် ၀က်စ်ဟမ်းအသင်းနှင့်ပွဲတွင် ပါဝင်နိုင်ဖွယ်ရှိနေသည်။

    စတားရစ်ခ်ျကမူ အသင်းတွင်ပါဝင်ကစားရန်အတွက် စိတ်အားထက်သန်နေပြီး မစောင့်နိုင်တော့ကြောင်း ထိုကဲ့သို့ အနားယူနေရခြင်းမှာ မိမိ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာအတွက် ကောင်းမွန်ခဲ့ပြီး မိမိအနေဖြင့် တိုးတက်လာပြီဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    Ref: goal.com

  • ဂျူဗင်တပ်စ်တိုက်စစ်မှူး ပေါ့ဘာ အသင်းမှ ထွက်ခွာမည်ဟု အေးဂျင့်ဆို

    ဂျူဗင်တပ်စ်တိုက်စစ်မှူး ပေါ့ဘာ အသင်းမှ ထွက်ခွာမည်ဟု အေးဂျင့်ဆို

    ဇန်န၀ါရီ ၃၀၊ ၂၀၁၅
    M-Media

    pgb

    – ဂျူဗင်တပ်စ်အသင်းတွင် ခြေစွမ်းပြနေသည့် ပေါ့ဘာမှာ လာမည့် ၁ နှစ်ခွဲအတွင်း အသင်းမှ ထွက်ခွာတော့မည်ဟု ၎င်း၏ အေးဂျင့်ဖြစ်သူက ပြောကြားလိုက်သည်။

    အသက် ၂၁ နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင်ပေါ့ဘာမှာ ၂၀၁၉ ခုနှစ်အထိ သက်တမ်းရှိမည့် စာချုပ်သစ်ကို ချုပ်ဆိုထားသော်လည်း ၎င်း၏ အေးဂျင့် ရိုင်အိုလာကမူ ထိုစာချုပ်အပြည့် နေဖွယ်မရှိဟု ဆိုသည်။ ပေါ့ဘာအား ခေါ်ယူရန် ရီးယဲလ်၊ ပီအက်စ်ဂျီနှင့် ချယ်ဆီးတို့က စိတ်ဝင်စားနေသည်။

    `သူ့ရဲ့စာချုပ်သစ်ဟာ လွယ်ကူတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။ စာချုပ်သစ်မချုပ်တာက ဂျူဗင်တပ်စ်အတွက် ပြဿနာဖြစ်နိုင်သလို့ ပေါ့ဘာအတွက်လည်း အားနည်းချက်တစ်ခု ဖြစ်သွားပါလိမ့်မယ်။ သူ့ကို့လိုချင်တဲ့ အသင်းတွေအနေနဲ့ သူ့ကို ယုံကြည်စေချင်ပါတယ်။ တကယ်လို့ ပေါလ်(ပေါ့ဘာ) ဟာ ဂျူဗင်တပ်စ်က ထွက်ရင်တော့ ထိပ်သီးအသင်းကို သေချာပေါက်ရောက်မှာပါ။ ဒီနှစ်မဖြစ်ရင်တော့ နောက်နှစ်ပေါ့ဗျာ´ ဟု ရိုင်အိုလာက ဆိုသည်။

    ပေါ့ဘာမှာ မန်ယူအသင်းနှင့် ၂၀၁၂ ခုနှစ်တွင် စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ရိုင်အိုလာကမူ ပေါ့ဘာမှာ အခြားသော ထိပ်တန်းကစားမားများကဲ့သို့ တန်ဖိုးရှိကြောင်း၊ ပေါ့ဘာ အမှန်တစ်ကယ်ပြောင်းရွှေ့မည်ဆိုပါက တန်ကြေးမှာ ယူရို သန်း ၁၀၀ ခန့်အထိ ရှိလာနိုင်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

    Ref:goal.com