News @ M-Media

Author: Ko Lay

  • မလေးရှားလေကြောင်းမှ MH 370 လေယာဉ် ပျောက်ဆုံးခြင်း မတော်တဆမှုအဖြစ် သတ်မှတ်

    မလေးရှားလေကြောင်းမှ MH 370 လေယာဉ် ပျောက်ဆုံးခြင်း မတော်တဆမှုအဖြစ် သတ်မှတ်

    ဇန်န၀ါရီ ၂၉၊ ၂၀၁၅
    M-Media

    aa

    – ၂၀၁၄ ခုနှစ် မတ်လက ပျောက်ဆုံးသွားခဲ့သည့် မလေးရှားလေကြောင်းလိုင်းမှ MH 370 လေယာဉ်မှာ မတော်တဆမှုဖြစ်ပြီး လေယာဉ်ပေါ်တွင်လိုက်ပါသွားသည့် ခရီးသည်နှင့် လေယာဉ်အမှုထမ်း ၂၃၉ ဦးစလုံး သေဆုံးသွားပြီဟု မှတ်ယူခဲ့ကြောင်း မလေးရှားအရပ်ဘက်လေကြောင်းဌာန၏ ယနေ့တွင်ပြုလုပ်သော တရားဝင်ထုတ်ပြန်မှုတွင် ပြောကြားလိုက်သည်။

    ရက်ပေါင်း ၃၀၀ ကျော်ကြာ ရှာဖွေမှုများ ပြုလုပ်ခဲ့သော်လည်း အဆိုပါလေယာဉ်၏ အစအနပင် မတွေ့ရသေးဘဲ စုဆောင်းရရှိသော အချက်အလက်များအရ ကွာလာလမ်ပူမှ ဘေဂျင်းသို့အသွား ပျောက်ဆုံးသွားသည့် အဆိုပါ ဘိုးအင်း ၇၇၇ လေယာဉ်မှာ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် အဆုံးသတ်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

    `ယုံကြည်ရတဲ့ အဖြစ်အပျက်တွေကို အားပြုပြီး ကျွန်တော်တို့ ကြိုးစားရှာဖွေခဲ့ပါတယ်။ ရရှိတဲ့အချက်အလက် အားလုံးကိုလည်း ကျွန်တော်တို့ အပြန်အလှန်ဆန်းစစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၃၂၇ လုံးလုံး ကျွန်တော်တို့ ဒီလိုကြိုးစားခဲ့ကြပေမယ့်လည်း ရှာဖွေမှုက ပျောက်ဆုံးနေတဲ့ လေယာဉ်ပျံရဲ့ တည်နေရာကို ဖော်ထုတ်နိုင်ခြင်းမရှိခဲ့ပါဘူး´ ဟု မလေးရှားအရပ်ဘက်လေကြောင်းဌာန အကြီးအကဲ အဇာရွတ်ဒင် အဘ်ဒူလ် ရဟ်မာန်က ယနေ့တွင်ပြုလုပ်သည့် ရုပ်သံကြားမှတစ်ဆင့် ကြေညာမှုတွင် ပြောကြားခဲ့သည်။

    ထို့ပြင် မလေးရှားအစိုးရအနေဖြင့် ရှာဖွေမှုကို ဦးစားပေးနေဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး တရုတ်၊
    သြစတေးလျအစိုးရတို့နှင့် ပူးပေါင်းကာ ဆိုးရွာသော အဆိုပါဖြစ်ရပ်အား ဖော်ထုတ်နိုင်ရန်အတွက် သင့်လျော်သည့် အားထုတ်မှုများကိုလည်း ကြိုးစားလုပ်ဆောင်သွားမည်ဟု ၎င်းက တပ်လောင်းပြောကြားခဲ့သည်။

    လေယာဉ်ပေါ်တွင် လိုက်ပါသွားသူများအားလုံးအတွက် နစ်နာကြေးပေးခြင်းလုပ်ငန်းများကိုလည်း မလေးရှားအစိုးရက လုပ်ဆောင်သွားမည်ဖြစ်ပြီး MH 370 ပျောက်ဆုံးမှုနှင့်ပတ်သက်၍ အစီအရင်ခံစာအပြည့်အစုံကို လေယာဉ်ပျောက်ဆုံးမှု တစ်နှစ်မပြည့်မီ တစ်ရက်အလို မတ်လ ၇ ရက်နေ့တွင် ထုတ်ပြန်သွားမည်ဖြစ်သည်။

    လေယာဉ်ပေါ်လိုက်ပါသွားသူများ၏ မိသားစုဝင်များကမူ ထိုထုတ်ပြန်မှုကို ကျေနပ်မှုမရှိဟု သိရသည်။

    Ref: channelnewsasia

  • ဖီဖာဥက္ကဌအဖြစ် ကမ္ဘာကျော်ဘောလုံးသမားဟောင်း ဖီဂို ၀င်ရောက်ယှဉ်ပြိုင်မည်

    ဖီဖာဥက္ကဌအဖြစ် ကမ္ဘာကျော်ဘောလုံးသမားဟောင်း ဖီဂို ၀င်ရောက်ယှဉ်ပြိုင်မည်

    ဇန်န၀ါရီ ၂၉၊ ၂၀၁၅
    M-Media

    figo

    – တစ်ချိန်က ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဖြစ်ခဲ့သူ ဖီဂိုက မိမိအနေဖြင့် ဖီဖာဥက္ကဌဖြစ်ချင်သည်ဟု ပြောကြားလိုက်ပြီး လက်ရှိဥက္ကဌ ဆပ်ဘလတ္တာအား ယှဉ်ပြိုင်ရေး တရားဝင်ယှဉ်ကိုယ်စားလှယ်လောင်းဖြစ်ရန် လိုအပ်သော အရည်အချင်းမှာ မိမိတွင်ရှိနေသည်ဟု ဆိုသည်။

    `အခုလက်ရှိ ဖီဖာရဲ့ ဂုဏ်သိက္ခာကို ကျွန်တော်ကြည့်နေပြီး သဘောမကျပါဘူး။ ဘောလုံးလောကဟာ ဒီထက်ပိုပြီး ထိုက်တန်ပါတယ်။ ကျွန်တော့်ရဲ့ဘ၀တစ်လျှောက်လုံးမှာ ဘောလုံးဟာ အများကြီးအထောက်အကူ ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော်က တစ်ခုခုပြန်ပေးဆပ်ချင်ပါတယ်´ ဟု ဖီဖာဥက္ကဌအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ထုတ်ပြန်ခဲ့သော ဖီဂို၏ ကြေညာချက်တွင် ဖော်ပြထားသည်။

    ဖီဖာမှာ လာဘ်ယူမှုပြဿနာ၊ ဘဏ္ဍာရေးပြဿနာများနှင့် ဝေဖန်မှုများကို ခံနေရသော်လည်း လာမည့်မေလ ၂၉ ရက်နေ့တွင် ပြုလုပ်မည့် ဥက္ကဌရွေးချယ်ပွဲတွင် ဘလတ္တာသာ ပြန်လည်အနိုင်ရရှိရန် ရေပန်းစားနေသည်။

    ဖီဖာဥက္ကဌအဖြစ် ၀င်ရောက်အရွေးခံရန် အဖွဲ့ဝင်နိုင်ငံ ၂၀၉ နိုင်ငံမှ ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းခြင်းကို ဇန်ဝါရီ ၂၉ ရက် ဂရင်းနစ်စံတော်ချိန် ည ၁၁ နာရီတွင် ပိတ်မည်ဖြစ်သည်။

    ဖိဂိုက ဖီဖာဥက္ကဌရာထူးအတွက် ၎င်းဝင်ပြိုင်မည်ဟု ကြေညာပြီးနောက်ပိုင်း ၁ နာရီအကြာတွင် နယ်သာလန်ဘောလုံးအဖွဲ့ချုပ် မိုက်ကယ် ဗန်ပရက်ဂ်ကလည်း ၎င်းအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဟု ကြေညာခဲ့သည်။

    ဖီဖာဥက္ကဌအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ကြေညာထားသူများတွင် လက်ရှိဥက္ကဌ ဆပ်ဘလတ္တာ၊ ၎င်း၏ မဟာမိတ် ဂျယ်ရိုမီ ရှန်ပိန်း၊ ပြင်သစ်ဘောလုံးသမားဟောင်း ဂီနိုလာတို့ ပါဝင်နေသည်။

    Ref: aljazeera

  • ဂျာမနီရှိ အစ္စလာမ် ဆန့်ကျင်ရေး အဖွဲ့ ဒုတိယခေါင်းဆောင် ရာထူးမှ နှုတ်ထွက်

    ဂျာမနီရှိ အစ္စလာမ် ဆန့်ကျင်ရေး အဖွဲ့ ဒုတိယခေါင်းဆောင် ရာထူးမှ နှုတ်ထွက်

    ဇန်ဝါရီ ၂၉၊ ၂၀၁၅
    M-Media

    gmn

    – ဂျာမနီရှိ အစ္စလာမ်ဆန့်ကျင်ရေးအဖွဲ့ PEGIDA ကို တည်ထောင်သူမှာ ပြီးခဲ့သည့် သီတင်းပတ်အတွင်း နှုတ်ထွက်သွားခဲ့ပြီးနောက် အဖွဲ့၏ ဒုတိယခေါင်းဆောင် ကက်သရင်း အော်တဲလ်လည်း ရာထူးမှ ထပ်မံ နှုတ်ထွက်သွားခဲ့ပြီဟု သိရသည်။

    ကက်သရင်းနှင့် အခြားဘုတ်အဖွဲ့ဝင်တစ်ဦးမှာ ဇန်န၀ါရီ ၂၉ ရက် ယမန်နေ့က နှုတ်ထွက်သွားခဲ့ခြင်းဖြစ်ပြီး မီဒီယာများ၏ ဖိအားကြောင့်ဟု ဆိုခဲ့သည်။ ဂျာမနီအရှေ့ပိုင်း ဒရက်စ်ဒန်မြို့၌ အခြေစိုက်သည့် PEGIDA  အဖွဲ့ကလည်း ၎င်းတို့နှုတ်ထွက်မှုကို Facebook စာမျက်နှာမှတစ်ဆင့် အတည်ပြုခဲ့သည်။

    အဖွဲ့တည်ထောင်သူ လုသ်ဇ် ဘခ်ျမန်း ပြီးခဲ့သည့်သီတင်းပတ်က နှုတ်ထွက်ပြီးနောက်ပိုင်း ကက်သရင်းမှာ အဖွဲ့ခေါင်းဆောင်ဖြစ်လာခဲ့ပြီး PEGIDA ကမူ ကက်သရင်းထိုကဲ့သို့ နှုတ်ထွက်ခြင်းမှာ ရန်လိုမှုများလာခြင်း၊ ခြိမ်းခြောက်မှုများနှင့် ပြဿနာများ များပြားလာခြင်းကြောင်းဖြစ်သည်ဟု ဆိုသည်။

    `ညဘက်မှာ ဓာတ်ပုံဆရာတွေ၊ လူစိမ်းတွေ သူမရဲ့ အိမ်အပြင်ဘက်မှ ပုန်းကွယ်စောင့်ဆိုင်းလာကြတဲ့အခါ ကြံကြံခံလာတဲ့ အမျိုးသမီးဟာလည်း အနားယူရပါတော့မယ်´

    အဖွဲ့တည်ထောင်သူ ဘခ်ျမန်းမှာ ဟစ်တလာပုံစံဆံပင်နှင့် နှုတ်ခမ်းမွှေးများတပ်ထာသည့် ၎င်း၏ ပုံအား Facebook စာမျက်နှာတွင် လွှင့်တင်ခဲ့ပြိး ဂျာမနီရှိ ရောင်းအားအကောင်းဆုံး သတင်းစာ Bild က ထိုပုံကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ထုတ် သတင်းစာမျက်နှာဖုံးတွင် ဖော်ပြခဲ့သည်။ ထို့နောက် ဘခ်ျမန်းနှင့် ပတ်သက်၍ ဝေဖန်မှုများ ကြီးထွားလာပြီး နောက်ဆုံးတွင် ရာထူးမှ နှုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။

    ဘခ်ျမန်းမှာ ဂျာမနီသို့ ပြောင်းရွှေ့အခြေချလာသူများအား မရိုးသားသူများဟု သုံးနှုန်းခဲ့ကြောင်းသတင်းများက ဖော်ပြခဲ့ပြီး အမုန်းတရားများ လှုံ့ဆော်မှုအတွက် စုံစမ်းစစ်ဆေးရန် ဆော်သြမှုများလည်းရှိနေသည်။ဖောက်ထွင်းမှုကျူးလွန်ခဲ့ဖူးသည့် ဘခ်ျမန်းမှာ ဂျာမနီ၏တန်ဖိုးကို ကာကွယ်သည်ဟု ၎င်းကဆိုသည့်

    ချီတက်လမ်းလျှောက်မှုများကို အပတ်စဉ်ပြုလုပ်ပြီး PEGIDA အဖွဲ့ကို နိုင်ငံရေးလမ်းကြောင်းပေါ်သို့ တင်ပေးခဲ့သည်။

    ထိုအဖွဲ့မှာ မြို့အချို့တွင် လူထောင်ပေါင်းများစွာပါဝင်သော အစ္စလာမ်ဆန့်ကျင်ရေး ချီတက်လမ်းလျှောက်မှုများကို ပြုလုပ်ခဲ့ပြီး ၎င်းတို့၏အဆိုပါလုပ်ရပ်ကို ဆန့်ကျင်သော တန်ပြန်ဆန္ဒပြမှုများကိုလည်း ဂျာမန်ပြည်သူများက ပြုလုပ်ခဲ့ကြသည်။

    Ref: aljazeera

  • အကြမ်းဖက်ဝါဒ၏ ပထမဆုံးသားကောင်မှာ မွတ်စလင်များသာဖြစ်ပြီး မိမိတို့နိုင်ငံရှိ အစ္စလာမ်နှင့် မွတ်စလင်များကို ကာကွယ်ပေးသွားမည်ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးပြော

    အကြမ်းဖက်ဝါဒ၏ ပထမဆုံးသားကောင်မှာ မွတ်စလင်များသာဖြစ်ပြီး မိမိတို့နိုင်ငံရှိ အစ္စလာမ်နှင့် မွတ်စလင်များကို ကာကွယ်ပေးသွားမည်ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးပြော

    ဇန်န၀ါရီ ၂၈၊ ၂၀၁၅
    M-Media
    fran– ဘာသာသာသနာအား အကာအကွယ်ယူကာ ပြစ်မှုကျူးလွန်နေကြသည့် အကြမ်းဖက်သမားများ၏ ပထမဆုံး သားကောင်များမှာ မွတ်စလင်များသာဖြစ်သည်ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး လော့ရင့် ဖာဘီယက်စ်က ပြောကြားလိုက်ပြီး အကြမ်းဖက်ဝါကို နှိမ်နင်းရန်အတွက်လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းအား တိုက်တွန်းလိုက်သည်။

    “ဘာသာတရားရဲ့အမည်နာမအောက်မှာ တိုက်တာခိုက်တာမျိုး ဘယ်သူမှ မလုပ်ရပါဘူး။ မွတ်စလင်တွေဟာ အကြမ်းဖက်သမားတွေရဲ့ ပထမဆုံးသားကောင်တွေ ဖြစ်နေပါတယ်” ဟု ကူဝိတ်သို့အလည်အပတ်ရာက်ရှိနေသည့် ဖာဘီယက်စ်က ဂျာနယ်လစ်များအား ပြောကြားခဲ့သည်။ထို့ပြင် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက အစွန်းရောက်ဝါဒအား တိုက်ဖျက်ရေး နိုင်ငံတကာမှ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ပြီး ထိုတိုက်ဖျက်မှုမှာ အောင်နိုင်ရမည်ဟုလည်း ပြောကြားခဲ့သည်။

    ကူဝိတ်နိုင်ငံခြားရေးဝန်ကြီး ရှိခ် ဆာဘဟ် ခါလစ်ဒ် အလ်-ဆာဘဟ်ကမူ ကူဝိတ်နှင့် ပြင်သစ်တို့မှာ အကြမ်ဖက်ဝါဒနှင့်ပတ်သက်၍ တူညီသော အမြင်ရှိပြီး မိမိတို့ကလည်း ပြစ်သစ်ဂျာနယ်တိုက် တိုက်ခိုက်ခံရမှုကို ပြင်းပြင်းထန်ထန်ရှုတ်ချသည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် အကြမ်းဖက်ဝါဒမှာ မိမိုတို့အားလုံးအတွက် ခြိမ်းခြောက်မှုဖြစ်သည်ဟု ဆာဘဟ်က သတိပေးခဲ့ပြီး အကြမ်းဖက်အုပ်စုများ ငွေကြေးရနေမှုနှင့် လူသစ်စုဆောင်းနေမှုများကို တားမြစ်ရမည်ဟုလည်း ဆိုသည်။

    ဖာဘီယက်စ်က ပြင်သစ်အနေဖြင့် အစ္စလာမ်အား အလတ်အလတ်အယူဝါဒအဖြစ် ရှုမြင်ပြီး အစ္စလာမ်နှင့် မွတ်စလင်တို့အား ဆန့်ကျင်သော လုပ်ရပ်များကိုလည်း ဥပဒေအတိုင်း တိတိကျကျ အရေးယူသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ပဲရစ်ရှိ မဂ္ဂဇင်းတိုက် တိုက်ခိုက်ခံရပြီးနောက်ပိုင်း ပြင်သစ်ရှိ မွတ်စလင်များမှာ နှောက်ယှက်မှုများနှင့် ကြုံတွေ့နေရပြီး အဆိုပါအဖြစ်အပျက် ၁၀၀ ကျော်ခန့်ရှိသည်ဟု အစ္စလာမ်ကြောက်ရောဂါ စောင့်ကြည့်ရေးဌာနက ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် သီတင်းပတ်က ပြင်သစ်နိုင်ငံတောင်ပိုင်းတွင် မွတ်စလင်ဖခင်တစ်ဦးမှာ အိမ်နီးချင်း၏ သတ်ဖြတ်မှုကို ခံခဲ့ရပြီး မဂ္ဂဇင်းတိုက် တိုက်ခိုက်ခံရမှုအတွက် လက်စားချေခြင်းဖြစ်သည်ဟု ပြစ်မှုကျူးလွန်သူက ပြောကြားခဲ့သည်။ ထို့ပြင် ပြင်သစ်ရှိ ဗလီဝတ်ကျောင်းတော်များမှာလည်း တိုက်ခိုက်မှုများနှင့် ကြုံတွေခဲ့ရသည်။

    အစ္စလာမ်၏ သွန်သင်မှုနှင့် ဆန့်ကျင်သည့် မဂ္ဂဇင်းတိုက် တိုက်ခိုက်မှုအတွက် ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်ပညာရှင်များနှင့် အသင်းအဖွဲ့များက ရှုတ်ချခဲ့ပြီး ပဲရစ်၌ပြုလုပ်ခဲ့သည့် အကြမ်းဖက်ဆန့်ကျင်ရေး ချီတက်လမ်းလျှောက်မှုတွင်လည်း မွတ်စလင်နိုင်ငံမှ ခေါင်းဆောင်များ ပါဝင်ခဲ့ကြသည်။

    Ref: onislam

     

  • ဂါဇာလူနေအိမ်များအား အစ္စရေး၏ဗုံးကြဲမှု ရည်ရွက်ချက်ရှိရှိပြုလုပ်ခဲ့ခြင်းဟု လူ့အခွင့်အရေးအဖွဲ့တစ်ခု ပြော

    ဂါဇာလူနေအိမ်များအား အစ္စရေး၏ဗုံးကြဲမှု ရည်ရွက်ချက်ရှိရှိပြုလုပ်ခဲ့ခြင်းဟု လူ့အခွင့်အရေးအဖွဲ့တစ်ခု ပြော

    ဒီဇင်ဘာ ၂၉၊ ၂၀၁၅

    M-Media

    pls

    – ဂါဇာပြည်သူ ၂ ထောင်ကျော် သေဆုံးခဲ့ရသော ပြီးခဲ့သည့်နှစ် ကျူးကျော်တိုက်ခိုက်မှုအတွင်း လူနေအိမ်များအား အစ္စရေးက တိုက်ခိုက်မှုမှာ ရည်ရွက်ချက်ရှိရှိ ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု အစ္စရေးအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုက ပြောကြားလိုက်သည်။

    ပိတ်ဆို့ခံထားရသည့် ဂါဇာဒေသရှိ လူနေအိမ်များ တိုက်ခိုက်မှု ၇၀ ကို လေ့လာစမ်းစစ်ပြီးနောက် ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် B’Telem လူ့အခွင့်အရေးအဖွဲ့က ထိုကဲ့သို့ဖြော်ပထားခြင်းဖြစ်ပြီး ရက်ပေါင်း ၅၀ ကြာမြင့်ခဲ့သည့် အဆိုပါတိုက်ခိုက်မှုအတွင်း ဂါဇာပြည်သူများ သေကြေပျက်ဆီးခဲ့ရမှုအတွက် အစ္စရေးအစိုးရတွင် တာဝန်ရှိသည်ဟု ဖော်ပြထားသည်။

    `ဒီနှစ်နွေရာသီ ဂါဇာကိုတိုက်ခိုက်ခဲ့တဲ့အချိန် သိသာတဲ့အချက်ကတော့ ပြည်သူတွေ အိမ်ထဲမှာရှိနေတုန်း လူနေအဆောက်အဦးအတွေကို အစ္စရေးက အကြိမ်ပေါင်းများစွာ ဗုံးကြဲခဲ့တယ်ဆိုတာပါပဲ။ ဒီလုံပုံစံ တိုက်ခိုက်မှုမျိုးဟာ တကယ့်ကို တုန်လှုပ်ချောက်ခြားစရာပါ။ ပြီးတော့ အစ္စရေးတာဝန်ရှိသူတွေနဲ့ စစ်ဘက်အကြီးအကဲတွေချမှတ်တဲ့ ပေါ်လစီလည်းဖြစ်ပါတယ်´ ဟု ၄၉ မျက်နှာရှိသည့် အဆိုပါ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

    B’Tselem မှ စုံစမ်းစစ်ဆးခဲ့သည့် တိုက်ခိုက်မှုများတွင် သေဆုံးခဲ့သူများမှာ ၆၀၆ ဦးရှိပြီး ၇၀ ရာခိုင်နှုန်းမှာ ၁၈ နှစ်အောက် ကလေးများနှင့် ၆၀ ကျော် သက်ကြီးရွယ်အိုများ ဖြစ်ကြသည်။ ကုလသမဂ္ဂကလည်း အစ္စရေး၏ ထိုကျူးကျော်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူများထဲမှ ၇၀ ရာခိုင်နှုန်းမှာ အရပ်သားများဖြစ်ကြသည်ဟု ပြောကြားထားသည်။

    အဆိုပါလူ့အခွင့်အရေးအဖွဲ့၏ ဒါရိုက်တာဖြစ်သူ ဟာဂိုင်း အလ်-အဒ်က ထိုသို့ လူနေအိမ်များအား ပစ်မှတ်ထား၍ တိုက်ခိုက်မှုမှာ သာမန်ဆုံးဖြတ်ချက်မှ ထွက်ပေါ်လာသည့် ကိစ္စမဟုတ်ဘဲ၊ အချို့ခြေအနေတွင် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ အချို့နေရာများတွင် ဆိုးရွားသည့် မေးခွန်းပေါင်းများစွာကို ဖြစ်စေကြောင်း ပြောကြားခဲ့သည်။

    တိုက်ခိုက်မှုအတွင်း နိုင်ငံတကာ ဥပဒေများကို လေးစားခဲ့သည်ဟု အစ္စရေး၏ ပြောကြားချက်ကိုလည်း B’Tselem က မေးခွန်းထုတ်ခဲ့သည်။

    `ဒီတိုက်ခိုက်မှုတွေမှာ ပြည်သူတွေဘယ်လောက်သေမလဲဆိုတာ စစ်တပ်က မသိခဲ့ဘူး၊ မသိနိုင်ခဲ့ဘူးလို့ ပြောလို့ မရပါဘူး။ ပထမ တစ်ရက်၊ နှစ်ရက်လောက် မသိဘူးဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ၁၀ ရက်၊ အရက် ၂၀ လောက်ဖြစ်လာပြီး ပြည်သူတွေ သေဆုံးတာကို မြင်ရတဲ့အခါ ဒီတိုက်ခိုက်မှုတွေဟာ ဆက်မဖြစ်သင့်တော့ပါဘူး´ ဟု B’Tselem ၏ လေ့လာဆန်းစစ်မှုအကြီးအကဲ ယေးလ် စတိန်းက ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် B’Tselem က အစ္စရေး၏ နိုင်ငံတကာဥပဒေချိုးဖောက်နိုင်ချေနှင့်ပတ်သက်၍ ရှင်းလင်းရန် တောင်းဆိုခဲ့သည်။

    Ref: aljazeera