News @ M-Media

Author: Ko Lay

  • နယ်သာလန်ရှိ ရုပ်သံဌာနတစ်ခုကို ဆယ်ကျော်သက်လူငယ်တစ်ဦး သေနတ်အတုဖြင့် ၀င်ရောက်စီးနင်း

    နယ်သာလန်ရှိ ရုပ်သံဌာနတစ်ခုကို ဆယ်ကျော်သက်လူငယ်တစ်ဦး သေနတ်အတုဖြင့် ၀င်ရောက်စီးနင်း

    ဇန်န၀ါရီ ၃၀၊ ၂၀၁၅
    M-Media

    ntl

    – နယ်သာလန်နိုင်ငံ အမ်စတာဒမ်ရှိ နိုင်ငံပိုင်ရုပ်သံဌာန NOS သို့ ဆယ်ကျော်သက် လူငယ်တစ်ဦးက သေနတ်အတုဖြင့် ၀င်ရောက်ခဲ့စီးနင်းပြီး အသံလွှင့်ခွင့်ရရန် ကြိုးပမ်းခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု သိရသည်။

    ယမန်နေ့ညက ဖြစ်ပွားခဲ့သည့် အဆိုပါအဖြစ်အပျက်တွင် အသက် ၁၉ နှစ်အရွယ် ၀တ်စုံပြည့်ဝတ်ထားသော လူငယ်တစ်ဦးမှာ ပစ္စတိုတစ်လက်ကိုင်ကာ လုံခြုံရေးအား မိမိမှာ ထောက်လှမ်းရေးအဖွဲ့ဝင်ဖြစ်သည်ဟုပြောကာ အဆောက်အဦးအတွင်းသို့ ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်။

    ထို့နောက် ရဲတပ်ဖွဲ့မှ လာရောက်စီးနင်း၍ ထိုလူငယ်အား ဖမ်းဆီးခဲ့ပြီး လူငယ်ကလည်း မည်သည့်ခုခံမှုမှ ပြုလုပ်ခဲ့ခြင်းမရှိချေ။ ထိုအဖြစ်အပျက်အတွင်း မည်သူတစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရခြင်းမရှိဘဲ ထိုလူငယ်ကိုင်ဆောင်လာသည့် သေနတ်မှာ အတုဖြစ်သည်ဟု ရဲတပ်ဖွဲ့က နောက်ပိုင်းတွင် ပြောကြားခဲ့သည်။

    ထိုအဖြစ်အပျက်ကြောင့် NOS ၏ ထုတ်လွှင့်မှုကို ၁ နာရီကျော်ကြာ ရပ်နားခဲ့ရပြီး နောက်ပိုင်း ပြန်လည်ထုတ်လွှင့်သည့်အခါ အဆိုပါလူငယ်၏ပုံကို ပြသခဲ့သည်။

    NOS အဆောက်အဦးအတွင်းသို့ ၀င်ရောက်ပြီးနောက် ထိုလူငယ်က အသံလွှင့်ခွင့်တောင်းခဲ့ပြီး မလိုက်လျောပါက နယ်သာလန်တစ်ဝှမ်း ထောင်ထားသည့်ဗုံးများကို ဖောက်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း အဆိုပါလူငယ်မှာ ရာဇ၀တ်မှုကျူးလွန်ခြင်းမရှိဘဲ မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ ပြုလုပ်ခြင်းဖြစ်သည်ကို စုံစမ်းစစ်ဆေးလျက်ရှိနေကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

    တရားသူကြီး ဂျိုဟန်ဘက်ကမူ အဆိုပါလူငယ်မှာ ဟေ့ဂ်မြို့အနီး ပစ်ဂ်ျနက်ကာမြို့မှ ဖြစ်ပြီး ၎င်း၏ အမည်ကိုမူ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိချေ။ ထို့ပြင် ၎င်းအား ခြိမ်းခြောက်မှု၊ လက်နက်ကိုင်ဆောင်မှုနှင့် ဓားစာခံများ ဖမ်းဆီးမှုတို့ဖြင့် ထိန်းသိမ်းထားသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ထို့အဖြစ်အပျက်ကြောင့် နောက်ပိုင်တွင် NOS အဆောက်အဦးတစ်ဝိုက် လုံခြုံရေးများကို တိုးမြှင့်ခဲ့သည်။

    Ref:aljazeera

  • မိမိတို့အတွက် ထောက်ပံ့ငွေကို အမေရိကန်မှတစ်ဆင့် ရနေသည်ဟု IS တပ်မှူးတစ်ဦးပြောကြား

    မိမိတို့အတွက် ထောက်ပံ့ငွေကို အမေရိကန်မှတစ်ဆင့် ရနေသည်ဟု IS တပ်မှူးတစ်ဦးပြောကြား

    ဇန်န၀ါရီ ၃၀၊ ၂၀၁၅
    M-Media

    IS

    – IS အဖွဲ့၏ ပါကစ္စတန်တပ်မှူးဟု ယုံကြည်ရသူတစ်ဦးက ၎င်းတို့အဖွဲ့အတွက် ထောက်ပံ့ငွေများကို အမေရိကန်မှတစ်ဆင့် ရရှိနေသည်ဟု ပါကစ္စတန်လုံခြုံရေးအေဂျင်စီများသို့ ပြောကြားခဲ့သည်ဟု ပါကစ္စတန်ရှိ နာမည်ကြီး အူရဒူသတင်းစာ Daily Express တွင် ဖော်ပြခဲ့သည်။

    အဆိုပါတပ်မှူးမှာ အလ်ဆလာဖီဆိုသူဖြစ်ပြီး ဇန်န၀ါရီ ၂၂ ရက်နေ့က အဖွဲ့ဝင်နှစ်ဦးနှင့်အတူ ပါကစ္စတန်နိုင်ငံ လာဟိုးရ်မြို့တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။

    `စုံစမ်းစစ်ဆေးမှုအတွင်းမှာ ယူဆွဖ်အလ်ဆလာဖီက သူ့အနေနဲ့ ပါကစ္စတန်ကအဖွဲ့ကို လှုပ်ရှားဖို့၊ ဆီးရီးယားသွားတိုက်ဖို့အတွက် လူသစ်စုဆောင်းဖို့ ထောက်ပံ့ငွေတွေကို အမေရိကန်လမ်းကြောင်းကနေ ရတယ်လို့ ပြောပါတယ်´ ဟု စုံစမ်းစစ်ဆေးရေးနှင့် နီးစပ်သည့် သတင်ရင်းမြစ်တစ်ခု၏ ပြောကြားမှုကို Daily Express သတင်းစာတွင် ဖော်ပြထားသည်။

    ထို့ပြင် ဆီးရီးယားသို့ပို့ရန် စစ်သားသစ်များကို စုဆောင်းနေသည်ဟု ဆလာဖီက ဖြောင့်ချက်ပေးခဲ့ပြီး တပ်သားသစ်တစ်ယောက်အတွက် အမေရိကန်ဒေါ်လာ ၆၀၀ စီ ရရှိသည်ဟုလည်း ဆိုသည်။ ထိုလုပ်ငန်းတွင် အခြားသူများလည်း ပါဝင်ကြောင်း ၎င်းက ၀န်ခံခဲ့သည်။

    `IS ရဲ့ လုပ်ဆောင်မှုတွေကို အမေရိကန်က ရှုတ်ချနေပေမယ့် ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ ဒီအဖွဲ့အစည်းတွေအတွက် ရန်ပုံငွေဟာ အမေရိကန်ကတစ်ဆင့် သွားနေတာကို ရပ်တန့်နိုင်ခြင်းမရှိပါဘူး။ အမေရိကန်ဟာ သူ့ရဲ့အကျိုးအတွက် ဒီအုပ်စုကို ငွေကြေးထောက်ပံ့ပေးနေတယ်။ ဒါ့ကြောင်ပဲ ဆီးရီးယားမှာ တိုက်ခိုက်မှုမလုပ်ဘဲ အီရတ်မှာသာ ဒီအဖွဲ့ကို တိုက်ခိုက်နေတယ်ဆိုတဲ့ ယူဆချက်ကို အမေရိကန်အစိုးရက ချေဖျက်ရပါမယ်´ ဟု သတင်းစာတွင် ထည့်သွင်းရေးသားထားသည်။

    သို့သော်လည်း အမေရိကန်၏ မည်သည့်နေရာက အဆိုပါ ငွေကြေးများလာသည် ဆိုသည်ကို ရှင်းရှင်းလင်းလင်း မဖော်ပြခဲ့ပေ။

    ထိုကိစ္စနှင့်ပတ်သက်၍ ပါကစ္စတန်လုံခြုံရေး တာဝန်ရှိသူတစ်ဦးကလည်း ထိုသတင်းမှာ ဟုတ်မှန်ကြောင်း ထိုကိစ္စများမှာ ဒေသတွင်းမီဒီယာများတွင် ယခင်က အကြိမ်ရေများစွာ ဖော်ပြခဲ့ဖူးပြီး အမေရိကန်-ပါကစ္စတန် ဆက်ဆံရေးနယ်ပယ်မှာပင် ပါဝင်နေကြောင်း ပြောကြားခဲ့သည်။

    ဆလာဖီမှာ IS အဖွဲ့အတွက် လူသစ်စုဆောင်းရန် တူရကီမှတစ်ဆင့် လွန်ခဲ့သည့် ၅ လက ပါကစ္စတန်သို့ ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်။

    Ref: RT

  • အစ္စလာမ်ဆန့်ကျင်ရေးမှတ်ချက် ဆိုရှယ်စာမျက်နှာတွင်ရေးခဲ့သော ၀န်ထမ်းကို မန်ချက်စတာမြို့တော်ကောင်စီက ရာထူးမှထုတ်ပယ်

    အစ္စလာမ်ဆန့်ကျင်ရေးမှတ်ချက် ဆိုရှယ်စာမျက်နှာတွင်ရေးခဲ့သော ၀န်ထမ်းကို မန်ချက်စတာမြို့တော်ကောင်စီက ရာထူးမှထုတ်ပယ်

    ဇန်န၀ါရီ ၃၀၊ ၂၀၁၅
    M-Media

    uk

    – Facebook စာမျက်နှာပေါ်တွင် မွတ်စလင်ဆန့်ကျင်ရေး မှတ်ချက်များကို ရေးသားခဲ့သည့် အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့တော်ကောင်စီမှ အလုပ်သမားတစ်ဦးကို ရာထူးမှ ထုတ်ပယ်လိုက်ပြီး ထိုလုပ်ရပ်မှာ ၀န်ထမ်းများလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်းဟု ယူဆကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    `ကျွန်တော်တို့ဝန်ထမ်းတွေဆီက အဆင့်ရှိတဲ့ အပြုအမူကိုပဲ မျှော်လင့်ပြီး ဒါကို အရေးကြီးတဲ့ ကိစ္စလို့ မှတ်ယူပါတယ်။ သက်ဆိုင်ရာဝန်ထမ်းကိုတော့ ရာထူးက ထုတ်ပယ်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်´ ဟု မန်ချက်စတာကောင်စီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Mnchester Evenign News သတင်းစာသို့ ဇန်န၀ါရီ ၂၆ ရက်နေ့တွင် ပြောကြားခဲ့သည်။

    အဆိုပါဝန်ထမ်းမှာ အသက် ၄၆ နှစ်အရွယ်ရှိ ဒေ့ဗ် ဘောလ်ဒါစတုန်းဆိုသူဖြစ်ပြီး အိုင်တီပညာရှင်တစ်ဦးဖြစ်သည်။ ၎င်းမှာ အစ္စလာမ်ဆန့်ကျင်ရေး လက်ယာစွန်းရောက် ဗြိတိန်အမျိုးသားပါတီ၏ ပို့စ်တစ်ခုတွင် အစ္စလာမ်ဆန့်ကျင်ရေး မှတ်ချက်ကို ရေးသားခဲ့ခြင်းဖြစ်သည်။

    ၎င်း၏ ထိုလုပ်ရပ်နှင့်ပတ်သက်၍ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသည်ဟု ပြည်သူတစ်ဦးက Manchester Evenging News (MEN) သို့ ဆက်သွယ်ပြောကြားခဲ့ပြီးနောက် မြို့တော်ကာင်စီက ဒေ့ဗ်အား အလုပ်မှ ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

    `MEN ကို ဆက်သွယ်ခဲ့တဲ့ လူရဲ့ တိုင်ကြားချက်ကို မရပေမယ့် MEN က ရခဲ့တဲ့ အချက်အလက်ကို အခြေခံပြီး ကောင်စီရဲ့ စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းစဉ်အတိုင်း ဒီကိစ္စကို စုံစမ်းစစ်ဆေးသွားမှာပါ´ ဟု ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူက ထည့်သွင်းပြောကြားခဲ့သည်။

    ကောင်စီမှ အလုပ်ထုတ်ပယ်ခဲ့ပြီးနောက် ဒေ့ဗ်ကလည်း ၎င်း၏ Facebook စာမျက်နှာ အလုပ်အကိုင်နေရာတွင်
    `ကိုယ်ပိုင်အလုပ်အကိုင်´ ဟု ချက်ချင်းပြောင်းလဲခဲ့သည်။

    တရားဝင် စစ်တမ်းကောက်ယူမှုများ မရှိသော်လည် ဗြိတိန်တွင် အစ္စလာမ်ဘာသာဝင်ဦးရေမှာ ၂ သန်းခန့်ရှိမည်ဟု ခန့်မှန်းရသည်။

    Ref: onislam

  • ချယ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာအား FA က တရားစွဲ

    ချယ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာအား FA က တရားစွဲ

    ဇန်န၀ါရီ ၂၉၊ ၂၀၁၅
    M-Media

    dcs

    – အင်္ဂါနေ့က ကစားခဲ့သည့် လီဗာပူးလ်အသင်းနှင့် လိဂ်ဖလား ဒုတိအကျော့ပွဲစဉ်တွင် လီဗာပူးလ်နောက်ခံလူ အမ်ရီကန်၏ ခြေထောက်ကို တက်နင်းခဲ့သည့် ချယ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာအား FA က တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ကစားခဲ့သည့် အဆိုပါပွဲ၏ ပွဲအစ ၁၂ မိနစ်မှာပင် ဘေးစည်းနား၌ အမ်ရီကန်က ကော်စတာထံမှာ ဘောလုံးရယူရန် ကြိုးစားရာတွင် ကော်စတာက သိသိသာသာပင် ခြေထောက်အား တက်နင်းခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း ကွင်းလယ်ဒိုင်က ထိုအဖြစ်အပျက်အား မမြင်ခဲ့သောကြောင့် ပွဲအတွင်း အရေးယူမှုများ မပြုလုပ်နိုင်ခဲ့သော်လည်း FA က ဗီဒီယိုကို ပြန်လည်ကြည့်ရှုပြီးနောက်ပိုင်း ထိုကဲ့သို့ အရေးယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

    `ဒီယေဂိုကော်စတာရဲ့ ကြမ်းတမ်းတဲ့ အပြုအမူအတွက် FA က တရားစွဲဆိုခဲ့ပါတယ်။ ကွင်းအတွင်းမှာဖြစ်ခဲ့တဲ့ ဒီအဖြစ်အပျက်ကို တာဝန်ရှိသူတွေက မမြင်ခဲ့ပေမယ့် ဗီဒီယိုမှာ တွေ့ခဲ့ရပါတယ်။ ဒီတရားစွဲဆိုမှုဟာ ယမန်နေ့ (အင်္ဂါနေ့)ညက စတမ်းဖို့ဘရစ်ခ်ျမှာ ကစားခဲ့တဲ့ လိဂ်ဖလား ဆီးမီးဖိုင်နယ် ဒုတိယအကျော့ ပထမပိုင်း ၁၂ မိနစ်မှာ ချယ်ဆီးရှေ့တန်းကစားသမားနဲ့ လီဗာပူးလ်က အမ်ရီကန်တို့အကြား ဖြစ်ပွားတဲ့ အဖြစ်အပျက်နဲ့ ဆက်စပ်နေပါတယ်´ ဟု FA ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

    ဒီယေဂိုကော်စတာအနေဖြင့် ထိုတရားစွဲဆိုမှုကို အင်္ဂလန်စံတော်ချိန် ဇန်န၀ါရီ ၂၉ ရက် ညနေ ၆ နာရီ နောက်ဆုံးထား၍ တုံ့ပြန်ရမည်ဖြစ်သည်။

    ကော်စတာမှာ ထိုပွဲ၏ဒုတိယပိုင်းတွင် လီဗာပူးလ်နောက်ခံလူ စကာတဲလ်ကိုလည်း ထိုကဲ့သို့ ကျူးလွန်ခဲ့ပြီး ထိုဖြစ်ရပ်ကိုလည်း ဒိုင်လူကြီးက မမြင်ခဲ့ပေ။ FA ကမူ ထိုကိစ္စနှင့်ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့ခြင်းမရှိချေ။

    Ref: goal.com

  • Charlie Hebdo ၏ တမန်တော် မိုဟာမက် ကာတွန်း တူရကီတွင် ပိတ်ပင်ပေးရန် Facebook သဘောတူ

    Charlie Hebdo ၏ တမန်တော် မိုဟာမက် ကာတွန်း တူရကီတွင် ပိတ်ပင်ပေးရန် Facebook သဘောတူ

    ဇန်န၀ါရီ ၂၉၊ ၂၀၁၅
    M-Media

    tur

    – ပြင်သစ်မဂ္ဂဇင်း Charlie Hebdo တွင်ဖော်ပြထားသည့် တမန်တော်မိုဟာမက် ကာတွန်းအား တူရကီရှိ Facebook သုံးစွဲသူများအတွက် ပိတ်ပင်ပေးထားရန် Facebook က သဘောတူညီခဲ့သည်ဟု သိရသည်။

    `ဒီကုမ္ပဏီဟာ အမေရိကန် အခြေစိုက်ဖြစ်ပေမယ့် သူ့ကိုအသုံးပြုသူတွေက ကမ္ဘာတစ်ဝှမ်းမှာရှိနေပါတယ်။ ဒါ့ကြောင့် သူတို့ဟာ ဒေသတွေရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေကို လေးစားရပါမယ်။ တိုင်းပြည်ရဲ့ ဥပဒေကို သူတို့ မဖြစ်မနေလိုက်နာရပါမယ်။ အဓိက ကတော့ ပွင့်လင်းမြင်သာမှုပါပဲ´ ဟု ဆာရေး တက္ကသိုလ်မှ ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူ ပါမောက္ခ ဒေါက်တာ အလန်ဝုဒ်ဝါ့ဒ်က ပြောကြားခဲ့သည်။

    အဆိုပါကာတွန်းအား မပိတ်ပေးပါက Facebook တစ်ခုလုံးကို ပိတ်ပစ်မည်ဟု တူရကီတရားရုံးက ပြောကြားခဲ့ပြီးနောက်ပိုင်း Facebook မှ ယခုကဲ့သို့ သဘောတူညီခဲ့ခြင်းဖြစ်သည်။ တူရကီတွင် Facebook သုံးစွဲသူအရေအတွက်မှာ သန်း ၄၀ ၀န်းကျင်ရှိမည်ဟု ခန့်မှန်းရပြီး လူငယ်လူဦးရေ မြင့်တက်လာမှုနှင့် စီပွားရေးတိုးတက်လာမှုတို့ကြောင့် ထိုအရေအတွက်မှာ တိုးလာဖွယ်ရှိနေသည်။

    Facebook သုံးစွဲသူများအတွက် ဖော်ပြမှုအချို့ကို ကန့်သတ်ပေးရန် ကမ္ဘာတစ်ဝှမ်းမှ နိုင်ငံများ၏ တောင်းဆိုမှုနှင့်ပတ်သက်၍ အစီရင်ခံစာတစ်စောင်ကို Facebook က ထုတ်ပြန်ခဲ့ပြီး ထိုထုတ်ပြန်မှုတွင် တူရကီက ပြီးခဲ့သည့်နှစ် ဇန်န၀ါရီမှ ဇွန်လအထိ အကြိမ်ပေါင်း ၁၈၉၃ ကြိမ် ကန့်သတ်ရန် တောင်းဆိုခဲ့သည်ဟု ဖော်ပြထားသည်။ ၂၀၁၄ အစောပိုင်းကလည်း တူရကီမှာ Twitter နှင့် Youtube နှစ်ခုစလုံးကို ခေတ္တ ပိတ်ပင်ခဲ့ဖူးသည်။

    Ref: onislam