News @ M-Media
Author: Ko Lay
  • အကြမ်းဖက်ဝါဒ၏ ပထမဆုံး သားကောင်မှာ မွတ်စလင်များသာဖြစ်ပြီး နိုင်ငံတွင်းရှိ အစ္စလာမ်နှင့် မွတ်စလင်များကို ကာကွယ်ပေးမည်ဟု ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီးပြော
    အကြမ်းဖက်ဝါဒ၏ ပထမဆုံး သားကောင်မှာ မွတ်စလင်များသာဖြစ်ပြီး နိုင်ငံတွင်းရှိ အစ္စလာမ်နှင့် မွတ်စလင်များကို ကာကွယ်ပေးမည်ဟု ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီးပြော
    ဇန်န၀ါရီ ၂၈၊ ၂၀၁၅
    M-Media
    fran
    – ဘာသာသာသနာအား အကာအကွယ်ယူကာ ပြစ်မှုကျူးလွန်နေကြသည့် အကြမ်းဖက်သမားများ၏ ပထမဆုံး သားကောင်များမှာ မွတ်စလင်များသာဖြစ်သည်ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး လော့ရင့် ဖာဘီယက်စ်က ပြောကြားလိုက်ပြီး အကြမ်းဖက်ဝါကို နှိမ်နင်းရန်အတွက်လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းအား တိုက်တွန်းလိုက်သည်။
    “ဘာသာတရားရဲ့အမည်နာမအောက်မှာ တိုက်တာခိုက်တာမျိုး ဘယ်သူမှ မလုပ်ရပါဘူး။ မွတ်စလင်တွေဟာ ဒီအကြမ်းဖက်သမားတွေရဲ့ ပထမဆုံးသားကောင်တွေ ဖြစ်နေပါတယ်” ဟု ကူဝိတ်သို့အလည်အပတ် ရောက်ရှိနေသည့် ဖာဘီယက်စ်က ဂျာနယ်လစ်များအား ပြောကြားခဲ့သည်။
    ထို့ပြင် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက အစွန်းရောက်ဝါဒအား တိုက်ဖျက်ရေး နိုင်ငံတကာမှ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ပြီး ထိုတိုက်ဖျက်မှုမှာ အောင်နိုင်ရမည်ဟုလည်း ပြောကြားခဲ့သည်။
    ကူဝိတ်နိုင်ငံခြားရေးဝန်ကြီး ရှိခ် ဆာဘဟ် ခါလစ်ဒ် အလ်-ဆာဘဟ်ကမူ ကူဝိတ်နှင့် ပြင်သစ်တို့မှာ အကြမ်ဖက်ဝါဒနှင့်ပတ်သက်၍ တူညီသော အမြင်ရှိပြီး မိမိတို့ကလည်း ပြစ်သစ်ဂျာနယ်တိုက် တိုက်ခိုက်ခံရမှုကို ပြင်းပြင်းထန်ထန်ရှုတ်ချသည်ဟု ပြောကြားခဲ့သည်။
    ထို့ပြင် အကြမ်းဖက်ဝါဒမှာ မိမိုတို့အားလုံးအတွက် ခြိမ်းခြောက်မှုဖြစ်သည်ဟု ဆာဘဟ်က သတိပေးခဲ့ပြီး အကြမ်းဖက်အုပ်စုများ ငွေကြေးရနေမှုနှင့် လူသစ်စုဆောင်းနေမှုများကို တားမြစ်ရမည်ဟုလည်း ဆိုသည်။
    ဖာဘီယက်စ်က ပြင်သစ်အနေဖြင့် အစ္စလာမ်အား အလတ်အလတ်အယူဝါဒအဖြစ် ရှုမြင်ပြီး အစ္စလာမ်နှင့်
    မွတ်စလင်တို့အား ဆန့်ကျင်သော လုပ်ရပ်များကိုလည်း ဥပဒေအတိုင်း တိတိကျကျ အရေးယူသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    ပဲရစ်ရှိ မဂ္ဂဇင်းတိုက် တိုက်ခိုက်ခံရပြီးနောက်ပိုင်း ပြင်သစ်ရှိ မွတ်စလင်များမှာ နှောက်ယှက်မှုများနှင့် ကြုံတွေ့နေရပြီး အဆိုပါအဖြစ်အပျက် ၁၀၀ ကျော်ခန့်ရှိသည်ဟု အစ္စလာမ်ကြောက်ရောဂါ စောင့်ကြည့်ရေးဌာနက ပြောကြားခဲ့သည်။
    ပြီးခဲ့သည့် သီတင်းပတ်က ပြင်သစ်နိုင်ငံတောင်ပိုင်းတွင် မွတ်စလင်ဖခင်တစ်ဦးမှာ အိမ်နီးချင်း၏ သတ်ဖြတ်မှုကို ခံခဲ့ရပြီး မဂ္ဂဇင်းတိုက် တိုက်ခိုက်ခံရမှုအတွက် လက်စားချေခြင်းဖြစ်သည်ဟု
    ပြစ်မှုကျူးလွန်သူက ပြောကြားခဲ့သည်။ ထို့ပြင် ပြင်သစ်ရှိ ဗလီဝတ်ကျောင်းတော်များမှာလည်း တိုက်ခိုက်မှုများနှင့် ကြုံတွေခဲ့ရသည်။
    အစ္စလာမ်၏ သွန်သင်မှုနှင့် ဆန့်ကျင်သည့် မဂ္ဂဇင်းတိုက် တိုက်ခိုက်မှုအတွက် ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်ပညာရှင်များနှင့် အသင်းအဖွဲ့များက ရှုတ်ချခဲ့ပြီး ပဲရစ်၌ပြုလုပ်ခဲ့သည့် အကြမ်းဖက်ဆန့်ကျင်ရေး ချီတက်လမ်းလျှောက်မှုတွင်လည်း မွတ်စလင်နိုင်ငံမှ ခေါင်းဆောင်များ ပါဝင်ခဲ့ကြသည်။
    Ref: onislam
  • ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒို ၂ ပွဲပယ်ခံရ
    ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒို ၂ ပွဲပယ်ခံရ
    ဇန်န၀ါရီ ၂၈၊ ၂၀၁၅
    M-Media
    rnd
    – ပြီးခဲ့သည့်တစ်ပတ်က ကော်ဒိုဘာအသင်းနှင့်ပွဲတွင် ပြိုင်ဘက်ကစားသမားအား ကန်ကျောက်ခဲ့သည့် ရော်နယ်ဒိုကို စပိန်ဘောလုံးအဖွဲ့ချုပ်က ၂ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့သည်ဟု သိရသည်။
    ၂ ဂိုး ၁ ဂိုးဖြင့် ရီးယဲလ်ကအနိုင်ရခဲ့သည့် ထိုပွဲ ပြီးကာနီးတွင် ရော်နယ်ဒိုမှာ ကော်ဒိုဘာနောက်ခံလူ အဒီမာရ်အား ကန်ကျောက်ခဲ့ပြီး မျက်နှာကိုရိုက်ရန်အတွက် လက်ကိုလည်းရွယ်ခဲ့သည်။ ထို့ကြောင့် ကွင်းလယ်ဒိုင်လူကြီးက ရော်နယ်ဒိုအား တိုက်ရိုက်အနီကဒ်ဖြင့် ထုတ်ပယ်ခဲ့သည်။
    အဒီမာရ်က ထိုဖြစ်ရပ်အတွက် အရေးယူပေးရန် လာလီဂါစည်းကမ်းထိန်းသိမ်းရေးကော်မတီသို့ တိုက်တွန်းခဲ့ပြီး၊ ရော်နယ်ဒိုကလည်း ထိုအဖြစ်အပျက်အတွက် အလျင်အမြန်ပင် တောင်းပန်ခဲ့သည်။
    စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက် လာလီဂါ စည်းကမ်းထိန်းသိမ်းရေးကော်မတီက ရော်နယ်ဒိုအား ၂ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့သည်။ ထို့ကြောင့် ရော်နယ်ဒိုမှာ လာလီဂါပွဲများဖြစ်သည့် ရီးယဲလ်ဆိုစီဒက်၊ ဆီးဗီးလားတို့နှင့်ပွဲတွင် ပါဝင်ကစားနိုင်တော့မည်မဟုတ်ချေ။
    ရော်နယ်ဒိုမှာ ယခုနှစ်ဘောလုံးရာသီတွင် ရီးယဲလ်အတွက် စုစုပေါင်း ၃၁ ပွဲကစားပေးထားပြီး ၃၆ ဂိုး သွင်းယူပေးထားနိုင်သည်။
    Ref: goal.com
  • မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ရုရှားသွားမည်
    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ရုရှားသွားမည်
    ဇန်န၀ါရီ ၂၈၊ ၂၀၁၅
    M-Media
    kju
    – ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီအား အောင်နိုင်ခဲ့သည့် အထိမ်းအမှတ်အဖြစ် လာမည့်မေလတွင် ရုရှားနိုင်ငံ၌ ပြုလုပ်မည့်အခမ်းအနားသို့ တက်ရောက်မည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က အတည်ပြုခဲ့ကြောင်း တောင်ကိုရီးယား Yonhap သတင်းဌာနက ဖော်ပြခဲ့သည်။
    အဆိုပါခရီးမှာ ဖခင်ဖြစ်သူ ကင်ဂျုံအီလ် သေဆုံးပြီး ၂၀၁၁ ခုနှစ် က အာဏာရပြီးနောက်ပိုင်း ကင်ဂျုံအန်၏ ပထမဆုံး နိုင်ငံခြားခရီးစဉ် ဖြစ်မည်ဖြစ်သည်။ ထိုအခမ်းအနားသို့ တရုတ်သမ္မတ ဇီဂျင်ပင်းအပါအ၀င် ကမ္ဘာ့ခေါင်းဆောင်များလည်း တက်ရောက်မည်ဖြစ်သည်။
    ရုရှားကမူ အဆိုပါအခမ်းအနားသို့ ကမ္ဘာ့ခေါင်းဆောင် ၂၀ ခန့် တက်ရောက်မည်ဟု ပြောကြားခဲ့ပြီး ကင်ဂျုံအန်ပါ လာရောက်မည်ဆိုခြင်းကို အတည်ပြုခဲ့ကြောင်း Yonhap သတင်းဌာနက ထည့်သွင်းဖော်ပြခဲ့သည်။ သို့သော်လည်း တက်ရောက်မည့်သူများအား အတည်ပြုခြင်းလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်နေပြီး တက်ရောက်မည့်သူ နောက်ဆုံးစာရင်းကို မသတ်မှတ်ရသေးကြောင်း ရုရှားက ထည့်သွင်းပြောကြားခဲ့သည်။
    ရုရှားသို့ သွားရောက်ခြင်းမှာ မြေက်ကိုရီးယားအား သံတမန်ရေး အကာအကွယ်ပေးထားပြီး စီးပွားရေးကို ကျားကန်ပေးထားသော အဓိကမဟာမိတ် တရုတ်အပေါ် မှီခိုရလွန်းခြင်းကို လျှော့ချရန် ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။ ရုရှားမှာ မြောက်ကိုရီးယား၏ မဟာမိတ်နိုင်ငံအနည်းငယ်မှ တစ်နိုင်ငံလည်းဖြစ်သည်။
    မော်စကိုတွင်ပြုလုပ်မည့် အဆိုပါအခမ်းအနားသို့ တက်ရောက်ရန် တောင်ကိုရီးယားသမ္မတ ပက်ဂျုံဟေးအား ရုရှားက ဖိတ်ကြားထားပြီး တက်ရောက်မည်လားဆိုသည်နှင့် ပတ်သက်၍ တောင်ကိုရီးယားဘက်မှ အကြောင်းမပြန်သေးပေ။
    Ref: aljazeera
  • ၀ီကီလိခ်ဝန်ထမ်းများ၏ အီးမေးလ်နှင့် အချက်အလက်များကို အမေရိကန်အစိုးရထံသို့ ဂူးဂဲလ် လွှဲပေးခဲ့
    ဇန်န၀ါရီ ၂၈၊ ၂၀၁၅
    M-Media
    wiki
    – အမေရိကန်အစိုးရ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်နေသည့် ၀ီကီလီခ်မှ ၀န်ထမ်းအချို့၏ အီးမေးလ်နှင့် အချက်အလက်များကို ဂူးဂဲလ်က အမေရိကန်ထောက်လှမ်းရေးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု သိရသည်။
    ဂူးဂဲလ်ကမူ ထိုအကြောင်းအရာနှင့်ပတ်သက်၍ ၀ီကီလိခ်သို့ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်နေ့မှ အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး ထိုစုံစမ်းစစ်ဆေးမှုနှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆိုခြင်းမပြုရန် အမိန့်ကြောင့် ၃ နှစ်နီးပါး နောက်ကျခဲ့ရခြင်းဖြစ်သည်ဟု ရှင်းပြခဲ့သည်။
    ဆာရာဟာရစ်ဆန်ကမူ မိမိ၏ ကိုယ်ပိုင်အချက်အလက်များကို အမေရိကန်အစိုးရမှ ယခုကဲ့သို့ မသမာသောနည်းလမ်းဖြင့် ရယူခဲ့သည့်အတွက် စိတ်မသက်မသာဖြစ်ရပြီး ဂူးဂဲလ်နှင့် အမေရိကန်အစိုးရတို့မှာ ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    စုံစမ်းစစ်ဆေးမှု အသေးစိတ်နှင့်ပတ်သက်၍ လျှို့ဝှက်ထားသော်လည်း အမေရိကန်၏ လျှို့ဝှက်စာရွက်စာတမ်းများကို ပေါက်ကြားမှုကြောင့် ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသော အမေရိကန်စစ်တပ် ထောက်လှမ်းရေး အရာရှိဟောင်း ချယ်ဆီး မန်နင်းကိစ္စနှင့် ဆက်စပ်နေသည်ဟု ယုံကြည်ရသည်။ မန်နင်းမှာ အမေရိကန်၏ သံတမန်ရေးစာရွက်စာတမ်း ၂၅၀၀၀၀နှင့် စစ်တပ်မှ စာရွက်စာတမ်း ၅ သိန်းကို အပြင်သို့ ပေါက်ကြားစေခဲ့သည်။
    ထိုကိစ္စနှင့်ပတ်သက်၍ ဂူးဂဲလ်၏ အမှုဆောင်ဥက္ကဌ အဲရစ် ရှမစ်ထံသို့ ၀ီကီလိခ်က စာတစ်စောင်ပေးပို့ခဲ့ပြီး ထိုလုပ်ရပ်က “အံ့အားသင့်စရာနှင့် စိုးရိမ်ဖွယ်ရာကောင်းသော” လုပ်ရပ်ဖြစ်သည်ဟု ထည့်သွင်းရေးသားခဲ့သည်။
    အမေရိကန်အစိုးရ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်သော ၀ီကီလိခ်က ထိုလုပ်ရပ်မှာ ၁၉၁၇ လျှို့ဝှက်ထောက်လှမ်းရေး အက်ဥပဒေ၊ ကွန်ပြူတာဆိုင်ရာ လိမ်လည်မှုနှင့် အလွဲသုံးစားလုပ်မှု ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်သည်ဟု အဆိုပါစာတွင် ဖော်ပြခဲ့သည်။
    Ref: RT
  • လိင်ပိုင်းဆိုင်ရာပြဿနာကြောင့် စပိန်တွင် ကက်သလစ်ဘုန်းတော်ကြီး ၁၀ ပါးအား တရားစွဲ
    လိင်ပိုင်းဆိုင်ရာပြဿနာကြောင့် စပိန်တွင် ကက်သလစ်ဘုန်းတော်ကြီး ၁၀ ပါးအား တရားစွဲ
    ဇန်န၀ါရီ ၂၈၊ ၂၀၁၅
    M-Media
    spa
    – စပိန်နိုင်ငံတောင်ပိုင်း ဂရာနာဒါမြို့ရှိ ကက်သလစ်ဘုရားကျောင်းတစ်ခုမှ ဘုန်းတော်ကြီး ၁၀ ပါးနှင့် ဘုရားကျောင်းတွင် အလုပ်လုပ်ကိုင်နေသူ ၂ ဦးတို့အား ကလေးများကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် တရားစွဲဆိုလိုက်သည်ဟု သိရသည်။
    ၎င်းတို့ ၁၂ ဦးမှာ ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း ဘုန်းတော်ကြီးများ၏ အိမ်တွင် ယောက်ျားလေး ၄ ဦးအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် သံသယရှိနေသူဖြစ်သည်ဟု အင်္ဂါနေ့က ထုတ်ပြန်ခဲ့သော စွဲချက်တွင် ဖော်ပြထားသည်။ ယခုလက်ရှိတွင် ၎င်းတို့အား အာမခံဖြင့် လွှတ်ပေးထားသည်။
    ၎င်းတို့၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံခဲ့ရသူတစ်ဦးက ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သို့ ပြီးခဲ့သည့် နိုဝင်ဘာလတွင် စာရေးတိုင်ကြားခဲ့ပြီး ပုပ်ရဟန်းမင်းကြီးက ၎င်းအား ဖုန်းဆက်ကာ ဂရာနာဒါရှိ ခရစ်ယာန်ဂိုဏ်းအုပ်ဘုန်းတော်ကြီးအား သွားရောက်တိုင်ကြားရန် အကြံပေးခဲ့သည်။
    ပုပ်ရဟန်းမင်းကြီးကလည်း မိမိမှာ ဂါရာနာဒါမှ ဂိုဏ်းချုပ်ဘုန်းတော်ကြီး ဖရန်စစ္စကို ဂျာဗီယာ မာတီနက်ဇ်ထံသို့ စာပို့ကာ ထိုကိစ္စအတွက် စုံစမ်းစစ်ဆေးရန် ဖိအားပေးခဲ့သည်ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။ ထို့နောက် ဂရာနာဒါရှိ ကက်သလစ်ဘုန်းတော်ကြီး အများအပြားကို ရာထူးမှ ဖယ်ရှားခဲ့ပြီး ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။
    သံသယရှိသူများအနေဖြင့် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် အနှစ် ၂၀ စီ ချမှတ်ခံရမည်ဖြစ်သည်။ လွန်ခဲ့သည့် နှစ်များစွာကပင် ကက်သလစ်ဘုန်းတော်ကြီးများ၏ လိင်ပိုင်းဆိုင်ရာ ပြဿနာများမှာ အမြောက်အများပေါ်ထွက်ခဲ့ပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကမူ ထိုကိစ္စအတွက် လုံးဝ သည်းခံမည်မဟုတ်ဟု ကတိပြုခဲ့သည်။
    ဗာတီကန်ကမူ မိမိတို့မှာ ၂၀၀၄ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း အရွယ်မရောက်သေးသူများအပေါ်လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုဖြင့် ဘုန်းတော်ကြီး ၈၅၀ ခန့်ကို ရာထူးမှ ဖယ်ရှားခဲ့သည်ဟု ပြီးခဲ့သည့်နှစ်က ပြောကြားခဲ့သည်။
    Ref: aljazeera