News @ M-Media

Author: Ko Lay

  • ဆီးရီးယားရှိ ကိုဘိန်းမြို့အား IS လက်မှ ကာ့ဒ်တပ်ဖွဲ့များ ပြန်လည်သိမ်းပိုက်နိုင်ပြီ

    ဆီးရီးယားရှိ ကိုဘိန်းမြို့အား IS လက်မှ ကာ့ဒ်တပ်ဖွဲ့များ ပြန်လည်သိမ်းပိုက်နိုင်ပြီ

    ဇန်န၀ါရီ ၂၇၊ ၂၀၁၅
    M-Media

    kard

    – ဆီးရီးယား-တူရကီနယ်စပ်ရှိ IS တပ်များ သိမ်းပိုက်ထားသော ကိုဘိန်မြို့အား ကာ့ဒ်တပ်ဖွဲ့များက ပြန်လည်သိမ်းယူနိုင်ခဲ့ကာ နိုင်ငံမြောက်ပိုင်းရှိ ၄ လတာ ကြာမြင့်ခဲ့သော တိုက်ပွဲကို အဆုံးသတ်နိုင်ခဲ့သည်ဟု သိရသည်။

    ကာ့ဒ်တပ်ဖွဲ့ YPG မှ တပ်ဖွဲ့ဝင်များကမူ မိမိတို့၏ ယမန်နေ့တိုက်ခိုက်မှုကြောင့် IS တပ်ဖွဲ့များ နောက်ဆုတ်သွားခဲ့ပြီးနောက် မြို့အရှေ့ပိုင်းဒေသများကို သိမ်းယူနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

    အမေရိကန်ကမူ IS ဆန့်ကျင်ရေး ကာ့ဒ်တပ်ဖွဲ့ဝင်များမှာ ကိုဘိန်းမြို့၏ ၉၀ ရာခိုင်နှုန်းကို သိမ်းယူနိုင်ခဲ့သည်ဟု ဆိုသည်။ ကိုဘိန်းမြို့မှာ IS အား လေကြောင်းမှတိုက်ခိုက်မှုနှင့် ပတ်သက်၍ အမေရိကန်ဦးဆောင်သည့် မဟာမိတ်တပ်များ၏ မဟာဗျူဟာအတွက် အဓိက စမ်းသပ်ရသည့် နေရာလည်းဖြစ်ခဲ့သည်။

    ကိုဘိန်းမြို့အား ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း IS တပ်များက သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူထောင်ပေါင်းများစွာမှာ တူရကီနိုင်ငံသို့ ထွက်ပြေးခဲ့ကြရသည်။ အဆိုပါမြို့ရှိ IS တပ်ဖွဲ့များကို တိုက်ခိုက်ခဲ့ရာတွင် အနည်းဆုံး လူ ၁၆၀၀ ခန့် သေကြေပျက်ဆီးပြီး ထိုအထဲမှ ၁၁၉၆ ဦးမှာ IS တပ်ဖွဲ့ဝင်များ ဖြစ်ကြသည်ဟု ယူကေအခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောကြားခဲ့သည်။

    အစ္စလာမ်ဘာသာဝင်မျိုးနွယ်စုဖြစ်သော ကာ့ဒ်တပ်ဖွဲ့ဝင်များမှာ ဆီးရီးယားနှင့် အီရတ်နိုင်ငံများတွင် IS တပ်ဖွဲ့များအား အဓိကတွန်းလှန်နေသော အဖွဲ့ဖြစ်ပြီး အီရတ်နိုင်ငံတွင်လည်း IS လက်ထဲမှ နယ်မြေအချို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကာ
    ရာဇီဒီလူမျိုးများကို ကယ်တင်နိုင်ခဲ့သည်။

    Ref: BBC

  • မလေးရှားလေကြောင်းလိုင်း ၀ဘ်ဆိုက်ကို IS ထောက်ခံသူ ဟက်ကာအဖွဲ့မှ တိုက်ခိုက်

    မလေးရှားလေကြောင်းလိုင်း ၀ဘ်ဆိုက်ကို IS ထောက်ခံသူ ဟက်ကာအဖွဲ့မှ တိုက်ခိုက်

    ဇန်န၀ါရီ ၂၆၊ ၂၀၁၅
    M-Media

    mls

    – မလေးရှားလေကြောင်းလိုင်း၏ ၀ဘ်ဆိုက်မှာ ယနေ့နံနက်ပိုင်းက Lizard Squad ဟက်ကာအဖွဲ့၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး၊ ထိုအဖွဲ့က တိုက်ခိုက်မှုမှ ရရှိခဲ့သည့် ဒေတာအချက်အလက်များကိုလည်း ဖော်ထုတ်သွားမည်ဟု နောက်ပိုင်းတွင် ခြိမ်းခြောက် ခဲ့သည်။

    အဆိုပါဝဘ်ဆိုက်၏ မူလစာမျက်နှာတွင် ဦးထုပ်ဆောင်းပြီး ဆေးတံခဲထားသော ဖွတ်တစ်ကောင်၏ပုံကို ဟက်ကာများက တင်ထားပြီး ထိုပုံ၏အပေါ်တွင် ”404- Plane Not Found” ဟု ရေးသားခဲ့သည်။ ထိုဝဘ်ဆိုက်မှာ ၇ နာရီကြာ ကျသွားခဲ့ကာ နေ့လည်ပိုင်းတွင် ပြန်လည်ရရှိခဲ့သည်။

    တိုက်ခိုက်မှုအစပိုင်းတွင် ဟက်ကာအဖွဲ့မှာ မလေးရှားလေကြောင်းလိုင်းမှ လေယာဉ်တစ်စီးဖြစ်သော Airbus A380 ဆူပါဂျမ်ဘို၏ ပုံကို တင်ခဲ့ပြီး ”404- Plane Not Found” စာတန်းအပြင် “Hacked by Cyber Caliphate” ဟူသည့် စာတန်းကို ရေးသားခဲ့သည်။

    ထို့ပြင် အဆိုပါဝဘ်ဆိုက်၏ Tab တစ်ခုတွင်လည်း “ISIS will prevail” (ISIS လွှမ်းမိုးမည်) ဟူသည့် စာတန်းကိုလည်း ရေးသားခဲ့သည်။

    နောက်ပိုင်းတွင် လေယာဉ်ပုံ၏နေရာတွင် ဖွတ်ပုံတင်ထားခဲ့ပြီး “Hacked by Cyber Caliphate” စာတန်းအား “Hacked by Lizard Squad – Official Cyber Caliphate” ဟူသည့် စာတမ်းဖြင့် အစားထိုးခဲ့ကာ ဟက်ကာအဖွဲ့၏ Twitter အကောင့်လင့်ကိုလည်း ထည့်သွင်းခဲ့သည်။

    Lizard Squad ဟက်ကာအဖွဲ့မှာ လူသိများစေရန် မျှော်လင့်ချက်ဖြင့် ဆိုက်ဘာတိုက်ခိုက်မှုကို ပြုလုပ်နေသည့်အဖွဲ့ဟု ပြောကြားမှုများရှိပြီး ပြီးခဲ့သည့်နှစ်ကလည်း လောင်းကစားနှင့် မီဒီယာကုမ္ပဏီများအား ပစ်မှတ်ထားကာ ဆိုက်ဘာတိုက်ခိုက်မှုအများအပြားကို ပြုလုပ်ခဲ့သည်။ ထို့ပြင် IS အဖွဲ့အား ထောက်ခံသည်ဟု ထုတ်ဖော်ပြောဆိုလေ့ရှိသည်။ သို့သော်လည်း IS နှင့် အမှန်တစ်ကယ် ဆက်သွယ်မှုရှိ၊ မရှိကိုမူ သိရှိရခြင်းမရှိချေ။

    မလေးရှားလေကြောင်းလိုင်းကမူ ထိုဆိုက်ဘာတိုက်ခိုက်မှုကြောင့် ခရီးသည်များ၏ ဘွတ်ကင်လုပ်ထားမှုများကို ထိခိုက်ခြင်းမရှိဘဲ ထိုအဖြစ်အပျက်အတွက် မလေးရှား ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် အင်တာနက်လုံခြုံရေး အေဂျင်ဆီတို့သို့ အကြောင်းကြားခဲ့သည်ဟု ပြောကြားခဲ့သည်။

    Lizard Squad ၏ Twitter စာမျက်နှာတွင်မူ ၎င်းတို့၏ မလေးရှားလေကြောင်းလိုင်း ၀ဘ်ဆိုက်အား တိုက်ခိုက်မှုမှ ရရှိသည့် အချက်အလက်များကို မကြာခင်တွင် ထုတ်ဖော်သွားမည်ဟု ရေးသားခဲ့ပြီး လေကြောင်လိုင်း၏ ကိုယ်ပိုင် အီးမေးလ်ဖြင့်
    ခရီးသွားတစ်ဦးက လတ်မှတ်ဘိုကင်လုပ်ထားသည့် screenshot ဓာတ်ပုံကိုလည်း လွှင့်တင်ခဲ့သည်။

    ထိုအဖွဲ့မှာ ပြီးခဲ့သည့်နှစ်ကလည်း ဆိုနီပလေးစတေရှင်၏ အွန်လိုင်းကွန်ယက်နှင့် XBox ၏ ၀ဘ်ဆိုက်များကိုလည်း တိုက်ခိုက်ခဲ့သည်ဟု ကြေညာခဲ့ဖူးသည်။

    Ref:ctvnews

  • စာသင်ကျောင်းများတွင် ဟိန္ဒိုအမျိုးသားရေးဝါဒ သွတ်သွင်းမှုကို အိန္ဒိယမွတ်စလင်များ ဝေဖန်ကန့်ကွက်

    စာသင်ကျောင်းများတွင် ဟိန္ဒိုအမျိုးသားရေးဝါဒ သွတ်သွင်းမှုကို အိန္ဒိယမွတ်စလင်များ ဝေဖန်ကန့်ကွက်

    ဇန်န၀ါရီ ၂၆၊ ၂၀၁၅
    M-Media

    ind 1

    – အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်၏ မြို့တော် အဟ်မီဒါဘတ်ရှိ လောကီရေး စာသင်ကျောင်းများတွင် ဟိန္ဒူနတ်ဘုရားမအား ရှိခိုးကန်တော့ရသည့် အစီအစဉ်ကို အိန္ဒိယမွတ်စလင်များက ဝေဖန်လိုက်ပြီး အာဏာရပါတီ BJP ၏ ဟိန္ဒူအမျိုးသားရေးဝါဒ
    သွတ်သွင်းရန် ကြိုးစားမှုဟု ပြောကြားလိုက်သည်။

    အဆိုပါမြို့ရှိ ပညာရေးဘုတ်အဖွဲ့က မြို့၌ရှိသော စာသင်ကျောင်းအားလုံးတွင် ကျောင်းသားများအနေဖြင့် အသိပညာကို စိုးမိုးသော နတ်ဘုရားမ ဆာရက်စ်ဝါသီအား စနေနေ့တိုင်း ရှိခိုးကန်တော့ရန် နှိုးဆော်စာကို ဇန်န၀ါရီ ၁၉ ရက်နေ့က ဖြန့်ချီခဲ့သည်။ ထို့နောက် စာသင်ကျောင်းများရှိ အစ္စလာမ်ဘာသာဝင်ကလေးများကိုလည်း ထိုရှိခိုးမှုတွင်ပါဝင်ရန် အတင်းအဓ္ဓမ စေခိုင်းမှုများ ရှိခဲ့သည်။

    `အဟ်မီဒါဘတ်မှာရှိတဲ့ ကျောင်းတွေမှာ ဆာရက်စ်ဝါသီ နတ်ဘုရားမကို ရှိခိုးကန်တော့ရမယ်လို့ တိုက်တွန်းတဲ့ ဂူဂျာရတ်အစိုးရရဲ့ ဒီနှိုးဆော်မှုအတွက် ကျွန်တော်တို့ သောကဖြစ်ရပါတယ်။ မွတ်စလင်မိသားစုတွေက သူတို့ရဲ့ ကလေးတွေကို ကျောင်းကိုမလွှတ်တော့တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ လူ့အဖွဲ့အစည်းအတွက် အဖြစ်ဆိုးပါပဲ´ ဟု အငြိမ်းစားပါမောက္ခနှင့်
    လူ့အခွင့်အရေးလှုပ်ရှားသူ ဂျူဇာ ဘန်ဒူကွာလာက Anadolu သတင်းဌာနသို့ ပြောကြားခဲ့သည်။

    အဆိုပါရှိခိုးကန်တော့ခြင်းကို Vasant Panchami ဟု ခေါ်တွင်ပြီး ကျောင်းသားများက ပညာရေး၏အရေးကြီးပုံကို သိရှိစေရန် စာသင်ကျောင်များအနေဖြင့် ကျောင်းသားများကို စုဝေးစေကာ ဆာရက်စ်ဝါသီ နတ်ဘုရားအား ရှိခိုးကန်တော့ရန်နှင့်
    အခြားသောပြည်နယ်တွင်လည်း Vasant Panchami ကန်တော့ပွဲ မည်ကဲ့သို့ ကျင်းပသည်ကို နားလည်စေရန် သင်ကြားပေးရမည်ဟု အဆိုပါ နှိုးဆော်စာတွင် ရေးသားဖော်ပြထားသည်။

    ဘန်ဒူကွာလာကမူ ဟိန္ဒူထုံးတမ်းဖြင့် ထိုသို့ ရှိခိုးကန်တော့မှုကို ဆောင်ရွက်ခြင်းမှာ ဟိန္ဒိုအစွန်းရောက်အဖွဲ့နှင့် အာဏာရ BJP ပါတီတို့၏ လူနည်းစုများအား စိတ်အနှောက်အယှက်ဖြစ်အောင် ဆောင်ရွက်သည့်အစီအစဉ်သာ ဖြစ်သည်ဟု ဆိုသည်။

    `၀န်ကြီးချုပ်နာရန်ဒါမိုဒီဟာ အတွေ့အကြုံရှိတဲ့ ခေါင်းဆောင်ဖြစ်ပြီး နိုင်ငံတစ်ဝှမ်း အရေးပါတဲ့ ဖွံ့ဖြိုးတိုးတက်မှုတိုင်းကို ဂရုစိုက်နေသူတစ်ယောက်ပါ။ ဒီလို လူနည်းစုမုန်းတီးရေးလုပ်ငန်းမှာ သူဟာ အလိုတူအလိုပါဖြစ်မယ်လို့ ကျွန်တော် မယုံကြည်ချင်ပါဘူး´ ဟု ဘန်ဒူကွာလာက ပြောကြားခဲ့သည်။ ဘန်ဒူကွာလာမှာ အနည်းဆုံး လူပေါင်း ၂၀၀၀ သေဆုံးခဲ့သော ၂၀၀၂ ခုနှစ် ဂူဂျာရတ် လူမျိုးရေးအဓိကရုဏ်းတွင် ၎င်း၏ နေအိမ် ဖြိုချဖျက်ဆီးခံခဲ့ရသူဖြစ်သည်။

    အဟ်မီဒါဘတ်တွင် ပြုလုပ်သည့် အဆိုပါ ဘုရားရှိခိုးခြင်းအစီအစဉ်မှာ အိန္ဒိယတွင် ပထမဆုံး မဟုတ်ဘဲ မဒ်ယာ ပရာဒက်ရှ်မြို့ရှိ လောကီရေးကျောင်းများတွင်လည်း နေမင်းဝတ်ပြုမှု (သူရိယ နာမက်စ်ကာ) အစီအစဉ်ကို ဇန်န၀ါရီ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သည်။

    ပြည်နယ်အစိုးရကမူ ထိုဝတ်ပြုမှုမှာ ကျောင်းသားများ၏ ကျန်းမာရေးနှင့် အာရုံစူးစိုက်မှု တိုးတက်လာစေရန်အတွက် ရည်ရွယ်သော ယောဂကျင့်စဉ်ဖြစ်သည်ဟု ကာကွယ်ပြောဆိုခဲ့သည်။ သို့သော်လည်း လူနည်းစုအသိုင်းအ၀ိုင်းမှ ကလေးများအပေါ်
    ဟိန္ဒိုဘာသာရေးကျင့်ဝတ်များ သွတ်သွင်းခြင်းအတွက် ထိုပြည်နယ်ရှိ မွတ်စလင်များက ဝေဖန်ခဲ့သည်။

    အငြင်းပွားဖွယ်

    လောကီရေးကျောင်းများတွင် ဟိန္ဒူဘာသာရေးဝတ်ပြုမှုများ ဆောင်ရွက်ခြင်းမှာ လူနည်းစုများ၏ ဘာသာရေးဆိုင်ရာ ကျင့်ဝတ်များကို ထိခိုက်စေပြီး အိန္ဒိယ၏ လောကီသီးသန့် စနစ်ကို ခြိမ်းခြောက်ခြင်းလည်းဖြစ်သည်။

    `ဒီလိုအမိန့်မျိုးဟာ အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖော်ပြထားတဲ့ ဘာသာရေးမနွယ်တဲ့ အုပ်ချုပ်မှုကို တိုက်ခိုက်တာပါပဲ။ ပြီးတော့ မွတ်စလင်တွေရဲ့ အခြေခံအခွင့်အရေးတွေကို တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။ အခြေခံဥပဒေက မိမိတို့ရဲ့ ယုံကြည်မှုအတိုင်းသာ ၀တ်ပြုကိုးကွယ်ကြဖို့ ဘာသာတရားအားလုံးကို လွတ်လပ်ခွင့်ပေးထားပါတယ်´ ဟု ကောလိပ်ကျောင်းသားတစ်ဦးက ပြောကြားခဲ့သည်။

    အဟ်မီဒါဘတ် ပညာရေးဘုတ်အဖွဲ့၏ လက်အောက်တွင် မွတ်စလင်ကျောင်းသား ၁၅၀၀၀ ရှိသည့် အူရဒူ အလယ်တန်းကျောင်း ၆၀ ကျော်အပါအ၀င် စာသင်ကျောင်းပေါင်း ၄၀၀ ကျော် ရှိနေသည်။

    အဟ်မီဒါဘတ်မြို့ရှိ အဆိုပါ အူရဒူအလယ်တန်းကျောင်း အများစုကလည်း ပညာရေးဌာန၏ ထိုအမိန့်ကို လိုက်နာခဲ့ခြင်း မရှိခဲ့ပေ။ပညာရေးဘုတ်အဖွဲ့၏ တာဝန်ရှိသူများကမူ ထိုအဖြစ်အပျက်အတွက် ကာကွယ်ပြောဆိုခဲ့သည်။

    `ကျွန်တော်တို့ရဲ့ တစ်ခုတည်းသောရည်ရွယ်ချက်က ကျောင်းသားတွေကြားထဲမှာ အသိပညာအတွက် စွမ်းအား မြှင့်တင်ပေးဖို့ဖြစ်ပြီး ဘယ်ဘာသာဝင်ကိုမှ နာကျင်အောင်လုပ်ဖို့ မဟုတ်ပါဘူး´ ဟု ဘုတ်အဖွဲ့ဥက္ကဌ ဂျက်ဂ်ဒစ်ရှ် ဘာ့ဗ်ဆာရ်က ပြောကြားခဲ့သည်။

    ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ အလ်ဒီ ဒီဆိုင်းကလည်း ဆာရက်စ်ဝါသီမှာ ပညာရေးနတ်ဘုရားဖြစ်ပြီး စာသင်ကျောင်းများမှာလည်း ပညာရေးဘုရားကျောင်းများ ဖြစ်သည်ဟု ဆိုသည်။

    အိန္ဒိယ၏ သန်း တစ်ထောင်ကျော်ရှိသော လူဦးရေတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူဦးရေမှာ ၁၃ ရာခိုင်နှုန်း (သန်း ၁၈၀ ခန့်)ရှိပြီး ခရစ်ယာန်ဘာသာဝင်များမှာ ၃ ရာခိုင်နှုန်းသာရှိသည်။

    Ref: onislam

  • IS အားတိုက်ခိုက်ရာတွင် အမေရိကန်နှင့် ပူးပေါင်းရန်အသင့်ဟု ဆီးရီးယားသမ္မတ အာဆတ်ဆို

    IS အားတိုက်ခိုက်ရာတွင် အမေရိကန်နှင့် ပူးပေါင်းရန်အသင့်ဟု ဆီးရီးယားသမ္မတ အာဆတ်ဆို

    ဇန်န၀ါရီ ၂၆၊ ၂၀၁၅
    M-Media

    Syria's  President Bashar al-Assad is seen during an interview to the American magazine Foreign Affairs published on Monday in Damascus

    – ဆီးရီးယားရှိ IS တပ်ဖွဲ့ဝင်များကို အမေရိကန်ဦးဆောင်ကာ လေကြောင်းမှတိုက်ခိုက်မှုအတွက် မိမိတို့အစိုးရနှင့် သဘောတူညီချက်ယူသင့်ပြီး မိမိတို့ အစိုးရတပ်များကလည်း မြေပြင်တိုက်ခိုက်မှုများတွင် ပါဝင်မည်ဟု ဆီးရီးယားသမ္မတ ဘာရှာ
    အလ်အာဆတ်က ပြောကြားလိုက်သည်။

    အမေရိကန်အခြေစိုက် Foreign Affairs Magazine နှင့် အင်တာဗျူးတွင် အာဆတ်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး အမေရိကန်မှ အမှန်တစ်ကယ် ကမ်းလှမ်းလာပါက ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေသည်ဟု ၎င်းက ဆိုသည်။

    လွန်ခဲ့သည့် လေးနှစ်မှစ၍ အာဆတ်ကို ဖြုတ်ချရန် ကြိုးစားသည့် သူပုန်တပ်ဖွဲ့များအား ၀ါရှန်တန်က ထောက်ပံ့မှုများ ပေးအပ်ခဲ့သော်လည်း IS အဖွဲ့နှင့် အခြားသော သဘောထားတင်းမာသည့် အဖွဲ့များက အင်အားအတောင့်ဆုံး သူပုန်များအဖြစ်
    ထွက်ပေါ်လာသည့်အခါ အခြေအနေများမှာ ပိုမိုရှုပ်ထွေးသွားခဲ့သည်။

    ပြီးခဲ့သည့် နွေရာသီတွင် IS တပ်ဖွဲ့များက အီရတ်နှင့် ဆီးရီးယားရှိ နယ်မြေအများအပြားကို သိမ်းယူခဲ့သည့်အခါ အမေရိကန်က IS အား လေကြောင်းမှ ပုံမှန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း ဆီးရီးယားအစိုးရနှင့် ပူးပေါင်းရန် အယူအဆကိုမူ အမေရိကန် ငြင်းဆန်ခဲ့သည်။

    အမေရိကန်အား မည်သည့်အရာကို ဆောင်ရွက်စေချင်သနည်းဟု မေးမြန်းခဲ့ရာ အာဆတ်က ဆီးရီးယားမြောက်ပိုင်းအတွင်းသို့ ငွေများ၊ လက်နက်များ မ၀င်ရောက်စေရန် တူရကီအား ဖိအားပေးရန်၊ IS အား တိုက်ခိုက်မှုများပြုလုပ်ရေး မိမိတို့အစိုးရထံမှ ခွင့်တောင်းရန်နှင့် ဆီးရီးယားနှင့် တရားဝင် ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ရန်တို့ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ဆီးရီးယားရှိ IS အဖွဲ့အား လေကြောင်းမှ တိုက်ခိုက်မှု မပြုလုပ်ခင် အမေရိကန်က အာဆတ်အစိုးရအား အကြောင်းကြားခဲ့သည်။ IS အဖွဲ့နှင့် အလ်ကိုင်းဒါးအဖွဲ့ခွဲတစ်ခုဖြစ်သော Nusra Front တို့အပါအ၀င် သဘောထားတင်းမာသည့် အဖွဲ့များကြောင့် အမေရိကန်မှာ မြေပြင်တွင် သင့်လျော်သော မဟာမိတ်ကို ရှာဖွေရန် အခက်တွေ့နေသည်။

    လက်ရှိတွင်မူ IS အဖွဲ့ သိမ်းပိုက်ထားသော ဒေသများကို ပြန်လည်သိမ်းယူရန်အတွက် ဆီးရီးယား အတိုက်အခံများအား လေကျင့်ကာ လက်နက်များ တပ်ဆင်ပေးရန် စီစဉ်နေပြီး ထိုအစီအစဉ်ကို အကောင်အထည်ဖော်ရန်အတွက် လာမည့်ရက်အနည်းအတွင်း အင်အား ၁၀၀ ခန့်ရှိမည့် အမေရိကန်စစ်သား ပထမအသုတ်ကို အရှေ့အလယ်ပိုင်းသို့ စေလွှတ်မည်ဖြစ်သည်။

    Ref:reuters

  • အိန္ဒိယနိုင်ငံတည်ထောင်ခြင်း ၆၅ နှစ်ပြည့် အခမ်းအနားသို့ အိုဘားမား တက်ရောက်

    အိန္ဒိယနိုင်ငံတည်ထောင်ခြင်း ၆၅ နှစ်ပြည့် အခမ်းအနားသို့ အိုဘားမား တက်ရောက်

    ဇန်န၀ါရီ ၂၆၊ ၂၀၁၅
    M-Media

    obm

    – အိန္ဒိယသမ္မတနိုင်ငံ တည်ထောင်ခြင်း ၆၅ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားသို့ အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့် ဇနီးတို့ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

    မြို့တော်ဒေလီ၌ ယနေ့နံနက်တွင်ပြုလုပ်ခဲ့သည့် အဆိုပါအခမ်းအနားမှာ အရောင်အသွေးစုံလင်ပြီး အိန္ဒိယစစ်အင်အားနှင့် နိုင်ငံအတွင်း ယဉ်ကျေးမှုများ ဟန်ချက်ညီမှုကိုလည်း ဖော်ထုတ်ပြသခဲ့သည်။

    ထိုအခမ်းအနားသို့ အိုဘားမား ဇနီးမောင်နှံနှင့်အတူ အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီ၊ သမ္မတ ပရာနဘ် မွတ်က်ဟာဂျီတို့လည်း တက်ရောက်ခဲ့ကြသည်။

    `ဒီအခမ်းအနားကို ပထမဆုံး တက်ရောက်ချီးမြှင့်ခွင့်ရတဲ့ အမေရိကန်သမ္မတ ဖြစ်ရတဲ့အတွက်၊ အိန္ဒိယကို ပထမဆုံး နှစ်ကြိမ်မြောက်လာရောက်လည်ပတ်ခွင့်ရတဲ့ အမေရိကန်သမ္မတ ဖြစ်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်´ ဟု အဆိုပါအခမ်းအနားတွင် အိုဘားမားက ပြောကြားခဲ့သည်။

    နှစ်စဉ်ပြုလုပ်သည့် ထိုအခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခံရခြင်းမှာ နိုင်ငံခြားခေါင်းဆောင်တစ်ဦးအား အိန္ဒိယနိုင်ငံမှ အမြင့်ဆုံးဂုဏ်ပေးခြင်းဖြစ်ပြီး အမေရိကန်နှင့် အိန္ဒိယတို့အကြား နီးကပ်လာမှုကို ပိုမိုထင်ရှားစေခြင်းလည်း ဖြစ်သည်။

    အဆိုပါအခမ်းအနားမှာ ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီး ၃ နှစ်အကြာ ၁၉၅၀ ပြည့်နှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအား အတည်ပြုခဲ့ပြီးနောက် အိန္ဒိယသမ္မတနိုင်ငံအဖြစ် ပေါ်ပေါက်လာခြင်း အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်သည်။

    Ref: aljazeera