News @ M-Media
Author: Ko Lay
  • အားကစားမှာ တွဲဘက်ညီတဲ့ ရော်ဒရီဂက်စ် ဇနီးမောင်နှံ
    အားကစားမှာ တွဲဘက်ညီတဲ့ ရော်ဒရီဂက်စ် ဇနီးမောင်နှံ
    ဇန်န၀ါရီ ၂၆၊ ၂၀၁၅
    M-Media
    rdg
    – ကမ္ဘာဖလားမှာ ကိုလံဘီယာအသင်းနဲ့အတူ ခြေစွမ်းပြပြီး ရီးယဲလ်ကိုရောက်လာတဲ့ တိုက်စစ်မှူး ရော်ဒရီဂက်စ်ကို ဘောလီဘောရုံတစ်ခုမှာ သမီးဖြစ်သူနဲ့အတူ တနင်္ဂနွေနေ့က တွေ့ခဲ့ရပါတယ်။
    သူသွားကြည့်ခဲ့တဲ့ပွဲဟာ ရီးယဲလ်မက်ဒရစ် အမျိုးသမီးဘောလီဘောအသင်း ယှဉ်ပြိုင်ကစားတဲ့ ပွဲဖြစ်ပြီး အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ သူ့ရဲ့ ဇနီးချော ဒန်နီယဲလာ အော့စပီနာကို သွားရောက်အားပေးတာပဲ ဖြစ်ပါတယ်။
    ကိုလံဘီယာ သဲသောင်ပြင် လက်ရွေးစင်ဘောလီဘောအသင်းရဲ့ ကစားသမားဟောင်းဖြစ်ခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် အော့စပီနာတစ်ယောက် အခုလက်ရှိမှာတော့ ရီးယဲလ်မက်ဒရစ် အမျိုးသမီးဘောလီဘောအသင်းမှာ ၀င်ရောက်ကစားနေပါတယ်။
    ခင်ပွန်းဖြစ်သူလိုပဲ အော့စပီနာဟာ ဘောလီဘောအသင်းမှာ နံပါတ် ၁၀ ဂျာစီကို ၀တ်ဆင်ခဲ့ပြီး အကောင်းဆုံးလက်စွမ်းတွေကို ပြသနိုင်ခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်တဲ့ ရော်ဒရီဂက်စ်ရဲ့ဇနီး အော့စပီနာရဲ့ အားကစားပါရမီနဲ့ပတ်သက်ပြီး အံ့သြစရာတော့ သိပ်မရှိပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ သူမရဲ့ အမဖြစ်သူဟာ
    အာဆင်နယ်အမျိုးသမီး ဘောလုံးအသင်းရဲ့ ဂိုးသမားအဖြစ် လက်စွမ်းပြနေသူ ဖြစ်တာကြောင့်ပါ။
    ရော်ဒရီဂက်စ်ရဲ့ ဘာနေဗျူးခရီးစဉ်ဟာလည်း ခက်ခဲမှုမရှိခဲ့ပါဘူး။ ပင်ကိုပါရမီရှိပြီး ကြိုးစားကစားတတ်တဲ့ ရော်ဒရီဂက်စ်တစ်ယောက် ရီးယဲလ်နဲ့အတူ ပွဲပေါင်း ၃၀ ကစားခဲ့ပြီး ၁၀ ဂိုး သွင်ထားပေးခဲ့ပါပြီ။
    လက်ဖျားငွေသီးတဲ့ ဘောလုံးသမားတွေရဲ့ ချစ်သူတွေဟာ များသောအားဖြင့် အဆိုတော်တွေ၊ မော်ဒယ်တွေပဲ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အားကစားဘက်မှာ ထူးချွန်ကြတဲ့ ရော်ဒရီဂက်စ်တို့ ဇနီးမောင်နှံနှစ်ဦးကတော့ တစ်မူထူးခြားပြီး အားကျစရာကောင်းတဲ့ စုံတွဲလို ဆိုချင်ပါတယ်။
    Ref: dailymail
  • ထိုင်းနှင့် မြန်မာကုမ္ပဏီနှစ်ခု ပူးပေါင်းကာ အဆင့်မြင့်ဆေးရုံ ၂ ခု တည်ဆောက်မည်
    ထိုင်းနှင့် မြန်မာကုမ္ပဏီနှစ်ခု ပူးပေါင်းကာ အဆင့်မြင့်ဆေးရုံ ၂ ခု တည်ဆောက်မည်
    ဇန်န၀ါရီ ၂၆၊ ၂၀၁၅
    M-Media
    th
    – မြန်မာနိုင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် အဆင့်မြင့်ဆေးရုံ ၂ ခု ဆောက်လုပ်ရေး ထိုင်းနိုင်ငံ၏ တတိယအကြီးဆုံး ဆေးရုံလုပ်ငန်းအုပ်စု Thonburi Hospital Group (THG) က လာမည့်သီတင်းပတ်တွင် ဂမုန်းပွင့် ကုမ္ပဏီလီမိတက်နှင့် နားလည်မှုစာချွန်လွှာတစ်ခုကို လက်မှတ်နေရေးထိုးတော့မည်ဟု သိရသည်။
    ထိုင်းနိုင်ငံနှင့် နိုင်ငံပြင်ပတွင် ဆေးရုံပေါင်း ၂၂ ခု(ကုတင်ပမာဏ ၃ ထောင်)ကို ဖြန့်ကျက်ကာ ကျန်းမာရေးဝန်ဆောင်မှု ပေးနေသော အဆိုပါကုမ္ပဏီမှာ မြန်မာနိုင်ငံတွင် ကန်ဒေါ်လာ သန်း ၅၀ စီ တန်ဖိုးရှိသည့် ဆေးရုံ ၂ ခုကို ဆောက်လုပ်ရန် စီစဉ်နေခြင်းဖြစ်သည်။
    THG ကုမ္ပဏီပိုင်ရှင် ဒေါက်တာ ဘွန် ဗာနာစင်ကမူ မိမိတို့မှာ အဆိုပါဆေးရုံများ၏ ၄၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ရန် မျှော်လင့်ထားပြီး ကျန်သည့် ၆၀ ရာခိုင်နှုန်းကမူ ဂမုန်းပွင့် ကုမ္ပဏီ လီမိတက်က ပိုင်ဆိုင်မည်ဟု ပြောကြားခဲ့သည်။ ဂမုန်းပွင့် ကုမ္ပဏီမှာ ၁၉၉၁ ခုနှစ်က တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ကားရောင်းဝယ်ရေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်းနှင့် ကျန်းမာရေးလုပ်ငန်းများကို လုပ်ကိုင်နေသာ ကုမ္ပဏီတစ်ခုလည်းဖြစ်သည်။
    အဆိုပါဆေးရုံ ၂ ခု ဆောက်လုပ်ခြင်းလုပ်ငန်းများကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာတွင် စတင်ခဲ့ခြင်းဖြစ်ပြီး ကုတင် ၄၀၀ စီ ဆန့်မည့် ထိုဆေးရုံများမှာ နှစ်အနည်းငယ်အတွင်း ဆောက်လုပ်ပြီးစီးနိုင်မည်ဖြစ်သည်။
    `ကိရိယာတန်ဆာပလာပြည့်စုံတဲ့ ဆေးရုံအတွက် THG ဟာ မြန်မာနိုင်ငံမှာ ပထမဆုံး ရင်းနှီးမြှုပ်နှံတဲ့ ထိုင်းကုမ္ပဏီဖြစ်ပါတယ်။ ဒီစီမံကိန်းတွေက မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်းကို တိုးတက်စေပါလိ့မ်မယ်။ ပြီးတော့ အဆင့်မြင့်
    ကုသမှုတွက် ထိုင်းနိုင်ငံကို သွားရောက်စရာ မလိုတာကြောင့် ပြည်သူတွေရဲ့ ကုန်ကျစားရိတ်လည်း သက်သာပါလိ့မ်မယ်´ ဟု ဒေါက်တာဘွန်က ပြောကြားခဲ့သည်။
    ထိုင်းနိုင်ငံသို့ လာရောက်ဆေးကုသူ နိုင်ငံခြားသားများတွင် မြန်မာနိုင်ငံက နံပါတ် ၁ နေရာတွင် ရှိနေပြီး ထို့နောက် ဥရောပနှင့် အာရပ်နိုင်ငံများက နောက်မှလိုက်နေသည်ဟု ၎င်းက ဆိုပြီး မန္တလေးတွင်လည်း ကုတင် ၂၀၀ ဆန့် အဆင့်မြင့်ဆေးရုံတစ်ခုကို ဆောက်လုပ်ရန် စီစဉ်ထားသည်ဟု ထပ်လောင်းပြောကြားခဲ့သည်။
    မြန်မာနိုင်ငံရှိ ဆေးရုံလုပ်ငန်းမှာ နှစ်စဉ် ၁၀ ရာခိုင်နှုန်းကျော် တိုးတက်လျက်ရှိနေပြီး စီးပွားရေး တိုးတက်လာမှုက ပြည်သူများအနေဖြင့် ကျန်းမာရေးဘက်တွင် ပိုမိုသုံးစွဲရန် ဖြစ်လာသောကြောင့် ယခုနှစ်တွင် ၁၅ ရာခိုင်နှုန်းတိုးတက်မည်ဟု ခန့်မှန်းထားကြောင်း ဒေါက်တာဘွန်က ထည့်သွင်းပြောကြားခဲ့သည်။
    အာဆီယံစီးပွားရေးအသိုင်းအ၀ိုင်းကို အပြည့်အ၀ အကောင်အထည်ဖော်ရန်ရှိနေသောကြောင့် THG မှာ အခြားသော အာဆီယံနိုင်ငံများတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အခွင့်အလမ်းများကို ရှာဖွေနေသည်။
    Ref: bangkokpost
  • အင်္ဂါဂြိုဟ်မှာ လူများရှိနေသလား
    အင်္ဂါဂြိုဟ်မှာ လူများရှိနေသလား
    ဇန်န၀ါရီ ၂၆၊ ၂၀၁၅
    M-Media
    mars 1
    – လူသားတွေရှင်သန်ဖို့အတွက် ဖြစ်နိုင်မလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ အင်္ဂါဂြိုဟ်ကို လေ့လာမှုတွေပြုလုပ်နေတာ နှစ်ပေါင်း တော်တော်ကြာပြီဖြစ်သလို သိပ္ပံပညာရှင်အချို့ကလည်း စကြ၀ဠာထဲမှာ မိမိတို့လူသားတွေချည်းပဲမဟုတ်ဘူးဆိုတဲ့ ယူဆချက်တွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ကြားကြရမှာပါ။
    အဲဒီယူဆချက်တွေဟာ အမှန်ပဲဖြစ်လာပြီလား? နာဆာက အင်္ဂါဂြိုဟ်နဲ့ပတ်သက်ပြီး ထုတ်ပြန်လိုက်တဲ့ ဓာတ်ပုံတစ်ပုံမှာ လူလို့ယူဆရတဲ့ ပုံရိပ်တစ်ခုက အင်္ဂါဂြိုဟ်ကို စူးစမ်းလေ့လာဖို့ လွှတ်ထားတဲ့ Mars Curiosity Rover ယာဉ်ငယ်ကို ပြုပြင်နေတာကို အရိပ်ထဲမှ တွေ့ခဲ့ရပါတယ်။
    အဲဒီပုံရိပ်ဟာ အမျိုးသားလို့ယူဆရပြီး အရိပ်ထဲမှာတွေ့ရသလောက်တော့ အာသယာဉ်မှူးတွေ ဆောင်းလေ့ရှိတဲ့ ဦးထုပ်ကို မဆောင်းထားပဲ ထောင်နေတဲ့ သူ့ဆံပင်ကို အတိုင်းသားမြင်နေရပါတယ်။ ဒါပေမယ့် အောက်ဆီဂျင်အိုးကိုတော့ ပိုးထားပြီး
    ခန္ဓာကိုယ်တစ်ခုလုံး လုံခြုံတဲ့ အ၀တ်အစားကို ၀တ်ထားတဲ့ ပုံစံမျိုးပါပဲ။
    ဒီပုံကို UFO တွေနဲ့ပတ်သက်ပြီး စောင့်ကြည့်လေ့လာဖော်ပြနေတဲ့ ၀ဘ်ဆိုက်တစ်ခုက ပြန်လည်ဖော်ပြခဲ့ပြီး အာကာသနိယာမ ပညာရှင်တွေကို အလုပ်ရှုပ်စေခဲ့ပါတယ်။ တစ်ချို့ကတော့ ဒါဟာ အင်္ဂါဂြိုဟ်မှာ သက်ရှိတည်ရှိနေတဲ့ သက်သေပဲလို့ ဆိုကြပါတယ်။
    မကြာသေးခင်ကပဲ အမေရိကန် ဟက်ကာတစ်ဦးဖြစ်သူ ဂယ်ရီ မက်ကင်နန်က သူဖောက်ထွင်းရရှိခဲ့တဲ့ အမေရိကန်ရဲ့ လျှို့ဝှက်ဖိုင်တွေမှာ အခြားကမ္ဘာသွားပြီး အလုပ်လုပ်နေတဲ့ အရာရှိတွေအကြောင်း ဖော်ပြထားတယ်လို့ဆိုပါတယ်။
    တစ်ချို့တွေကတော့ Mars Curiosity Rover ယာဉ်ငယ်ဟာ အင်္ဂါဂြိုဟ်ပေါ်မှာ ရှိနေတာမဟုတ်ဘဲ ကမ္ဘာကြီးပေါ်မှာပဲရှိနေပြီး လူတွေက ပြင်ဆင်ဆေးကြောနေတာလို့ ဆိုကြပါတယ်။ ဒါယူဆက်ချက်ကတော့ သိပ်ယုတ္တိမရှိပါဘူး။
    ဒီယာဉ်ဟာ အင်္ဂါဂြိုဟ်မှာ အသေးစားသက်ရှိရှင်သန်မှုကို အထောက်အပံ့ပြုနိုင်တဲ့ သဘာဝပတ်ဝန်းကျင် ရှိ၊ မရှိ၊ အင်္ဂါဂြိုဟ်ပေါ်မှာရှိတဲ့ ရာသီဥတုဟာ သဟဇာတ ဖြစ်၊ မဖြစ်နဲ့ သက်ရှိတွေ ရှိ၊ မရှိဆိုတာကို ကာလရှည် စူးစမ်းလေ့လာဖို့အတွက်
    လွှတ်တင်ထားတာဖြစ်ပြီး ၂၀၁၂ ခုနှစ် သြဂုတ်လမှာ အင်္ဂါဂြိုဟ်ကို ခြေချနိုင်ခဲ့တာဖြစ်ပါတယ်။
    လူသားရှိတယ်ဆိုတဲ့ ဒီပုံရိပ်အတွက် ဇီဝဗေဒနည်းလမ်းနဲ့ ဖြေရှင်းမပြနိုင်သေးပေမယ့် သိပ္ပံပညာရှင်တွေကတော့ ဒါဟာ အင်္ဂါဂြိုဟ်ပေါ်မှာ သက်ရှိ ရှိနိုင်တယ်ဆိုတဲ့ လက္ခဏာတစ်ခုလို့ ဆိုခဲ့ကြပါတယ်။
    Ref: dailymail
  • သူဖုန်းစားယောင်ဆောင်ကာ ပရိတ်သတ်တွေကို ဖျော်ဖြေခဲ့တဲ့ ရော်နယ်ဒို
    သူဖုန်းစားယောင်ဆောင်ကာ ပရိတ်သတ်တွေကို ဖျော်ဖြေခဲ့တဲ့ ရော်နယ်ဒို
    ဇန်န၀ါရီ ၂၆၊ ၂၀၁၅
    M-Media
    rnd (5)
    – ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု Ballon d’Or ကို ပူပူနွေးနွေးရရှိထားတဲ့ ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုတစ်ယောက် မက်ဒရစ်က ပရိတ်သတ်တွေကိုထူးခြားတဲ့ ပုံစံတစ်မျိုးနဲ့ ဖျော်ဖြေမှုပေးခဲ့ပါတယ်။
    ဒါကတော့ သူဖုန်းစားပုံပြောင်းပြီး ဘောလုံးစွမ်းရည်တွေကို ပြသခဲ့တာပဲ ဖြစ်ပါတယ်။ အနွေးထည်ပွပွကြီးဝတ်၊ နှုတ်ခမ်းမွှေးအတု၊ မုတ်ဆိတ်အတု၊ ဆံပင်အတုနဲ့ ရော်နယ်ဒိုဟာ မက်ဒရစ်မြို့ရဲ့ လူစည်ကားတဲ့ Plaza de Callao အရှေ့မှာ ဘောလုံး တစ်လုံးကိုယူပြီး စွမ်းရည်ပြခဲ့တာပါ။
    သာမန် သူဖုန်းစားပဲလို့ ထင်တဲ့အတွက် သူ့ကို ကလေးတစ်ချို့ကလွဲလို့ ဘယ်သူမှ သိပ်ဂရုမစိုက်ခဲ့ကြပါဘူး။ ဒါပေမယ့် နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်နဲ့ ဆံပင်တုတွေကို ချွတ်လိုက်တဲ့ နောက်ပိုင်းမှာတော့ အားလုံးက အံအားသင့်ခဲ့ကြပါတယ်။ အဲဒီချိန်ကျမှ ဘောလုံး မင်းသား ရော်နယ်ဒိုနားကို လူတွေဝိုင်းအုံလာပြီး ပရိတ်သတ်တွေ အတွက် ထူးခြားတဲ့ ဖျော်ဖြေမှု ပေးခဲ့တဲ့ သူ့ကို အပြုံးတစ်ပိုင်းနဲ့ နှုတ်ဆက်ခဲ့ကြပါတယ်။
    Ref: themirror
  • Charlie Hebdo အား ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ခု ဆစ်ဒနီတွင်ပြုလုပ်
    Charlie Hebdo အား ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ခု ဆစ်ဒနီတွင်ပြုလုပ်
    ဇန်န၀ါရီ ၂၅၊ ၂၀၁၅
    M-Media
    prp
    – ပြင်သစ်မဂ္ဂဇင်း Charlie Hebdo ၏ တမန်တော်မိုဟာမက်အား လှောင်ပြောင်သည့် ကာတွန်းကို ဆန့်ကျင်သော ဆန္ဒပြမှုတစ်ခုကို သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
    ဆစ်ဒနီမွတ်စလင်များက ဦးဆောင်ကာ သောကြာနေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အစ္စလာမ်ဘာသာဝင် မဟုတ်သူများ အပါအ၀င် လူပေါင်း ၈၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
    ထိုပွဲစီစဉ်သူကမူ မိမိတို့မှာ အစ္စလာမ်သာသနာအား အပျက်သဘောဆောင်သည့်အမြင်ဖြင့် မီဒီယာများက ဖော်ပြမှုများကို တန်ပြန်ဆန့်ကျင်ရန် ရည်ရွယ်၍ ငြိမ်းချမ်းစွာ၊ စည်းကမ်းရှိစွာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ဆစ်ဒနီရဲတပ်ဖွဲ့ကမူ အဆိုပါဆန္ဒပြပွဲမှာ ငြိမ်းချမ်းစွာ ပြီးသွားခဲ့သော်လည်း လေးဦးကို ဖမ်းထားပြီး ငြိမ်းချမ်းမှုကို ချိုးဖောက်သည့်အတွက် ၁၀ ဦးကို ဆန္ဒပြပွဲမှ ဖယ်ရှားခဲ့သည်ဟု ပြောကြားခဲ့သည်။
    Ref: muslimvillage