News @ M-Media
Author: Ko Lay
  • ပဲရစ်တိုက်ခိုက်မှုအတွင်း သေဆုံးသွားသူများအတွက် ချီတက်လမ်းလျှောက်မှု လူသန်းချီပါဝင်
    ပဲရစ်တိုက်ခိုက်မှုအတွင်း သေဆုံးသွားသူများအတွက် ချီတက်လမ်းလျှောက်မှု လူသန်းချီပါဝင်
    ဇန်န၀ါရီ ၁၂၊ ၂၀၁၅
    M-Media
    prs
    – ပြီးခဲ့သည့် သီတင်းပတ်က ပဲရစ်မြို့အတွင်း ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုနှစ်ခုတွင် သေဆုံးသွားခဲ့ရသူများနှင့် တစ်သားတည်းရှိမှုကို ပြသသည့် ချီတက်မှုများအတွင်း ကမ္ဘာ့ခေါင်းဆောင်များ အပါအ၀င် လူပေါင်းသန်းချီ ပါဝင်ခဲ့ကြသည်ဟု သိရသည်။
    ယမန်နေ့က ပြုလုပ်ခဲ့သည့် အဆိုပါ ချီတက်မှုတွင် ပဲရစ်မြို့တစ်ခုတည်း၌ပင် လူပေါင်း ၁.၆ သန်း ပါဝင်ခဲ့ကြသည်။ Charlie Hebdo သတင်းစာတိုက် တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သော ၀န်ထမ်းများ၏ မိသားစုများပါ ပါဝင်သည့် အဆိုပါ လူအုပ်ကြီးမှာ ပဲရစ်မြို့ရှိ သမိုင်းဝင် Place de la Republique နေရာ တွင် စုရပ်လုပ်ကာ ၃ ကီလိုမီတာဝေးသော မြို့အရှေ့ပိုင်းရှိ Republique to Place de la Nation နေရာသို့ ချီတက်ခဲ့ကြသည်။
    အဆိုပါ ချီတက်ပွဲတွင် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ ဂျာမနီအဓိပတိ အိန်ဂျလာမာကဲလ်၊ စပိန်ဝန်ကြီးချုပ် မာရီယာနိုတို့ အပါအ၀င် ကမ္ဘာ့ခေါင်းဆောင် များလည်း တက်ရောက်ခဲ့ကြပြီး၊ ပါလက်စတိုင်းသမ္မတ မဟ်မူဒ်းအဘတ်စ်၊ ဂျော်ဒန်ဘုရင် အဘ်ဒူလာ ၂ နှင့် မိဖုရားတို့ အပါအ၀င် မွတ်စလင်နိုင်ငံများမှ ခေါင်းဆောင် တစ်ဒါဇင်ကျော် ပါဝင်ခဲ့ကြသည်။
    ထိုကဲ့သို့ ချီတက်ပွဲများကို ပြင်သစ်နိုင်ငံတစ်ဝှမ်းတွင် ပြုလုပ်ခဲ့ကြပြီး စုစုပေါင်း ပါဝင်သူဦးရေ ၃.၇ သန်းခန့်ရှိကာ ပြင်သစ်မွတ်စလင်များ ကလည်း အင်တိုက် အားတိုက် ပါဝင်ခဲ့ကြသည်။
    ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သော သတင်းစာတိုက် တိုက်ခိုက်မှုတွင် မွတ်စလင်ရဲအရာရှိပါအ၀င် ရဲတပ်ဖွဲ့ဝင် ၂ ဦး၊ သတင်းစာ တိုက်မှ ၀န်ထမ်း ၁၀ ဦး စုစုပေါင်း ၁၂ ဦးသေဆုံးခဲ့ပြီး၊ ၂ ရက်အကြာ ပဲရစ်မြို့ ဆူပါမားကတ်တစ်ခုတွင် ဖြစ်ပွားခဲ့သော အပိုင်စီးမှု တစ်ခုတွင်လည်း လူ ၅ ဦးသေဆုံးခဲ့သည်။
    ပြီးခဲ့သည့်နှစ် ဇူလိုင်လက ဂျာနယ်လစ် ၁၇ ဦးအပါအ၀င် ပါလက်စတိုင်းပြည်သူ ၂၂၀၀ ကျော် သေဆုံးခဲ့သော အစ္စရေး၏ ကျူးကျော်စစ်အတွင်း ဝေဖန်ခံနေရသည့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုလည်း ပဲရစ်တွင်ပြုလုပ်ခဲ့သည့် ချီတက်မှုတွင် ပါဝင်ခဲ့သည်။
    Ref : aljazeera
  • ကွာလာလမ်ပူတွင် တရားမ၀င် နေထိုင်နေသူ နိုင်ငံခြားသားများ စစ်ဆေးဖမ်းဆီး၊ မြန်မာနိုင်ငံသား ၆၀ အဖမ်းခံရ
    ကွာလာလမ်ပူတွင် တရားမ၀င် နေထိုင်နေသူ နိုင်ငံခြားသားများ စစ်ဆေးဖမ်းဆီး၊ မြန်မာနိုင်ငံသား ၆၀ အဖမ်းခံရ
    ဇန်န၀ါရီ ၁၂၊ ၂၀၁၅
    M-Media
    malay
    – ယမန်နေ့က မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူတွင် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးအတွင်း နေထိုင်ခွင့်ထောက်အထားများ မပြနိုင်သော နိုင်ငံခြားသား ၂၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့သည်ဟု မလေးရှား အာဏာပိုင်များက ပြောကြားလိုက်သည်။
    ရဲတပ်ဖွဲ့၊ မြူနီစီပယ်နှင့် လူဝင်မှုကြီးကြမ်းရေးဌာနတို့မှ ပူးပေါင်းပြုလုပ်ခဲ့သည့် အဆိုပါ စစ်ဆင်ရေးအတွင်း နိုင်ငံခြားသား ၁၁၉၈ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ထိုအထဲမှ ၂၁၅ ဦးမှာ လူဝင်မှုကြီးကြပ်ရေး ဥပဒေအား ချိုးဖောက်ကြောင်း တွေ့ရှိခဲ့ရကာ ကျန်လူများကို နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။
    ကွာလာလမ်ပူမြို့တစ်ဝှမ်း နိုင်ငံခြားသားများ တရားမ၀င် ၀င်ရောက်နေထိုင်မှု များပြားလာခြင်းနှင့် ပတ်သက်၍ ပြည်သူများက တိုင်ကြာမှုများ ပြုလုပ်သောကြောင့် ထိုကဲ့သို့ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး ဇိုင်နဲလ် ဆမ်မာဟ်က ပြောကြားခဲ့သည်။
    `ပတ်ဝန်းကျင်မှာ နိုင်ငံခြားသားတွေ များလာတာကြောင့် ဒေသခံတွေက သူတို့ရဲ့ လုံခြုံရေးကို စိုးရိမ်တယ်လို့ ပြောကြပါတယ်။ ဒါ့ကြောင့် ဒီလို ပူးပေါင်းစစ်ဆင်ရေးဟာ ဒီဧရိယာအတွင်း လုံခြုံရေးနဲ့ပတ်သက်ပြီး ဒေသခံတွေရဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားခြင်းဖြစ်ပါတယ်´ ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    ဖမ်းဆီးစစ်ဆေးမှုများကို ကိုတာရာယာ၊ မိုင်ဒင်း၊ ဆန်ထရဲလ်မားကတ်တို့အပါအ၀င် ကွာလာလမ်ပူ မြို့လယ်ကောင်ရှိ အထင်ကရ နေရာ ၁၀ ခုတွင် ယမန်နေ့နံနက် ၁၁ နာရီမှ ညနေ ၃ နာရီအထိ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
    တရားဝင်အထောက်အထားများ မပြနိုင်သူ ၂၁၅ ဦးတွင် နီပေါမှ ၁၂၀ ဦး၊ မြန်မာမှ ၆၀ ဦးနှင့် ကျန်သူများမှာ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်နှင့် အိန္ဒိယတို့မှ ဖြစ်သည်ဟု ဇိုင်နဲလ်က ပြောကြားခဲ့သည်။
    Ref: thestar
  • မန်စီးတီးကို ၂ မှတ်ဖြတ်နိုင်ခဲ့တဲ့ ချယ်ဆီး၊ အာဆင်နယ်၊ လီဗာပူးလ်တို့ အနိုင်ရခဲ့ပြီး၊ မန်ယူ လက်စားချေခံလိုက်ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၁
    မန်စီးတီးကို ၂ မှတ်ဖြတ်နိုင်ခဲ့တဲ့ ချယ်ဆီး၊ အာဆင်နယ်၊ လီဗာပူးလ်တို့ အနိုင်ရခဲ့ပြီး၊ မန်ယူ လက်စားချေခံလိုက်ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၁
    မန်စီးတီးကို ၂ မှတ်ဖြတ်နိုင်ခဲ့တဲ့ ချယ်ဆီး၊ အာဆင်နယ်၊ လီဗာပူးလ်တို့ အနိုင်ရခဲ့ပြီး၊ မန်ယူ လက်စားချေခံလိုက်ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၁
    =======================
    ဇန်န၀ါရီ ၁၂၊ ၂၀၁၅
    M-Media
    pl 4
    – ဒီတစ်ပတ် စနေ၊ တနင်္ဂနွေမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာတော့ ထိပ်ဆုံးကချယ်ဆီး အနိုင်ရခဲ့ပြီး အမှီလိုက်နေတဲ့ မန်စီးတီးကတော့ သရေကျခဲ့ပါတယ်။ ရော်ဂျာရဲ့လီဗာပူးလ် အနိုင် ၃ မှတ်သေချာခဲ့ပြီး အာဆင်နယ်ကလည်း အိမ်ကွင်းမှာ အနိုင်ရခဲ့ပါတယ်။ မန်ယူကတော့ အိမ်ကွင်းမှာပဲ အရေးနိမ့်ခဲ့ပါတယ်။
    ပြီးခဲ့တဲ့ ၂ ပွဲဆက်တိုက် နိုင်ပွဲမရခဲ့တဲ့ ချယ်ဆီးတို့ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ အမှားအယွင်း မရှိခဲ့ပါဘူး။ အိမ်ကွင်းမှာ အနိုင်ကစားခဲ့တဲ့ နယူးကာဆယ်တို့ ဒီပွဲမှာလည်း ချယ်ဆီးကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့ပေမယ့် ချယ်ဆီးက အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ အနိုင်ဂိုးတွေကို ၄၃ မိနစ်မှာ အော်စကာနဲ့၊ ၅၉ မိနစ်မှာ ဒီယေဂိုကော်စတာတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒီအပွဲအနိုင်ကြောင့် ချယ်ဆီးတို့ မန်စီးတီးကို ၂ မှတ်ဖြတ်နိုင်ခဲ့ပါတယ်။
    စနေနေ့က အစောဆုံးကစားခဲ့တဲ့ပွဲမှာ ဝေဖန်ခံနေရတဲ့ လီဗာပူးလ် ဆန်းဒါးလန်းကို အနိုင်ကစားနိုင်ခဲ့ပါတယ်။ လီဗာပူးလ်တို့ ကစားပုံလည်းကောင်းခဲ့ပြီး ပထမပိုင်း ၈ မိနစ်မှာပဲ မာကိုဗစ်က တစ်လုံတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။ နောက်ပိုင်းမှာ ဂိုးသွင်းခွင့်အချို့ ရခဲ့ပါပေမယ့် လီဗာပူးလ်တို့ အသုံးမချနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းအစောပိုင်းမှာ ဆန်းဒါးလန်းက လီယမ် ဘရစ်ကတ် အထုတ်ခံလိုက်ရတာက လီဗာပူးလ်အတွက် ပိုပြီးအသာရစေခဲ့ပြီး အနိုင်ကို ထိန်းကစားသွားနိုင်ခဲ့ပါတယ်။
    ချယ်ဆီးကို အမှီလိုက်နေတဲ့ မန်စီးတီးတို့ ဒီပွဲ အဲဗာတန်ကို သရေကျခဲ့တာကတော့ စိတ်ပျက်စရာပါ။ ဒါပေမယ့် လက်ရှိချန်ပီယံ မန်စီးတို့အတွက် အကောင်းဆုံးရလဒ်ဖြစ်ခဲ့ပြီး အဲဗာတန်တိုက်စစ်မှူး လူကာကူရဲ့ အပိုင်ဂိုးသွင်းခွင့် ၂ ကြိမ်ကို ဂိုးသမား ဂျိုးဟတ် အကောင်းဆုံး ကာကွယ်နိုင်ခဲ့တာကြောင့်သာ အရှုံးမပေးခဲ့ရတာ ဖြစ်ပါတယ်။ ၇၄ မိနစ်မှာ ဖာနန်ဒင်ဟိုက မန်စီးတီးအတွက် အဖွင့်ဂိုး သွင်းပေးနိုင်ခဲ့ပေမယ့် အိမ်ကွင်းပရိတ်သတ်အားနဲ့ ဖိအားပေးနိုင်ခဲ့တဲ့ အဲဗာတန်ရဲ့ နိုင်စမစ်က ၄ မိနစ်အကြာမှာပဲ ချေပဂိုး သွင်းပေးနိုင်ခဲ့ပါတယ်။
    ဗန်ဂါးလ်ရဲ့ မန်ယူကတော့ အိမ်ကွင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် အနိုင် ၃ မှတ်တော့ ရယူနိုင်ခြင်း မရှိခဲ့ပါဘူး။ ပထမပိုင်းမှာ ဗန်ပါစီ၊ ဒီမာရီယာတို့ရဲ့ အပိုင်ကန်သွင်းချက်တွေ ဂိုးမရခဲ့တာကတော့ စိတ်ပျက်စရာပါပဲ။ ဒုတိယပိုင်းမှာ ဆောက်သက်တမ်တို့က ပိုကောင်းခဲ့ပြီး ၆၉ မိနစ်မှာ ဒူဆန် တာဒစ်က တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းပေးခဲ့ပါတယ်။ ဆောက်သက်တမ်ရဲ့ ဒီပွဲအနိုင်ဟာ ပထမအကျော့ အိမ်ကွင်း ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
    အာဆင်နယ်ကတော့ ဂိုးသွင်းစက် ဆန်းချက်ဇ်ရဲ့ သွင်းဂိုး ၂ ဂိုး၊ ကွန်စီယဲလ်နီရဲ့ သွင်းဂိုး ၁ ဂိုးနဲ့ စတုတ်စီးတီးကို ဂိုးပြတ်ခြေပြတ် အနိုင်ရခဲ့ပါတယ်။
    နယူးကာဆယ်နည်းပြဟောင်း ပါဂျူးက အသင်းသစ် ခရစ္စတယ်ပဲလေ့စ်နဲ့ ပထမဆုံး ပရီးမီးယားလိဂ်ပွဲမှာ စပါးအသင်းကို အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဇယားအောက်ခြေက ဟားလ်စီးတီး ရှုံးနိမ့်ခဲ့ပြီး ဘန်လေနဲ့ လက်စတာတို့က အနိုင်ရပါတယ်။
    ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ ရလဒ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
    ဆန်းဒါးလန်း ၀-၁ လီဗာပူးလ်
    ဘန်လေ ၂-၁ ကျူပီအာရ်
    ချယ်ဆီး ၂-၀ နယူးကာဆယ်
    အဲဗာတန် ၁-၁ မန်စီးတီး
    လက်စတာ ၁-၀ အက်စတွန်ဗီလာ
    ဆွမ်ဆီး ၁-၁ ၀က်စ်ဟမ်း
    ခရစ္စတယ်ပဲလေ့စ် ၂-၁ စပါး
    အာဆင်နယ် ၂-၀ စတုတ်စီးတီး
    မန်ယူ ၀-၁ ဆောက်သက်တမ်
  • တမန်တော်မုဟမ္မဒ်သခင် ဖွားမြင်ခြင်းအထိမ်းအမှတ်အဖြစ် ဒက်ထရွိုက်မြို့မှ မွတ်စလင်များ  ချို့တဲ့သူများကို ကူညီ
    တမန်တော်မုဟမ္မဒ်သခင် ဖွားမြင်ခြင်းအထိမ်းအမှတ်အဖြစ် ဒက်ထရွိုက်မြို့မှ မွတ်စလင်များ ချို့တဲ့သူများကို ကူညီ
    ဇန်န၀ါရီ ၁၁၊ ၂၀၁၅
    M-Media
    dt
    – တမန်တော်မုဟမ္မသခင်(ငြိမ်းချမ်းသာယာမူ သက်ရောက်ပါစေ) ဖွားမြင်ခြင်း အထိမ်းအမှတ်အဖြစ် တရားဒေသနာတော်များ
    ဟောကြားခြင်း အခမ်းအနားနှင့် ချို့တဲ့သူများအား ကူညီဖေးမမှုများကို အမေရိကန်ပြည်ထောင်စု ဒက်ထရွိုက်မြို့ရှိ မွတ်စလင်များက ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
    `အလှူဒါနပြုတာနဲ့ ပတ်ဝန်းကျင်ကို ကူညီပေးတာဟာ တမန်တော်မြတ်ကြီးပြုလုပ်တဲ့ လုပ်ငန်းစဉ်ရဲ့ အခြေခံအုတ်မြစ်ပါပဲ။ ပြီးတော့ ကျွန်တော်တို့သာသနာရဲ့ အဓိကသွန်သင်ချက်ကလည်း ပတ်ဝန်းကျင်ကလူတွေကို ကူညီဖို့ပါပဲ။ လိုအပ်နေတဲ့သူတွေကို
    ကူညီဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်´ ဟု အမေရိက အစ္စလာမ့်စင်တာမှ အက်စင်မ် အလီက ပြောကြားခဲ့သည်။
    ဒက်ထရွိုက်မြို့ရှိ ဗလီဝတ်ကျောင်းတော်၌ ဇန်န၀ါရီ ၁၀ ရက်နေ့က `တမန်တော်ထံမှ လက်ဆောင်များ´ ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အဆိုပါအခမ်းအနားတွင် ချို့တဲ့သော ကလေးသူငယ်များအတွက် အ၀တ်အစားများ၊ ကစားစရာများ၊ ဖိနပ်များ စသည်တို့
    ဝေငှခြင်းလည်း ပါဝင်သည်။
    အဆိုပါအခမ်းအနားကို နှစ်စဉ် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ယခုနှစ်တွင် အစ္စလာမ်ဘာသာဝင်ပေါင်း ၁၀၀၀ ကျော် ပါဝင်ခဲ့ကြကာ တမန်တော်မုဟမ္မဒ်သခင်နှင့်ပတ်သက်၍ တရားဒေသနာတော်များ ဟောကြားခြင်း စုပေါင်း၍ ဆုမွန်ကောင်းတောင်းခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြသည်။
    ထိုအခမ်းအနာမှာ တစ်လကျော်အတွင်း ဒုတိယအကြိမ်မြောက်ပြုလုပ်သည့် အခမ်းအနားဖြစ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလကလည်း ဒက်ထရွိုက်မြို့မှ မွတ်စလင်များမှာ ခရစ်ယာန်ဘုရားကျောင်းနှင့်အတူ ပူးပေါင်း၍ ဒဲရ်ဘွန်းမြို့ရှိ ချို့တဲ့သူ ကလေးငယ်များအား
    ဖိနပ်အရံပေါင်း ၁၅၀၀ ကို ဝေငှပေးခဲ့သည်။
    ပြီးခဲ့သည့်ရက် အနည်းငယ်ကလည်း မီချီဂန်မွတ်စလင်ကောင်စီ MMCC နှင့် အမေရိကန်ရှိ အကြီးဆုံး မွတ်စလင်အကူအညီပေးရေး အဖွဲ့ အမေရိကန် အစ္စလာမ့်ကူညီကယ်ဆယ်ရေးအဖွဲ့ IR တို့ပူးပေါင်းကာ ရေဖိုးအခွန်ငွေမပေးချေနိုင်သော ဒက်ထရွိုက်ပြည်သူများအတွက် ကန်ဒေါ်လာ ၁ သိန်း လှူဒါန်းခဲ့သည်။
    မုဟမ္မဒ်သခင်မှာ အေဒီ ၅၇၁ ခုနှစ်တွင် ယခု ဆော်ဒီအာရေဗျနိုင်ငံ မက္ကာဟ်မြို့တွင် မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့သည်။ မုဟမ္မဒ်သခင် မမွေးဖွားမိကပင် ဖခင်မှာ ကွယ်လွန်သွားခဲ့ပြီး၊ အသက် ၆ နှစ်အရွယ်တွင် မိခင်ဖြစ်သူမှာလည်း ကွယ်လွန်သွားခဲ့သည်။
    မုဟမ္မဒ်သခင်မှာ ငယ်ရွယ်စဉ်ဘ၀ကပင် တစ်မူထူးခြားသည့် အရည်အချင်းများရှိခဲ့ပြီး ကတိ၊ သစ္စာ၊ သမာဓိဖြင့် ပြည့်စုံသော ၎င်းအား ပြည်သူများက အမည်အရင်းပင် ခေါ်ဝေါ်ခြင်းမပြုကြပဲ အလ်-အမီန်း (သစ္စာရှင်) ဟုသာ ခေါ်ဝေါ်ခဲ့ကြသည်။
    သက်တော် ၄၀ အရွယ်တွင် မုဟမ္မဒ်သခင်မှာ တမန်တော်အဖြစ် ရွေးချယ်ချီးမြှောက်ခြင်း ခံခဲ့ရပြီး အစ္စလာမ်သာသနာကို စတင်ဟောကြားခဲ့သည်။ ထို့နောက် အစ္စလာမ်သာသနာကို လက်ခံသူများမှာ တစ်စထက်တစ်စ များပြားလာခြင်းကြောင့် မုဟမ္မဒ်သခင်ကို မက္ကာဟ်ရှိ အာဏာပိုင်တို့က ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး အသက်အန္တရာယ်ကိုပင် ရန်ရှာခဲ့သည်။
    ထို့ကြောင့် မဒီနာမြို့သို့ ပြောင်းရွှေ့သာသနာပြုခဲ့ပြီး မက္ကာဟ်မြို့ထက် အောင်မြင်မှုများလည်း ပိုမိုရရှိခဲ့သည်။ အစ္စလာမ်သာသနာ ဟောကြားခြင်းလုပ်ငန်းများကို ၂၃ နှစ်အထိ ဆောင်ရွက်ခဲ့ပြီး သာသာနာပြည့်စုံခြင်းသို့ ရောက်သည့်အချိန် သက် ၆၃ နှစ်တွင် မုဟမ္မဒ်သခင်မှာ အလ္လာဟ်အရှင်မြတ်အမိန့်တော် ခံယူခဲ့သည်။
    မုဟမ္မဒ်သခင်၏ ရုပ်ကလပ်တော်ကို ယနေ့ မဒီနာရှိ ကိုယ်တော်မြတ်၏ ဗလီဝတ်ကျောင်းတော်အတွင်း မြှုပ်နှံထားသည်။
    Ref: onislam
  • ဟစ်တလာသေဆုံးခဲ့သော ဘန်ကာ၏ ပုံတူလုပ်၍ ဂျာမနီ ပြတိုက်တွင် ပြသမည်
    ဇန်န၀ါရီ ၁၁၊ ၂၀၁၅
    M-Media
    Berlin, Garten der zerstörte Reichskanzlei
    မဖျက်ဆီးခင် ၁၉၄၇ ခုနှစ် ဇူလိုင်လက တွေ့ရသော ဟစ်တလာ၏ ဘန်ကာ
    – မိမိကိုယ်ကိုသတ်သေခြင်းမပြုမီ နောက်ဆုံးနေ့ရက်များအတွင်း ဟစ်တလာနေထိုင်ခဲ့သော ဘာလင်မြို့ရှိ ဘန်ကာအား ပုံတူထုလုပ်ကာ ဂျာမနီရှိ ပြတိုက်တွင် ပြသသွားမည်ဟု သိရသည်။
    Fuhrerbunker ဟု အမည်ရသည့် အဆိုပါဘန်ကာကို ဟစ်တလာလက်ထက် ဘာလင်ရှိ ၀န်ကြီးချုပ်ရုံး အနီးတွင် ထုထည်ကြီးမားစွာ ဆောက်လုပ်ထားခြင်းဖြစ်ပြီး ဒုတိယ ကမ္ဘာစစ်နောက်ဆုံးလများအတွင်း မဟာမိတ်တို့၏ ထိုးစစ်ဆင်မှုကို အပြင်းအထန် ခံစားခဲ့ရသည့် နာဇီစစ်တပ်အား ထို ဘန်ကာထဲမှနေ၍ ဟစ်တလာက ကွပ်ကဲခဲ့ခြင်း ဖြစ်သည်။
    အဆိုပါ ဘန်ကာ၏ ပုံတူကို ဘန်ကာအစစ်တည်ရှိရာနေရာနှင့် ကီလိုမီတာ ၄၈၀ ဝေးသော အိုဘာဟူဆန်ဒေသရှိ Top Secret ပြတိုက်တွင် လုပ်သွားမည်ဖြစ်ပြီး လာမည့်နှစ်နွေရာသီတွင် ပြသနိုင်ရန် စီစဉ်ထားသည်။
    `ကျွန်တော်တို့ အစီစဉ်တွေဆွဲနေပြီး ဗိသုကာ ပညာရှင်တွေကလည်း ပါဝင်လုပ်ဆောင်နေပါတယ်´ ဟု ပြတိုက်အကြီးအကဲ အင်ဂို မာစ်မန်က ပြောကြားခဲ့သည်။
    သို့သော်လည်း ဝေဖန်မှုများမခံရစေရန်နှင့် နာဇီလက်သစ်များ၏ အထွဋ်အမြတ်ထားရာနေရာ မဖြစ်လာစေရန်အတွက် ဒီဇိုင်းကို သေချာစွာဆောင်ရွက်နေပြီး ဘန်ကာရှိ ဟစ်တလာဓာတ်ပုံ ထားရှိရာနေရာတွင် အမည်းရောင်ဘောင်အလွတ်တစ်ခုကို  ထားရှိသွားမည်ဖြစ်သည်။
    ထို့ပြင် အဆိုပါဘန်ကာကို အစစ်နှင့်တူအောင် တည်ဆောက်ရန်အတွက် မြေပုံများ၊ သမိုင်းဝင်ဓာတ်ပုံများ၊ ဟစ်တလာ၏ နောက်ဆုံးနေ့ရက်များကို ရိုက်ကူးထားပြီး ၂၀၀၄ ခုနှစ်က ထွက်ခဲ့သော The Downfall ရုပ်ရှင် ဇာတ်လမ်းကို အသုံးပြုသွားမည်ဖြစ်သည်။
    ဟစ်တလာမှာ ၁၉၄၅ ခုနှစ် ဧပြီလအတွင်း ဆိုဗီယက်တပ်များ ဘာလင်မြို့သို့ ၀င်ရောက်လာသည့်အချိန်တွင် ဇနီးဖြစ်သူနှင့်အတူ မိမိကိုယ်ကိုယ် အဆုံး စီရင်သွားခဲ့သည်။ ၎င်းတို့ ၂ ဦး၏ အလောင်းများကို ဆိုဗီယက်စစ်သားများက ဓာတ်ဆီလောင်းကာ မီးရှို့ခဲ့ကြပြီး ပြာများကို အနီးရှိ ဗုံးကျင်းထဲသို့ လောင်းချခဲ့သည်။
    Ref : alarabiya