News @ M-Media
Author: Ko Lay
  • iPhone များအား ခန္ဓာကိုယ်တွင် တိပ်ဖြင့်ပတ်၍ သယ်ဆောင်သူတစ်ဦး တရုတ်တွင် ဖမ်းမိ
    iPhone များအား ခန္ဓာကိုယ်တွင် တိပ်ဖြင့်ပတ်၍ သယ်ဆောင်သူတစ်ဦး တရုတ်တွင် ဖမ်းမိ
    ဇန်န၀ါရီ ၁၄၊ ၂၀၁၅
    M-Media
    iph
    – iPhone ၉၄ လုံးအား ခန္ဓာကိုယ်တွင် တိပ်ဖြင့်ပတ်၍ တရားမ၀င် သယ်ဆောင်လာသူ ဟောင်ကောင်နိုင်ငံသားတစ်ဦးကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု သိရသည်။
    သယ်ဆောင်လာသည့် ဖုန်းအမျိုးအစားများမှာ iPhone 6 နှင့် iPhone 6 plus များ ဖြစ်ကြပြီး ပလက်စတစ်အကြည်စားဖြင့် ထုပ်ကာ ခြေထောက်အပါအ၀င် ခန္ဓာကိုယ်တစ်ခုလုံးတွင် တိပ်များဖြင့် ပတ်၍ ဟောင်ကောင်မှ တရုတ်ပြည်မကြီး သို့ ၀င်ရောက်ရန် ကြိုစားစဉ်နိုင်ငံတောင်ပိုင်း ရှန်ဇန်းမြို့၌ တနင်္ဂနွေနေ့က ဖမ်းမိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဟောင်ကောင်နိုင်ငံသားအား ထူးဆန်းစွာ လမ်းလျှောက်နေသည်ကို တွေ့ရှိခဲ့ပြီးနောက် ရှာဖွေရေးကိရိယာဖြင့် စစ်ဆေးခဲ့ရမှ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
    `သတ္တုစစ်ဆေးရေးစက်ကို ဒီလူ ဖြတ်တဲ့အခါမှာ ကျယ်လောင်ပြတ်သားတဲ့အသံ သတိပေးသံ ထွက်ပေါ်လာတာပါပဲ´ ဟု ရဲအရာရှိတစ်ဦး၏ ပြောကြားမှုကို ကိုးကား၍ တရုတ်သတင်းစာ People’s Daily က ဖော်ပြခဲ့သည်။
    ဖမ်းဆီးရမိသူအား မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ကို သိရှိခြင်း မရှိသော်လည်း ဟောင်ကောင်ဥပဒေအရ တရားမ၀င် ကုန်ကူးခြင်းအတွက် အမြင့်ဆုံးပြစ်ဒဏ်မှာ ၇ နှစ်ဖြစ်ပြီး အမြင့်ဆုံး ကန်ဒေါ်လာ ၂ သန်းခန့် ဒဏ်ငွေရိုက်နိုင်သည်။
    iPhone များကို တရုတ်နိုင်ငံတွင်သာ ထုတ်လုပ်ခြင်း ဖြစ်သော်လည်း တရုတ်ပြည်မကြီးတွင် အလွန်ဈေးကြီးလျက်ရှိသည်။ ဟောင်ကောင်ကိုမူ တရုတ်ကပင် ထိန်းချုပ်ထားခြင်း ဖြစ်သော်လည်း `တစ်နိုင်ငံ စနစ် ၂ ခု´ ပေါ်လစီအရ ကုန်သွယ်ရေးမူဝါဒမှာ သီးသန့်ဖြစ်သောကြောင့် iPhone ဈေးနှုန်းမှာ ဟောင်ကောင်တွင် အလွန်ကြီးမြင့်ခြင်းမရှိချေ။
    iPhone များကို ခန္ဓာကိုယ်တွင် တိပ်များဖြင့်ပတ်၍ ယူဆောင်လာခဲ့သည့် အဆိုပါ ဟောင်ကောင်နိုင်ငံသားအား တရုတ်မီဒီယာများက Apple Man ဟု အရွှန်းဖောက်ဖော်ပြခဲ့ကြသည်။
    Ref: time.com
  • ဂျာမနီရှိ မွတ်စလင် မုန်းတီးရေး လှုပ်ရှားမှုများကို ဆန့်ကျင်သည့် ချီတက်ပွဲတွင် ၀န်ကြီးချုပ် မာကဲလ် ပါဝင်မည်
    ဂျာမနီရှိ မွတ်စလင် မုန်းတီးရေး လှုပ်ရှားမှုများကို ဆန့်ကျင်သည့် ချီတက်ပွဲတွင် ၀န်ကြီးချုပ် မာကဲလ် ပါဝင်မည်
    ဇန်န၀ါရီ ၁၃၊ ၂၀၁၅
    M-Media
    nazi
    PEGIDA ကို ဆန့်ကျင်သော ဆန္ဒပြပွဲတွင် `ငါတို့ နာဇီမဟုတ်´ ဟူသော စာတမ်းကို ကိုင်ဆောင်ထားသည့် ဂျာမန်ပြည်သူများ
    – လူ့အဖွဲ့အစည်း အတွင်း သည်းခံမှုများ ရှိလာရန်၊ ပဲရစ်တိုက်ခိုက်မှုအား ရှုတ်ချရန်နှင့် ဂျာမနီတွင် မြင့်တက်လာသော မွတ်စလင် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ဆန့်ကျင်ရန် ရည်ရွယ်၍ ဂျာမနီရှိ မွတ်စလင် လူ့အဖွဲ့အစည်းမှ ပြုလုပ်သော ချီတက်လမ်းလျှောက်ပွဲတွင် ၀န်ကြီးချုပ် အိန်ဂျလာမာကဲလ်က ပါဝင်မည်ဟုသိရသည်။
    ဂျာမနီမွတ်စလင်ဗဟိုကောင်စီမှ စီစဉ်သော အဆိုပါ ချီတက်လမ်းလျှောက်မှုကို ဇန်န၀ါရီ ၁၃ ရက်နေ့ ညနေပိုင်းတွင် ပြုလုပ် သွားမည်ဖြစ်ပြီး ဘာလင်ရှိ အထင်ကရ နေရာ တစ်ခုဖြစ်သော Brandenburg Gate မှ စတင်ချီတက်မည်ဖြစ်သည်။ “Let’s be there for each other. Terror: not in our name!” (ငါတို့အားလုံး အတူရှိကြစို့။ အကြမ်းဖက်ခြင်းကို တို့လက်မခံ) ခေါင်းစဉ်ဖြင့် ပြုလုပ်မည့် ထိုချီတက်ပွဲတွင် ဂျာမနီသမ္မတ ဂျိုအာချင်း ဂေါက်က မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
    PEGIDA မှာ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း နိုင်ငံအရှေ့ပိုင်း ဒရက်စ်ဒန် မြို့၌ အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြမှုများကို ပြုလုပ်ခဲ့သည်။ သို့သော်လည်း ဂျာမန်ပြည်သူများက နိုင်ငံတစ်ဝှမ်းတွင် ထိုအဖွဲ့၏ လုပ်ရပ်ကို ရှုတ်ချသော ဆန္ဒပြမှုများကို တန်ပြန် ပြုလုပ်ခဲ့ကြသည်။
    မာကဲလ်ကမူ ပဲရစ် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ချက်ချင်းပင် ထိုလုပ်ရပ်အား ဆန့်ကျင်ရှုတ် ချခဲ့ကြသည့် နိုင်ငံအတွင်းမှ မွတ်စလင် လူ့အဖွဲ့အစည်းကို ကျေးဇူးတင်ကြောင်း ယမန်နေ့က ပြောကြားခဲ့ကြသည်။
    Ref : aljazeera
  • ပွဲ ၁၀၀၀မြောက်အနိုင်နဲ့ ဖလားရခဲ့တဲ့ ရော်ဂျာဖက်ဒါရာ
    ပွဲ ၁၀၀၀မြောက်အနိုင်နဲ့ ဖလားရခဲ့တဲ့ ရော်ဂျာဖက်ဒါရာ
    ဇန်န၀ါရီ ၁၃၊ ၂၀၁၅
    M-Media
    fdr
    – ဆွစ်ဇလန် တင်းနစ်အကျော်အမော် ရော်ဂျာဖက်ဒါရာမှာ ၎င်း၏ အကြိမ် ၁၀၀၀ မြောက် နိုင်ပွဲနှင့် အတူ Brisbane International ဆုဖလားကို ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။
    တနင်္ဂနွေနေ့က ကစားခဲ့သော နောက်ဆုံးဗိုလ်ပွဲတွင် ဖက်ဒါရာမှာ ပြိုင်ဘက် ရာအိုနစ်ကို အကြိတ်အနယ်ကစားခဲ့ရပြီး ၂ နာရီနှင့် ၃၁ မိနစ်ကြာ ကစားခဲ့ပြီးမှ ၆-၄၊ ၆-၇ (၂-၇)၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
    ထိုပွဲအနိုင်မှာ ဖက်ဒါရာ၏ တင်းနစ်ကစားသမားသက်တမ်းတစ်လျှောက် ပွဲ ၁၀၀၀ မြောက် အနိုင်ရခြင်းလည်းဖြစ်ပြီး ဖလားရရှိခဲ့ခြင်းက ၎င်းအတွက် သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
    `သိပ်ကို ထူးခြားတဲ့အချိန်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ နှစ်များစွာကြာ ကျွန်တော်ဟာ တင်းနစ်ကစားခဲ့ပြီး ဒီည ပွဲ ၁၀၀၀ မြောက်နိုင်ပွဲရခြင်းဟာ ကျွန်တော့်အတွက်တော့ သိပ်ကို အဓိပ္ပါယ်ရှိပါတယ်။ ဒီပွဲကို ကျွန်တော် ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး´ ဟု ဖက်ဒါရားက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    ပြိုင်ဘက် ရာအိုနစ်ကလည်း ဖက်ဒါရာအား ချီးကျူးခဲ့ပြီး ယနေ့ပွဲမှာ ဖက်ဒါရာအတွက် သမိုင်းမှတ်တိုင်သစ်တစ်ခုဖြစ်သည်ကို မိမိတို့အားလုံး သိရှိသည်ဟု ပြောကြားခဲ့သည်။
    Ref: dailymail
  • မိမိဥက္ကဌဖြစ်ပါက ဖီဖာအား ပိုမိုပွင့်လင်းသော အဖွဲ့အဖြစ် ပြုလုပ်သွားမည်ဟု ဂျော်ဒန်  အိမ်ရှေ့မင်းသားပြော
    မိမိဥက္ကဌဖြစ်ပါက ဖီဖာအား ပိုမိုပွင့်လင်းသော အဖွဲ့အဖြစ် ပြုလုပ်သွားမည်ဟု ဂျော်ဒန် အိမ်ရှေ့မင်းသားပြော
    ဇန်န၀ါရီ ၁၃၊ ၂၀၁၅
    M-Media
    Prince Ali bin Al Hussein
    – မိမိအနေဖြင့် ဖီဖာဥက္ကအဖြစ် ရွေးချယ်ခံရပါက ပိုမိုပွင့်လင်းမြင်သာပြီး တိုးတက်လာသည့် အဖွဲ့တစ်ခုအဖြစ် ပြောင်းလဲသွားမည်ဟု ဂျော်ဒန်အိမ်ရှေ့မင်သား အလီ ဘင် အလ် ဟူစိန်က ပြောကြားခဲ့သည်။
    လက်ရှိတွင် ဖီဖာဒုဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေသည့် မင်းသားအလီမှာ ဖီဖာ၏ ဥက္ကဌနေရာအတွက် ဆပ်ဘလတ္တာနှင့် ယှဉ်ပြိုင်သွားမည့် ၎င်း၏ အစီအစဉ်ကို ပြီးခဲ့သည့် တစ်ပတ်က ကြေညာခဲ့သူဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်ရွေးချယ်မှုများနှင့် ပတ်သက်၍ ချစားမှုများရှိခဲ့သည်ဆိုသော သတင်းများကြောင့် နာမည်ပျက်နေသော ဖီဖာအားပြောင်းလဲမှုများ ပြုလုပ်မည်ဟု ကတိပေးခဲ့သူလည်းဖြစ်သည်။
    `ဖီဖာဟာ နည်းနည်းလျှို့ဝှက်တဲ့ အဖွဲ့အစည်း ဖြစ်နေပါတယ်။ ဒါပေမယ့် ဘောလုံးဆိုတာ ကမ္ဘာ့ပေါ်ပြူလာအဖြစ်ဆုံး အားကစားနည်းပါ။ ဒါ့ကြောင့် ကျွန်တော်တို့ ယုံကြည်မှုရှိရမှာဖြစ်ပြီး၊ ပွင့်လင်းဖို့၊ လူတိုင်းနဲ့ စေ့စပ်ဆွေးနွေးဖို့ကိုလည်း ဆောင်ရွက်ရပါလိ့မ်မယ်´ဟု မင်သားအလီက စနေ့နေ့တွင် မဲလ်ဘုန်း၌ ပြုလုပ်ခဲ့သော အာရှဘောလုံးအဖွဲ့ချုပ် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
    အသက် ၃၉ နှစ်အရွယ် ရှိပြီဖြစ်သည့် အလီက မိမိအနေဖြင့် ဖီဖာဥက္ကဌဖြစ်လာရေး နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ်များ၏ ထောက်ခံအားပေးမှုကို ရရှိရန်အတွက် မိမိရှေ့တွင် ကြီးမားသည့် စမ်းသပ်မှုများ ရှိနေသည်ဟုလည် ၀န်ခံခဲ့သည်။
    ထို့ပြင် အလီက ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်မှုများတွင် ချစားမှုများ ရှိ၊ မရှိ စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်၍ ဖီဖာ တရားသူကြီးဟောင်း မိုက်ကဲလ် ဂါစီယာ၏ အစီရင်ခံစာကိုလည်း လူသိရှင်ကြား ထုတ်ပြန်ရန် ထပ်မံ တိုက်တွန်းခဲ့သည်။
    လွန်ခဲ့သည့် ၁၇ နှစ်ကတည်းက ဖီဖာဥက္ကဌရာထူးကို ရယူထားသူ ဆပ်ဘလတ္တာမှာ ငါးကြိမ်မြောက် တာဝန်ထမ်းဆောင်နိုင်ရန်အတွက် မေလ ၂၉ ရက်နေ့တွင် ပြုလုပ်မည့် ဥက္ကဌသစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားရန် ရှိနေသည်။
    Ref: alarabiya
  • ယခုတစ်ပတ်ထုတ် မဂ္ဂဇင်းတွင် တမန်တော်မိုဟာမက်၏ ကာတွန်းပုံ ထည့်သွင်းမည်ဟု Charlie Hebdo မဂ္ဂဇင်းပြော
    ယခုတစ်ပတ်ထုတ် မဂ္ဂဇင်းတွင် တမန်တော်မိုဟာမက်၏ ကာတွန်းပုံ ထည့်သွင်းမည်ဟု Charlie Hebdo မဂ္ဂဇင်းပြော
    ဇန်န၀ါရီ ၁၃၊ ၂၀၁၅
    M-Media
    char
    – အယ်ဒီတာနှင့် ကာတွန်းဆရာများ အပါအ၀င် ၁၂ ဦးသေဆုံးခဲ့သည့် သေနတ်သမားများ၏ တိုက်ခိုက်ခံမှုပြီးနောက် ပထမဆုံး ထုတ်ဝေမည့် Charlie Hebdo မဂ္ဂဇင်းတွင် တမန်တော်မိုဟာမက်၏ ကာတွန်းပုံကို ထည့်သွင်းဖော်ပြမည်ဟု မဂ္ဂဇင်းတိုက် တာဝန်ရှိသူများက ပြောကြားလိုက်သည်။
    ဇန်န၀ါရီ ၁၂ ရက်နေ့ ညပိုင်းက အွန်လိုင်းတွင် လွှင့်တင်ခဲ့သော အဆိုပါ မဂ္ဂဇင်း၏ မျက်နှာဖုံးကာဗာတွင် Je suis Charlie (I’m Charlie) ဟူသော စာတန်းကို ခေါင်းပေါင်းအဖြူဖြင့် အမျိုးသားတစ်ယောက်က ကိုင်ထားသည့်ပုံကို ဖော်ပြထားသည်။
    အဆိုပါ မဂ္ဂဇင်းတိုက်၏ ရှေ့နေဖြစ်သူ ရစ်ချက် မာလ်ကာကမူ မိမိတို့မှာ မည်သည့်အခါမှ နောက်ဆုတ်သွားမည် မဟုတ်ကြောင်း၊ Charlie မဂ္ဂဇင်း၏ မူမှာ ဘာသာတရားများအား စော်ကားပြောဆိုခွင့်ပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
    ယခင်က အုပ်ရေ ၆၀၀၀၀ သာ ရိုက်နှိပ်ထုတ်ဝေနေသော အဆိုပါမဂ္ဂဇင်းကို ယခုတစ်ပတ် ဗုဒ္ဓဟူးနေ့ ထုတ်ဝေမည့်အချိန်တွင် စောင်ရေ ၃ သန်း ရိုက်နှိပ်ထုတ်ဝေသွားရန် စီစဉ်ထားသည်။
    ထိုက်ခိုက်မှုအတွင်း အသက်မသေဘဲ လွတ်မြောက်ခဲ့သည့် ကာတွန်းဆရာ လုဇ်ကမူ မိမိတို့မှာ အေးအေးဆေးဆေးဖြစ်နေပြီး အိပ်မက်ဆိုးများမှာလည်း လွင့်ပြယ်သွားပြီဖြစ်ကြောင်း၊ ယခုအချိန်တွင် မဂ္ဂဇင်းဖြန့်ဝေရေးအတွက်း ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။
    အဆိုပါ မဂ္ဂဇင်းမှာ ယခင်ကလည်း တမန်တော်မိုဟာမက်နှင့် အစ္စလာမ်ဘာသာအပါအ၀င် အခြားသော ဘာသာတရာများအား စော်ကားလှောင်ပြောင်သည့် ကာတွန်းများကို အကြိမ်ကြိမ် ဖော်ပြခဲ့ပြီး ပြီးခဲ့သည့်သီတင်းပတ် ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုတွင် သေနတ်သမားက ၎င်းမှာ တမန်တော်မိုဟာမက်အား လှောင်ပြောင်သော ကာတွန်းအတွက်
    လက်စားချေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    အမေရိကန်ရှိ သြဇာကြီးမာသော ခရစ်ယာန်ကက်သလစ်အဖွဲ့ တစ်ခုလည်း ဘာသာတရားများအား စော်ကားနေသည့် အဆိုပါမဂ္ဂဇင်းကို ဝေဖန်ခဲ့ပြီး အကြမ်းဖက်မှုများကို ရှုတ်ချသည့်နည်းတူ ဘာသာတရားများအား ထိုကဲ့သို့ စော်ကားမှုများကိုလည်း သည်းခံ၍မဖြစ်ဟု ပြီးခဲ့သည့်တစ်ပတ်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
    Ref : RT