News @ M-Media

Author: Ko Lay

  • မလေးရှားက မပြီးဆုံးသေးတဲ့ ခြေစွပ်ပြဿနာ

    မလေးရှားက မပြီးဆုံးသေးတဲ့ ခြေစွပ်ပြဿနာ

    မတ် ၂၅၊ ၂၀၂၄

    M-Media 


    Many convenience stores like KK Mart will face a huge drop in business if they are not allowed to sell hard liquor.

    -KK ကုန်စုံဆိုင်မှာ အလ္လာဟ်အရှင်မြတ်အမည်ပါတဲ့ ခြေစွပ်တွေ ရောင်းချမှုနဲ့ပတ်သက်ပြီး အနည်းဆုံး လူ ၅ ဦးကို မတ်လ ၂၆ ရက်နေ့မှာ တရားစွဲဆိုမယ်လို့ မလေးရှားပြည်တွင်းသတင်းဌာနတွေက ဖော်ပြပါတယ်။ 

    တစ်ပါးသူတစ်ဦးရဲ့ ဘာသာရေးယုံကြည်ချက်ကို ထိခိုက်စော်ကားမှု၊ ဒီလုပ်ရပ်မှာ အားပေးကူညီမှု စတဲ့ပုဒ်မတွေနဲ့ဖြစ်ပါတယ်။ 

    အာရဘီဘာသာစကားနဲ့ အလ္လာဟ်အရှင်မြတ်အမည် ရေးထားတဲ့ ခြေစွပ်တွေကို KK ဆိုင်တွေမှာ ရောင်းချနေတဲ့ သတင်းတွေဟာ မတ်လ ၁၃ ရက်နေ့မှာ စတင်ထွက်ပေါ်လာတာပါ။ 

    နိုင်ငံတစ်၀ှမ်း ဆိုရှယ်မီဒီယာကနေတစ်ဆင့် ပြန့်နှံ့သွားခဲ့ပြီး အစ္စလာမ်ဘာသာ၀င်လူ့အဖွဲ့အစည်းနဲ့ အသင်းအဖွဲ့တွေက ပြင်းပြင်းထန်ထန် ၀ေဖန်မှုတွေ ရှိခဲ့ပါတယ်။ 

    မလေးရှားဘုရင် ဆူလ်တန် အီဘရာဟင် အစ္စကန်ဒါက ဒီကိစ္စအတွက် ထိထိရောက်ရောက်အရေးယူဖို့ အစိုးရကို တိုက်တွန်းခဲ့ပါတယ်။ 

    မလေးရှား၀န်ကြီးချုပ် အန်န၀ါရ်အီဘရာဟင်ကလည်း ဒီကိစ္စဟာ ဥပဒေချိုးဖောက်တဲ့ကိစ္စမျိုးဖြစ်တဲ့အတွက် အရေးယူရမှာဖြစ်တယ်လို့ ပြောပါတယ်။ ဥပဒေအရ ဖြေရှင်းပြီးတဲ့နောက်ပိုင်း ဒီကိစ္စကို ထပ်မံချဲ့ကားတာမျိုး မလုပ်ဖို့လည်း အန်၀ါရ်က သတိပေးခဲ့ပါတယ်။ 

    KK ကုန်စုံဆိုင်က ခြေစွပ်တွေနဲ့ပတ်သက်ပြီး ဖြေရှင်းချက် ထုတ်ခဲ့ပါတယ်။ ဒီခြေစွပ်တွေဟာ ကုန်သည်တစ်ဦးက တရုတ်ပြည်ကနေ သွင်းလာတာဖြစ်ပြီး သေသေချာချာ မစစ်ဆေးခဲ့မိကြောင်း ၀န်ခံခဲ့ပါတယ်။ 

    တင်သွင်းတဲ့ ကုန်သည်နဲ့ စာချုပ်ဖျက်သိမ်းလိုက်ပြီး ဥပဒေအရ အရေးယူသွားဖို့ရှိကြောင်း အစ္စလာမ်ဘာ၀င်တွေကို တောင်းပန်ကြောင်း ကြေငြာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။ 

    မလေးရှားနိုင်ငံတစ်၀ှမ်းက KK ဆိုင်တိုင်းမှာလည်း တောင်းပန်စာကို ဖော်ပြပေးထားပါတယ်။ 

    ဒီကိစ္စအတွက် နိုင်ငံတစ်၀ှမ်း အမှုဖွင့်တိုင်ကြားမှုပေါင်း ၁၄၃ ခု ရှိခဲ့ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးတဲ့နောက် KK ကုန်စုံဆိုင် ကုမ္ပဏီပိုင်ရှင်၊ ခြေစွပ်တင်ရောင်းတဲ့ KK ဆိုင်ခွဲပိုင်ရှင်အပါအ၀င် အနည်းဆုံး လူ ၅ ဦးကို တရားစွဲဆိုဖို့ မလေးရှားရှေ့နေချုပ်ကို တင်ပြတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

    Ref: The Star 

  • အနောက်ဖက်ကမ်းတွင် ပါလက်စတိုင်းမြေ ဧက ၂၀၀၀ နီးပါးကို အစ္စရေးက ထပ်မံခိုးယူ

    အနောက်ဖက်ကမ်းတွင် ပါလက်စတိုင်းမြေ ဧက ၂၀၀၀ နီးပါးကို အစ္စရေးက ထပ်မံခိုးယူ

    မတ် ၂၃၊ ၂၀၂၄

    M-Media

    -တရားမ၀င် ဂျူးအခြေချအိမ်ယာတွေ ဆောက်လုပ်ဖို့အတွက် ပါလက်စတိုင်းနိုင်ငံ အနောက်ဖက်ကမ်းက မြေ ၁၉၇၇ ဧကကို အစ္စရေးက ထပ်မံခိုးယူလိုက်ပါတယ်။

    ဒီခိုးယူမှုကို အစ္စရေးဘဏ္ဍာရေး၀န်ကြီး ဘီဇာလီလ် စမိုထရစ်ချ်က လူသိရှင်ကြား ကြေငြာခဲ့တာဖြစ်ပါတယ်။ 

    အနောက်ဖက်ကမ်းကို အနာဂတ်ပါလက်စတိုင်းနိုင်ငံရဲ့ အစိတ်အပိုင်းအဖြစ် ကုလက သတ်မှတ်ပေးထားတာဖြစ်ပြီး ဒီဒေသတွေမှာ အစ္စရေးက ဆောက်လုပ်ထားတဲ့ ဂျူးအခြေချ အိမ်ယာတွေဟာ နိုင်ငံတကာဥပဒေအရ တရားမ၀င်ပါဘူး။ 

    နိုင်ငံတကာအသိုင်းအ၀ိုင်းက ဒီလုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချပေမယ့် အစ္စရေးက ဂရုမစိုက်ပါဘူး။ အခု ခိုးယူမှုဟာ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီဘလင်ကန် အစ္စရေးကို ရောက်ရှိနေချိန် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ 

    ပါလက်စတိုင်း နိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဒီလုပ်ရပ်ဟာ ရာဇ၀တ်မှုဖြစ်ပြီး အနောက်ဖက်ကမ်းကို ကျူးကျော်သိမ်းပိုက်ဖို့နဲ့ အနာဂတ်ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်မလာအောင် ကျင့်သုံးတဲ့ မူ၀ါဒ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ ရှုတ်ချခဲ့ပါတယ်။

    နိုင်ငံကတာအသိုင်းအ၀ိုင်းဟာလည်း အစ္စရေးနဲ့ ကြံရာပါဖြစ်တယ်လို့ ၀ေဖန်ခဲ့ပါတယ်။

    “ကျွန်တော်တို့လူမျိုးတွေအပေါ် ကာကွယ်ပေးဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ပျက်ကွက်မှုဟာ အစ္စရေးနဲ့ ကြံရာပါဖြစ်စေပြီး အရေးယူခံရမှုကနေ လွတ်မြောက်အောင် အစ္စရေးကို ကာကွယ်ပေးနေတာလည်း ဖြစ်ပါတယ်”

    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ အစ္စရေးရဲ့ တရားမ၀င် ဂျူးအခြေချအိမ်ယာ ထောင်ချီရှိပြီး၊ လူသိန်းချီ နေထိုင်နေကြပါတယ်။

    Ref: Aljazeera 

    (ဓာတ်ပုံ – ပါလက်စတိုင်းပိုင်နက်များမှ အစ္စရေး၏ တရားမ၀င် အိမ်ယာများ)

  • လျှပ်စစ်ကားလောကထဲ ရုတ်တရက်၀င်လာတဲ့ ရှောင်မီ

    လျှပ်စစ်ကားလောကထဲ ရုတ်တရက်၀င်လာတဲ့ ရှောင်မီ

    မတ် ၁၂၊ ၂၀၂၄

    M-Media


    – တရုတ် ထိပ်တန်း စမတ်ဖုန်းလုပ်ငန်းတစ်ခုဖြစ်တဲ့ Xiaomi က သူတို့ရဲ့ ပထမဆုံး လျှပ်စစ်ကားကို အခုလအတွင်း ပြည်သူတွေလက်ထဲ အရောက်ထည့်ပေးတော့မယ်လို့ ကြေငြာလိုက်ပါတယ်။ 

    ရှောင်မီဟာ Speed Ultra 7 (SU7) လို့ အမည်ပေးထားတဲ့ သူတို့ရဲ့ ပထမဆုံးလျှပ်စစ်ကားကို ပြီးခဲ့တဲ့နှစ်က ချပြခဲ့တာပါ။ တန်ကြေး ဘယ်လောက်ရှိမလဲဆိုတာကို မတ်လ ၂၈ ရက်နေ့ ကြေငြာမယ်လို့ ဆိုပါတယ်။ 

    တရုတ်နိုင်ငံက မြို့ပေါင်း ၂၉ မြို့မှာ စင်တာ ၅၉ ခု ဖွင့်လှစ်ပြီး အမှာတွေကောက်သွားမယ်လို့လည်း ရှောင်မီက ပြောပါတယ်။ 

    လျှပ်စစ်ကားလောကမှာ ရောင်းစျေးပြဿနာ အပြိုင်အဆိုင် ဖြစ်နေတဲ့အချိန် ရှောင်မီက အခုလို ရုတ်တရက် ၀င်ရောက်လာတာ ဖြစ်ပါတယ်။ 

    နောက် ၁၀ နှစ်အတွင်း လျှပ်စစ်ကားကဏ္ဍမှာ ကန်ဒေါ်လာ ၁၀ ဘီလီယံ အသုံးပြုဖို့ ရည်မှန်းထားကြောင်း ရှောင်မီ အကြီးအကဲ လီဂျွန်က ပြောပါတယ်။ 

    SU7 ဟာ စူပါလျှပ်စစ်မော်တာကို အသုံးပြုထားတဲ့အတွက် နာမည်ကြီး ကုမ္ပဏီတွေဖြစ်တဲ့ Tesla နဲ့ Porsche တို့ရဲ့ လျှပ်စစ်ကားတွေကို ကောင်းကောင်း ယှဥ်နိုင်မှာ ဖြစ်ပါတယ်။

    တရုတ်မှာ လျှပ်စစ်ကားစျေးကွက်က ပြိုင်ဆိုင်မှု ပြင်းထန်လာပြီး BYD လို ပြည်တွင်းကုမ္ပဏီတွေရဲ့ လျှပ်စစ်ကားထုတ်ကုန်ကြောင့် အီလွန်မက်စ်ရဲ့ Tesla ဟာ တရုတ်မှာ သူတို့ရဲ့ လျှပ်စစ်ကားကို စျေးနှုန်းအများအပြား လျှော့ချပေးခဲ့ရပါတယ်။ 

    Ref: BBC

  • အကူအညီလာယူသူများကို အစ္စရေးက ထပ်မံ တိုက်ခိုက်သတ်ဖြတ်

    အကူအညီလာယူသူများကို အစ္စရေးက ထပ်မံ တိုက်ခိုက်သတ်ဖြတ်

    မတ် ၁၂၊ ၂၀၂၄

    M-Media 


    (ဓာတ်ပုံ – ဂါဇာတောင်ပိုင်း ရာဖာတွင် အကူအညီလာယူနေသည့် ပါလက်စတိုင်းများ)

    -ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင် မြောက်ပိုင်းက ဂါဇာစီးတီးမှာ ကုလရဲ့အကူအညီ လာယူသူတွေ သတ်ဖြတ်ခံရမှု မတ်လ ၁၂ ရက်နေ့က ထပ်မံဖြစ်ပွားခဲ့ပါတယ်။ 

    ဂါဇာစီးတီးမြို့လယ်က ကူ၀ိတ်အ၀ိုင်းမှာ ကုလရဲ့ထရပ်ကားအနီး အကူအညီလာယူသူတွေကို အစ္စရေးစစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တာပါ။  

    အနည်းဆုံး လူ ၇ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်းသတင်းဌာန Wafa က ဖော်ပြပါတယ်။

    စားနပ်ရိက္ခာရှားပါးမှုကြောင့် ကုလရဲ့ အကူအညီ လာယူသူတွေကို အစ္စရေးက တိုက်ခိုက်သတ်ဖြတ်မှုဟာ ဖေဖော်၀ါရီလ အစောပိုင်းကတည်းက စတင်ဖြစ်ပွားခဲ့တာပါ။ 

    ဖေဖော်၀ါရီ ၂၉ ရက်နေ့ ဂါဇာမြောက်ပိုင်းက တိုက်ခိုက်မှုဟာ အဆိုးဆုံးဖြစ်ပြီး လူ ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒီလုပ်ရပ်အတွက် ကမ္ဘာ့အသိုင်းအ၀ိုင်းက အစ္စရေးက ရှုတ်ချပြောဆိုခဲ့ပါတယ်။

    မတ်လ ၄ ရက်နေ့မှာလည်း ဂါဇာစီးတီးက ကူ၀ိတ်အ၀ိုင်းမှာ ဒီဖြစ်ရပ်မျိုး ထပ်မံဖြစ်ပွားခဲ့ပြီး ဒါဇင်နဲ့ချီ အသတ်ခံခဲ့ရပါတယ်။  

    Ref: Aljazeera 

  • ရမ်ဇာန်လ အလ်အက္ကဆွာမှာ တိုက်ခိုက်မှု တိုးမြှင့်ပြုလုပ်လာတဲ့ အစ္စရေး

    ရမ်ဇာန်လ အလ်အက္ကဆွာမှာ တိုက်ခိုက်မှု တိုးမြှင့်ပြုလုပ်လာတဲ့ အစ္စရေး

    မတ် ၁၂၊ ၂၀၂၄

    M-Media 


    -အစ္စလာမ်ဘာသာ၀င်တွေရဲ့ ရမ်ဇာန်ဥပုသ်လ ပထမနေ့မှာပဲ အစ္စရေးဟာ ဂျေရုစလင်က အလ်အက္ကဆွာဗလီ၀တ်ကျောင်းတော်မှာ နှောက်ယှက်တိုက်ခိုက်မှုတွေ တိုးမြှင့်ပြုလုပ်လာပါတယ်။ 

    ရမ်ဇာန်လ ပထမနေ့ သာရာ၀ီအထူး၀တ်ပြုဆုတောင်းပွဲအတွက် အလ်အက္ကဆွာဗလီ၀တ်ကျောင်းထဲ လာရောက်တဲ့ ပါလက်စတိုင်းတွေကို အစ္စရေးက ရိုက်နှက်တာ၊ မောင်းထုတ်တာတွေ ပြုလုပ်ခဲ့တာပါ။ 

    အွန်လိုင်းပေါ်ရောက်ရှိလာတဲ့ ဗီဒီယိုတစ်ခုမှာ အစ္စရေးစစ်တပ်ဟာ ဂျေရုစလင်မြို့ဟောင်းက အလ်အက္ကဆွာဗလီကို သွားရောက်ရာလမ်းမှာ ပါလက်စတိုင်းတွေကို ရိုက်နှက်နေတာကို တွေ့ရပါတယ်။ 

    ဗလီဆီသွားရာလမ်းမှာ စစ်ဆေးရေးဂိတ် အမြောက်အများထားရှိကာ အသက် ၄၀ အောက် ပါလက်စတိုင်းတွေကို ဗလီထဲ၀င်ခွင့်မပေးဘဲ မောင်းထုတ်ပါတယ်။ 

    ယူကေကကန့်ကွက်

    ဒီလိုကန့်သတ်နှောက်ယှက်မှုတွေ လုပ်တာကို ကန့်ကွက်ကြောင်း ယူကေက ကြေငြာချက်ထုတ်ပါတယ်။ 

    အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိကနဲ့ ကုလဆိုင်ရာ ယူကေတာ၀န်ရှိသူ တာရစ်အဟ်မဒ်က ရမ်ဇာန်ဥပုသ်လအတွင်း ဂျေရုစလင်က မြင့်မြတ်ရာ နေရာတွေကို အဟန့်အတားမရှိ ၀င်ခွင့်ပေးဖို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။ 

    “ရမ်ဇာန်လမှာ အလ်အက္ကဆွာဗလီ၀တ်ကျောင်းအတွင်း ၀င်ရောက်ခွင့် ကန့်သတ်တာဟာ မွတ်စလင်တွေရဲ့ ၀တ်ပြုခွင့်ကို ပိတ်ပင်တာဖြစ်ပြီး၊ တင်းမာမှုတွေကို ပိုမိုကြီးထွားအောင် လုပ်ဆောင်တာလည်း ဖြစ်ပါတယ်”

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့ကတည်းက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ လူသတ်ပွဲကို ရမ်ဇာဥပုသ်လမှာ ရပ်နားဖို့ ကမ္ဘာတစ်၀ှမ်းက တောင်းဆိုခဲ့ပေမယ့်လည်း အစ္စရေးက တိုက်ခိုက်သတ်ဖြတ်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ 

    ဂါဇာမှာ အစ္စရေးရဲ့ သတ်ဖြတ်မှုကို ခံရသူ ပါလက်စတိုင်းအရေအတွက်ဟာ ၅ လအတွင်း ၃၁၀၀၀ ကျော် ရှိလာပြီ ဖြစ်ပါတယ်။ 

    Ref: Aljazeera