News @ M-Media

Author: Ko Lay

  • ထင်ရှားသည့် ပါလက်စတိုင်း ဘောလုံးသမားတစ်ဦးကို အစ္စရေးက သတ်ဖြတ်

    ထင်ရှားသည့် ပါလက်စတိုင်း ဘောလုံးသမားတစ်ဦးကို အစ္စရေးက သတ်ဖြတ်

    မတ် ၁၁၊ ၂၀၂၄

    M-Media 


    -ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်က ထင်ရှားတဲ့  ဘောလုံးသမား မိုဟာမက် ဘာရက်ဟာ မတ်လ ၁၁ ရက်နေ့မနက်က ခန်ယူနစ်မြို့မှာ သတ်ဖြတ်ခံလိုက်ရပါတယ်။ 

    ဘာရက်ရဲ့နေအိမ်ကို အစ္စရေးက ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခဲ့တာပါ။ တိုက်စစ်မှုးဘာရက်ဟာ ဂါဇာပရီးမီးယားလိဂ်အသင်း Ahly Gaza က အဓိက ကစားသမားဖြစ်ပြီး၊ ပါလက်စတိုင်းလက်ရွေးစင်အသင်းအတွက် ကစားပေးထားသူလည်း ဖြစ်ပါတယ်။ 

    ကစားသမား သက်တမ်းတစ်လျှောက် ၁၁၄ ဂိုးသွင်းထားပြီး ဂါဇာဘောလုံးသမိုင်းမှာ ဂိုးအများဆုံးသွင်းထားနိုင်တဲ့ ကစားသမားတွေထဲက တစ်ဦး ဖြစ်ပါတယ်။ 

    ဘာရက်ဟာ ခန်ယူနစ်လူငယ်အသင်း Khan Younis Youth Club က အသင်းခေါင်းဆောင်နဲ့ ဂန္တ၀င်ကစားသမား ဖြစ်ပါတယ်။ ဂါဇာ၊ အနောက်ဖက်ကမ်းနဲ့ ဂျော်ဒန်တို့က အသင်းတော်တော်များများမှာလည်း ကစားဖူးပါတယ်။ 

    “ပါလက်စတိုင်းဘောလုံးအသင်းရဲ့ ကွင်းတွင်း၊ ကွင်းပြင်မှာ အရေးပါသူတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာပါ။ သူနဲ့ ပြိုင်ဘက်အဖြစ် ကျွန်တော် တွေ့ဖူးတယ်။ သူက မြန်တယ်၊ ခေါင်းသုံးကစားတယ်။ ထိပ်တန်းဂိုးသွင်းရှင်လည်း ဖြစ်ပါတယ်။ ကွင်းပြင်ပမှာ သူဟာ ကြင်နာသနားတတ်ပြီး၊ ဖော်လည်း ဖော်ရွေပါတယ်။ အသင်းသားအားလုံးက သူ့ကို ချစ်ကြတယ်” 

    “အရမ်းစိတ်ဆိုးတယ်ဗျာ။ သူက ဂန္တ၀င်ကစားသမားတစ်ဦးပါ။ စစ်ပွဲတွေအတွင်း ဂါဇာက အားကစားကဏ္ဍလည်း ဆိုးဆိုးရွားရွား ဖျက်ဆီးခံရပါတယ်။ ကျွန်တော်တို့ ဘယ်လောက်အထိ ဆုံးရှုံးရအုံးမလဲ။ ဂါဇာက အားကစားအသိုင်းအ၀ိုင်းဟာ ပြိုကျပျက်ဆီးနေပါပြီ”လို့ Khadamat al-Maghazi အသင်း နောက်ခံလူ ခါလစ် အဘူ ဟာဘဲလ်က ပြောကြားခဲ့ပါတယ်။ 

    အစ္စရေးဟာ ပါလက်စတိုင်းလူမျိုးစုရဲ့ အားကစား၊ စာပေ၊ အနုပညာ၊ ယဥ်ကျေးမှု စသဖြင့် နယ်ပယ်တိုင်းကို တိုက်ခိုက်ဖျက်ဆီးနေတာ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • တရုတ်ဒရုန်းရန်ကို ထိုင်၀မ်က လေဆာလက်နက်ဖြင့် တုန့်ပြန်မည်

    တရုတ်ဒရုန်းရန်ကို ထိုင်၀မ်က လေဆာလက်နက်ဖြင့် တုန့်ပြန်မည်

    မတ် ၉၊ ၂၀၂၄

    M-Media 


    -တရုတ်ရဲ့ ဒရုန်းတွေနဲ့ လေပိုင်နက် ကျူးကျော်မှုကို ဟန့်တားနိုင်ဖို့အတွက် ထိုင်၀မ်ဟာ လေဆာလက်နက်တစ်မျိုးကို ဖန်တီးနေပါတယ်။ 

    ၅၀ ကီလို၀ပ်ရှိမယ့် အဲဒီလေဆာလက်နက်ဟာ စစ်သုံးယာဥ်တွေမှာ တပ်ဆင်အသုံးပြုနိုင်မှာပါ။ CM-32 Clouded Leopard စစ်သုံးကားတွေမှာ ဒီနှစ်အကုန် တပ်ဆင်အသုံးပြုသွားဖို့ ရည်ရွယ်ထားပါတယ်။ 

    လက်ရှိ တီထွင်ဖန်တီးမှုကို ထိုင်၀မ်နည်းပညာတက္ကသိုလ် NCSIST က ဦးဆောင်ပြုလုပ်နေတာ ဖြစ်ပါတယ်။ 

    တရုတ်က ဒရုန်းတွေနဲ့ လေပိုင်နက်ကျူးကျော်မှုကို တုန့်ပြန်ဖို့အတွက် ထိုင်၀မ်ဟာ နိုင်ငံရဲ့ ဒရုန်းကာကွယ်ရေးစနစ်ကို အဆင်မြှင့်တင်နေတာပါ။ 

    ကန်ဒေါ်လာ ၁၄၃ သန်း တန်ဖိုးရှိတဲ့ ဒရုန်းကာကွယ်ရေးစနစ်ကို NCSIST က ၂၀၂၂ ခုနှစ်မှာ ဖန်တီးနိုင်ခဲ့ပြီး နောက်ထပ် ၄ နှစ်အတွင်း ထိုင်၀မ်ကျွန်းမကြီးနဲ့ ကျွန်းငယ်တွေအားလုံးမှာ ဖြန့်ကျက်နိုင်အောင် ဆောင်ရွက်နေပါတယ်။ 

    အခုစမ်းသပ်နေတဲ့ လေဆာလက်နက်ဟာ ရှိပြီးသား ဒရုန်း ကာကွယ်ရေးစနစ်ကို ပိုမိုအားကောင်းစေမှာ ဖြစ်ပါတယ်။ 

    တရုတ်က ထိုင်၀မ်ကို သိမ်းပိုက်ရေးမှာ စစ်ရေးအသုံးပြုဖို့ အသားပေး စဥ်းစားလာပြီး ၂၀၃၅ ခုနှစ်မှာ အိမ်နီးချင်းနိုင်ငံတစ်ခုနဲ့ အသေးစား စစ်ရေးပဋိပက္ခ ဖြစ်လာဖို့ စီစဥ်နေတယ်လို့ ဖေဖော်၀ါရီလမှာ သတင်းပေါက်ကြားလာပါတယ်။ 

    ထိုင်၀မ်ကျွန်းကိစ္စနဲ့ပတ်သက်လို့ အမေရိကန်နဲ့ ထိပ်တိုက်တွေ့ဆုံရရင် လူမဲ့ လေပေါ်၊ ရေအောက်ဒရုန်းတွေ အသုံးပြုနိုင်အောင် တရုတ်က ဗျူဟာ ချမှတ်ထားပါတယ်။ 

    Ref: Asia Times 

  • ဂါဇာတွင် တစ်ရက်လျှင် အမျိုးသမီး ၆၃ ဦး အသတ်ခံနေရ

    ဂါဇာတွင် တစ်ရက်လျှင် အမျိုးသမီး ၆၃ ဦး အသတ်ခံနေရ

    မတ် ၈၊ ၂၀၂၄

    M-Media


    -မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အမျိုးသမီးများနေ့ကို ကမ္ဘာတစ်၀ှမ်း ဆင်နွှဲနေကြပေမယ့် ဂါဇာကမ်းမြှောင်က ပါလက်စတိုင်းအမျိုးသမီးတွေကတော့ အစ္စရေးရဲ့ အကြမ်းဖက် သတ်ဖြတ်မှုကို နေ့စဥ် ခံနေရပါတယ်။ 

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ အစ္စရေးရဲ့ ဂါဇာ တစ်ကျော့ပြန်လူသတ်ပွဲမှာ အသတ်ခံရတဲ့ ပါလက်စတိုင်းအရေအတွက်ဟာ ၃၁၀၀၀ နီးပါး ရှိလာပြီဖြစ်ပါတယ်။ 

    ဒီအထဲမှာ အသတ်ခံရတဲ့ အမျိုးသမီးအရေအတွက်က အနည်းဆုံး ၉၀၀၀ လောက်ရှိပြီး ဒါဟာ တစ်ရက်ကို ပျမ်းမျှ ၆၃ ဦး အသတ်ခံနေရတာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ပျမ်းမျှ ၃၇ ဦးက မိခင်တွေ ဖြစ်ပါတယ်။ 

    အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ပြိုကျပျက်ဆီးနေတဲ့ အဆောက်အဦးတွေအောက် ပိတ်မိပျောက်ဆုံးနေသူ အရေအတွက်ဟာ ထောင်သောင်းချီရှိပြီး အဲဒီအထဲမှာလည်း အမျိုးသမီးအများအပြား ပါ၀င်ပါတယ်။ 

    ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အစ္စရေးဟာ ဂါဇာမှာ ပါလက်စတိုင်းပြည်သူ ၇၈ ဦး သတ်ဖြတ်ခဲ့ပြီး ဒဏ်ရာရသူ ၁၀၄ ဦး ရှိပါတယ်။ 

    Ref: Aljazeera

  • ကြက်သားဟင်းမူပိုင်ခွင့်အတွက် တရားရုံးတက်ဖြေရှင်းနေကြတဲ့ အိန္ဒိယက စားသောက်ဆိုင်နှစ်ခု

    ကြက်သားဟင်းမူပိုင်ခွင့်အတွက် တရားရုံးတက်ဖြေရှင်းနေကြတဲ့ အိန္ဒိယက စားသောက်ဆိုင်နှစ်ခု

    မတ် ၂၊ ၂၀၂၄

    M-Media 


    -အိန္ဒိယရဲ့ နာမည်ကျော် ထောပတ်ကြက်သားဟင်း မူပိုင်ခွင့်အတွက် ထိပ်တန်း စားသောက်ဆိုင်နှစ်ခုအကြား အငြင်းပွားမှုဖြစ်ကာ တရားရုံးတက်ရတဲ့အထိ ဖြစ်လာပါတယ်။ 

    ထောပတ်ကြက်သားဟင်းဟာ အိန္ဒိယရဲ့ အထင်ကရ ဟင်းတစ်ခုပါ။ အခု ပါကစ္စတန်ပိုင်နက်ဖြစ်နေတဲ့ ပက်ရှ်၀ါရ်မြို့ကနေ ၁၉၄၇ ခုနှစ်မှာ ကွန်ဒန်လာ ဂွတ်ဂျရာနဲ့ ကွန်ဒန်လာ ဂျက်ဂီဆိုတဲ့ လူနှစ်ယောက် ဒေလီမြို့ကို တက်ပြီး Moti Mahal အမည်နဲ့ စားသောက်ဆိုင်ဖွင့်ရာကနေ ဒီဟင်း ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ 

    နောက်ပိုင်းမှာ Moti Mahal ဟာ နာမည်ကျော် စားသောက်ဆိုင်တစ်ခု ဖြစ်လာခဲ့ပြီး အိန္ဒိယ၀န်ကြီးချုပ် နေရူး၊ အမေရိကန်သမ္မတဟောင်း ဂျွန်အက်ဖ်ကနေဒီနဲ့ နာမည်ကျော် တော်တော်များများကို တည့်ခင်းဧည့်ခံရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။

    လက်ရှိအချိန်မှာတော့ ကွန်ဒန်လာ မိသားစုနှစ်ခုဟာ ထောပတ်ကြက်သားဟင်း မူပိုင်ခွင့်အတွက် တရားရုံးမှာ ဖြေရှင်းနေကြပါတယ်။ 

    ကွန်ဒန်လာ ဂွတ်ဂျရာရဲ့ မိသားစုက Moti Mahal စားသောက်ဆိုင် လုပ်ငန်းစုကို ဆက်ခံထားပြီး၊ ကွန်ဒန်လာ ဂျက်ဂီ မိသားစုက Daryaganj ဆိုတဲ့အမည်နဲ့ သီးခြား စားသောက်ဆိုက်လုပ်ငန်းစုကို တည်ထောင်ထားပါတယ်။ 

    နာမည်ကျော် ထောပတ်ကြက်သားဟင်းဟာ သူတို့မိသားစုက စတင်တီထွင်ရောင်းချတာလို့ဆိုပြီး Moti Mahal က Daryaganj လုပ်ငန်းကို တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ 

    “ဒီဟာက ကျွန်တော်တို့ရဲ့ အမွေအနှစ်ပါ။ ဒီအမွေအနှစ်ကို စွန်းထင်းစေတာမျိုး ဘယ်လိုနည်းနဲ့မှ လက်သင့်မခံပါဘူး” လို့ Moti Mahal ပိုင်ရှင် မိုနစ်ရှ် ဂွဂျ်ရာက ပြောပါတယ်။ 

    Daryaganj လုပ်ငန်းစုကလည်း ဒီဟင်းကို သူတို့သာလျှင်ပိုင်ကြောင်း စောဒကတက်ပါတယ်။ 

    “ဒီကိစ္စကို ကျွန်တော် ရှင်းချင်ပါတယ်။ Daryaganj စားသောက်ဆိုင် ဖွင့်တဲ့ ရည်ရွယ်ချက်က အိန္ဒိယဟင်းလျာကို ကမ္ဘာကျော်စေခဲ့တဲ့ ကွန်ဒန်လာ ဂျက်ဂီရဲ့ အမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းချင်လို့ပါ။ သူသာလျင် Moti Mahal ကို တည်ထောင်သူ၊ အိန္ဒိယဟင်းလျာကို ပြောင်းလဲပေးခဲ့သူ ဖြစ်ပါတယ်” လို့ Daryaganj ရဲ့ စီအီးအို မစ္စတာ အာမစ် ဘဂ္ဂါက ပြောပါတယ်။ 

    ပွဲလန့်တုန်းဖျာခင်း 

    ထောပတ်ကြက်သားဟင်း မူပိုင်ခွင့်မှာ နောက်ထပ်အဖွဲ့တစ်ခုလည်း ပါ၀င်လာပါတယ်။ 

    ကွန်ဒန်လာနှစ်ယောက် ဒေလီမှာ ပထမဆုံးစဖွင့်တဲ့ Moti Mahal Daryaganj စားသောက်ဆိုင်ကို လက်ရှိ ပိုင်ဆိုင်ထားတဲ့ အုပ်စုဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်မှာ အဲဒီစားသောက်ဆိုင်ကို သူတို့က ၀ယ်ခဲ့တာဖြစ်ပြီး ထောပတ်ကြက်သားဟာ သူတို့တီထွင်တာလို့ ဆိုပါတယ်။ 

    “ကမ္ဘာမှာ တစ်မူထူးခြားတဲ့ ဟင်းလျာတစ်မျိုးဖြစ်လို့ ဒီဟင်းရဲ့ အမွေအနှစ်ဟာ အရေးကြီးပါတယ်။ ကမ္ဘာပေါ်ကလူတိုင်းဟာ Dal Makhni နဲ့ ထောပတ်ကြက်သားဟင်းတွေကို သိကြတယ်။ ကျွန်တော်တို့ဆိုင်က ဒီဟင်းလျာတွေရဲ့ ဇာတိချက်ကြွေပါ။ ဒီလူတွေက စားသောက်ဆိုင်တောင် မရှိခဲ့ဘဲနဲ့ ဒီဟင်းတွေကို သူတိုတီထွင်တယ်လို့ ဘာဖြစ်လို ပြောနေကြတာလဲ” လို့ ပိုင်ရှင် ဒီနော့ ချက်ဒါက ပြောပါတယ်။

    Moti Mahal နဲ့ Daryaganj ရဲ့ ထောပတ်ကြက်သားဟင်းပြဿနာကို တရားရုံးက ကနဦးကြားနာမှုတွေ ပြုလုပ်ခဲ့ပြီး မေလမှာ နောက်ထပ်ကြားနာမှု လုပ်မှာဖြစ်ပါတယ်။ 

    Ref: CNA 

  • ပြိုင်ဘက် အမေရိကန်နဲ့ အိန္ဒိယတို့မှာ မရောင်းဘူးဆိုတဲ့ ရှောင်မီရဲ့ 14 Ultra ဖုန်း

    ပြိုင်ဘက် အမေရိကန်နဲ့ အိန္ဒိယတို့မှာ မရောင်းဘူးဆိုတဲ့ ရှောင်မီရဲ့ 14 Ultra ဖုန်း

    မတ် ၂၊ ၂၀၂၄

    M-Media 


    -စမတ်ဖုန်းစျေးကွက်မှာ ကင်မရာနဲ့ပတ်သက်ရင် ဆရာတစ်ဆူဖြစ်လာမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းတဲ့ Xiaomi 14 Ultra ဖုန်းကို အမေရိကန်နဲ့ အိန္ဒိယတို့မှာ ရောင်းချမှာမဟုတ်ဘူးလို့ ရှောင်မီကုမ္ပဏီက ထုတ်ပြန်ပါတယ်။ 

    တရုတ်စျေးကွက်မှာ ဖေဖော်၀ါရီ ၂၂ ရက်နေ့ကတည်းက ထွက်ရှိထားတဲ့ ဒီဖုန်းဟာ နိုင်ငံတကာစျေးကွက်ကိုတော့ တစ်ပတ်နောက်ကျပြီးမှ ရောက်လာပါတယ်။ 

    စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ပြီးခဲ့တဲ့တစ်ပတ်က ပြုလုပ်တဲ့ World Mobile Congress မှာ ဒီဖုန်းကို ပြသခဲ့တာပါ။ 5G ရပြီး Qualcomm Snapdragon 8 Gen 3 ပရော်ဆက်ဆာကို သုံးထားတဲ့ ဒီဖုန်းရဲ့ အားသားချက်ကတော့ ကင်မရာဖြစ်ပါတယ်။ ၅၀ မီဂါပစ်ဆဲလ်ရှိပြီး ဆိုနီကထုတ်တဲ့ ဆင်ဆာကို အသုံးပြုထားတာ ဖြစ်ပါတယ်။ 

    နည်းပညာ ၀ဘ်ဆိုက်တွေ၊ ကျွမ်းကျင်သူတွေက Xiaomi 14 Ultra ဖုန်းဟာ ဖုန်းဓာတ်ပုံနယ်ပယ်ကို ပြောင်းလဲပေးနိုင်မယ့် ၂၀၂၄ ခုနှစ် ရဲ့ အကောင်းဆုံး ကင်မရာဖုန်းလို့ ကင်ပွန်းတပ်ခဲ့ပါတယ်။ 

    ကျောင်းတော်က ရန်စ 

    ယူကေအပါအ၀င် နိုင်ငံတကာစျေးကွက်မှာ ဒီဖုန်းကို ရောင်းချမှာဖြစ်ပေမယ့် အမေရိကန်နဲ့ အိန္ဒိယတို့မှာ ရောင်းမှာမဟုတ်ဘူးလို့ ရှောင်မီက ထုတ်ပြန်ပါတယ်။ 

    ဒီဆုံးဖြတ်ချက်ဟာ တရုတ်အစိုးရနဲ့ ဆက်နွယ်တဲ့ နိုင်ငံရေး ပြဿနာတွေကြောင့် ဖြစ်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

    အမေရိကန်အစိုးရဟာ ရှောင်မီကုမ္ပဏီကို တရုတ်ကွန်မြူနစ်စစ်ဖက်ကုမ္ပဏီလို့ ၂၀၂၁ ခုနှစ်မှာ သတ်မှတ်ထားတာပါ။ နောက်ပိုင်း အယူခံ၀င်မှုတွေကြောင့် ဒီသတ်မှတ်ချက်ကို ပယ်ဖျက်ပေးခဲ့ပေမယ့် ရှောင်မီကုမ္ပဏီဟာ တရုတ်ကွန်မြူနစ်အစိုးရရဲ့ လက်တံတစ်ခုလို့ အမေရိကန်က ဆက်လက်ယူဆထားပါတယ်။ 

    တရုတ်နဲ့ နယ်မြေအငြင်းပွားမှုရှိပြီး အားပြိုင်နေတဲ့ အိန္ဒိယမှာလည်း ရှောင်မီကုမ္ပဏီကို နှိပ်ကွပ်မှုတွေ ရှိပါတယ်။ 

    နိုင်ငံခြားငွေလဲလှယ်မှု ဥပဒေတွေကို ချိုးဖောက်တယ်၊ အခွန်ရှောင်တယ်ဆိုတဲ့ စွဲချက်တွေနဲ့ အိန္ဒိယအစိုးရဟာ ရှောင်မီကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုတွေ ပိတ်သိမ်းတာ၊ သိမ်းဆည်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ 

    ရှောင်မီကုမ္ပဏီက သူတို့ရဲ့ အကြီးအကဲတွေကို အိန္ဒိယအာဏာပိုင်တွေက စစ်ဆေးမှုအတွင်း အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေ လုပ်ခဲ့တယ်လို့ ထုတ်ပြောထားပါတယ်။ 

    ရှောင်မီဟာ ကမ္ဘာ့ဖုန်းလုပ်ငန်းတွေထဲမှာ Apple နဲ့ Samsung ပြီးရင် တတိယအကြီးဆုံးဖြစ်ပြီး ကမ္ဘာ့စျေးကွက်ရဲ့ ၁၂ ဒဿမ ၅ ရာခိုင်နှုန်းကို ရရှိထားပါတယ်။ 

    Ref : Asia Times