News @ M-Media

Author: Ko Lay

  • အတောမသတ်သေးတဲ့ အစ္စရေးရဲ့ စစ်ရာဇ၀တ်မှုများ

    အတောမသတ်သေးတဲ့ အစ္စရေးရဲ့ စစ်ရာဇ၀တ်မှုများ

    ဖေဖော်၀ါရီ ၁၆၊ ၂၀၂၄

    M-Media 


    -ဂါဇာကမ်းမြှောင် ခန်ယူနစ်မြို့က Nasser ဆေးရုံကို သီတင်းပတ်ချီ ပိတ်ဆို့တိုက်ခိုက်နေတဲ့ အစ္စရေးဟာ မနေ့စတင်ပြီး ဆေးရုံထဲအထိ ၀င်ရောက်တိုက်ခိုက်မှုတွေ လုပ်ဆောင်လာပါတယ်။ 

    ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်ဟာ ဆေးရုံထဲမှာ အခြေစိုက်ထားတယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ 

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့ကစတင်ပြီး ဂါဇာမှာ ပြုလုပ်တဲ့ အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲမှာ အသတ်ခံရတဲ့ ပါလက်စတိုင်းပြည်သူ အရေအတွက်ဟာ ၂၈၆၆၃ ဦး ရှိလာပြီ ဖြစ်ပါတယ်။ 

    အစ္စရေးလက်ချက်ကြောင့် Nasser ဆေးရုံမှာ ဓာတ်အားနဲ့ အောက်ဆီဂျင်ပြတ်တောက်ပြီး သေဆုံးသွားသူ လူနာ ၃ ဦးအထိ ရှိလာပါပြီ။ 

    ပါလက်စတိုင်း ကျန်းမာရေးတာ၀န်ရှိသူတွေက အစ္စရေးရဲ့ ဒီလုပ်ရပ်ဟာ ဂါဇာမှာကျူးလွန်တဲ့ နောက်ထပ် ရာဇ၀တ်မှုတစ်ခုလို့ ၀ေဖန်ပြစ်တင်ခဲ့ပါတယ်။ 

    ဂါဇာမှာရှိတဲ့ ဆေးရုံအများစုဟာ အစ္စရေးရဲ့လက်ချက်ကြောင့် ပျက်ဆီးသွားပြီး အသုံးပြုလို့ မရတော့ပါဘူး။ 

    ဟားမက်စ်က ၀ေဖန်

    ဆေးရုံတွေမှာ အခြေစိုက်ထားတယ်ဆိုတဲ့ အစ္စရေးရဲ့ ပြောကြားမှုကို ဟားမက်စ်က ငြင်းဆိုပြီး နိုင်ငံတကာအဖွဲ့အစည်းတွေ လာရောက်ကြည့်ရှု စစ်ဆေးနိုင်တယ်လို့ ထုတ်ပြန်ပါတယ်။ 

    “ကျွန်တော်တို့ရဲ့ ပါလက်စတိုင်းတော်လှန်ရေးနဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ လူထု၊ ကျန်းမာရေးကဏ္ဍ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဘာမှမဆိုင်ဘူးဆိုတာ အကြိမ်ကြိမ် ပြောထားပြီးသား ဖြစ်ပါတယ်။ ဆေးရုံတွေကို လာရောက်စစ်ဆေးပြီး၊ အစ္စရေးရဲ့ အလိမ်အညာတွေကို ဖော်ထုတ်ဖို့ ကုလသမဂ္ဂနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို အရင်ကတည်းက ဖိတ်ခေါ်ထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ တောင်းဆိုချက်ဟာ လစ်လျူရှုမှုသာ ခံရပါတယ်” လို့ ဟားမက်စ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    Nasser ဆေးရုံမှာ ၀န်ထမ်း ၃၀၀၊ လူနာ ၄၅၀ နဲ့ စစ်ရှောင် တစ်သိန်းလောက် ရှိနေတာဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • ၄၅ နှစ်ပြည့်ပြီဖြစ်သည့် အီရန်က အစ္စလာမ့်မစ်တော်လှန်ရေး

    ၄၅ နှစ်ပြည့်ပြီဖြစ်သည့် အီရန်က အစ္စလာမ့်မစ်တော်လှန်ရေး

    ဖေဖော်၀ါရီ ၁၂၊ ၂၀၂၄

    M-Media 


    -အမေရိကန်ကျောထောက်နောက်ခံပြု အာဏာရှင် ရှားဘုရင်ကို ဖြုတ်ချနိုင်ခဲ့တဲ့ အစ္စလာမ့်မစ်တော်လှန်ရေး ၄၅ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို အီရန်မှာ ဖေဖော်၀ါရီ ၁၁ ရက်နေ့က ကျင်းပခဲ့ပါတယ်။ 

    နိုင်ငံတစ်၀ှမ်း ချီတက်လမ်းလျှောက်ပွဲတွေ လုပ်ခဲ့ပြီး မြို့တော် တီဟီရန်မှာ အီရန်စစ်တပ်က စစ်ရေးပြအခမ်းအနားတွေပါ လုပ်ဆောင်ခဲ့ပါတယ်။ 

    ပြည်ထွင်းထုတ် တိုက်ချင်းပစ်ဒုံးကျည်တွေ၊ ဂြိုဟ်တုတွေ၊ ဒရုန်းတွေကိုလည်း ထုတ်ပြခဲ့ပါတယ်။ 

    သမ္မတ အီဘရာဟင် ရိုင်စီရဲ့ မိန့်ခွန်းမှာတော့ ဇိုင်ယွန်၀ါဒကို ဒေသတွင်းကနေ မောင်းထုတ်ပစ်ရမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    စစ်ရေးပြအခမ်းအနားမှာ လေထီးသမားတစ်ယောက်က ပါလက်စတိုင်းအလံကို လွှင့်ထူပြီး အလှပြခုန်ဆင်းတဲ့ ပြကွက်လည်း ပါ၀င်ပါတယ်။ 

    အမေရိကန်ကျောထောက်နောက်ခံပြု အာဏာရှင် ရှားဘုရင်ကို ဖြုတ်ချတဲ့ အီရန်လူထုရဲ့ အစ္စလာမ့်မစ်တော်လှန်ရေးမှာ လူရာချီ သတ်ဖြတ်ခံခဲ့ရပါတယ်။ 

    ၁၉၇၈ ခုနှစ် ဇန်န၀ါရီ ၇ ရက်နေ့ စတင်တဲ့ အာဏာရှင်ဖြုတ်ချရေး လှုပ်ရှားမှုဟာ၊ ရှားဘုရင် တိုင်းပြည်က ထွက်ပြေးသွားတဲ့ ၁၉၇၉ ခုနှစ် ဇန်န၀ါရီ ၁၆ ရက်နေ့မှာ အဆုံးသတ်သွားခဲ့ပါတယ်။ 

    အီရန်စစ်တပ်ဟာ အစောပိုင်းမှာ ရှားဘုရင်ဘက်က ရပ်တည်ကာ ကြားဖြတ် အာဏာရယူခဲ့ပေမယ့် နောက်ပိုင်းမှာ ကြားနေဖြစ် ရှိခဲ့ပြီး၊ အစ္စလာမ့်မစ် တော်လှန်ရေးကို လက်ခံခဲ့ပါတယ်။  

    အီရန် ဘာသာရေးခေါင်းဆောင် အယာတိုလာ ရူဟွလ္လာဟ် ခိုမေနီက ဒီတော်လှန်ရေးကို ဦးဆောင်ခဲ့ပါတယ်။ 

    Ref: Aljazeera 

  • ဘုရင်၊ စစ်တပ်တို့နှင့်ညှိပြီး ထောင်ဒဏ်မှ လွတ်မြောက်တော့မည့် ထိုင်း၀န်ကြီးချုပ်ဟောင်း

    ဘုရင်၊ စစ်တပ်တို့နှင့်ညှိပြီး ထောင်ဒဏ်မှ လွတ်မြောက်တော့မည့် ထိုင်း၀န်ကြီးချုပ်ဟောင်း

    ဖေဖော်၀ါရီ ၁၃၊ ၂၀၂၄

    M-Media 


    -ပြည်တော်ပြန်ပြီး ထောင်ဒဏ်ကျခံနေရတဲ့ ထိုင်း၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာ၀ပ်ထရာဟာ ခံ၀န်နဲ့ လွတ်မြောက်မယ့်စာရင်းမှာ ပါ၀င်လာပါတယ်။

    ၂၀၀၆ ခုနှစ် စစ်အာဏာသိမ်းခံရမှုအပြီး နိုင်ငံခြားမှာ ခိုလှုံနေရတဲ့ သက်ဆင်ဟာ ပြီးခဲ့တဲ့နှစ်ကမှ ထိုင်းနိုင်ငံကို ပြန်ရောက်လာခဲ့တာပါ။ 

    အာဏာသိမ်းအစိုးရက စွဲချက်ပေါင်းများစွာနဲ့ သက်ဆင်ကို ထောင်ဒဏ် ၈ နှစ် ချမှတ်ထားပြီး ဘုရင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြည်တော်ပြန်ချိန်မှာ ထောင်ဒဏ်တစ်နှစ်သာ ကျခံရပါတယ်။

    အသက် ၇၄ နှစ်အရွယ် သက်ဆင်ဟာ ထောင်ထဲမှာ မနေခဲ့ရပါဘူး။ ကျန်းမာရေးမကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဆေးရုံမှာ အစောင့်အရှောက်နဲ့ နေရတာဖြစ်ပါတယ်။ 

    သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးမကောင်းသူတွေကို ခံ၀န်နဲ့ လွှတ်ပေးဖို့ ဖေဖော်၀ါရီ ၁၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ အကျဥ်းသား ၉၃၀ စာရင်းမှာ သက်ဆင် ပါ၀င်လာခဲ့ပါတယ်။ ထိုင်းအကျဥ်းထောင် လုပ်ထုံးလုပ်နည်းတွေအရ သက်ဆင်ဟာ ဖေဖော်၀ါရီ ၁၈ ရက်နေ့ နောက်ပိုင်း လွတ်မြောက်လာမှာပါ။ 

    ဒါပေမယ့် ၂၀၁၅ ခုနှစ်က အင်တာဗျူးတစ်ခုမှာ ဘုရင်ကို စော်ကားပြောဆိုတယ်ဆိုတဲ့ အမှုနဲ့ ဖမ်းဆီးတရားစွဲဆိုခံရနိုင်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။ 

    သက်ဆင်မိသားစုရဲ့ Pheu Thai ပါတီဟာ ထိုင်းနိုင်ငံရေးမှာ ဆယ်စုနှစ်ပေါင်းများစွာ လွှမ်းမိုးလာခဲ့တာပါ။

    ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာ သက်ဆင်ရဲ့ သမီးဖြစ်သူ ပေတွန်တန် ရှင်နာ၀ပ်ထရာ ဦးဆောင်တဲ့ Pheu Thai က ဒုတိယမဲအများဆုံး ရခဲ့ပြီး စစ်တပ်ကြီးစိုးတဲ့ အထက်လွှတ်တော်ရဲ့ ထောက်ခံမှုနဲ့ အစိုးရသစ်ကို ဦးဆောင် ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ 

    သက်ဆင်ပြည်တော်ပြန်ရေးနဲ့ ပြစ်ဒဏ်လျှော့ပေါ့တာတွေဟာ Pheu Thai ပါတီခေါင်းဆောင်တွေနဲ့ စစ်တပ်၊ ဘုရင်တို့အကြား ကန့်လန့်ကာနောက်ကွယ်က ဆွေးနွေးမှုရလဒ် ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

    Ref: CNA 

  • အစ္စရေးကို ရှုတ်ချရုံသာ တတ်နိုင်သည့် အာရပ်လိဂ်

    အစ္စရေးကို ရှုတ်ချရုံသာ တတ်နိုင်သည့် အာရပ်လိဂ်

    ဖေဖော်၀ါရီ ၁၃၊ ၂၀၂၄

    M-Media 


    (ဓာတ်ပုံ – အာရပ်လိဂ်အကြီးအကဲ အဟ်မဒ် အဘူလ် ဂစ်)

    -ပါလက်စတိုင်းတွေကို အကြမ်းဖက်သတ်ဖြတ် မောင်းထုတ်ပြီး နယ်မြေလုတဲ့ အစ္စရေးကို အာရပ်လိဂ်အကြီးအကဲက အဟ်မဒ် အဘူလ် ဂစ်က ရှုတ်ချ ပြောဆိုလိုက်ပါတယ်။ 

    အနာဂတ် ပါလက်စတိုင်းနိုင်ငံအဖြစ် ပါလက်စတိုင်းတွေ သတ်မှတ်ထားတဲ့ နယ်မြေတွေကို အစ္စရေးစစ်တပ်က သိမ်းပိုက်ဖို့ ကြိုးစားနေတယ်လို့ အဘူလ်ဂစ်က ဒူဘိုင်းမှာ ပြုလုပ်တဲ့ ကမ္ဘာ့အစိုးရများ အစည်းအ၀ေးမှာ ပြောပါတယ်။ 

    ဂါဇာကမ်းမြှောင်နဲ့ အနောက်ဖက်ကမ်းက နယ်မြေတွေကို အစ္စရေးက သိမ်းပိုက်တာ၊ ပါလက်စတိုင်းတွေကို မောင်းထုတ်တာတွေနဲ့ ပတ်သက်ပြီးလည်း သူက သတိပေးပါတယ်။ 

    “ဒီမူ၀ါဒတွေကို ရပ်တန့်ရေး အမေရိကန်က အမိန့်ပေးဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ရင် အရှေ့အလယ်ပိုင်းဟာ မကြုံစဖူးအနေအထားနဲ့ ပေါက်ကွဲထွက်လာပါလိမ့်မယ်” 

    ပါလက်စတိုင်းပိုင်နက်တွေက တရားမ၀င် အခြေချအိမ်ယာတွေကို ရှင်းလင်းဖို့လည်း အဘူလ်ဂစ်က အစ္စရေးကို တိုက်တွန်းပြောဆိုခဲ့ပါတယ်။ 

    ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့ ဂါဇာမှာစတင်တဲ့ အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲအတွင်း အသတ်ခံရသူ အရေအတွက်ဟာ ၂၈၀၀၀ ကျော်လာခဲ့ပြီ၊ ကမ်းမြှောင်တစ်ခုလုံးက အဆောက်အဦးတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်လည်း ဖျက်ဆီးခံထားရပါတယ်။ 

    Ref: Aljazeera 

  • ပါလက်စတိုင်း ၁ ဒဿမ ၄ သန်းရှိသည့် ရာဖာမြို့ကို ၀င်ရောက်တိုက်ခိုက်ရန် အစ္စရေးက စီစဥ်နေ

    ပါလက်စတိုင်း ၁ ဒဿမ ၄ သန်းရှိသည့် ရာဖာမြို့ကို ၀င်ရောက်တိုက်ခိုက်ရန် အစ္စရေးက စီစဥ်နေ

    ဖေဖော်၀ါရီ ၁၀၊ ၂၀၂၄

    M-Media


    -ဂါဇာကမ်းမြှောင်က ပါလက်စတိုင်းပြည်သူ ၆၀ ရာခိုင်နှုန်းလောက် ခိုလှုံနေရတဲ့ ရာဖာမြို့ကို အစ္စရေးက မြေပြင်တပ်တွေနဲ့ ၀င်ရောက်တိုက်ခိုက် သတ်ဖြတ်ဖို့ စီစဥ်နေပါတယ်။ 

    ရာဖာဟာ ဂါဇာကမ်းမြှောင် တောင်ဘက်အစွန်ဆုံးက မြို့ဖြစ်ပါတယ်။ ဂါဇာမြောက်ပိုင်းမှာ ဟားမက်စ်အဖွဲ့ကို ရှင်းလင်းဖို့ လိုတယ်ဆိုပြီး ရွှေ့ပြောင်းခိုင်းတာကြောင့် ကမ်းမြှောင်တစ်ခုလုံးက ၂ ဒဿမ ၂ သန်းသော ပါလက်စတိုင်းပြည်သူတွေဟာ တောင်ပိုင်းမှာ လာစုနေကြရတာပါ။

    ဒီလို လူစုမိတဲ့အချိန် အစ္စရေးက တောင်ပိုင်းမှာလည်း တိုက်ခိုက်မှုတွေ ပြုလုပ်လာတာကြောင့် ဂါဇာပြည်သူတွေဟာ တောင်ပိုင်း အစွန်ဆုံး ရာဖာမြို့ကို ထွက်ပြေးခဲ့ရပြီး လက်ရှိ ရာဖာမှာ ၁ ဒဿမ ၄ သန်း ရှိနေပါတယ်။ 

    လူနေအိမ်တွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေနဲ့ ဒုက္ခသည်စခန်းတွေအပါအ၀င် ရာဖာက အဆောက်အဦးကို အစ္စရေးက ဗုံးကြဲဖျက်ဆီးနေပြီး မြေပြင်တပ်တွေပါ ၀င်ရောက် တိုက်ခိုက်သတ်ဖြတ်ဖို့အထိ စီစဥ်နေတာပါ။ 

    ကုလနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက အစ္စရေးရဲ့ ဒီအစီအစဥ်ကို ပြင်းပြင်းထန်ထန် သတိပေးပြောဆိုနေပါတယ်။ 

    ဆော်ဒီအာရေဗျ နိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ရာဖာကို အစ္စရေးက တိုက်ခိုက်မှုကြောင့် အလွန်အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲရလဒ်မျိုးတွေ ဖြစ်လာလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ 

    အစ္စရေး ပါလက်စတိုင်းတွေကို နေရပ်က မောင်းထုတ်မှုတွေ၊ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်သတ်ဖြတ်မှုတွေကို ရှုတ်ချကြောင်း၊ ကုလ လုံခြုံရေးကောင်စီအနေနဲ့ အထူးအစည်းအ၀ေးခေါ်ကာ အစ္စရေးကို တားဆီးဖို့ လိုအပ်နေကြောင်း ဆော်ဒီအာရေဗျရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။ 

    အစ္စရေးကို အစဥ်တစ်စိုက် ထောက်ခံလာတဲ့ ဂျာမနီကလည်း ရာဖာကိစ္စအတွက် သတိပေးချက် ထုတ်ပြန်ပါတယ်။ 

    “ရာဖာမှာ အကူအညီတွေ လိုအပ်နေတာဟာ မယုံကြည်နိုင်လောက်စရာပါပဲ။ တိုက်ခိုက်မှုတွေကြောင့် ၁ ဒဿမ ၃ သန်းသော ပြည်သူတွေဟာ ဒီနေရာကျဥ်းကျဥ်းလေးမှာ လာခိုလှုံနေရတယ်။ အစ္စရေးစစ်တပ်က ရာဖာမှာ ထိုးစစ်ဆင်မှုလုပ်ရင် အလွန်ဆိုးရွားတဲ့ဒုက္ခတွေ ဖြစ်လာပါလိမ့်မယ်။ ဂါဇာပြည်သူတွေက ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး” လို့ ဂျာမန်နိုင်ငံခြားရေး၀န်ကြီး အန်နာလီနာ ဘာဘော့က ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။  

    Ref: Aljazeera