News @ M-Media

Author: Ko Lay

  • ၆ နှစ်အရွယ် လူနာသမီးငယ်နှင့် ဆေးအဖွဲ့ကိုပါ သတ်ဖြတ်ခဲ့သည့် အစ္စရေး

    ၆ နှစ်အရွယ် လူနာသမီးငယ်နှင့် ဆေးအဖွဲ့ကိုပါ သတ်ဖြတ်ခဲ့သည့် အစ္စရေး

    ဖေဖော်၀ါရီ ၁၀၊ ၂၀၂၄

    M-Media 


    (ဓာတ်ပုံ – အသတ်ခံလိုက်ရသည့် သမီးငယ် ရာဂျဘ်နှင့် ကျန်းမာရေး၀န်ထမ်းနှစ်ဦး)

    -ဂါဇာကမ်းမြှောင်မှာ အသက် ၆ နှစ်အရွယ် လူနာ သမီးငယ်တစ်ဦးနဲ့ လခြမ်းနီအဖွဲ့၀င် ၂ ဦးကို အစ္စရေးက အကြမ်းဖက် သတ်ဖြတ်ခဲ့တဲ့ စက်ဆုပ်ဖွယ်လုပ်ရပ်တစ်ခု ပေါ်ထွက်လာပါတယ်။ 

    ဂါဇာစီးတီးမြို့မှာ လွန်ခဲ့တဲ့ ၁၂ ရက်က ဖြစ်ပွားခဲ့တာပါ။ အသက် ၆ နှစ်အရွယ် ဟင်ဒ် ရာဂျဘ်နဲ့ မိသားစု ၅ ဦး စီးနင်းလိုက်ပါလာတဲ့ ကားဟာ အစ္စရေးရဲ့ ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။ 

    မိသားစု ၅ ဦးစလုံး နေရာမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ရာဂျဘ်တစ်ယောက်သာ ဒဏ်ရာတွေနဲ့ အသက်ရှင်ကျန်ရစ်ပါတယ်။ ရာဂျဘ်လေးဟာ ဖုန်းနဲ့ ပါလက်စတိုင်း လခြမ်းနီအဖွဲ့ကို အကူအညီတောင်းခဲ့တာကြောင့် ကျန်းမာရေး၀န်ထမ်းနှစ်ဦးပါ၀င်တဲ့ လူနာတင်ယာဥ်တစ်စီးကို လခြမ်းနီအဖွဲ့က စေလွှတ်ခဲ့ပါတယ်။

    အဲဒီလို စေလွှတ်ရာမှာ အန္တရာယ်ကင်းဖို့အတွက် အစ္စရေးစစ်တပ်ကို ကြိုတင်အကြောင်းကြား ခွင့်ပြုချက် ယူခဲ့ပါတယ်။ အခင်းဖြစ်ရာနေရာကို လူနာတင်ကား သွားနေစဥ်မှာ အဆက်အသွယ် ပြတ်တောက်သွားခဲ့တယ်လို့ ပါလက်စတိုင်း လခြမ်းနီအဖွဲ့က ထုတ်ပြန်ပါတယ်။

    အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် နောက်ထပ် ၁၂ ရက်အကြာ ဖေဖော်၀ါရီ ၁၀ ရက်နေ့မှ အခင်းဖြစ်ရာနေရာကို သွားရောက်နိုင်ခဲ့ပြီး ကျန်းမာရေး၀န်ထမ်းနှစ်ဦးဖြစ်တဲ့ ယူစွတ်ဖ် ဇီနိုနဲ့ အဟ်မဒ် အလ်-မဒ်ဟွန်တို့ လိုက်ပါသွားတဲ့ကားဟာ ဒုံးကျည်နဲ့အပစ်ခံရကာ တစ်စစီ ပျက်ဆီးနေတာကို တွေ့ရပြီး သူတို့နှစ်ယောက်လည်း သေဆုံးသွားပါတယ်။

    ပျက်ဆီးနေတဲ့ လူနာတင်ယာဥ်နဲ့ မီတာအနည်းငယ်အကွာမှာ ဒုံးကျည်နဲ့ တိုက်ခိုက်ခံထားရတဲ့ ကားအတွင်း သမီးငယ် ရာဂျဘ်နဲ့ မိသားစု၀င်တွေရဲ့ အလောင်းကို တွေ့ရှိခဲ့ရပါတယ်။

    “ရာဂျဘ်ကို ကယ်တင်ဖို့အတွက် ခွင့်ပြုချက်တောင်းပြီး လူနာတင်ယာဥ် လွှတ်လိုက်တာကိုတောင် ကျူးကျော်သူတွေဟာ တင်မင် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်” လို့ ပါလက်စတိုင်း လခြမ်းနီအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့ စတင်ခဲ့တဲ့ ဂါဇာက အစ္စရေးရဲ့ လူသတ်ပွဲအတွင်း အသတ်ခံရသူ ပါလက်စတိုင်းအရေအတွက်ဟာ ၂၈၀၀၀ ကျော်လာပြီဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • ဂါဇာသို့ အကူအညီများ မရောက်စေရန် ဂျူးအခြေချ နေထိုင်သူများက ပိတ်ဆို့ထား

    ဂါဇာသို့ အကူအညီများ မရောက်စေရန် ဂျူးအခြေချ နေထိုင်သူများက ပိတ်ဆို့ထား

    ဖေဖော်၀ါရီ ၉၊ ၂၀၂၄

    M-Media 


    -ပါလက်စတိုင်းတွေကို ပေးအပ်မယ့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ မ၀င်ရောက်နိုင်ဖို့အတွက် ဂျူးအခြေချ နေထိုင်သူတွေက ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။ 

    အီဂျစ်ကနေ အစ္စရေးဖက်ကို ၀င်လာမယ့် အကူအညီပေးရေး ထရပ်ကားတွေကို တားဆီးထားတာဖြစ်ပါတယ်။ 

    နိုင်ငံတကာက ပါလက်စတိုင်းတွေကို ပေးအပ်တဲ့ အကူအညီတွေကို အစ္စရေးက ကြားဖြတ်ဟန့်တား စစ်ဆေးပြီးမှ ဂါဇာထဲကို ၀င်ရောက်ခွင့်ပေးတာဖြစ်ပါတယ်။ 

    ထရပ်ကားတွေရှေ့ ပိတ်ဆို့ထားတဲ့ ဂျူးအခြေချ နေထိုင်သူတွေဟာ ကုလရဲ့ ပါလက်စတိုင်းအကူအညီပေးရေးအဖွဲ့ UNRWA ကို ရန်ပုံငွေ ဖြတ်တောက်ဖို့လည်း ကျွေးကျော်ခဲ့ကြပါတယ်။ 

    ပါလက်စတိုင်းပိုင်နက်က အစ္စရေးရဲ့ တရားမ၀င်အိမ်ယာတွေမှာ နေထိုင်တဲ့ ဂျူးအခြေချနေထိုင်သူတွေဟာ ဂါဇာကို သွားမယ့် အကူအညီပေးရေး ယာဥ်တန်းတွေကို ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်ကစပြီး ပိတ်ဆို့တားဆီးမှုတွေ တောက်လျှောက်ပြုလုပ်လာပါတယ်။ 

    Ref: Aljazeera

  • အီရန်နိုင်ငံခြားရေး၀န်ကြီး ပါလက်စတိုင်း လွတ်မြောက်ရေးခေါင်းဆောင်များနှင့် တွေ့ဆုံမည်

    အီရန်နိုင်ငံခြားရေး၀န်ကြီး ပါလက်စတိုင်း လွတ်မြောက်ရေးခေါင်းဆောင်များနှင့် တွေ့ဆုံမည်

    ဖေဖော်၀ါရီ ၉၊ ၂၀၂၄

    M-Media 


    (ဓာတ်ပုံ – အီရန်နိုင်ငံခြားရေး၀န်ကြီးနှင့် ဟစ်ဇ်ဘိုလာခေါင်းဆောင်တို့ ယခင်က တွေ့ဆုံခဲ့မှု)

    -အီရန်နိုင်ငံခြားရေး၀န်ကြီး ဟိုစိန် အမီရဘ် အဘ်ဒိုလာဟင်ဟာ လက်ဘနွန်နိုင်ငံကို ဖေဖော်၀ါရီ ၉ ရက်နေ့မှာ ထွက်ခွာသွားခဲ့ပြီး ဒေသတွင်း လွတ်မြောက်ရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။ 

    အဓိကအားဖြင့် ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ ဟားမက်စ် ခေါင်းဆောင်ပိုင်း၊ လက်ဘနွန်က ဟစ်ဇ်ဘိုလာအဖွဲ့ ခေါင်းဆောင်ပိုင်တွေနဲ့ တွေ့ဆုံကာ အစ္စရေးရဲ့ နယ်မြေ ကျူးကျော် သိမ်းပိုက်မှုတွေ၊ အကြမ်းဖက် သတ်ဖြတ်မှုတွေကို တုန့်ပြန်ရေး ဆွေးနွေးမှာ ဖြစ်ပါတယ်။ 

    နို၀င်ဘာလတုန်းကလည်း အလားတူဆွေးနွေးပွဲမျိုး လုပ်ဆောင်ခဲ့ပြီး အစ္စရေးရဲ့ အကြမ်းဖက်မှုတွေ မရပ်တန့်ရင် တင်းမာမှုတွေ ပိုမို ကျယ်ပြန့်လာလိမ့်မယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။ 

    အီရန်ဟာ ဟစ်ဇ်ဘိုလာကို ကျောထောက်နောက်ခံပေးထားပြီး၊ ပါလက်စတိုင်းလွတ်မြောက်ရေးအတွက်လည်း ပြတ်ပြတ်သားသား ထောက်ခံကူညီနေတဲ့နိုင်ငံ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • ဆေးရုံအတွင်းမှ လူများကို ပစ်မှတ်ထား သတ်ဖြတ်နေတဲ့ အစ္စရေး

    ဆေးရုံအတွင်းမှ လူများကို ပစ်မှတ်ထား သတ်ဖြတ်နေတဲ့ အစ္စရေး

    ဖေဖော်၀ါရီ ၉၊ ၂၀၂၄

    M-Media 


    (ဓာတ်ပုံ – အစ္စရေးက အကြမ်းဖက်သတ်ဖြတ်ထားသည့် ပါလက်စတိုင်းတို့၏ အလောင်းများ) 

    -ဂါဇာကမ်းမြှောင်တောင်ပိုင်း ခန်ယူနစ်မြို့က Nasser ဆေးရုံကို အစ္စရေးတပ်တွေက ၀န်းရံ တိုက်ခိုက်နေပြီး အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၁၇ ဦး အသတ်ခံထားရတယ်လို့ သိရပါတယ်။ 

    အစ္စရေးစနိုက်ပါတွေဟာ ဆေးရုံအတွင်း လှုပ်ရှားမှုမှန်သမျှကို ပစ်ခတ်သတ်ဖြတ်နေတာဖြစ်ပါတယ်။ 

    ဆက်သွယ်ရေး ဖြတ်တောက်ခံထားရတဲ့အတွက် ဆေးရုံ အမိုးပေါ်တက်ပြီး အင်တာနက်လိုင်း၊ ဖုန်းလိုင်း ရှာဖွေတဲ့ ပါလက်စတိုင်း ပြည်သူတွေကိုလည်း အစ္စရေးက ဒရုန်းတွေနဲ့ တိုက်ခိုက်သတ်ဖြတ်ပါတယ်။ 

    အစ္စရေးဟာ ဂါဇာက ဆေးရုံမှန်သမျှကို တိုက်ခိုက်ဖျက်ဆီးနေပြီး နိုင်ငံတကာဥပဒေအရ စစ်ရာဇ၀တ်မှုမြောက်တဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။ 

    အောက်တိုဘာ ၇ ရက်နေ့ကတည်းက ဂါဇာမှာ စတင်တဲ့ အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲအတွင်း အသတ်ခံရသူ ပါလက်စတိုင်းအရေအတွက်ဟာ ၂၈၀၀၀ နီးပါး ရှိလာပါပြီ။ 

    Ref: Aljazeera

  • ပါလက်စတိုင်း စာနယ်ဇင်းကဏ္ဍ သင်းသတ်ခံလိုက်ရပြီ

    ပါလက်စတိုင်း စာနယ်ဇင်းကဏ္ဍ သင်းသတ်ခံလိုက်ရပြီ

    ဖေဖော်၀ါရီ ၈၊ ၂၀၂၄

    M-Media 

    (ဓာတ်ပုံ – ပါလက်စတိုင်း ဂျာနယ်လစ်တစ်ဦး၏ စျာပန)

    -အစ္စရေးက ဂါဇာမှာ ဂျာနယ်လစ်တွေကို ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်နေမှုဟာ စက်ဆုပ်ဖွယ်ရာကောင်းတယ်လို့ နယ်စည်းမခြား ဂျာနယ်လစ်များအဖွဲ့ RSF က ရှုတ်ချ ပြောဆိုလိုက်ပါတယ်။ 

    အောက်တိုဘာ ၇ ရက်နေ့က ဂါဇာမှာ စတင်တဲ့ အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲအတွင်း ဂျာနယ်လစ် ၈၄ ယောက်ကျော် သတ်ဖြတ်ခံထားရပြီး အဲဒီအထဲက ၂၀ ဟာ တာ၀န်ထမ်းဆောင်နေတဲ့အချိန် အသတ်ခံလိုက်ရတာလို့ RSF က ပြောပါတယ်။ 

    အစ္စရေးဟာ ပါလက်စတိုင်း စာနယ်ဇင်းကဏ္ဍကို အမြစ်ဖြတ် သင်းသတ်နေတာလို့လည်း RSF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    ပါလက်စတိုင်း ကျန်းမာရေးဌာန သတင်းရင်းမြစ်တွေအရ ဂါဇာမှာ ပြီးခဲ့တဲ့ ၄ လအတွင်း အသတ်ခံရတဲ့ ဂျာနယ်လစ်ဟာ အရေအတွက်ဟာ အနည်းဆုံး ၁၂၃ ဦး ရှိပါပြီ။ 

    အစ္စရေးရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC ကို ၂ ကြိမ်တိုင်တိုင် တိုင်ကြားထားပြီး၊ ကမ္ဘာ့နိုင်ငံတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဒီလုပ်ရပ်တွေ ရပ်တန့်ဖို့ တိုက်တွန်းနေတဲ့အချိန် မိမိတို့ကလည်း ဂျာနာလစ်တွေကို ကာကွယ်ရေး ၂၀၁၅ ခုနှစ်က ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အမှတ် ၂၂၂၂ ကို ချက်ခြင်း အကောင်အထည်ဖော်ဖို့ ကုလ လုံခြုံရေးကောင်စီကို တိုက်တွန်းကြောင်း RSF က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

     Ref: Aljazeera