News @ M-Media

Author: Ko Lay

  • စစ်တပ်ကို နိုင်ငံရေးတွင် အသုံးချခွင့်မပြုဟု ကန်စစ်တပ်တာဝန်ရှိသူများ ပြော

    စစ်တပ်ကို နိုင်ငံရေးတွင် အသုံးချခွင့်မပြုဟု ကန်စစ်တပ်တာဝန်ရှိသူများ ပြော

    ဇွန် ၄၊ ၂၀၂၀
    M-Media

    ​- နိုင်ငံတစ်ဝှမ်းဖြစ်နေတဲ့ ဆန္ဒပြမှုတွေကို နှိမ်နှင်းရေး စစ်တပ်ကိုသုံးဖို့ အိမ်ဖြူတော်က စီစဉ်နေတာကို မထောက်ခံဘူးလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး မာ့ခ် အက်စ်ပါက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် မင်နီယာပိုလစ်မြို့မှာ အသက် ၄၉ နှစ်အရွယ် လူမည်းအမျိုးသား ဂျော့ဖလွိုက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ်​ သေဆုံးခဲ့မှုနောက်ဆက်တွဲ နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေဟာ တစ်ရက်ထက်တစ်ရက် ပိုမို ဆိုးရွားလာခဲ့တာ ဖြစ်ပါတယ်။

    ဒီမတည်ငြိမ်မှုကို ဖြေရှင်းရေး စစ်တပ်ကို အသုံးချမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ လူသိရှင်ကြား ပြောကြားခဲ့ပြီး၊ ဒီအတွက် Insurrection Act ဥပေဒကို အသက်သွင်းဖို့လည်း အိမ်ဖြူတော်တာဝန်ရှိသူတွေက ဆွေးနွေးနေကြပါတယ်။ မြို့တော်ဝါရှင်တန်အပြင်ဘက်က စစ်စခန်းမှာ လေတပ်က စစ်သားအချို့ကို ချထားမှုလည်း ရှိခဲ့ပါတယ်။

    မနေ့က ကာကွယ်ရေးဝန်ကြီးဌာနမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး မာ့ခ်အက်စပါက ဆန္ဒပြမှုတွေကို တိုက်ပွဲဖြစ်နေတဲ့အသွင် ပြောဆိုတာမျိုးကို မနှစ်မြို့​ကြောင်း၊ အလွန်အရေးကြီးပြီး ဆိုးရွားလွန်းတဲ့ အခြေအနေရောက်မှသာ စစ်တပ်ကို ဥပဒေစိုးမိုးရေးအတွက် သုံးသင့်ပြီး လက်ရှိအခြေအနေဟာ ထိုအနေအထားမျိုးမဟုတ်ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    ဂျော့ဖလွိုက်သေဆုံးမှုမှာ ရဲတပ်ဖွဲ့ဝင်တွေတဲ့ဆောင်ရွက်ချက်ကိုလည်း အက်စပါက ရှုတ်ချခဲ့ပြီး ‘လူသတ်မှု’ ‘ဆိုးရွားတဲ့ ရာဇဝတ်မှု’ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက အမည်မဖော်လိုသူ တစ်ဦးကလည်း ရှေ့ဆက်ပြီး စစ်တပ်ရဲ့အခြေအနေ ကောင်းမှာမဟုတ်ဘူးဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာကာ နိုင်ငံရေးမှာ စစ်တပ်ကိုအသုံးပြုတာဟာ မှန်ကန်တဲ့ လုပ်ရပ်မျိုး မဟုတ်ဘူးလို့ Politico သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    နယ်စပ်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတွေမှာ ထရမ့်အစိုးရက စစ်တပ်ကို အသုံးပြုဖို့ ကြိုးစားလာတာကို အမေရိကန် စစ်တပ်အသိုင်းအဝိုင်းက နှစ်မြို့မှုမရှိဘူးဆိုတဲ့ သတင်းတွေ အရင်ကလည်း ထွက်ဖူးပါတယ်။ အခုဆန္ဒပြမှုကိစ္စမှာ ဒီဝေဖန်မှုတွေဟာ ပိုမိုကျယ်လောင်လာခဲ့ပါတယ်။

    သမ္မတ အိုဘားမားလက်ထက်မှာ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ရဲ့ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ဖူးပြီး အမေရိကန်စစ်ဖက်အသိုင်းအဝိုင်းမှာ လေးစားခံရတဲ့ ရေတပ်အကြီးအကဲဟောင်း မိုက်မူလန်က ထရမ့်အစိုးရနဲ့ပတ်သက်ပြီး အရင်က ဝေဖန်ပြောကြားလိုမှု မရှိခဲ့ပေမယ့် အခုအချိန်ကတော့ မပြောမဖြစ် ပြောရမယ့်အချိန် ဖြစ်တယ်လို့ The Atlantic မဂ္ဂဇင်းက ဆောင်းပါးတစ်ပုဒ်မှာ ထည့်သွင်းရေးသားခဲ့ပါတယ်။

    ကာကွယ်ရေးဝန်ကြီးဟောင်း ဂျင်မာတစ်ကလည်း သူ့ရဲ့သက်တမ်းတစ်လျှောက်မှာ အမေရိကန်ပြည်သူတွေကို စည်းလုံးအောင်မလုပ်နိုင်တဲ့ သမ္မတအဖြစ် ထရမ့်ကို ပထမဆုံးတွေ့ဖူးတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ဂျော့ဖလွိုက်သေဆုံးမှုမှာ လူသတ်မှုဟု အလောင်းခွဲစိပ်စစ်ဆေးသူများ သတ်မှတ်

    ဂျော့ဖလွိုက်သေဆုံးမှုမှာ လူသတ်မှုဟု အလောင်းခွဲစိပ်စစ်ဆေးသူများ သတ်မှတ်

    ဇွန် ၃၊ ၂၀၂၀
    M-Media

    -လူမည်းအမျိုးသား ဂျော့ဖလွိုက် ရဲလက်မှာသေဆုံးမှုဟာ လူသတ်မှုဖြစ်တယ်လို့ အစိုးရနဲ့ ပုဂ္ဂလိက အလောင်းခွဲစိပ်စစ်ဆေးသူတွေက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်မှာ ဖြစ်ပွားခဲ့တဲ့ မင်နီဆိုတာပြည်နယ် မင်နီယာပိုလစ်မြို့က ဒီအဖြစ်အပျက်ကြောင့် အမေရိကန်နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေ အကြီးအကျယ်ဖြစ်ပေါ်နေပြီး တာဝန်ရှိတဲ့ရဲတွေကို အရေးယူပေးဖို့၊ ရဲတပ်ဖွဲ့ဝင်တွေကြားမှာ ရှိနေတဲ့ လူမျိုးရေးခွဲခြားတဲ့စိတ်ဓာတ်ကို ပပျောက်အောင် လုပ်ပေးဖို့ ပြည်သူတွေက တောင်းဆိုနေကြပါတယ်။

    အသက် ၄၆ နှစ်အရွယ် ဖလွိုက်ကို လိမ်လည်မှုသံသယနဲ့ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးစဉ်မှာ ရဲတပ်ဝင် ၃ ဦးက ဖလွိုက်မထနိုင်အောင် အပေါ်ကနေ တက်ဖိခဲ့ကြတာပါ။ ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ ဒူးခေါင်းဟာ လည်ပင်းကို ထောက်ထားပြီး ‘အသက်ရှုလို့မရတော့ဘူး’ လို့ အော်နေတဲ့ ဖလွိုက် လုံး၀ လှုပ်ရှားမှု မရှိတော့တဲ့အချိန်အထိ ဒူးကို ကြွပေးခြင်း မရှိခဲ့ပါဘူး။

    အခင်းဖြစ်ပွားရာဒေသရဲ့ အလောင်းခွဲစိပ်စစ်ဆေးသူက ရဲတပ်ဖွဲ့ဝင်က လည်ပင်းကို ဒူးနဲ့ထောက်ထားမှု၊ မကြာသေးခင်ကာလအတွင်း မူးယစ်ဆေးသုံးစွဲခဲ့မှု၊ ​သွေးတိုးရောဂါ၊ နှလုံးသွေးကြောရောဂါ စတဲ့အချက်တွေကြောင့် အသက်ရှုကြပ် သေဆုံးခဲ့တာဖြစ်တယ်လို့ တနင်္လာနေ့က ကနဦးထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

    ပုဂ္ဂလိက အလောင်းခွဲစိပ်စစ်ဆေးသူ ဆရာဝန်နှစ်ဦးကတော့ ဖလွိုက်ဟာ မသေဆုံးခင်က မူးယစ်ဆေးသုံးစွဲထားတယ်၊ နာတာရှည်ရောဂါတွေရှိတယ်ဆိုတဲ့ အချက်ကို ငြင်းဆိုခဲ့ပြီး၊ ပြင်ပကသက်ရောက်မှုကြောင့် အသက်ရှုကြပ်သေဆုံးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    အစိုးရနဲ့ ပုဂ္ဂလိက အလောင်းခွဲစိပ်စစ်ဆေးမှု ၂ ခုစလုံးက ဂျော့ ဖလွိုက်သေဆုံးမှုဟာ လူသတ်မှုဖြစ်တယ်လို့ တစ်ညီတစ်ညွတ်တည်း အတည်ပြုခဲ့ပါတယ်။

    ဖလွိုက်ရဲ့လည်ပင်ကို ဒူးနဲ့ထောက်ထားတဲ့ရဲကို တရားစွဲဆိုထားတဲ့ မှတ်တမ်းမှာတော့ ဖလွိုက်သေဆုံးမှုဟာ လည်ပင်းညှစ်ခံရတာကြောင့်မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။ နောက်ဆုံး ဆေးစစ်ချက်အဖြေကို လာမယ့် တနင်္လာနေ့မှာ ထုတ်ပြန်မှာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ယခုနှစ် ဟဂျ်ဘုရားဖူးခရီးစဉ်ကို ဖျက်သိမ်းဟု အင်ဒိုနီးရှား ကြေငြာ

    ယခုနှစ် ဟဂျ်ဘုရားဖူးခရီးစဉ်ကို ဖျက်သိမ်းဟု အင်ဒိုနီးရှား ကြေငြာ

    ဇွန် ၃၊ ၂၀၂၀
    M-Media

    -Covid-19 ကပ်ရောဂါ ပြန်နှံ့ကူးစက်မှာကို စိုးရိမ်တဲ့အတွက် ယခုနှစ် ဟဂျ်ဘုရားဖူးခရီးစဉ် စေလွှတ်မှုကို ဖျက်သိမ်းလိုက်တယ်လို့ အင်ဒိုနီးရှားနိုင်ငံက​ ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။

    ဟဂျ်ဘုရားဖူးခရီးစဉ်ဟာ ငွေကြေးတတ်နိုင်ပြီး ကျန်းမာရေးကောင်းမွန်တဲ့ အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီးတိုင်း တစ်သက်မှာ တစ်ကြိမ် မလုပ်မနေရ သတ်မှတ်ထားတဲ့ ဘာသာရေးတာဝန်တစ်ရပ်ဖြစ်ပါတယ်။ အခုနှစ် ဟဂျ်ဘုရားဖူးကာလဟာ ဇူလိုင်လကုန်မှာ ကျရောက်မှာပါ။

    ဒီခရီးစဉ်ကို အင်ဒိုနီးရှားက အစ္စလာမ်ဘာသာဝင် ၂ သိန်း ၂ သောင်းကျော်လောက် သွားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

    အင်ဒိုနီးရှား သာသနာရေးဝန်ကြီး ဖက်ချ်ရူလ် ရာဇီရဲ့ ဂျကာတာမြို့က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ဆော်ဒီအာဏာပိုင်တွေက အာမခံချက် မပေးတဲ့အတွက် ဟဂျ်အစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဆော်ဒီအာဏာပိုင်တွေဖက်က ရေရေရာရာ မသိရတဲ့အတွက် ၂၀၂၀ ခုနှစ် ဟဂျ်ခရီးစဉ်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သိပ်ကို ခါးသီးပြီး ခက်ခဲတဲ့ ဆုံးဖြတ်ချက်ပါ။ ဒါပေမယ့် ဘုရားဖူးသူတွေ၊ ဒီခရီးစဉ်က ဝန်ထမ်းတွေကို ကာကွယ်ပေးဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်”

    Covid-19 ပြန့်နှံ့မှုကြောင့် ဟဂျ်နဲ့ အွမ္မရာဟ် ဘုရားဖူးခရီးစဉ်ကို ရပ်ဆိုင်းထားတယ်လို့ မတ်လမှာ ဆော်ဒီအာဏာပိုင်တွေက ကြေငြာခဲ့ပါတယ်။ မကြာခင်ကျရောက်တော့မယ့် ဟဂျ်ကာလနဲ့ပတ်သက်လို့ တိတိကျကျ ထုတ်ပြန်ပေးဖို့အတွက် ပြီးခဲ့တဲ့မေလမှာ အင်ဒိုနီးရှားက တောင်းဆိုခဲ့ပေမယ့် ဆော်ဒီဖက်က မတုန့်ပြန်ခဲ့ပါဘူး။

    မဒီနာက ‘မတ်စ်ဂျစ်ဒ်နဗဝီ’ ဗလီ အပါအဝင် နိုင်ငံတစ်ဝှမ်းက ဗလီဝတ်ကျောင်းတော်တွေကို စည်းကမ်းချက်တွေနဲ့ ပြီးခဲ့တဲ့တစ်ပတ်မှာ ဆော်ဒီအာဏာပိုင်တွေက ပြန်လည်ဖွင့်လှစ်ပေးခဲ့ပေမယ့် မက္ကာမြို့ကိုတော့ ပြန့်ဖွင့်ပေးခြင်း မရှိသေးပါဘူး။

    ပြီးခဲ့တဲ့နှစ် ဟဂျ်ဘုရားဖူးကာလအတွင်း ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင် ၂.၅ သန်းလောက် ဆော်ဒီကို သွားရောက်ခဲ့ကြပါတယ်။ အင်ဒိုနီးရှားဟာ ကမ္ဘာပေါ်မှာ ဟဂျ်ခရီးစဉ်သွားရောက်သူ အများဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။

    Ref: Aljazeera

  • အမေရိကန်တွင် ဆန္ဒပြမှုများ ပြင်းထန်လာပြီး နိုင်ငံတော်အစောင့်တပ်ဖွဲ့က အသင့်အနေအထားရှိနေ

    အမေရိကန်တွင် ဆန္ဒပြမှုများ ပြင်းထန်လာပြီး နိုင်ငံတော်အစောင့်တပ်ဖွဲ့က အသင့်အနေအထားရှိနေ

    ဇွန် ၁၊ ၂၀၂၀
    M-Media

    -မင်နီယာပိုလစ်မြို့မှာ ရဲတပ်ဖွဲ့လက်ချက်ကြောင့် လူမည်းအမျိုးသား ဂျော့ဖလွိုက် သေဆုံးမှုနောက်ဆက်တွဲ အမေရိကန်နိုင်ငံတစ်ဝှမ်း ဆန္ဒ​ပြမှုတွေဟာ ပြင်းထန်လာတာကြောင့် အခြေအနေကို ထိန်းသိမ်းဖို့အတွက် ပြည်နယ်တစ်ချို့မှာ နိုင်ငံတော်အစောင့်တပ်ဖွဲ့ကို အသင့်ပြင်ထားရပါတယ်။

    ဆန္ဒပြမှုဟာ ၆ ရက်မြောက်ရှိလာခဲ့ပြီဖြစ်ပြီး အဆောက်အဦးတွေ၊ ကားတွေကို မီးရှို့ဖျက်ဆီးတာ၊ တိုက်ခိုက်လုယက်တာတွေလည်း ဖြစ်လာပါတယ်။ နိုင်ငံတစ်ဝှမ်း မြို့ပေါင်း ၄၀ လောက်မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားပေမယ့် ဆန္ဒပြမှုတွေက ပိုမိုများပြားလာပါတယ်။

    စစ်တပ်လက်အောက်မှာရှိပြီး ပြည်တွင်းက အရေးပေါ်အခြေအနေကို ကိုင်တွယ်ဖို့ ရည်ရွယ်တဲ့ အရန်တပ်ဖွဲ့ ‘နိုင်ငံတော်အစောင့်တပ်’ က ပြည်နယ် ၁၅ ခုမှာ သူတို့ရဲ့တပ်ဖွဲ့ဝင် ၅၀၀၀ လောက်ကို တပ်လှန့်ထားလိုက်တယ်လို့ မနေ့က ပြောကြားခဲ့ပါတယ်။

    အိမ်ဖြူတော်ရှေ့အပါအဝင် အနည်းဆုံး မြို့ကြီး ၇၅ မြို့ကျော်လောက်မှာ ဆန္ဒပြမှုတွေဟာ အရှိန်မြင့်တက်လာနေတာပါ။ ဒါဟာ ၁၉၆၈ ခုနှစ် မာတင်လူသာကင်း လုပ်ကြံခံရပြီးနောက်ပိုင်း လူဖြူ၊ လူမည်း ကွဲပြားမှုကို အခြေခံပြီး ဖြစ်ပေါ်တဲ့ အကြီးမားဆုံး မငြိမ်သက်မှု ဖြစ်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

    ဆန္ဒပြမှုတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အင်အားသုံးနှိမ်နှင်းတာမျိုး လုပ်ဆောင်နေပြီး အနည်းဆုံး လူပေါင်း ၄၄၀၀ ကျော်လောက်ကိုလည်း ဖမ်းဆီးထားပါတယ်။

    လိမ်လည်မှုစွဲချက်နဲ့ ဖမ်းဆီးရင်း လူမည်းအမျိုးသား ဂျော့ဖလွိုက်ကို သေဆုံးစေခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် အသက် ၄၄ နှစ်အရွယ် ဒဲရစ် ချူဗင်ကို လူသတ်မှုနဲ့ တရားစွဲဆိုထားပါတယ်။

    Ref: BBC

  • ထိရောက်မှုရှိသည့် ရုရှားထုတ် ကိုဗစ်ဆေးကို ဆော်ဒီတွင် စမ်းသပ်မည်

    ထိရောက်မှုရှိသည့် ရုရှားထုတ် ကိုဗစ်ဆေးကို ဆော်ဒီတွင် စမ်းသပ်မည်

    ဇွန် ၁၊ ၂၀၂၀
    M-Media

    -ရုရှားနိုင်ငံမှာထုတ်လုပ်ပြီး ကိုဗစ်ကုသရမှာ ထိရောက်မှုရှိနေတဲ့ ဆေးတစ်မျိုးကို ဆော်ဒီအာရေဗျမှာ စသင်စမ်းသပ် အသုံးပြုတော့မှာ ဖြစ်ပါတယ်။

    Avifavir လို့ အမည်ပေးထားတဲ့ အဲဒီဆေးဝါးကို ရုရှားရဲ့ နိုင်ငံပိုင်လုပ်ငန်း RDIF ကနေ ဦးဆောင်ပြီးဖန်တီးထုတ်လုပ်ထားတာပါ။ ဒီဆေးကို ဇွန်လ ၁ ရက် ဒီနေ့မှာ ထုတ်ပြဖို့ ရှိနေပါတယ်။

    RDIF အကြီးအကဲ ကီရ်ရီလ် ဒီမီထရီဗ်က ဒီဆေးဟာ ရုရှား ကျန်းမာရေးဝန်ကြီးဌာနရဲ့ အသိအမှတ်ပြုလက်မှတ်ရရှိထားပြီး၊ ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုအတွင်း ရလဒ်ကောင်းရခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆော်ဒီမှာ စမ်းသပ်အသုံးပြုဖို့အတွက် ဆော်ဒီနဲ့ ရုရှားအာဏာပိုင်တွေ သဘောတူညီချက် ရရှိထားပြီး ဖြစ်ပါတယ်။

    Avifavir ဆေးဝါးဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ လုပ်ငန်းစဉ်ကို ဖျက်ဆီးတဲ့ ဆေးဝါးမျိုးဖြစ်ပြီး ရုရှားကထုတ်လုပ်ကာ ကုသရာမှာ ထိရောက်မှုရှိကြောင်း တွေ့ရတဲ့ ပထမဆုံး ဆေးဝါးလည်း ဖြစ်ပါတယ်။

    ဒီမီထရီဗ်ကတော့ ကိုဗစ်ကုသရေး ရုရှားက ထုတ်လုပ်တဲ့ဆေးဝါးတွေထဲမှာ ဒီဆေးက ပထမဆုံးမဟုတ်ပေမယ့် ထိရောက်မှုမှာတော့ အခြားဆေးဝါးတွေထက် သာလွန်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Arab News