News @ M-Media

Author: Ko Lay

  • ဖာဂူဆန်ပြောပြသည့် ရွိုင်ကိန်းနှင့် သူ၏ကြားက ပြဿနာ

    ဖာဂူဆန်ပြောပြသည့် ရွိုင်ကိန်းနှင့် သူ၏ကြားက ပြဿနာ

    ဖေဖော်၀ါရီ ၄၊ ၂၀၂၄
    M-Media

    ရွိုင်ကိန်းနဲ့ ပတ်သက်ရင် ကြီးကြီးမားမား အကွဲပြဲဇာတ်လမ်းတွေ ရှိခဲ့ဘူးပါတယ်။ သူ့သဘောအတိုင်း အသင်းကို ခြယ်လှယ်ချင်တာကနေ စတာပါ။ 

    တစ်ခေါက် အ၀တ်လဲခန်းထဲရောက်သွားတော့ ရွိုင်(ရွိုင်ကိန်း) နဲ့ ရုဒ်(နစ္စတယ်ရွိုင်း) တို့ အကြီးအကျယ် ပြဿနာတက်နေကြတယ်။ အခြားကစားသမားတွေက သူတို့ကို ၀င်ဆွဲရတဲ့အထိပါပဲ။ ဗန် နစ္စတယ်ရွိုင်းဟာ ရွိုင်ကို တုန့်ပြန်ရဲတဲ့ သတ္တိတော့ရှိတယ်။ လူတိုင်းမှာ ဒီလိုသတ္တိမျိုးမရှိကြဘူး။ သူက ကြမ်းတမ်းပြီး ကြောက်စရာကောင်းသူ တစ်ယောက်ပါ။ 

    ဒေါသထွက်လာရင် လူတွေကို ထိုးချင်ကြိတ်ချင်တယ်။

    ရွိုင်ကိန်းရဲ့ အပြုအမူအပြောအဆိုတွေ ပြောင်းသွားပြီဆိုတာကို ကျွန်တော့်လိုပဲ ကားလို့စ် ကွီယော့ဇ် (ဖာဂူဆန်လက်ထောက်) လည်းလက်ခံတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အရင်က ရွိုင်ကိန်း မဟုတ်တော့ဘူးဆိုတာ သူသိသွားပြီ။ ဒါကတော့ သေချာပါတယ်။

    အသက်အရွယ်နဲ့ ဒဏ်ရာက သူ့ရဲ့စွမ်းရည်တွေကို ခိုးယူသွားပြီဆိုတာ ကျွန်တော် ရဲရဲကြီးပြောရဲပါတယ်။ သူ့ဖက် ကိုယ့်ဖက် နှစ်ဖက်စလုံး အဆင်ပြေအောင် သူ့တာ၀န်တွေကိုလျှော့ဖို့ ကျွန်တော်တို့ ကြိုးစားတယ်။ 

    တစ်ကွင်းလုံးပတ်ပြေးပြီး အရှေ့ကိုလိုက်ရတဲ့ သူ့ရဲ့ကစားပုံကို ပြောင်းဖို့ ကျွန်တော်တို့ လုပ်ပါတယ်။ အသင်းသားတွေ ဘောလုံးရတာနဲ့ သူက သူ့ကိုပေးစေချင်တယ်။ ဒီစိတ်ဓာတ်ကိုတော့ ချီးကျူးရမယ်။

    မန်ယူရဲ့ပုံစံကိုက တစ်ယောက်ဘောလုံးရရင် အားလုံးက လိုက်ပြီး ပံပို့ပေးကြတယ်။ ရွိုင်ရဲ့ အသက်အရွယ်က အဲဒီကစားပုံမျိုးနဲ့ မသင့်တော်တော့ဘူး။ ဒါပေမယ့် သူ့အခြေအနေကို သူက လက်ခံပါဘူး။ 

    ကျွန်တော်တို့ပြောပြလိုက်တော့ အခြေအနေမှန်ကို သူသဘောပေါက်သွားတယ်။ ဒါပေမယ့် ဂုဏ်သိက္ခာ ထိခိုက်မှာဆိုးတော့ လက်မခံခဲ့ဘူး။ သူဟာ ကိုယ်ဖြစ်ချစ်တဲ့၊ လုပ်ချင်တဲ့ စိတ်ဆန္ဒမျိုးပေါ်မှာ တည်ဆောက်ထားတဲ့ ကစားသမားမျိုးပါ။ 

    ပြဿနာတွေဖြစ်တော့မယ့် ဘောလုံးရာသီ မစခင် သူယူထားတဲ့ ခံစစ်တာ၀န်တွေ မထမ်းဆောင်နိုင်တော့တဲ့ လက္ခဏာတွေ ခန္ဓာကိုယ်က ပြလာတယ်။ အရင်လို ဒေါင်ဒေါင်မြည် မဟုတ်တော့ဘူး။ 

    ကြမ်းတမ်းတဲ့ ပွဲတော်တော်များများမှာ အမာခံပါ၀င်ခဲ့ပြီး တင်ပါးနဲ့ တံကောက်ကွေးအရွတ်ဒဏ်ရာ ခွဲထားစိပ်ကုသထားရတဲ့ ကစားသမားတစ်ယောက်က အရင်လို ဘယ်ဟုတ်တော့မလဲ။ 

    ပွဲအတွင်း သူရဲ့ကြိုးစားအားထုတ်မှုက ပြောစရာမရှိဘူး။ ဒါပေမယ့် အသက် ၃၀ ကျော် ကစားသမားတစ်ယောက်ဟာ သူ ဘာတွေ အားနည်းလာပြီလဲဆိုတာကို သိတိမူမိဖို့ သိပ်မလွယ်ဘူး။ အောင်မြင်မှုတွေရအောင် မောင်းနှင်ပေးနိုင်ခဲ့တဲ့ အမူအကျင့်ကို ပြောင်းလို့လည်း မရပါဘူး။ 

    ကျွန်တော်တို့ကတော့ အရင်က ရွိုင်ကိန်း မဟုတ်တော့ဘူးဆိုတာ သိသိသာသာကို မြင်လာပါတယ်။ ကွင်းလယ်မှာပဲ အထိုင်နေခိုင်ပြီး ဒီကိစ္စကိုဖြေရှင်းဖို့ ကျွန်တော်တို့ ကြိုးစားတယ်။ အဲဒီနေရာကနေ ပွဲကို ထိန်းချုပ်နိုင်ပါတယ်။ 

    သူ့အနေအထားကို သူကိုယ်တိုင်လည်း ကောင်းကောင်းသိပါတယ်။ ဒါပေမယ့် တစ်ကွင်းလုံးကို လွှမ်းမိုးထားတဲ့ အရင်က သူ့ကစားပုံကို မစွန့်လွှတ်ခဲ့ပါဘူး။ 

    ဒီကိစ္စဟာ တော်တော်ကြာကြာ အခြေအတင်ဖြစ်ခဲ့ပြီး အသင်းကနေထွက်ကာ ဆဲလ်တစ်ရောက်သွားတဲ့ အခြေအနေမျိုးနဲ့ အဆုံးသတ်သွားရပါတယ်။ 

    သူ့ကိုယ့်သူ ပီတာပန်(အသက်မကြီးတော့သူ) လို့ ထင်တယ်။ ပီတာပန်လို စိတ်ကူးယဥ် ကာတွန်းဇာတ်ကောင်မျိုးနဲ့ နှိုင်းပြောကြေးဆိုရင် ရွိုင်ယန်ဂစ်ကို ပြောလို့ရလိမ့်မယ်။ ရွိုင်ယန်(ဂစ်)က ဒဏ်ရာကြီးကြီးမားမား မရဖူးဘူး။ ရွိုင်(ရွိုင်ကိန်း)က ဒဏ်ရာကြီးတစ်ချို့ရဖူးပါတယ်။ 

    တင်ပါးဒဏ်ရာဆိုရင် သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို ဆိုးဆိုးရွားရွား ထိခိုက်စေတဲ့အထိ ဖြစ်ခဲ့ပါတယ်။ 

    ပေါ်တူဂီခြေစမ်းပွဲ

    ကျွန်တော်တို့ရဲ့ဆက်ဆံရေးမှာ ပထမဆုံး ကြီးကြီးမားမား အကွဲအပြဲက ၂၀၀၅-၀၆ ဘောလုံးရာသီမစခင်မှာ ပေါ်လာတယ်။ ပေါ်တူဂီကိုသွားတဲ့ ရာသီကြို ခြေစမ်းပွဲ ခရီးမှာပါ။ 

    ကားလို့စ် ကွီယော့ဇ်ရဲ့ အိုက်ဒီယာဆိုတော့ ဒီခရီးကို သူကပဲ စီစဥ်တယ်။ အသင်းအတွက် တော်တော်လေးကောင်းတဲ့ နေရာကို သူက ရှာပေးထားတယ်။ Vale do Lobo လို့ ခေါ်ပါတယ်။ တစ်ခြားကမ္ဘာလို့တောင် ပြောလို့ရပါတယ်။ 

    လေ့ကျင့်ကွင်းတွေရှိတယ်။ Gym တစ်ခုနဲ့ အိမ်သေးသေးလေးတွေလည်း ပါပါတယ်။ ကစားသမားတွေနေဖို့ အဆင်ပြေတာပေါ့။

    နွေရာသီ ပြင်သစ်မှာ အနားယူပြီးတဲ့နောက် အဲဒီကို ကျွန်တော် လိုက်သွားတယ်။ ၀န်ထမ်းတွေ၊ ကစားသမားတွေ အားလုံးအေးဆေးပဲ။ အိမ်လေးတွေထဲ ငြိမ့်နေကြတယ်။ 

    ဒါပေမယ့် သတင်းဆိုးတစ်ခု ကျွန်တော့်ကို ဆီးကြိုနေတယ်။ ရွိုင်မွှေလို့ ကားလို့စ် ဒုက္ခရောက်နေတယ်။ ပြဿနာကို မေးတော့ Vale do Lobo က အိမ်လေးတွေဟာ အဆင့်နိမ့်တော့ အဲဒီမှာ မနေချင်ဘူးလို့ ရွိုင်က ပြဿနာရှာတာ။ 

    အဲကွန်းမရှိလို့ဆိုပြီး ပထမအိမ်တစ်လုံးကို ရွိုင်က ငြင်းလိုက်တယ်။ နောက်တစ်လုံးထပ်ပေးတော့လည်း ဒီလိုစကားမျိုးပဲ ပြောတယ်တဲ့။ တတိယတစ်လုံးကိုတော့ ကျွန်တော် လိုက်ကြည့်လိုက်တယ်။ အိမ်က တော်တော်အဆင်ပြေပါတယ်။ 

    ရွိုင်က ဒီအိမ်မှာလည်း မနေချင်ဘူးလုပ်ပြန်တယ်။ ဘေးနားက Quinta do Lago ဆိုတဲ့ရွာမှာ မိသားစုနဲ့ သွားနေမယ်ပေါ့။ 

    ပထမဦးဆုံးည ဟော်တယ်ရှေ့က မြေကွက်လပ်မှာ ဘာဘီကျူးလုပ်စားကြတယ်။ တော်တော်မိုက်ပါတယ်။ ရွိုင်က ကျွန်တော့်ဆီလာပြီး စကားပြောစရာရှိတယ်လို့ ပြောတယ်။ 

    “ရွိုင် အခုတော့နေပါအုံးကွာ။ နောက်နေ့မနက်ကြရင် ပြောကြတာပေါ့” လို့ ကျွန်တော် ပြန်ပြောလိုက်ပါတယ်။ 

    လေ့ကျင့်ရေးပြီးတော့ သူ့ကို တစ်ဖက်ကိုခေါ်ပြီး 

    “ရွိုင် ဘာဖြစ်နေတာလဲ။ ငါအိမ်တွေကြည့်ပြီးသွားပြီး။ အဆင်ပြေနေတာပဲ” လို့ ပြောတယ်။ 

    ရွိုင်က ပေါက်ကွဲသွားပြီး အဲကွန်းမကောင်းတဲ့အကြောင်းအပါအ၀င် မကျေနပ်တာတွေ အများကြီး ပြောတော့တာပဲ။ ပြီးတော့ ကားလို့စ်အကြောင်းလဲ ပါတယ်။ 

    ဒီလိုနေရာမှာ ဘာလို့ ရာသီအကြို ခြေစမ်းပွဲ လာတာလဲ ဘာညာဆိုပြီးတော့ ပြောသေးတယ်။ အားလုံးက သက်သက် အပြစ်ရှာနေတာ။ ကျွန်တော်တို့ဆက်ဆံရေးမှာ အဖုအထစ်က အဲဒီကနေ စတာပါပဲ။ 

    အဲဒီခရီးစဥ်မှာ သူက တစ်သီးတစ်သန့်ကြီးနေလာတယ်။ ကျွန်တော်လည်း စိတ်ပျက်သွားတယ်။ ကားလို့စ်က အားလုံး လိုလေသေးမရှိအောင် အားကြိုးမာန်တက် လုပ်ပေးရှာပါတယ်။ 

    အဲဒီခရီးစဥ်ပြီးသွားတော့ ရွိုင်ကို ရုံးခန်းခေါ်ပြီး ပြဿနာပြေလည်သွားအောင် ကြိုးစားတယ်။ ကားလို့စ်ကို တောင်းပန်လိုက်ပေါ့။ သူကတော့ လုံး၀ပဲ။ 

    တစ်ခေါက် သူနဲ့ အကြီးအကျယ်စကားများတော့ 

    “ခင်ဗျားပြောင်းလဲသွားပြီ” လို့ ရွိုင်က ပြောလာတယ်။ 

    “ရွိုင်။ ငါပြောင်းလဲရမယ်လေ။ ဒီနေ့ဆိုတာ မနေ့ကလိုမဟုတ်ဘူးကွ။ ငါတို့ကမ္ဘာကြီးက ပြောင်းလဲနေတယ်။ နိုင်ငံ ၂၀ ကျော်က ကစားသမားတွေကို ငါထိန်းရတယ်။ မင်းက ငါ့ကို ပြောင်းလဲသွားပြီလို့ ပြောတယ်။ အေး ငါပြောင်းလဲသွားပြီ။ အပြောင်းအလဲတွေသာ မလုပ်ဘူးဆိုရင် ငါဟာ ရှင်သန်နေမှာတောင် မဟုတ်ဘူး” လို့ ကျွန်တော် ပြန်ပြောလိုက်တယ်။ 

    သူက “ခင်ဗျား အရင်ကလို မဟုတ်တော့ဘူး” တဲ့။ 

    ပြောစရာရှိတာကို ပြတ်ပြတ်ပဲပြောကြတယ်။ ထိရောက်အငြင်းပွားမှုပါပဲ။ သူလွန်တယ်ဆိုတဲ့အကြောင်း ကျွန်တော်ပြောလိုက်တယ်။

    “မင်းက အသင်းခေါင်းဆောင်။ အခြားကစားတွေအပေါ်မှာ မင်း နည်းနည်းလေးမှ တာ၀န်ခံစိတ်မရှိတော့ဘူး။ တဲစုတ်မှာ မင်းကို နေခိုင်းတာမဟုတ်ဘူး။ အိမ်ကောင်းအိမ်သန့်တွေကွ”

    ဒေါသတွေ ပေါက်ကွဲထွက်လာတယ်။ ကျွန်တော်တို့ကြား ဆက်ဆံရေးက အဲဒီကတည်းကစပြီး ပျက်သုဥ်းသွားတာပါပဲ။ 

    မန်ယူတီဗီ အင်တာဗျူး

    ပြီးတော့ MUTV နဲ့ အင်တာဗျူးတဲ့ပြဿနာ ပေါ်လာတယ်။ အသင်းက လူငယ်ကစားသမားတွေ တာ၀န်မကျေဘူးဆိုပြီး ရွိုင်က အပြစ်တင်တယ်။ 

    အင်တာဗျူးကို အလှည့်နဲ့လုပ်တာပါ။ အဲဒီတုန်းက ဂယ်ရီနဗီလ်း ဖြေရမယ့်အလှည့်။ 

    မစ်ဒယ်ဘရော့နဲ့ကစားပြီးတဲ့နောက် တနင်္လာနေ့မှာ ပြန်ကြားရေးအရာရှိက ကျွန်တော့်ဆီ အကြောင်းကြားလာတယ်။ ရွိုင်က ဂယ်ရီ့အလှည့်ကို ယူလိုက်မယ်ဆိုပြီး ပြောတာ။ ကျွန်တော်လည်း အမှုမဲ့ အမှတ်မဲ့ပဲ။ သိပ်အရေးကြီးတယ်လည်း မထင်ဘူးလေ။ 

    စနေနေ့ကပွဲအတွက် ကစားမားတွေကို ရွိုင်က ဖဲ့တော့တာဗျ။ ညနေ ၄ နာရီလောက်ကြတော့ ဖုန်းတစ်ခု၀င်လာပါရော။ 

    “အင်တာဗျူးကို ကြည့်လိုက်ပါအုံး” တဲ့

    အင်တာဗျူးမှာ ရွိုင်က ကီရင် ရစ်ချက်ဆန်ကို ငပျင်းနောက်ခံလူ၊ ဒါရင်ဖလက်ချာလိုကောင်မျိုးကို စကော့တလန်ကလူတွေက ဘာလို့ ချီးကျူးနေကြတာလဲ – အဲဒီလို ပြောတာ။ 

    ရီယိုဖာဒီနန်ကိုလည်း တစ်ပတ် ပေါင်း ၁ သိန်း ၂ သောင်းယူထားပြီး တော့တင်ဟမ် (စပါး)နဲ့ပွဲမှာ မိနစ် ၂၀ လောက်ပဲ ကောင်းကောင်းကစားနိုင်တဲ့ကောင်က သူ့ကိုယ်သူ စူပါစတားလို့ ထင်နေတယ် – တဲ့

    အသင်းပြန်ကြားရေးရုံးက ဒေးဗစ်ဂီးလ်(အမှုဆောင်အရာရှိ) ကို ချက်ခြင်းဖုန်းဆက်တယ်။ အင်တာဗျူးလွှင့်နေတာကို ရပ်လိုက်ပြီ။ အဒီအခွေကို ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်တော့်ဆုံးဖြတ်ချက်ကို စောင့်နေတယ်တဲ့။ 

    “ကျွန်တော်ကလည်း အိုကေ နက်ဖြန်ကျရင် ရုံးခန်းကို တိပ်ခွေယူလာခဲ့။ ကြည့်လိုက်မယ်” ဆိုပြီး ပြန်လိုက်တယ်။ 

    ဘုရားရေ။ ကျွန်တော် တော်တော် အံ့သြသွားတယ်။ အားလုံးကို သူက ဖဲ့ထားတာ။ ဒါရင် ဖလက်ချာ၊ အလန်စမစ်၊ ဗန်ဒါဆား တစ်ယောက်မှ မလွတ်ဘူး။ 

    အဲဒီအပတ်က ပွဲမရှိဘူး။ ဒူဘိုင်းက မန်ယူဘောလုံးကျောင်းကို သွားဖို့ ကျန်တော် စီစဥ်ထားတယ်။ သွားမယ့်နေ့မနက် ဂယ်ရီနဗီးလ်က အ၀တ်လဲခန်းကနေ ကျွန်တော့်ကို ဖုန်းခေါ်ပြီး လာခဲ့ဖို့ပြောတယ်။ 

    ချက်ခြင်းသွားလိုက်တယ်။ ရွိုင်က တောင်းပန်လိမ့်မယ်လို့ ကျွန်တော် ထင်ထားတာ။ ကျွန်တော် ခုံမှာထိုင်လိုက်တယ်။ လေ့ကျင့်ကွင်းမှာ အသင်းသားတွေ မပျော်ကြဘူးလို့ ဂယ်ရီက ကျွန်တော့်ကို ရုတ်တရက် ပြောချလိုက်တယ်။ ကျွန်တော့်နားတောင် ကျွန်တော် မယုံနိုင်ဘူး။ 

    “ဘာပြောတယ်”

    အ၀တ်လဲခန်းမှာ ရွိုင်က တော်တော်သြဇာရှိတယ်။ ဒီသြဇာကိုသုံးပြီး အခြေအနေတွေကို ပြောင်းလဲအောင် လုပ်ခဲ့တယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။

    ငါပြောမယ်နားထောင်။ ကားလို့ကွီယော့ဇ်က လေ့ကျင့်မှုကောင်းကောင်းပေးနိုင်တဲ့ နည်းပြကောင်းတစ်ဦး။ တစ်ချို့လေ့ကျင့်ခန်းတွေကို ထပ်ခါထပ်ခါ သူလုပ်ခိုင်းတာမျိုး ရှိမယ်။ လေ့ကျင့်သားပြည့်မှ ဘောလုံးသမားကောင်းဖြစ်တာ။ အကျင့်ဖြစ်သွားအောင် လုပ်တာပါ။ အဲဒီကိစ္စမှာ ကျွန်တော် ၀င်မစွက်ဘူး။

    “ထရိန်နင်ကိစ္စတိုင်ဖို့ ငါ့ကို ခေါ်လိုက်တာလား။ မင်းတို့ ထရိန်နင် မစကြသေးဘူးလား။ ဘာတွေလာပြောနေတာလဲ” 

    အဲဒီလိုပြောပြီး ကျွန်တော် ထထွက်သွားလိုက်တယ်။ 

    နောက်တော့ ရွိုင်ရောက်လာပြီး ကျွန်တော့်ကို လာတွေ့တယ်။ 

    “ဘာတွေဖြစ်လဲဆိုတာ ငါသိတယ်” လို့ ကျွန်တော်သူ့ကို ပြောလိုက်တယ်။ 

    နောက်တော့ အင်တာဗျူးအကြောင်း ကျွန်တော်စကားစတယ်။ 

    “အင်တာဗျူးမှာ မင်းပြောတွေက ရှက်ဖို့ကောင်းတယ်။ ရယ်စရာလည်းကောင်းတယ်။ ကိုယ့်အသင်းဖော်တွေကို ၀ေဖန်တယ်။ သူတို့နဲ့ မင်းက ထိပ်တိုက်တွေ့ချင်တာမျိုးလား”

    ကစားသမားတွေကို ဗီဒီယိုပြပြီး သူတို့ဟာသူတို့ ဆုံးဖြတ်ခိုင်းဖို့ ရွိုင်က အကြံပေးတယ်။ ကျွန်တော် သဘောတူလိုက်ပြီး တစ်သင်းလုံးကို ခေါ်လိုက်တယ်။ ဒေးဗစ်ဂီးလ် (အမှုဆောင်အရာရှိ) လည်း အဆောက်အဦးထဲမှာ ရှိနေတယ်။ လာကြည့်ဖို့ ဖိတ်ပေမယ့် သူက ငြင်းပါတယ်။ 

    ကျွန်တော်ကိုယ်တိုင် ကိုင်တွယ်တာ အကောင်းဆုံးလို့ သူက ယူဆပါတယ်။ ကားလို့စ်နဲ့ အသင်း၀န်ထမ်းအားလုံး လာကြည့်ကြတယ်။  

    ဗီဒီယိုကြည့်ပြီးတော့ ပြောစရာရှိလားလို့ အသင်းသားတွေကို ရွိုင်က မေးတယ်။ အဒ်၀င် ဗန်ဒါဆားက ရှိတယ် တဲ့။ အသင်းသားတွေကို ၀ေဖန်တာဟာ လွန်တယ်လို့ သူက ပြောတယ်။ ရွိုင်က အဒ်၀င် (ဗန်ဒါဆား) ကို ပြန်ပက်တယ်။ 

    မင်းကိုမင်းဘာထင်နေလဲ။ မန်ယူအကြောင်း မင်းဘယ်လောက်သိလဲပေါ့။ 

    အဲဒီမှာ ချီးကျူးရမှာက ဗန် နစ္စတယ်ရွိုင်း၊ ချက်ခြင်းပဲ ဗန်ဒါဆားဖက်က ၀င်ပြောတယ်။ ရွိုင်က ရုဒ်(နစ္စတယ်ရွိုင်း) ကို ကောပါလေရော။ ပြီးတော့ ကားလို့စ်(ကွီယော့ဇ်) ဖက်လှည့်တယ်။ ကျွန်တော့်ကိုတော့ နောက်ဆုံးမှ ဖဲ့တယ်။

    “မဂ္ဂနီယာ(ပြိုင်မြင်းကိစ္စကြောင့် ဖာဂူဆန်နှင့် ပြဿနာတက်ခဲ့သည့် အိုင်းရစ် စီးပွားရေးလုပ်ငန်းရှင်) နဲ့ ပြဿနာတက်တဲ့ ခင်ဗျားရဲ့ ပါဆင်နယ်ကိစ္စကို အသင်းဆီ ခင်ဗျား ယူလာတယ်” 

    ဒီစကားကြားတော့ အသင်းသားတွေ အခန်းထဲက ထွက်သွားကြတယ်။ စခိုး၊ ဗန်နစ္စတယ်ရွိင်း၊ ဖော်ကျွန်း။ 

    ရွိုင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာ အဆိုးဆုံးက သူ့ပါးစပ်ပဲ။ ပါးစပ်ဆိုးချက်က စဥ်းစားလို့တောင်မရဘူး။ 

    ကမ္ဘာပေါ်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအရှိဆုံးသူတောင် သူ့ပါးစပ်နဲ့တွေရင် စက္ကန့်ပိုင်းအတွင်း ပြိုလဲသွားမယ်။

    သူနဲ့ အဲဒီနေ့က စကားများနေတုန်း သတိထားမိတာတစ်ခုရှိတယ်။ သူ့မျက်လုံးတွေက ကျဥ်းသွားပြီး အမည်းစက်လေးတစ်စက် သာသာလောက်ပဲ ရှိတော့တယ်။ (စာတန်ရဲ့ မျက်လုံးမျိုး)

    ဂလက်စကိုသားကျွန်တော်တောင် သူ့ကို မကြည့်ရဲလောက်အောင် ကြောက်သွားတယ်။ 

    ရွိုင်ပြန်သွားတော့ ကျွန်တော် တော်တော်မကျေမနပ်ဖြစ်နေတာကို ကားလို့စ်က တွေ့သွားတယ်။ သူ့ဘ၀မှာ ဒီလိုအနေအထားမျိုး တစ်ခါမှ မမြင်ဖူးဘူးလို့ သူက ပြောတယ်။ ပရော်ဖက်ရှင်နယ် ဘောလုံးအသင်းတစ်ခုမှာ စဥ်စားမရနိုင်တဲ့ ဆိုးဆိုးရွားရွား အဖြစ်အပျက်မျိုးလို့လည်း သူက သတ်မှတ်ခဲ့ပါတယ်။ 

    “သူ့ကိုအသင်းကထုတ်ရတော့မယ် ကားလို့စ်”

    ကျွန်တော်က ပြောလိုက်တယ်။ 

    “ရာနှုန်းပြည့်ထောက်ခံတယ်။ သူ့ကို ထုတ်လိုက်ပါတော့”လို့ ကားလို့စ်က ပြန်ပြောပါတယ်။ 

    နောက်တစ်ပတ် ဗုဒ္ဓဟူးနေ့အထိ အသင်းမှာ ကျွန်တော်မရှိဘူး။ ဒါပေမယ့် ဒေးဗစ်ဂီးလ်ကို ဒူဘိုင်းကနေ ဖုန်းဆက်ပြီး ပြောလိုက်တယ်။ 

    “ရွိုင်ကို ကျွန်တော်တို့ထုတ်ဖို့လိုပြီ” 

    ကျွန်တော်ပြောပြတဲ့ ပုံစံမျိုးဆိုရင် ရွေးချယ်စရာမရှိဘူးလို့ သူကလည်း ပြောပါတယ်။  ဂလေဇာမိသားစု (အသင်းပိုင်ရှင်) ကို ပြောပြဖို့ လိုမယ်လို့ သူက ဆိုတယ်။ ကျွန်တော်လည်း ဒေးဗစ်ဂီးလ်သဘောနဲ့ တစ်ထပ်တည်းပါပဲ။ 

    စာချုပ်ဖျက်ဖို့အတွက် ရွိုင်ကို အသင်းက နစ်နာကြေးပေးရမယ်။ သူ့ရဲ့ တုန့်ပြန်မှုကိုလည်း ကျွန်တော်တို့ အလေးထားပေးရမယ်။ ဒါမှ ရွိုင်ကို ကျွန်တော်တို့ မတရားလုပ်ပါတယ်လို့ ဘယ်သူမှ ပြောလို့မရမှာ။

    အရှေ့အလယ်ပိုင်းကနေ အသင်းကို ပြန်ရောက်တော့ ဒေးဗစ်(ဂီးလ်)က ဂလေဇာမိသားစု သောကြာနေ့လာမယ်ဆိုပြီး ကျွန်တော့်ဆီ အကြောင်းကြားတယ်။ မိုက်ကယ်ကနေဒီ (အေးဂျင့်) ကိုလည်း တွေ့ဖို့ ဖုန်းဆက်ချိန်းပြီးပြီ။ 

    ဂလေဇာနဲ့မီတင်ကိုလာဖို့ မိုက်ကယ်နဲ့ ရွိုင်ကို ကျွန်တော်တို့ခေါ်လိုက်တယ်။ ဆုံးဖြတ်ချက်ရော၊ အသေးစိတ်ကိစ္စတွေပါ အဲဒီအစည်း၀ေးမှာ ပြောလိုက်ပါတယ်။ 

    ဒီအတွက် သူစိတ်ပျက်ရတယ်လို့ ရွိုင်က နောက်ပိုင်းမှာ လူသိရှင်ကြားပြောလာတယ်။ 

    ကျွန်တော့်သဘောနဲ့ကျွန်တော် မန်ယူက သူ့ကစားသမားဘ၀ကို အဆုံးသတ်လိုက်တာ မဟုတ်ပါဘူး။ ပထမဆုံးအကြိမ် စကားများကတည်းက သူ့ကို ကျွန်တော် စိတ်ကုန်ခဲ့တာ။ သူနဲ့ နောက်ထပ် ပြဿနာတွေ ဆက်မဖြစ်ချင်ဘူး။ သူ့ပြဿနာတွေကိုလည်း မဖြေရှင်းပေးနိုင်တော့ဘူး။ 

    (အစည်းအ၀ေးပြီးတော့) လေ့ကျင့်ကွင်းကိုသွားပြီး အသင်းသားတွေကို အကျိုးအကြောင်း ပြောပြလိုက်တယ်။ လူတိုင်း အံ့သြနေကြပါတယ်။ 

    ဒွိဟဖြစ်စရာမလိုတဲ့ ကိစ္စတွေမှာ ဆုံးဖြတ်ချက် မြန်မြန်ဆန်ဆန် ချနိုင်တာဟာ နည်းပြဘ၀မှာ အကောင်းဆုံး အခိုက်အတန့်တွေပဲလို့ ကျွန်တော် ခံစားရတယ်။ ဒီပြဿနာကို ခပ်မြန်မြန်ပဲ အဆုံးသတ်ရမယ်ဆိုတာ ကျွန်တော် ရှင်းရှင်းလင်းလင်း သိထားပါတယ်။ 

    ကျွန်တော်သာ တွန့်ဆုတ်တွန့်ဆုတ်လုပ်နေရင် အ၀တ်လဲခန်းမှာ ရွိုင်က ပိုပြီး အာဏာပြလာမယ်။ သူမှန်တယ်ဆိုပြီး စိတ်ထဲမှာ ထင်လာမယ်။ သူက မှန်တာတွေလုပ်နေတာလို့ လူတိုင်းကို သိမ်းသွင်းဖို့ အချိန်ပိုရသွားပါလိမ့်မယ်။ 

    သူလုပ်နေတာတွေက မမှန်ဘူး။ မှားနေပါတယ်။ 

    (Alex Ferguson : My Autobiography စာအုပ်မှ ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)

  • နာဇီခြေလှမ်းအတိုင်း လှမ်းနေသည့် အစ္စရေးစစ်တပ်

    နာဇီခြေလှမ်းအတိုင်း လှမ်းနေသည့် အစ္စရေးစစ်တပ်

    ဖေဖော်၀ါရီ ၄၊ ၂၀၂၄

    M-Media 


    -ပါလက်စတိုင်းလူမျိုးတွေကို နှိမ့်ချပြောဆိုပြီး၊ ခုတ်ထစ်သတ်ဖြတ်တဲ့ ဗီဒီယိုတွေကို ဖြန့်၀ေနေတဲ့ တယ်လီဂရမ် ချန်နယ်တစ်ခုကို အစ္စရေးစစ်တပ်က ကိုင်တွယ်စီမံနေတယ်လို့ သိရပါတယ်။ 

    72 Virgins – Uncensored လို့ အမည်ပေးထားတဲ့ ချန်နယ်ဖြစ်ပြီး ပါလက်စတိုင်းတွေကို နှိမ့်ချစော်ကားတဲ့ ပြောဆိုမှုတွေ၊ အရှက်တကွဲအကျိုးနည်းအောင် လုပ်မှုတွေ၊ ကိုယ်လက်အင်္ဂါ ခုတ်ထစ်သတ်ဖြတ်မှု စတဲ့ ဗီဒီယိုအများအပြား ဖြန့်၀ေနေတာပါ။ 

    နာဇီတွေက ဂျူးတွေကို ပိုးဟပ်တွေနဲ့ ခိုင်းနှိုင်းသလိုပဲ အဲဒီချန်နယ်မှာလည်း ဂျူးတွေက ပါလက်စတိုင်းတွေကို ပိုးဟပ်တွေနဲ့ ခိုင်နှိုင်းကာ ရှင်းလင်းသုတ်သင်ပစ်ရမယ်ဆိုတဲ့ သတင်းစကားပါးတဲ့ ဗီဒီယိုတွေကိုလည်း မျှ၀ေနေကြပါတယ်။ 

    အစ္စရေးမီဒီယာ Haaretz ရဲ့ စုံစမ်းဖော်ထုတ်မှုအရ အဲဒီ တယ်လီဂရမ်ချန်နယ်ဟာ အစ္စရေးစစ်တပ်က ဖန်တီးထားတယ်ဆိုတာ တွေ့ရပါတယ်။ အစ္စရေးစစ်တပ်ကလည်း ဒီသတင်းဟုတ်မှန်ကြောင်း နောက်ပိုင်းမှာ အတည်ပြုခဲ့ပါတယ်။ 

    Ref: Aljazeera 

  • ပါလက်စတိုင်းများအား အကူအညီပေးနေသည့် ကုလအဖွဲ့ UNRWA ကို အစ္စရေးက နာမည်ဖျက်

    ပါလက်စတိုင်းများအား အကူအညီပေးနေသည့် ကုလအဖွဲ့ UNRWA ကို အစ္စရေးက နာမည်ဖျက်

    ဖေဖော်၀ါရီ ၄၊ ၂၀၂၄

    M-Media

    – အောက်တိုဘာ ၇ ရက်နေ့ ဟားမက်စ်ရဲ့ တိုက်ခိုက်မှုမှာ UNRWA ၀န်ထမ်းတွေ ပါ၀င်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး အစ္စရေးက ခိုင်လုံတဲ့ သက်သေအထောက်အထား မပေးနိုင်ဘူးလို့ UNRWA ရဲ့ ကော်မရှင်နာ ဖိလစ် လာဇာရီနီက ပြောကြားလိုက်ပါတယ်။ 

    အဲဒီစွပ်စွဲချက်ကြောင့် အမေရိကန်၊ ယူကေနဲ့ အစ္စရေးရဲ့ မဟာမိတ်နိုင်ငံ တော်တော်များများက UNRWA အဖွဲ့ကို ငွေကြေးထောက်ပံ့မှု ရပ်ဆိုင်းခဲ့ပါတယ်။ 

    UNRWA အဖွဲ့ဟာ အစ္စရေးရဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေကြောင့် အတိဒုက္ခရောက်နေကြတဲ့ ပါလက်တစတိုင်းပြည်သူတွေကို ၁၀ စုနှင့်များစွာ ကူညီလာခဲ့တဲ့ အဖွဲ့အစည်းပါ။ 

    ၀န်ထမ်း ၁၂ ဦးဟာ အောက်တိုဘာ ၇ ရက်နေ့မှာ အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲခဲ့တယ်ဆိုတဲ့ အစ္စရေးရဲ့ပြောကြားချက်နဲ့ ပတ်သက်တဲ့ ထောက်လှမ်းရေးအစီရင်ခံစာတွေကို မိမိတို့ ရရှိခဲ့ရာမှာ တိကျသေချာတဲ့ အထောက်အထား မပါ၀င်ဘူးလို့ Financial Times သတင်းစာက ဒီကနေ့မှာ ဖော်ပြပါတယ်။ 

    လာဇာရီနီက နိုင်ငံ ၁၅ နိုင်ငံရဲ့ ထောက်ပံ့မှု ရပ်ဆိုင်းသွားတာကြောင့် ဂါဇာမှာ ပါလက်စတိုင်းပြည်သူတွေကို ပေးအပ်နေတဲ့ အသက်ရှင်ရပ်တည်ရေး အကူအညီတွေ၊ လုပ်ငန်းတွေဟာ ဖေဖော်၀ါရီ လကုန်ပိုင်းမှာ ရပ်ဆိုင်းရတော့မယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    Ref: Aljazeera 

  • ပါလက်စတိုင်းကို ဗြိတိန်က အသိအမှတ်ပြုတော့မည်

    ပါလက်စတိုင်းကို ဗြိတိန်က အသိအမှတ်ပြုတော့မည်

    ဖေဖော်၀ါရီ ၂၊ ၂၀၂၄

    M-Media 


    (ကုလက သတ်မှတ်ပေးထားသည့် ပါလက်စတိုင်း (လိမ္မော်ရောင်) နှင့် ဂျူးနိုင်ငံ (အစိမ်းရောင်))

    -ဂါဇာကမ်းမြှောင်မှာ အပစ်ရပ်ရေး အကောင်အထည်ပေါ်ပြီးရင် ပါလက်စတိုင်းကို အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြုတော့မယ်လို့ ဗြိတိန်နိုင်ငံခြားရေး၀န်ကြီး ဒေးဗစ် ကင်မရွန်းက ပြောကြားလိုက်ပါတယ်။ 

    ဗြိတိန်ရဲ့ ဒီထုတ်ပြန်မှုဟာ အစ္စရေးက ပါလက်စတိုင်းပြည်သူတွေအပေါ် ညှင်းပမ်းသတ်ဖြတ်မှုတွေကို လက်မခံနိုင်တော့ကြောင်း ပြသတာမျိုး ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

    နာဇီရန်ကြောင့် ဥရောပက ထွက်ပြေးလာတဲ့ဂျူးတွေ လက်နက်ကိုင်အဖွဲ့ဖွဲ့ကာ ပါလက်စတိုင်းတွေကို သတ်ဖြတ်မောင်းထုတ် နယ်မြေလုပြီး အစ္စရေးနိုင်ငံအဖြစ် ၁၉၄၈ ခုနှစ်မှာ ထူထောင်ခဲ့ပါတယ်။

    ဒီထူထောင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခကို ဖြေရှင်းနိုင်ရေးအတွက် ကုလသမဂ္ဂက သမိုင်း၀င် ပါလက်စတိုင်းဒေသရဲ့ ၆၅ ရာခိုင်နှုန်းကို ဂျူးနိုင်ငံ ၃၅ ရာခိုင်နှုန်းကို ပါလက်စတိုင်းနိုင်ငံအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ 

    ဒီလိုသတ်မှတ်ပြီးနောက်ပိုင်းလည်း အစ္စရေးက ယနေ့အချိန်အထိ ပါလက်စတိုင်းဒေသတွေကို ကျူးကျော်သိမ်းပိုက်နေပါတယ်။ 

    ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲကြောင့် အမေရိကန်အပါအ၀င် အစ္စရေးရဲ့ အဓိကမဟာမိတ် ဥရောပနိုင်ငံတွေက နှစ်နိုင်ငံတည်ရှိရေးအဖြေကို မြန်မြန်ဆန်ဆန် လုပ်ဆောင်ဖို့ ထုတ်ပြောလာကြပါတယ်။ 

    ဒေးဗစ်ကင်မရွန်းက နှစ်နိုင်ငံတည်ရှိရေးအဖြေအတွက် အစ္စရေးနဲ့ ပါလက်စတိုင်းတို့အကြား ဆွေးနွေးမှု လုပ်လုပ်မလုပ်လုပ် ဗြိတိန်ကတော့ ပါလက်စတိုင်းကို အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြုတော့မယ်လို့ ဖေဖော်၀ါရီ ၁ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

    လက်ရှိမှာ အမေရိကန်နဲ့ ဗြိတိန်အပါအ၀င် အစ္စရေးရဲ့ မဟာမိတ်တစ်ချို့ဟာ ပါလက်စတိုင်းကို အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ် မပြုထားပါဘူး။ 

     Ref: Aljazeera 

  • ဂျူးအကြမ်းဖက်သမားများကို အမေရိကန်က စတင်အရေးယူ

    ဂျူးအကြမ်းဖက်သမားများကို အမေရိကန်က စတင်အရေးယူ

    ဖေဖော်၀ါရီ ၂၊ ၂၀၂၄

    M-Media 


    -ပါလက်စတိုင်းနိုင်ငံ အနောက်ဖက်ကမ်းမှာ အကြမ်းဖက်တိုက်ခိုက် နယ်မြေခိုးယူမှုတွေ လုပ်ဆောင်နေတဲ့ ဂျူးအစွန်းရောက်တွေကို အမေရိကန်က ပထမဆုံး ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်လိုက်ပါတယ်။ 

    ပထမအသုတ် အရေးယူမှုမှာ ဂျူးအစွန်းရောက်လေးဦး ပါ၀င်ပါတယ်။ သူတို့ အမေရိကန်မှာ ပိုင်ဆိုင်မှုတွေ ရှိနေရင် သိမ်းဆည်းခံရမှာဖြစ်ပြီး အမေရိကန်လုပ်ငန်းတွေ သူတို့နဲ့ ဆက်သွယ် လုပ်ဆောင်တာကိုလည်း တားမြစ်မှာဖြစ်ပါတယ်။ 

    ပါလက်စတိုင်းပိုင်နက်တွေမှာ နေထိုင်နေတဲ့ တရားမ၀င် ဂျူးတွေက ပါလက်စတိုင်းတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှု လုပ်တာကို တားဆီးအရေးယူနိုင်မယ့် အမိန့်တစ်ခုကိုလည်း သမ္မတက ထုတ်ပြန်ထားတယ်လို့ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    အစ္စရေးစစ်တပ်က ဂါဇာမှာ လူသတ်ပွဲလုပ်နေချိန် အနောက်ဖက်ကမ်းမှာလည်း ဂျူးအစွန်းရောက်တွေက ပါလက်စတိုင်းတွေအပေါ် တိုက်ခိုက်သတ်ဖြတ် နယ်မြေလုမှုတွေကို အရင်ကထက် ပိုမိုလုပ်ဆောင်လာနေပါတယ်။ 

    Ref: Aljazeera 

    (ဓာတ်ပုံ – ပါလက်စတိုင်းပိုင်နက်အတွင်းမှ တရားမ၀င်ဂျူးများ)