News @ M-Media

Author: Ko Lay

  • မလေးရှားတွင် Covid-19 ကူးစက်မှုအရေအတွက် ပြန်လည်မြင့်တက်လာ

    မလေးရှားတွင် Covid-19 ကူးစက်မှုအရေအတွက် ပြန်လည်မြင့်တက်လာ

    မေ ၂၅၊ ၂၀၂၀
    M-Media

    -မလေးရှားနိုင်ငံမှာ ဒီကနေ့ Covid-19 ထပ်မံကူးစက်မှုအရေအတွက်ဟာ ၁၇၂ ဦး ရှိခဲ့ပြီး သီတင်းပတ်အနည်းငယ်အတွင်း ပထမဆုံးအကြိမ် ကူးစက်မှု ရာကျော်ရှိလာတာဖြစ်ပါတယ်။

    အဲဒီအထဲမှာ ကူးစက်မှု ၅ ခုဟာ နိုင်ငံရပ်ခြားက ကူးစက်လာတာဖြစ်ပြီး၊ ၁၆၇ ဦးကတော့ ပြည်တွင်းကူးစက်မှုပါ။ ကူးစက်သူတွေထဲမှာ နိုင်ငံခြားသား ၁၅၉ ဦးပါဝင်ပြီး၊ ၁၁၂ ဦးက တရားမဝင်နိုင်ငံခြားသား ထိန်းသိမ်းရေးစခန်းက ဖြစ်ပါတယ်။ ကူးစက်သူတွေထဲမှာ မြန်မာနိုင်ငံသား အနည်းဆုံး ၄၀ နီးပါးလောက် ပါဝင်ပါတယ်။

    မလေးရှားနိုင်ငံသားတွေအတွင်း ကူးစက်မှုကတော့ ၈ ခု ရှိပါတယ်။ ဒီကနေ့မှာ ကိုဗစ်ကြောင့် သေဆုံးမှု မရှိပါဘူး။

    ဒါ့ကြောင့် စုစုပေါင်း မလေးရှားမှာ Covid-19 ကူးစက်သူအရေအတွက်ဟာ ​၇၄၁၇ ဦးရှိလာပြီး သေဆုံးသူက ၁၁၅ ဦး ဖြစ်ပါတယ်။ ပြန်လည်ကောင်းမွန်သူအရေအတွက်က စုစုပေါင်း ၅၉၇၉ ဦးနဲ့ ၈၀.၆ ရာခိုင်နှုန်း ဖြစ်ပါတယ်။

    ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နူရ်ဟီရှမ် အဘ်ဒူလာက တရားမဝင်နိုင်ငံခြားသား ထိန်းသိန်းရေးစခန်း ၃ ခုမှာ အခြေအနေကို ထိန်းချုပ်ထားနိုင်ပြီး ပိုးသတ်တာ၊ ကျန်းမာရေးအသိပညာပေးတာအပါအဝင် ကာကွယ်ရေး၊ ထိန်းချုပ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်ထားကြောင်း ဒီအတွက် ​ပြည်သူလူထုအနေနဲ့ စိုးရိမ်ပူပန်ဖို့ မလိုကြောင်း ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    Ref: CNA

  • ပါကစ္စတန်တွင် ခရီးသည်တင်လေယာဉ်တစ်စင်း လူနေအိမ်များပေါ်သို့ ပျက်ကျမှု ဖြစ်ပွား

    ပါကစ္စတန်တွင် ခရီးသည်တင်လေယာဉ်တစ်စင်း လူနေအိမ်များပေါ်သို့ ပျက်ကျမှု ဖြစ်ပွား

    မေ ၂၂၊ ၂၀၂၀
    M-Media

    -ပါကစ္စတန်နိုင်ငံ ကရာချီမြို့မှာ ဒီကနေ့ညနေပိုင်းက ခရီးသည်တင်လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး လူအများအပြားသေဆုံးဖွယ် ရှိနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

    နိုင်ငံအရှေ့ပိုင်း လာဟိုးမြို့ကနေ တောင်ပိုင်း ကရာချီမြို့ကို ပျံသန်းလာတဲ့ အဲဒီ PK 8303 လေယာဉ်မှာ ခရီးသည် ၉၁ ဦးနဲ့ လေယာဉ်အမှုထမ်း ၇ ဦး လိုက်ပါလာတာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုကြောင့် ပါကစ္စတန်ဟာ လေကြောင်းလိုင်းတွေ ရပ်ဆိုင်းထားရကနေ အခုမှ ပြန်လည်ပြေးဆွဲတာပါ။

    ကရာချီမြို့ လေဆိပ်ကို ဆင်းကာနီးမှာ တယ်လီဖုန်းတာဝါတိုင်တစ်ခုကို တိုက်မိပြီး လူနေအိမ်ယာတွေပေါ်ကို ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ မပျက်ကျခင်မှာ လေယာဉ်ဘီး ချမရဘူးလို့ လေယာဉ်မှူးက သတင်းပို့တာ ရှိပေမယ့် ပျက်ကျမှုအကြောင်းအရင်းကိုပြောဖို့ စောနေသေးတယ်လို့ ပါကစ္စတန် နိုင်ငံတကာလေကြောင်းလိုင်း(PIA) ရဲ့ပြောရေးဆိုခွင့်ရှိသူ အဘ်ဒူလာ ဟာဖစ်ဇ်က ပြောကြားခဲ့ပါတယ်။

    ​ပျက်ကျသွားတဲ့လေယာဉ်ဟာ Airbus A320 အမျိုးစား လေယာဉ်ဖြစ်ပြီး သက်တမ်း ၁၅ နှစ်ရှိပါပြီ။ ပါကစ္စတန်စစ်တပ်က တပ်ဖွဲ့တွေကို အခင်းဖြစ်ရာတစ်ဝိုက်မှာ ချထားလိုက်ပြီး ရဟတ်ယာဉ်တွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ၂၀၁၆ ခုနှစ်က နိုင်ငံအနောက်မြောက်ပိုင်း Khyber-Pakhtunkhwa ပြည်နယ်မှာ ပြည်တွင်း ခရီးသည်တင်လေယာဉ်တစ်စီး ပျက်ကျခဲ့ပြီး ၄၇ ဦး သေဆုံးခဲ့ပါတယ်။ ပါကစ္စတန်သမိုင်းမှာ အဆိုးဝါးဆုံး လေယာဉ်ပျက်ကျမှုက ၂၀၁၀ ခုနှစ် အစ္စလာမ်မာဘတ်မြို့အနီး AirBlue လေယာဉ် ပျက်ကျမှုဖြစ်ပြီး ၁၅၂ ဦး သေဆုံးခဲ့ပါတယ်။

    Ref: Reuters

  • ပါလက်စတိုင်းလွတ်မြောက်ရေးသည် အစ္စလာမ်ကမ္ဘာ၏ တာဝန်၀တ္တရားဟု ခါမေနီ ပြော

    ပါလက်စတိုင်းလွတ်မြောက်ရေးသည် အစ္စလာမ်ကမ္ဘာ၏ တာဝန်၀တ္တရားဟု ခါမေနီ ပြော

    မေ ၂၂၊ ၂၀၂၀
    M-Media

    -ပါလက်စတိုင်းနိုင်ငံ လွတ်မြောက်ရေးဟာ မွတ်စလင်ကမ္ဘရဲ့ တာဝန်၀တ္တရားတစ်ရပ်ဖြစ်ပြီး လူတိုင်းက ကူညီဆောင်ရွက်ပေးသင့်တယ်လို့ အီရန် အဓိပတိ အယာတိုလာ ဆယဒ် အလီခါမေနီက ပြောကြားလိုက်ပါတယ်။

    ရမ်ဇာန်ဥပုသ်လရဲ့ နောက်ဆုံးသီတင်းပတ် သောကြာနေ့မှာ ကျရောက်တဲ့ ‘အလ်-ကွဒ်စ်’ နေ့ အထိမ်းအမှတ် မိန့်ခွန်းမှာ ခါမေနီက ဒီလိုပြောကြားလိုက်တာပါ။ အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုကို ခံစားနေရတဲ့ ပါလက်စတိုင်းပြည်သူတွေနဲ့ တစ်သားတည်းရှိကြောင်း ပြသဖို့ အီရန် အစ္စလာမ့်မစ်တော်လှန်ရေးခေါင်းဆောင် အယာတိုလာ ခိုမေနီက ဒီနေ့ကို သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

    “ပါလက်စတိုင်း လွတ်မြောက်ရေး လှုပ်ရှားမှုဟာ ဘုရားသခင်ရဲ့လမ်းတော်မှာ ကြိုးပမ်းမှုပါ။ အစ္စလာမ်ကမ္ဘာရဲ့ တာဝန်၊ အစ္စလာမ်ကမ္ဘာရဲ့ ရည်မှန်းချက်လည်း ဖြစ်ပါတယ်။ ဒီကြိုးပမ်းမှုအတွက် အောင်ပွဲကို အာမခံထားပြီး ဖြစ်ပါတယ်” လို့​ အလီခါမေနီက ဒီကနေ့ သူ့ရဲ့ ရုပ်သံမိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    အစ္စရေးရဲ့ ဇိုင်ယွန်အစိုးရဟာ ကြီးထွားလာမှုဟာ ကင်ဆာလိုဆိုးရွားပြီး ဒေသတွင်းကို ဖျက်ဆီးပစ်မှာဖြစ်ကြောင်း ဒီကင်ဆာဆဲလ်ကို လုံး၀ အမြစ်ဖြတ် သုတ်သင်ရမှာဖြစ်ကြောင်းလည်း ခါမေနီက ဆိုပါတယ်။

    ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ဂျူးတွေဟာ ပါလက်စတိုင်းဒေသကို သိမ်းပိုက်ရေးအတွက် ၁၈ ရာစုလောက်ကတည်းက စီစဉ်ခဲ့ကြတာပါ။ ဒုတိယကမ္ဘာစစ်အတွင်း ဥရောပကနေ ပါလက်စတိုင်းကို နည်းမျိုးစုံနဲ့ ထွက်ပြေးဝင်ရောက်လာကြတဲ့ ဂျူးတွေဟာ အင်္ဂလိပ်၊ အမေရိကန်တို့နဲ့ပေါင်းပြီး ပါလက်စတိုင်းပိုင်နက်တွေကို ကျူးကျော်သိမ်းပိုက်ကာ ၁၉၄၈ ခုနှစ်မှာ အစ္စရေးနိုင်ငံအဖြစ် ထူထောင်ခဲ့ကြတာ ဖြစ်ပါတယ်။

    ပါလက်စတိုင်းတွေဟာ ယနေ့အချိန်အထိ အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှု၊ သတ်ဖြတ်မှု၊ မောင်းထုတ်မှု ဒဏ်တွေကို ခံစားနေကြရပါတယ်။

    အစ္စရေးရဲ့ သံတမန်ဆက်ဆံရေးထူထောင်ဖို့ ကြိုးစားနေတဲ့ အာရပ်နိုင်ငံတစ်ချို့ကိုလည်း ခါမေနီက ဒီကနေ့မိန့်ခွန်းမှာ ရှုတ်ချခဲ့ပြီး အမေရိကန်ရဲ့ လက်ပါးစေ လက်ကိုင်တုတ်တွေလို့ ပြောကြားခဲ့ပါတယ်။

    Ref: Press TV

  • တရုတ်၏အစိတ်အပိုင်း အဖြစ်မခံဟု ထိုင်ဝမ်ပြော

    တရုတ်၏အစိတ်အပိုင်း အဖြစ်မခံဟု ထိုင်ဝမ်ပြော

    မေ ၂၀၊ ၂၀၂၀
    M-Media

    -တရုတ်နိုင်ငံရဲ့ ‘တစ်နိုင်ငံ-စနစ်နှစ်မျိုး’ ဝါဒကို လက်မခံမှာမဟုတ်ဘဲ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခု အဖြစ်မခံဘူးလို့ ထိုင်ဝမ်သမ္မတ Tsai Ing-wen က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    ဗြိတိသျှဟာ သူတို့အုပ်ချုပ်တဲ့ ထိုင်ဝမ်ကျွန်းကို ၁၉၉၇ ခုနှစ်က တရုတ်နိုင်ငံထံ လွှဲပေးခဲ့ပြီး အဲဒီအချိန်ကတည်းက တရုတ်ကွန်မြူနစ်အစိုးရဟာ ‘တစ်နိုင်ငံ၊ စနစ်နှစ်မျိုး’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ထိုင်ဝမ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးခဲ့တာပါ။ ဒါပေမယ့် ထိုင်ဝမ်ဟာ တရုတ်ပြည်မကြီးနဲ့ ပေါင်းစည်းရမယ့် ဒေသတစ်ခုအဖြစ် မှတ်ယူထားပါတယ်။

    သမ္မတ ဒုတိယသက်တမ်းထမ်းဆောင်ဖို့ ကျမ်းကျိန်တဲ့ ဒီကနေ့မိန့်ခွန်းမှာ Tsai Ing-wen က တရုတ်နဲ့ ထိုင်ဝမ်တို့ရဲ့ ဆက်ဆံရေးဟာ သမိုင်းဝင်အလှည့်အပြောင်းတစ်ခုကို ရောက်ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ရေရှည်အတူတကွနေထိုင်ရေး နည်းလမ်းတစ်ခု ရှာဖွေဖို့နဲ့ ရန်လိုမှု၊ ကွဲပြားမှုတွကြောင့် တင်းမာမယ့်အနေအထားကို တားဆီးဖို့အတွက် နှစ်ဖက်စလုံးမှာ တာဝန်ရှိပါတယ်။ ‘ငြိမ်းချမ်းရေး၊ တန်းတူညီရေး၊ ဒီမိုကရေစီနဲ့ ညှိနှိုင်းအဖြေရှာမှု’ ဆိုတဲ့ စကားလုံးတွေကို ကျွန်မ ဒီနေရာမှာ ထပ်ပြောချင်တယ်။ ‘တစ်နိုင်ငံ၊ စနစ်နှစ်မျိုး’ နဲ့ ထိုင်ဝမ်ကို နှိမ်တာကြောင့် ထိုင်ဝမ်-တရုတ် လက်ရှိဆက်ဆံရေး ပျက်ပြားမှာကို ကျွန်မတို့ လက်မခံပါဘူး။ ဒီမူဝါဒအပေါ်မှာပဲ ကျွန်မတို့ မားမားမတ်မတ် ရပ်တည်ပါတယ်”

    ထိုင်ဝမ်ဟာ ‘တရုတ်သမ္မတနိုင်ငံ’ လိုခေါ်တဲ့ လွတ်လပ်တဲ့ နိုင်ငံတစ်ခုဖြစ်ပြီး၊ ‘တရုတ်ပြည်သူ့ သမ္မတနိုင်ငံ’ ရဲ့ အစိတ်အပိုင်းတစ်ခု မဖြစ်ချင်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းတွေမှာ ပါဝင်ခွင့်ရရေး ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း သမ္မတ Tsai Ing-wen က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Tsai Ing-wen ပြန်လည်ရွေးကောက်ခံရပြီးကတည်းက တရုတ်ဟာ ထိုင်ဝမ်အနီးမှာ ကြည်းတပ်၊ ရေတပ်၊ လေတပ် စစ်ရေးလေ့ကျင့်မှုတွေ တိုးမြှင့် လုပ်ဆောင်လာခဲ့ပါတယ်။

    Ref: Reuters