News @ M-Media

Author: Ko Lay

  • အာဖဂန်ဗလီတစ်လုံးသို့ သေနတ်သမားများ ဝင်ရောက်ပစ်ခတ် ၇ ဦးသေဆုံး

    အာဖဂန်ဗလီတစ်လုံးသို့ သေနတ်သမားများ ဝင်ရောက်ပစ်ခတ် ၇ ဦးသေဆုံး

    မေ ၂၀၊ ၂၀၂၀
    M-Media

    -အာဖဂန်နစ္စတန်နိုင်ငံအလယ်ပိုင်း ပါရ်ဝမ်ပြည်နယ်က ဗလီတစ်လုံးမှာ မနေ့က သေနတ်သမားတွေ ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၇ ဦး သေဆုံးခဲ့ပါတယ်။

    ​ဥပုသ်ထွက်အပြီး ဝတ်ပြုဆု​တောင်းနေချိန်မှာ သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။ ပစ်ခတ်မှုမှာ သေနတ်သမား ဘယ်နှစ်ဦး ပါဝင်လဲဆိုတာကို အတိအကျ မသိရသေးသလို ကျူးလွန်သူတွေကိုလည်း ဖမ်းမမိသေးပါဘူး။

    အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာနက ဒီတိုက်ခိုက်မှုကို တာလီဘန်အဖွဲ့က လုပ်ဆောင်တာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး တာလီဘန်ကတော့ ဒီပြောကြားမှုကို ငြင်းဆိုပါတယ်။

    ​အမေရိကန်စစ်တပ်များ ထွက်သွားရေး၊ အပြန်အလှန်အားဖြင့် တာလီဘန်က တိုက်ခိုက်မှုလျော့ချရေးဆိုတဲ့ သဘောတူညီချက်တစ်ခု အမေရိကန်နဲ့ တာလီဘန်တို့အကြား ရရှိခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက်နောက်ပိုင်း အာဖဂန်မှာ အရပ်သားတွေအပေါ် ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ မြင့်တက်လာခဲ့ပြီး ဒီအတွက် ကုလသမဂ္ဂက သတိပေးထားပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်ကလည်း ကဘူးလ်မြို့က သားဖွားဆေးရုံတစ်ခုကို သေနတ်သမားတွေ ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် မွေးကင်းစ ကလေးငယ်တွေအပါအဝင် ၂၄ ဦး သေဆုံးခဲ့ပါတယ်။

    Ref: Aljazeera

  • အစ္စရေး၊ အမေရိကန်တို့နှင့် ရထားသည့် သဘောတူညီချက်များကိုရပ်ဆိုင်းသည်ဟု ပါလက်စတိုင်း ကြေငြာ

    အစ္စရေး၊ အမေရိကန်တို့နှင့် ရထားသည့် သဘောတူညီချက်များကိုရပ်ဆိုင်းသည်ဟု ပါလက်စတိုင်း ကြေငြာ

    မေ ၂၀၊ ၂၀၂၀
    M-Media

    ပါလက်စတိုင်းသမ္မတ မဟတ်မူးဒ် အဘတ်စ်

    – လုံခြုံရေးကိစ္စ အပါအဝင် အမေရိကန်၊ အစ္စရေးတို့နဲ့ ရရှိထားတဲ့ သဘောတူညီချက်တွေအားလုံးကို လိုက်နာမှု ရပ်ဆိုင်းလိုက်တယ်လို့ ပါလက်စတိုင်းသမ္မတ မဟ်မူးဒ် အဘတ်စ်က ပြောကြားလိုက်ပါတယ်။

    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက အစိတ်အပိုင်းတစ်ချို့နဲ့ ဂျော်ဒန်ချိုင့်ဝှမ်းဒေသတို့ကို အစ္စရေးပိုင်နက်ထဲ ထပ်မံထည့်သွင်းမယ်ဆိုတဲ့ အစ္စရေးအစိုးရသစ်ရဲ့ အစီအစဉ်ကို အခုလို တုန့်ပြန်လိုက်တာပါ။

    “အမေရိကန်အစိုးရ၊ အစ္စရေးအစိုးရတို့နဲ့ ရရှိထားတဲ့ သဘောတူညီချက်တွေ၊ နားလည်မှုတွ၊ အဲဒါတွေကို အခြေခံပြီး ရရှိထားတဲ့ စည်းမျဉ်းစည်းကမ်း အားလုံးကို ဒီကနေ့ကစပြီး ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့နဲ့ ပါလက်စတိုင်းနိုင်ငံက လိုက်နာမှု ရပ်ဆိုင်းလိုက်ပါတယ်။ ပါလက်စတိုင်းပိုင်နက်တွေကို သိမ်းပိုက်ထားတဲ့ ​ကျူကျော်သူအစိုးရဟာ အဲဒီလို သိမ်းပိုက်မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ရှေ့မှာ တာဝန်ယူမှု တာဝန်ခံမှု အားလုံးကို ပုခုံးထမ်းရပါမယ် ” လို့ မနေ့က ရာမာလာမြို့မှာ ပြုလုပ်တဲ့ အစည်းအဝေးအပြီးမှာ အဘတ်စ်က ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းပိုင်နက်တွေကို ထပ်မံသိမ်းပိုက်မယ့် လုပ်ငန်းစဉ်ပါဝင်တဲ့ အမေရိကန်သမ္မတထရမ့်ရဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအစီအစဉ် ထွက်ပေါ်လာတဲ့ ဖေဖော်ဝါရီလကတည်းက အဘတ်စ်ဟာ သဘောတူညီချက်အားလုံးကနေ နှုတ်ထွက်မယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။

    အစ္စရေးနဲ့ ဆွေးနွေးညှိနှိုင်းဖို့ အဆင်သင့်ရှိပြီး၊ နှစ်နိုင်ငံတည်ရှိရေးကို အခြေခံတဲ့ ပဋိပက္ခဖြေရှင်းရေး နည်းလမ်းကို ဆက်လက်စွဲကိုင်ထားတယ်လို့လည်း အဘတ်စ်က မနေ့မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ဟဂျ်ဘုရားဖူးခရီးစဉ်အတွက် တိတိကျကျ ထုတ်ပြန်ပေးရန် ဆော်ဒီကို အင်ဒိုနီးရှား တိုက်တွန်း

    ဟဂျ်ဘုရားဖူးခရီးစဉ်အတွက် တိတိကျကျ ထုတ်ပြန်ပေးရန် ဆော်ဒီကို အင်ဒိုနီးရှား တိုက်တွန်း

    မေ ၂၀၊ ၂၀၂၀
    M-Media

    -အခုနှစ် ဟဂျ်ဘုရားဖူးခရီးစဉ်ကို ခွင့်ပြုမလား၊ ခွင့်မပြုဘူးလားဆိုတာနဲ့ပတ်သက်ပြီး တိတိကျကျ ထုတ်ပြန်ပေးဖို့ ဆော်ဒီအာရေဗျကို အင်ဒိုနီးရှားက တိုက်တွန်းလိုက်ပါတယ်။

    ဟဂျ်ဘုရားဖူးခရီးစဉ်ဟာ ငွေကြေးတတ်နိုင်ပြီး၊ ကျန်းမာရေးကောင်းမွန်တဲ့ အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီးတိုင်း တစ်သက်မှာ တစ်ကြိမ် မလုပ်မနေရ တာဝန်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဟဂျ်ကာလအတွင်း ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင် ၂.၅ သန်းလောက် ဆော်ဒီအာရေဗျကို သွားရောက်ခဲ့ပါတယ်။

    အခုနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့နေမှုအတွက် အွမ္မရာဟ်ဘုရားဖူး အစီအစဉ်ကို ဆော်ဒီအစိုးရက မတ်လမှာ ဖျက်သိမ်းခဲ့ပြီး၊ ဟဂျ်ခရီးစဉ် လာရောက်ဖို့ စီစဉ်နေမှုကို ခေတ္တ ဆိုင်းငံ့ပေးထားဖို့လည်း ကမ္ဘာတစ်ဝှမ်းက မွတ်စလင်တွေကို တိုက်တွန်းခဲ့ပါတယ်။

    အခုနှစ်ဟဂျ်ဘုရားဖူးကာလဟာ ဇူလိုင်လအကုန်မှာ ကျရောက်မှာဖြစ်ပြီး ခွင့်ပြုမှာလား၊ ခွင့်မပြုဘူးလားဆိုတာကို ဆော်ဒီအစိုးရက မထုတ်ပြန်သေးပါဘူး။

    အင်ဒိုနီးရှား သာသနာရေးဝန်ကြီးဌာနက ရမ်ဇန်ဥပုသ်လမကုန်ခင် ဒီကိစ္စအတွက် ဆုံးဖြတ်ချက် ထုတ်ပြန်ပေးဖို့ ဆော်ဒီအာရေဗျကို တိုက်တွန်းခဲ့ပါတယ်။

    “ဟဂျ်ကို ခွင့်ပြုမှာလား၊ ရပ်ဆိုင်းမှာလားဆိုတဲ့ တရားဝင်ဆုံးဖြတ်ချက်မျိုး မကြာမီ ထုတ်ပြန်ပေးဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အိုမန် ဖာသူရဟ်မန်က ပြောပါတယ်။

    အင်ဒိုနီးရှားဟာ ကမ္ဘာပေါ်မှာ အစ္စလာမ်ဘာသာဝင်အများဆုံးရှိတဲ့ တိုင်းပြည်ဖြစ်ပြီး ယခုနှစ် ဟဂျ်ခရီးစဉ်သွားရောက်ဖို့အတွက် လူပေါင်း ၂၃၁၀၀၀ လောက် စာရင်းပေးထားပါတယ်။

    ဖာသူရဟ်မန်က ဟဂျ်ခရီးစဉ် ဝန်ဆောင်မှုအတွက် အင်ဒိုနီးရှားက ဆော်ဒီကို ငွေကြိုပေးထားတာမျိုး မရှိဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Daily Mail

  • လွန်ခဲ့သည့် ၅ နှစ်က ပါလက်စတိုင်း နေအိမ်အား မီးရှို့သူကို အပြစ်ရှိသည်ဟု အစ္စရေး သတ်မှတ်

    လွန်ခဲ့သည့် ၅ နှစ်က ပါလက်စတိုင်း နေအိမ်အား မီးရှို့သူကို အပြစ်ရှိသည်ဟု အစ္စရေး သတ်မှတ်

    မေ ၁၈၊ ၂၀၂၀
    M-Media

    -၂၀၁၅ ခုနှစ်က ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက ပါလက်စတိုင်းမိသားစုတစ်ဦးရဲ့ နေအိမ်ကို မီးလောင်ဗုံးပစ်ကာ မီးရှို့မှုအတွက် ဂျူးအခြေချနေထိုင်သူတစ်ဦးမှာ အပြစ်ရှိတယ်လို့ အစ္စ​ရေး တရားရုံးမှာ မနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

    အနောက်ဖက်ကမ်း ဒူးမားရွာမှာ မေလက ဖြစ်ပွားခဲ့တဲ့ အဲဒီအဖြစ်အပျက်အတွင်း အသက် ၁၈ လအရွယ် ပါလက်စတိုင်းကလေးငယ် အလီဒါဝါဘက်ရှ်၊ သူ့ရဲ့ မိခင်နဲ့ ဖခင် စုစုပေါင်း ၃ ဦး မီးလောင်သေဆုံးခဲ့ပါတယ်။

    တိုက်ခိုက်မှုကို ကျူးလွန်သူဟာ အသက် ၂၅ နှစ်အရွယ် Amiram Ben-Uliel ဆိုသူဖြစ်ပြီး လူမျိုးရေးမုန်းတီးမှုနဲ့ လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတွေ့ရကြောင်း တရားရုံးရဲ့ ဒီကနေ့ ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။ Amiram Ben-Uliel ဟာ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက တရားမဝင် ဂျူးအခြေချအိမ်ယာမှာ နေထိုင်သူ ဖြစ်ပါတယ်။

    Ben-Uliel ဟာ လူသတ်ရန်ကြိုးပမ်းမှု စွဲချက် ၂ ခု၊ မီးရှို့မှု စွဲချက် ၂ ခုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရပြီး အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်နွယ်နေတယ်ဆိုတဲ့ စွဲချက်ကိုတော့ ပလပ်ခဲ့ပါတယ်။ မီးရှို့မှုမှာ ပါဝင်ခဲ့တဲ့ အသက် မပြည့်သေးသူတစ်ဦးကိုတော့ လူသတ်မှုကနေ ပူးပေါင်းကြံစည်မှုအဖြစ် လျောချခဲ့ပြီး ပြီးခဲ့တဲ့နှစ်မှာ အယူခံဝင်ထားပါတယ်။

    အဖြူရောင် ဘာသာရေးဦးထုပ်ဆောင်းထားပြီး၊ ဂျူးကျမ်းစာကို ချိုင်းကြားညှပ်ထားတဲ့ Amiram Ben-Uliel က​ တာဝန်ရှိသူတွေဟာ ဒီကိစ္စကို ဝန်ခံဖို့အတွက် ဖိအားပေးခဲ့တယ်လို့ တရားခွင်မှာ ပြောကြားခဲ့ပါတယ်။

    အစ္စရေးပြည်တွင်းလုံခြုံရေးအဖွဲ့ Shin Bet က ထုတ်ပြန်တဲ့ကြေငြာချက်မှာ တရားရုံးရဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်ဟာ ဂျူးအကြမ်းဖက်ဝါဒ တွန်းလှန်ရေးအတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်တယ်လို ဖော်ပြခဲ့ပါတယ်။

    Ref: Reuters

  • တနင်္လာနေ့ ဘောလုံးသတင်းများ

    တနင်္လာနေ့ ဘောလုံးသတင်းများ

    မေ ၁၈၊ ၂၀၂၀
    M-Media

    ဂိုးအကျယ်တိုးမြှင့်ရန် သုတေသနပညာရှင်များ လေ့လာဆန်းစစ်နေ

    လက်ရှိ ဘောလုံးသမားတွေရဲ့ ပျမ်းမျှအရပ််ဟာ ဘောလုံးအားကစားနည်းစတင်စဉ်က ကစားသမားတွေရဲ့ ပျမ်းမျှအရပ်ထက် ပိုမြင့်တယ်ဆိုရင် ဂိုးအကျယ်ကို ပိုကြီးဖို့ အဆိုပြုမယ်လို့ အမေရိကန်နဲ့ အင်္ဂလန် သုတေသနပညာရှင်တွေက ပြောပါတယ်။ လက်ရှိမှာ ဒီအတွက် သုတေသနလုပ်နေပြီး အရင်ခေတ် ဘောလုံးပို့စ်ကဒ်တွေ၊ ဓာတ်ပုံတွေကို မျှဝေကာ ပူးပေါင်းပါဝင်ပေးကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ လက်ရှိ ဂိုးတိုင်ဟာ အကျယ် ၂၄ ပေ၊ အမြင့် ၈ ပေ ရှိနေ​ပြီး ၁၈၈၂ ခုနှစ်ကတည်းက သတ်မှတ်ထားတာ ဖြစ်ပါတယ်။

    ဆာလာဟ်ကို ဒဏ်ရာရစေသည့် ရာမို့စ်ကို အီတလီနောက်ခံလူ ထောက်ခံ

    ၂၀၁၈ ချန်ပီယံလိဂ် ဖိုင်နယ်မှာ လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်အပေါ် ရီးယဲလ်နောက်ခံလူ ရာမို့စ်ရဲ့ တုန့်ပြန်မှုဟာ ဆုံးဖြတ်ချက်ပြတ်သားတဲ့ လုပ်ရပ်မျိုးဖြစ်ပြီး ရာမို့စ်ဟာ အကောင်းဆုံး နောက်ခံလူဖြစ်တယ်လို့ အီတလီနောက်ခံလူဟောင်း ဂျော်ဂျီယို ချီလီနီက ပြောကြားလိုက်ပါတယ်။ ရီးယဲလ်က ၃ ဂိုး ၁ ဂိုးနဲ့ ဗိုလ်စွဲခဲ့တဲ့ အဲဒီပွဲမှာ ပထမပိုင်းစလို့ သိပ်မကြာခင်မှာပဲ ရာမို့စ်ရဲ့ ဆွဲလှဲမှုကြောင့် ဆာလာဟ်ဟာ ပုခုံးဒဏ်ရာရပြီး လူစားလဲခဲ့ရပါတယ်။ ချီလီနီက ရာမို့စ်ဟာ နည်းစနစ်ပိုင်း ကျွမ်းကျင်ပြီး အရေးပါတဲ့ ပြိုင်ပွဲတွေမှာ ဘယ်လို တုန့်ပြန်ရမယ်ဆိုတာကိုလဲ ကောင်းကောင်းသိတယ်လို့ ဆိုပါတယ်။

    လာကာဇက် ပူဖေါင်းမှအငွေ့ရှူသည့်ဓာတ်ပုံအတွက် အာဆင်နယ် စုံစမ်းနေ

    တိုက်စစ်မှူး လာကာဇက်တစ်​ယောက် ပူဖောင်းကနေ အငွေ့ရှူနေတဲ့ ပုံအတွက် အသင်းအတွင်း စုံစမ်းစစ်ဆေးမှု ပြုလုပ်နေတယ်လို့ အာဆင်နယ်အသင်းက ပြောကြားလိုက်ပါတယ်။ ပူဖောင်းကနေ အငွေ့ရှူကာ ဆိုဖာမှာ လဲလျောင်းနေ ဗီဒီယိုတစ်ခုကို လာကာဇက်က မိတ်ဆွေတွေထံ ပေးပို့ခဲ့ပြီး အဲဒီပုံကို Daily Star သတင်းစာက ရှေ့မျက်နှာဖုံးမှာ ဖော်ပြခဲ့တာပါ။ ဒီဗီဒီယိုကို ဘယ်တုန်းက ရိုက်ကူးတာလဲဆိုတာနဲ့ လာကာဇက် ဘာကိုရှူနေလဲဆိုတာကို အတိအကျ မသိရပါဘူး။ အသင်းက တားမြစ်တဲ့ အပြုအမူမျိုးဆိုရင်တော့ သူဟာ ၂ ပတ်စာ လုပ်ခလစာ ဒဏ်ငွေရိုက်ခံရတဲ့ ပြစ်ဒဏ်မျိုး ကြုံတွေ့ရနိုင်ပါတယ်။

    မန်ယူတွင် ပက်ဂျီဆန်က ရော်နယ်ဒိုကဲ့သို့ပင် အရေးပါခဲ့

    တောင်ကိုရီးယား ကွယ်လယ်လူ ပက်ဂျီဆန်ဟာ အသင်းမှာ ရော်နယ်ဒိုလိုပဲ အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်ခဲ့တယ်လို့ မန်ယူတိုက်စစ်မှူးဟောင်း ဝိန်းရူနီက ပြောကြားလိုက်ပါတယ်။ ၂၀၀၉ ခုနှစ် ရော်နယ်ဒို ရီးယဲလ်မက်ဒရစ်ကို ပြောင်းသွားတဲ့ အချိန်အထိ ပက်ဂျီဆန်နဲ့ ရော်နယ်ဒိုတိုဟာ မန်ယူမှာ ၄ နှစ်တာ ကစားကာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ လိဂ်ဖလားတွေ ရရှိခဲ့ပါတယ်။ ရူနီက ဘောလုံးနိုင်နင်းမှု၊ ဂိုးသွင်းမှု၊ လျင်မြန်မှုတွေကြောင့် ရော်နယ်ဒိုကို လူတွေက သိကြပေမယ့် အုပ်စုဖွဲ့ကစားမှုမှာ ပက်ဂျီဆန်က ရော်နယ်ဒိုလောက်ကို အသင်းအတွက် အရေးပါကြောင်း၊ အသင်းလိုက် အားကစားမှာ မကျော်ကြားတဲ့သူတွေက အသင်းအတွက် ပိုပြီးအရေးပါတတ်ကြောင်း ရူနီက ဆိုပါတယ်။

    Ref: Goal