News @ M-Media

Author: Ko Lay

  • လူမည်းအမျိုးသားတစ်ဦး ရဲလက်တွင်သေဆုံးမှုကြောင့် အမေရိကန်တွင် အကြီးအကျယ် ဆန္ဒပြ

    လူမည်းအမျိုးသားတစ်ဦး ရဲလက်တွင်သေဆုံးမှုကြောင့် အမေရိကန်တွင် အကြီးအကျယ် ဆန္ဒပြ

    မေ ၂၉၊ ၂၀၂၀
    M-Media

    -ရဲတပ်ဖွဲ့ဝင်တွေကြောင့် လူမည်းအမျိုးသားတစ်ဦး သေဆုံးမှု နောက်ဆက်တွဲအဖြစ် အမေရိကန်နိုင်ငံတစ်ဝှမ်းမှာ အကြီးအကျယ် ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပါတယ်။

    မင်နီဆိုတာပြည်နယ် မင်နီယာပိုလစ်မြို့မှာ ဂျော့ဂျ် ဖလွိုက်ဆိုသူ လူမည်းအမျိုးသားဟာ လိမ်လည်မှုသံသယနဲ့ ​တနင်္လာနေ့က ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုအတွင်း သေဆုံးသွားခဲ့တာပါ။ လူဖြူရဲတစ်ဦးက ဖလွိုက်ကို မြေပြင်မှာလှဲကာ ဒူးနဲ့ လည်ပင်းကိုဖိထားတဲ့ ဗီဒီယိုဟာ ဆိုရှယ်မီဒီယာတွေမှာ ပြန့်နှံ့ခဲ့ပါတယ်။

    ‘အသက်ရှူလို့မရတော့ဘူး’ လို့ ဖလွိုက်က အော်ခဲ့ပေမယ့် လှုပ်ရှားမှုမရှိတော့တဲ့အချိန်အထိ ရဲက ဖိထားတဲ့ဒူးကို ကြွမပေးခဲ့ပါဘူး။ ဒီအဖြစ်အပျက်မှာ ပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင် ၄ ဦးကို မင်နီယာပိုလစ် ရဲတပ်ဖွဲ့က ထုတ်ပယ်ခဲ့ပါတယ်။

    မင်နီယာပိုလစ်ပြည်သူတွေဟာ ဖလွိုက်အတွက် တရားမျှတမှုရရှိရေးအတွက် အင်္ဂါနေ့ကစတင်ကာ ဆန္ဒပြတောင်းဆိုခဲ့ကြပြီး နောက်ပိုင်းမှာတော့ ဆန္ဒပြပွဲတွေဟာ နိုင်ငံတစ်ဝှမ်း ပြန့်နှံ့သွားခဲ့ပါတယ်။ ဆန္ဒပြလူအုပ်ဟာ အဆောက်အဦးတွေ၊ ရဲစခန်းတွကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း အင်အားသုံးနှိမ်နှင်းတာ၊ ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

    အမေရိကန် ရှေ့နေချုပ်နဲ့ FBI အထူးအဖွဲ့အကြီးအကဲတို့ရဲ့ မနေ့ကထုတ်ပြန်ချက်မှာ ဒီကိစ္စကို အထူးဦးစားပေးအဖြစ်သတ်မှတ်ကာ စုံစမ်းစစ်ဆေးနေတယ်လို့ ဖော်ပြထားပါတယ်။

    သမ္မတဒေါ်နယ်ထရမ့်က ဖလွိုက်သေဆုံးသွားတဲ့ ဗီဒီယိုဟာ အလွန်စက်ဆုပ်ဖွယ်ကောင်းတဲ့မြင်ကွင်းဖြစ်ပြီး မိမိတို့အစိုးရဟာ ဒီကိစ္စကို ထဲထဲဝင်ဝင် ပါဝင်ကိုင်တွယ်နေတယ်လို့ ပြေကြားခဲ့ပါတယ်။

    အမေရိကန်ရဲတပ်ဖွဲ့က လူဖြူတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်ကြောင့် လူမည်းအရပ်သားတွေ သေဆုံးမှုဟာ အရင်ကတည်းက ရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေမှာ လူမျိုးရေးခွဲခြားမှုရှိတယ်ဆိုတဲ့ ပြောကြားမှုတွေ၊ ဒီအတွက် အကြီးအကျယ် ဆန္ဒပြမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

    Ref: Aljazeera

  • ကျိုင်းကောင်အုပ်က ကောက်ပဲသီးနှံများကို ဖျက်ဆီးမှု အိန္ဒိယကြုံတွေ့နေရ

    ကျိုင်းကောင်အုပ်က ကောက်ပဲသီးနှံများကို ဖျက်ဆီးမှု အိန္ဒိယကြုံတွေ့နေရ

    မေ ၂၇၊ ၂၀၂၀
    M-Media

    -အိန္ဒိယနိုင်ငံက ဒေသတစ်ချို့မှာ ကျိုင်းကောင်အုပ်တွေက ကောက်ပဲသီးနှံတွေကို အကြီးအကျယ် စားသောက်ဖျက်ဆီးတာကို ကြုံတွေ့နေရပြီး ၁၉၉၃ ခုနှစ်နောက်ပိုင်း ဒီပြဿနာကို ပထမဆုံး ပြန်လည်ကြုံတွေ့ရတာ ဖြစ်ပါတယ်။

    နိုင်ငံမြောက်ပိုင်း ရာဂျက်စသန်​နဲ့ အလယ်ပိုင်း မဒ်ယာပရာဒက်ရှ်ပြည်နယ်တို့မှာ ၁ စကွဲယားကီလိုမီတာပတ်လည်ရှိတဲ့ ကျိုင်းကောင်အုပ် ၈ ခုကနေ ၁၀ ခုလောက်ဟာ ကောက်ပဲသီးနှံတွေကို ကိုက်ဖျက်စားသောက်နေကြပြီး၊ ကောက်ပဲသီးနှံ ဧကပေါင်း ၁၂၅၀၀၀ လောက် ပျက်ဆီးခဲ့ပြီ ဖြစ်ပါတယ်။

    ကျိုင်းကောင်အုပ်ဟာ ဧပြီလက ပါကစ္စတန်ကို ဝင်ရောက်ပြီးနောက်ပိုင်း အိန္ဒိယကို ရောက်လာတာဖြစ်ပါတယ်။

    အကောင် သန်း ၄၀ လောက်ရှိတဲ့ ကျိုင်းကောင်အုပ်ဟာ လူပေါင်း ၃၅၀၀၀ လောက်အတွက် ဖူလှုံတဲ့ အစားအသောက်တွေကို စားသောက်ဖျက်ဆီးနိုင်စွမ်းရှိတယ်လို့ ကုလရဲ့ စားနပ်ရိက္ခာနှင့် စိုက်ပျိုရေးအဖွဲ့ UNFAO က ပြောကြားထားပါတယ်။

    အာဏာပိုင်တွေကတော့ ဒရုန်းတွေ၊ လယ်ထွန်စက်တွေနဲ့ အခြားယာဉ်တွေကို အသုံးပြုကာ ကျိုင်းကောင်းတွေကို ပိုးသတ်ဆေးဖြန်း နှိမ်နှင်းနေပါတယ်။ အခြားပြည်နယ်တစ်ချို့မှာလည်း ကျိုင်းကောင်အုပ် အသေးစားတွေ ပျံ့နှံ့တာမျိုး ရှိနေပါတယ်။

    မိုးသည်းထန်စွာရွာသွန်းတာလို စိုစွတ်တဲ့ ရာသီဥတုကြောင့် ကျိုင်းကောင်တွေ ပိုမိုပွားများလာပြီး ရှေ့ဆက် ဆိုးရွားမယ့်အနေအထား ရှိနေတယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။

    Ref: AFP

  • ရခိုင်ပြည်နယ်မှ ရခိုင်ရွာတစ်ရွာ မီးရှို့ခံရမှု အစိုးရစစ်တပ်လက်ချက်ဟု HRW ပြော

    ရခိုင်ပြည်နယ်မှ ရခိုင်ရွာတစ်ရွာ မီးရှို့ခံရမှု အစိုးရစစ်တပ်လက်ချက်ဟု HRW ပြော

    မေ ၂၇၊ ၂၀၂၀
    M-Media

    လက္ကာရွာမီးလောင်မှု ဂြိုဟ်တုဓာတ်ပုံ

    -ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ရခိုင်ရွာတစ်ခုက နေအိမ်နဲ့ အဆောက်အဦး ၂၀၀ လောက် မီးရှို့ဖျက်ဆီးခံခဲ့ရတာကို ဂြိုဟ်တုဓာတ်ပုံတွေမှာ တွေ့ရပြီး၊ ဒါဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ စစ်တပ်ရဲ့လုပ်ရပ်ကို ပြန်တွေ့ရတာဖြစ်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW က ပြောကြားလိုက်ပါတယ်။

    အစိုးရစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်တပ် (AA) တို့အကြား လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကတည်းက တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်ပွားခဲ့ပြီး၊ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က ပလက်၀ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

    စစ်ဆင်ရေးတွေမှာ အစိုးရစစ်တပ်နဲ့ AA တို့ နှစ်ဖက်စလုံးက အရပ်သားတွေအပေါ် ကျူးလွန်မှုတွေရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ထားပါတယ်။

    AA အဖွဲ့ဝင်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးထားတဲ့ အရပ်သားတွေကို စစ်သား​တွေက ရိုက်နှက်တဲ့ဗီဒီယိုတစ်ခု အခုလအစောပိုင်းက ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့ပြီးနောက်ပိုင်း ​တပ်ဖွဲ့ဝင်တွေ ဥပဒေပ လုပ်ဆောင်ခဲ့တယ်ဆိုတာကို အစိုးရစစ်တပ်က ဝန်ခံခဲ့ပါတယ်။

    HRW ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက လက္ကာရွာမှာ နေအိမ်နဲ့ အဆောက်အဦး စုစုပေါင်း ၂၀၀ လောက် မီးလောင်နေတာကို ဂြိုဟ်တုဓာတ်ပုံတွေနဲ့ ဖော်ပြထားပြီး အစိုးရစစ်တပ်က တပ်ဖွဲ့ဝင်တွေဟာ အရပ်သား ပြည်သူလူထုအပေါ် ကျူးလွန်မှုလို့ စွပ်စွဲထားပါတယ်။

    “လက္ကာရွာမီးရှို့မှုဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ရိုဟင်ဂျာရွာတွေကို မြန်မာစစ်တပ်က မီးရှို့ခဲ့တဲ့ ဝိသေသလက္ခဏာတွေကို ထင်ဟပ်နေတာပါ။ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို ဖော်ထုတ်ဖို့၊ တာဝန်ရှိသူတွေကို အပြစ်ပေးဖို့၊ ထိခိုက်ခဲ့ရတဲ့ရွာတွေကို နစ်နာကြေးပြန်ပေးဖို့အတွက် စိတ်ချရပြီး ဘက်လိုက်မှုကင်းတဲ့ စုံစမ်းစစ်ဆေးမှုမျိုး အမြန်လိုအပ်ပါတယ်” လို့ HRW အာရှဆိုင်ရာ လက်ထောက်ဒါရိုက်တာ ဖီလ်ရော်ဘတ်ဆန်က ပြောကြားခဲ့ပါတယ်။

    ဂြိုဟ်တုဓာတ်ပုံတွေအရေ ၂၀၂၀ ခုနှစ် မေလ ၁၆ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန် လက္ကာရွာမှာ ဘယ်လိုထိခိုက်မှုမျိုးမှ မရှိခဲ့ပေမယ့် နေ့လယ် ၂ နာရီ ၁၂ မိနစ်အချိန်မှာတော့ အနည်းဆုံး အဆောက်အဦး ၂၀၀ လောက် အကြီးအကျယ် မီးလောင်နေတာကို တွေ့ခဲ့ရပါတယ်။

    လက္ကာရွာ၊ အနီးအနားက ဘူးရွက်မညိုရွာမှာနေထိုင်သူတစ်ချို့၊ အကူအညီပေးရေး လုပ်သားတစ်ချို့ကလည်း ဂြိုဟ်တုက မှတ်တမ်းတင်ထားနိုင်တဲ့ အဲဒီနေ့မှာ မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှု၊ မီးရှို့မှုတွေကို မျက်မြင်ကြုံတွေ့ခဲ့ရကြောင်း ထွက်ဆိုခဲ့တယ်လို့ HRW က ပြောပါတယ်။

    ရခိုင်ပြည်နယ် လွှတ်တော်အမတ် ဦးထွန်းသာစိန်က အစိုးရတပ်ဖွဲ့တွေ အဲဒီဒေသမှာရှိခဲ့ကြောင်း အတည်ပြုခဲ့ပြီး လက္ကာရွာ​သူ၊ ရွာသားတွေကို နစ်နာကြေးပေးဖို့နဲ့ အကူအညီပေးဖို့ အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

    စစ်တပ်ကငြင်း

    မေလ ၁၇ ရက်နေ့ မြန်မာစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ ၁၆ ရက်နေ့ နေ့လယ်ပိုင်း လက္ကာရွာကို ဝင်ရောက်ကင်းလှည့်တဲ့အချိန် AA အဖွဲ့ရဲ့ တိုက်ခိုက်မှုကို ခံရကြောင်း ဖော်ပြခဲ့ပါတယ်။

    ဒရုန်းကနေ ရိုက်ထားတဲ့ ရွာမီးလောင်နေတဲ့ပုံကိုလည်း ထုတ်ပြခဲ့ပြီး AA အဖွဲ့က မီးရှို့ပြီး ထွက်ပြေးသွားကာ အနည်းဆုံး အိမ်ခြေ ၂၀ လောက် ပျက်ဆီးသွားတယ်လို့ ဆိုပါတယ်။ AA ကို အကြမ်းဖက်အဖွဲ့အစည်းတစ်ခုအဖြစ် မြန်မာအစိုးရနဲ့ စစ်တပ်တို့က သတ်မှတ်ထားတာပါ။

    မေလ ၁၉ ရက်နေ့ AA အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်တပ်ရဲ့ ပြောကြားမှုတွေကို ငြင်းဆိုခဲ့ပါတယ်။

    နိုင်ငံတကာ စစ်ပွဲဥပဒေမှာ အရပ်သားတွေ၊ အရပ်သားပစ်မှတ်တွေအပေါ် တိုက်ခိုက်တာကို တားမြစ်ထားပြီး ဒီလိုတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုမြောက်ပါတယ်။

    Ref: Aljazeera

  • လက်တင်အမေရိကဒေသ Covid-19 ဗဟိုချက်ဖြစ်လာ

    လက်တင်အမေရိကဒေသ Covid-19 ဗဟိုချက်ဖြစ်လာ

    မေ ၂၇၊ ၂၀၂၀
    M-Media

    -လက်တင်အမေရိကဒေသဟာ Covid-19 ကူးစက်ရာ အချက်အခြာနေရာတစ်ခု ဖြစ်လာပြီလို့ ပန်အမေရိက ကျန်းမာရေးအဖွဲ့ (PAHO) က သတိပေးလိုက်ပါတယ်။

    တစ်နေ့တာ ကူးစက်မှုအရေအတွက်မှာ လက်တင်အမေရိကဟာ ဥရောပနဲ့ အမေရိကန်တို့ကို ကျော်ဖြတ်သွားပြီဖြစ်ပါတယ်။ အမေရိတစ်တိုက်လုံးမှာ ကူးစက်သူ ၂.၄ သန်းရှိပြီး၊ သေဆုံးသူက ၁၄၃၀၀၀ ဦး ရှိနေတာပါ။

    လက်ရှိ ဘရာဇီးလ်၊ ပီရူးနဲ့ ချီလီနိုင်ငံတိုမှာ ကူးစက်မှု သိသိသာသာ မြင့်တက်လာပြီး PAHO အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ Carissa Etienne က ကန့်သတ်မှုလျော့ချတာ၊ ကာကွယ်ရေးဗျူဟာတွေ ရုပ်သိမ်းတာမျိုး မလုပ်ဖို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းခဲ့ပါတယ်။

    ပီရူးနှင့် ချီလီတို့မှာ ပြီးခဲ့တဲ့ ၇ ရက်အတွင်း ကူးစက်မှုနှုန်းဟာ ကမ္ဘာ့အမြင့်ဆုံး ပမာဏဖြစ်ခဲ့ပြီး ချီလီမှာဆိုရင် အနည်းဆုံး အစိုးရဝန်ကြီး ၂ ဦးအထိ ကူးစက်ခဲ့ပါတယ်။

    “အခုအချိန်ဟာ အားတင်းထားပြီး သတိရှိရမယ့်အချိန်၊ ထိရောက်တဲ့ ပြည်သူ့ကျန်းမာရေး လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ရမယ့်အချိန်ပါ။ အခြားဒေသတွေကနေပြီး ကျွန်မတို့ သင်ခန်းစာရထားတယ်။ ဘယ်ဟာက အလုပ်ဖြစ်လဲ၊ ဘယ်ဟာက အလုပ်မဖြစ်ဘူးလဲဆိုတာကိုလည်း ကျွန်မတို့ သိရှိထားတယ်။ ကျွန်မတို့ရဲ့ အခြေအနေမှာ ဒီအသိတွေကို ဆက်လက်ပြီး ထည့်သွင်းအသုံးချရပါလိမ့်မယ်” လို့ Carissa Etienne က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref: CNN

  • ကိုဗစ်ကန့်သတ်မှုလျော့ချရန် ဆော်ဒီကပြင်ဆင်၊ ဟဂျ်နှင့် အွမ္မရာကို ဆက်လက်ဆိုင်းငံ့ထားမည်

    ကိုဗစ်ကန့်သတ်မှုလျော့ချရန် ဆော်ဒီကပြင်ဆင်၊ ဟဂျ်နှင့် အွမ္မရာကို ဆက်လက်ဆိုင်းငံ့ထားမည်

    မေ ၂၇၊ ၂၀၂၀
    M-Media

    -Covid-19 ပြန့်နှံ့မှုကြောင့် ဆောင်ရွက်ထားရတဲ့ ရွေ့လျားသွားလာမှု ကန့်သတ်ချက်တွေကို ဆော်ဒီအာရေဗျက လျော့ခဖို့ ပြင်ဆင်နေပြီး မြင့်မြတ်ရာ နေရာတွေတည်ရှိတဲ့ မက္ကာမြို့ကိုတော့ ဆက်လက် ပိတ်ထားမှာ ဖြစ်ပါတယ်။

    ကန့်သတ်မှုလျော့ချရေး ပထမအဆင့်ကို မေလ ၂၈ ရက် ကြာသာပတေးနေ့မှာ စတင်မှာဖြစ်ပါတယ်။ ဒီအဆင့်မှာ ၂၄ နရီ ကာဗျူးထုတ်ပြန်ထားမှုကို မနက် ၃ နာရီကနေ ၆ နာရီအထိ လျော့ချပေးမှာ ဖြစ်ပါတယ်။

    မေလ ၃၁ ရက်နေ့စတင်ပြီး ပြည်တွင်းခရီးသွားမှု၊ ဗလီဝတ်ကျောင်းတော်တွေမှာဝတ်ပြုမှု၊ အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်မှုတွေကို ပြန်လည်ခွင့်ပြုပေးမှာပါ။ မက္ကာမြို့မှာ ၂၄ နာရီ ကာဖျူးထုတ်ပြန်ထားမှုကတော့ ဆက်လက်ရှိနေမှာဖြစ်ပြီး ဇွန်လ ၂၁ ရက်နေ့မှ လျော့ချဖို့ စီစဉ်ထားပါတယ်။

    ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်သန်းချီ လာရောက်ကြတဲ့ ဟဂျ်နဲ့ အွမ္မရာဟ် ဘုရားဖူးခရီးစဉ်တွေကိုတော့ ဆက်လက်ပိတ်ထားမှာဖြစ်ပါတယ်။

    ရွေ့လျားသွားလာမှု ကန့်သတ်ချက်တွေကို လျော့ချပေး​ပေမယ့် တစ်ဦးနဲ့တစ်ဦး အနည်းဆုံး ၁ မီတာခွာရမယ့် social distancing လမ်းညွှန်ချက်တွေကို လိုက်နာရမှာဖြစ်ပါတယ်။ လူ ၅၀ ထက်ပိုစုတာကို ဆော်ဒီအာဏာပိုင်တွေက ဆက်လက်ပိတ်ပင်ထားပါတယ်။

    လက်လီ၊ လက်ကားဆိုင်တွေ၊ စျေးဝယ်စင်တာတွေ၊ ကော်ဖီဆိုင်တွေအပါအဝင် တစ်ချို့စီးပွားရေးလုပ်ငန်းတွေကိုလည်း ဖွင့်ခွင့်ပြုမှာဖြစ်ပါတယ်။

    ဆော်ဒီဟာ ရွေ့လျားသွားလာမှုကန့်သတ်မိန့်ကို မတ်လအစောပိုင်းလောက်ကတည်းက နိုင်ငံရဲ့ ဒေသတစ်ချို့မှာ ထုတ်ပြန်ခဲ့ပါတယ်။ နောက်ပိုင်းမှာ မြင့်မြတ်ရာနေရာတွေတည်ရှိတဲ့ မက္ကာနဲ့ မဒီနာမြို့တွေအပါအဝင် နိုင်ငံတစ်ဝှမ်းမှာ ကန့်သတ်မှုတွေ ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။

    Ref: Aljazeera