News @ M-Media

Author: Ko Lay

  • တစ်ပတ်အတွင်း နည်းပညာ သတင်းများ

    တစ်ပတ်အတွင်း နည်းပညာ သတင်းများ

    မေ ၁၈၊ ၂၀၂၀
    M-Media

    Facebook က Giphy ကုမ္ပဏီကို ဝယ်ယူ

    Facebook ဟာ gif ဓာတ်ပုံတွေ ဖန်တီးတဲ့ Giphy ကုမ္ပဏီကို ဝယ်လိုက်ပါတယ်။ ဒေါ်လာ သန်း ၄၀၀ နဲ့ ဝယ်ယူတယ်လို့ သတင်းထွက်ပေမယ့် Facebook က အတည်မပြုပါဘူး။ Giphy ကုမ္ပဏီကို Instagram ကုမ္ပဏီအောက်ထဲကိုထည့်မှာပါ။ တစ်ခြားဆိုရှယ်မီဒီယာကုမ္ပဏီတွေကလည်း Giphy က ထုတ်ကုန်တွေကို ဆက်သုံးလို့ရမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Facebook နဲ့ တော့ ပြိုင်ဘက်တွေ ဖြစ်လာမှာ ဖြစ်ပါတယ်။

    လျှို့ဝှက်အာကာသယာဉ်တစ်ခု အမေရိကန်လွှတ်တင်

    အမေရိကန်ဟာ သူတို့ရဲ့ အာကာသ စူးစမ်းရေးယာဉ် X-37B ကို မနေ့မှာ လွှတ်တင်ခဲ့ပါတယ်။ ဒါဟာ X-37B ယာဉ်ရဲ့ ၆ ကြိမ်မြောက် အာကာသ ခရီးစဉ်ဖြစ်ပြီး အခုတစ်ခေါက်မှာ power-beaming နည်းပညာကို စမ်းသပ်သွားမှာ ဖြစ်ကာ ကောက်ပဲသီးနှံမျိုးစေ့တွေအပေါ် ဓာတ်ရောင်ခြည်နဲ့ အခြားအရာတွေရဲ့ ရိုက်ခတ်မှုကို လေ့လာသွားမှာ ဖြစ်ပါတယ်။ အမေရိကန်အစိုးရဟာ X-37B စီမံကိန်းကို ထိပ်တန်းလျှို့ဝှက်အဖြစ် သတ်မှတ်ထားပြီး အသေးစိတ် အချက်အလက်တွေကို ထုတ်ပြောတာမျိုး မရှိပါဘူး။

    Huawei ထံ ကွန်ပျူတာ Chip ရောင်းချမှုကို ကန်ပိတ်ပင်

    Semiconductor နည်းပညာကို တရုတ်ဖုန်းကုမ္ပဏီ ​Huawei ရယူသုံးစွဲမှုကို အမေရိကန်အစိုးရက ကန့်သတ်လိုက်ပါတယ်။ ဒီကန့်သတ်ချက်ကြောင့် အမေရိကန် အခြေစိုက် ကွန်ပျူတာနဲ့ ဖုန်း chip ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ Huawei ကို ထုတ်ကုန်တွေ ရောင်းလို့ရတော့မှာမဟုတ်ပါဘူး။ တရုတ်ကတော့ အမေရိကန် နည်းပညာကုမ္ပဏီတွေကို တုန့်ပြန်အရေးယူမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ 5G နည်းပညာမှာ ဦးဆောင်နေတဲ့ Huawei ဟာ မိမိတို့ရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ အမေရိကန်က မှတ်ယူပြီး ပိတ်ဆို့တားဆီးမှုတွေ ပြုလုပ်နေတာ​ ဖြစ်ပါတယ်။

    Tab များကို ဂရုဖွဲ့လို့ရမည့် လုပ်ဆောင်ချက် Google Chrome တွင် ထည့်သွင်းမည်

    ဖွင့်ထားတဲ့ Tab တွေ​ကို တစ်စုတစ်စည်းတဲ့ Group လုပ်လို့ရမယ့် လုပ်ဆောင်ချက်အသစ်တစ်ခုကို Chrome browser မှာ Google က မကြာခင်ထည့်သွင်းပေးသွားတော့မှာပါ။ ဒါ့ကြောင့် မတူညီတဲ့ လုပ်ငန်းတွေအတွက် Tab တွေအများကြီးဖွင့် အသုံးပြုရတဲ့သူတွေမှာ လွယ်ကူစေမှာဖြစ်ပါတယ်။ Tab တွေစုထားတဲ့ ဒီ Group တွေကို အမည်ပေးတာ၊ အရောင်ပြောင်းတာ၊ emoji ထည့်သွင်းတာတွေလည်း လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

    Ref: BBC, CNN

    mmTechNews

  • ဝါကျွတ်အီးဒ်နေ့ ဝတ်ပြုဆုတောင်းမှုကို မိမိတို့အိမ်တွင်သာ ပြုလုပ်ရန် ဆော်ဒီမွဖ်သီချုပ် တိုက်တွန်း

    ဝါကျွတ်အီးဒ်နေ့ ဝတ်ပြုဆုတောင်းမှုကို မိမိတို့အိမ်တွင်သာ ပြုလုပ်ရန် ဆော်ဒီမွဖ်သီချုပ် တိုက်တွန်း

    မေ ၁၈၊ ၂၀၂၀
    M-Media

    -မကြာခင်ကြာရောက်တော့မယ့် ‘အီဒွလ်ဖိသီရ်’ ၀ါကျွတ်အီးဒ်ပွဲတော်မှာ ဝတ်ပြုဆုတောင်းမှုတောင်းမှုတွေကို မိမိတို့နေအိမ်မှာ တစ်ဦးချင်းဖြစ်စေ၊ မိသားစုနဲ့ဖြစ်စေ ဆောင်ရွက်နိုင်တယ်လို့ ဆော်ဒီအာရေဗျ ဓမ္မသတ်မှူးချုပ်က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

    တစ်လတာ ကြာမြင့်ခဲ့တဲ့ ရမ်ဇန်ဥပုသ်လဟာ မေလ ၂၃၊ ၂၄ ရက်တွေမှာ ကုန်ဆုံးမှာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက အစ္စလာဘာသာဝင်တွေဟာ ဝါကျွတ်အီးဒ်ပွဲတော်ကို ဆင်နွှဲကြမှာ ဖြစ်ပါတယ်။

    ဝါကျွတ်အီးဒ်နေ့ မနက်စောစောမှာ အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီး အားလုံးဟာ ဗလီဝတ်ကျောင်းတော်တွေမှာ ဝတ်ပြုဆုတောင်းလေ့ ရှိကြပါတယ်။

    ဒီနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုကြောင့် ဗလီဝတ်ကျောင်းတော်တွေအပါအဝင် ကမ္ဘာတစ်ဝှမ်း ဘာသာရေးအဆောက်အဦးတွေ ပိတ်ထားရပြီး၊ လူစုလူဝေးနဲ့ ဝတ်ပြုဆုတောင်းမှုတွေလည်း လုပ်ဆောင်လို့ မရပါဘူး။

    ဆော်ဒီဓမ္မသတ်မှူးချုပ် မွဖ်သီ ရှိခ် အဘ်ဒူလ်အဇစ် အလ်-ရှိခ်က အီဒ်းနေ့ ဝတ်ပြုဆုတောင်းမှုကို မိမိတို့ရဲ့ နေအိမ်မှာပဲ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်​စေ ပြုလုပ်ခွင့်ရှိတယ်လို့ မနေ့က ကြေငြာချက်မှာ ပြောကြားခဲ့ပါတယ်။

    ဒါ့အပြင် ဝါကျွတ်အီးဒ်နေ့ ဝတ်ပြုဆုတောင်းမှု မတိုင်ခင် လှူဒါန်းရတဲ့ ‘ဖိသ်ရာ’ အလှူဒါနကိုလည်း ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းတွေကနေတစ်ဆင့် လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။

    Covid-19 ပြန့်နှံ့နေတာကြောင့် မက္ကာနဲ့ မဒီနာက မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော် ၂ လုံးအပါအဝင် ဆော်ဒီအာရေဗျ တစ်နိုင်ငံလုံးက ဗလီဝတ်ကျောင်းတော်တွေအားလုံး ပိတ်ထားရပါတယ်။

    Ref: Alarabiya

  • Covid-19 ကာကွယ်ဆေး ထုတ်လုပ်နိုင်မည်မဟုတ်ဟု ဗြိတိန်ဝန်ကြီးချုပ် ပြော

    Covid-19 ကာကွယ်ဆေး ထုတ်လုပ်နိုင်မည်မဟုတ်ဟု ဗြိတိန်ဝန်ကြီးချုပ် ပြော

    မေ ၁၈၊ ၂၀၂၀
    M-Media

    -Covid-19 ကာကွယ်ဆေးရရှိရေး တစ်ကမ္ဘာလုံးက ကြိုးပမ်းအားထုတ်နေကြပေမယ့် အောင်မြင်လာမှာမဟုတ်ဘူးလို့ ယူကေဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောကြားလိုက်ပါတယ်။

    ဂျွန်ဆင်ဟာ ကိုရိုနာကူးစက်မှုကြောင့် ပြီးခဲ့တဲ့လက ဆေးရုံမှာ ကုသမှုခံခဲ့ရပါတယ်။

    ယူကေပြည်တွင်းသတင်းစာ The Mail မှာ မ​နေ့ကရေးသားခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်မှာတော့ ကာကွယ်ဆေးရရှိရေးခရီးဟာ ကြာညောင်းနေအုံးမှာဖြစ်ပြီး ပွင့်ပွင့်လင်းလင်းပြောရရင် အောင်မြင်မှာ မဟုတ်ဘူးလို့ ရေးသားခဲ့ပါတယ်။

    “ဗိုင်းရပ်စ်ထိန်းချုပ်ရေးအတွက် နည်းလမ်းသစ်တွေ ရှာဖွေဖို့ လိုအပ်ပါတယ်”

    ယူကေအစိုးရဟာ ကာကွယ်ဆေး ဖန်တီးထုတ်လုပ်ရေးစင်တာသစ်တစ်ခု ဖွင့်လှစ်ဖို့အတွက် ပေါင် ၉၃ သန်း ထောက်ပံ့ပေးထားပြီး ကူးစက်သူတွေ အလျင်အမြန်သက်သာနိုင်ရေး ကုသရေးနည်းလမ်းတွေ သုတေသနပြု ဖော်ထုတ်ဖို့အတွက်လည်း ထောက်ပံ့ပေးနေတယ်လို့ ဆောင်းပါးမှာ ထည့်သွင်း ရေးသားခဲ့ပါတယ်။

    အောက်စဖိုဒ့်တက္ကသိုလ်နဲ့ လန်ဒန် အင်ပီရီယဲလ်ကောလိပ်တို့လို ကိုရိုနာကာကွယ်ဆေး ထုတ်လုပ်ရေး သုတေသနမှာ ရှေ့တန်းရောက်နေတဲ့ အဖွဲ့အစည်း ၂ ခု ယူကေမှာ ရှိ​နေပေမယ့် ဆေးထုတ်လုပ်နိုင်မလားဆိုတာ မသေချာဘူးလို့ ယူကေ စီးပွားရေးဝန်ကြီး ​အလော့က် ရှရ်မာက ပြောကြားခဲ့ပါတယ်။

    “အောင်မြင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး မတွေ့တာမျိုးလည်း ဖြစ်နိုင်ပါတယ်”

    Ref: Aljazeera

  • အမေရိကန်တပ်ဖွဲ့များကို အရှေ့အလယ်ပိုင်းမှ မောင်းထုတ်မည်ဟု အီရန် အဓိပတိ ပြော

    အမေရိကန်တပ်ဖွဲ့များကို အရှေ့အလယ်ပိုင်းမှ မောင်းထုတ်မည်ဟု အီရန် အဓိပတိ ပြော

    မေ ၁၈၊ ၂၀၂၀
    M-Media

    -အီရတ်နဲ့ ဆီးရီးယားတို့မှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေကို မောင်းထုတ်သွားမယ်လို့ အီရန် အဓိပတိ အယာတိုလာ အလီခါမေနီက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ အကြီးအကဲ ကာစင် ဆိုလိုင်မာနီကို အမေရိကန်က ဇန်နဝါရီလ ၃ ရက်နေ့မှာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး၊ ရက်ပိုင်းအကြာမှာ အီရန်က အီရတ်မှာရှိနေတဲ့ အမေရိကန်စစ်စခန်းတွေကို ဒုံးကြည်နဲ့ လက်တုန့်ပြန် တိုက်ခိုက်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် အီရန်နဲ့ အမေရိကန်တို့အကြား ထိပ်တိုက်စစ်ပွဲ ဖြစ်မယ့်အနေအထားအထိ ရောက်ရှိခဲ့ပါတယ်။

    အမေရိကန်ကို လူတွေက မုန်းတီးလာတာဟာ အာဖဂန်နစ္စတန်၊ အီရတ်နဲ့ ဆီးရီးယားတို့က အမေရိကန်ရဲ့ လုပ်ရပ်တွေကြောင့်ဖြစ်တယ်လို့ မနေ့က အီရန်ကျောင်းသားတွေကို ပြောကြားတဲ့မိန့်ခွန်းမှာ ခါမေနီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “အီရတ်နဲ့ ဆီးရီးယားမှာ အမေရိကန်တွေ နေလို့ရမှာ မဟုတ်ပါဘူး။ သူတို့ကို မောင်းထုတ်မှာပါ”

    အမေရိကန်နဲ့ အီရန်တို့အကြား ပြီးခဲ့တဲ့လတုန်းကလည်း တင်းမာမှုတစ်ခု ဖြစ်ခဲ့ပါတယ်။

    ပင်လယ်ပြင်မှာ နှောက်ယှက်တဲ့ အီရန်သင်္ဘောတွေကို ပစ်ဖို့ ရေတပ်ကို အမိန့်ပေးထားတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ပြီး၊ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ လက်ရှိအကြီးအကဲ ဗိုလ်ချုပ် ဟိုစိန် ဆာလ်မာနီက ပင်လယ်ကွေ့မှာ အမေရိကန်သင်္ဘောတွေ လုံခြုံရေးကို ထိပါးရင် မိမိတို့က ပစ်ခတ်နှစ်မြှုပ်သွားမယ်လို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

    အီရန်က ဗင်နီဇွဲလားနိုင်ငံကို ရေနံတင်ပို့မှုမှာ အမေရိကန်က ခြိမ်းခြောက်မှုအတွက်လည်း အီရန်နဲ့ အမေရိကန်တို့အကြား လတ်တလော တင်းမာမှုတွေ ရှိနေပါတယ်။

    Ref: Reuters

  • ကိုရိုနာနှင့်ဆက်နွယ်သည့် ရောဂါကြောင့် ဥရောပတွင် ကလေးများ သေဆုံးမှုရှိလာ

    ကိုရိုနာနှင့်ဆက်နွယ်သည့် ရောဂါကြောင့် ဥရောပတွင် ကလေးများ သေဆုံးမှုရှိလာ

    မေ ၁၆၊ ၂၀၂၀
    M-Media

    -ဥရောပနိုင်ငံတွေမှာ Covid-19 နဲ့ ဆက်နွယ်တဲ့ နောက်ဆက်တွဲရောဂါတွေကို ခံစားနေရသူ ကလေးငယ် ၂၃၀ လောက်ရှိနေပြီး သေဆုံးသူ ၂ ဦး ရှိခဲ့တယ်လို့ ဥရောပရောဂါတားဆီးရေးနဲ့ ထိန်းချုပ်ရေးအဖွဲ့ (ECDC) က မနေ့မှာ အတည်ပြု ပြောကြားလိုက်ပါတယ်။

    Covid-19 ကြောင့် သေဆုံးသူအများစုဟာ သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါသည်တွေ ဖြစ်ပေမယ့် ဗိုင်းရပ်စ်နောက်ဆက်တွဲရောဂါ ကလေးငယ်တွေမှာ ဖြစ်ပွားမှု မြင့်တက်လာပြီး ကျန်းမာရေးအဖွဲ့အစည်းတွေက စိုးရိမ်ကြောင်း ထုတ်ပြောလာကြပါတယ်။

    Paediatric inflammatory multisystem syndrome (PIMS) လို့ခေါ်တဲ့ အဲဒီနောက်ဆက်တွဲရောဂါတွေ ကလေးငယ်တွေမှာဖြစ်ပွားနေပြီး ဒီကိစ္စကို သတိထား စောင့်ကြည့်နေတယ်လို့ အမေရိကန်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

    ရောဂါလက္ခဏာတွေက ရက်ဆက်ဖျားတာ၊ ကျောက်ကပ် ဒါမှမဟုတ် နှလုံးလို ခန္ဓာကိုယ်တွင်းအင်္ဂါတွေ ရောင်ယမ်းပြီး ပုံမှန် အလုပ်မလုပ်တော့တာ၊ သွေးဆိပ်တက်တာတွေ ဖြစ်ပြီး Kawasaki လို့ခေါ်တဲ့ ရောဂါနဲ့ ဆင်တူတဲ့ လက္ခဏာတွေပါ။ ရောဂါလက္ခဏာပြတဲ့ က​လေးငယ်တွေဟာ တစ်ခြားကူးစက်ရောဂါတွေနဲ့ ထိတွေ့တာမရှိဘဲ ကိုရိုနာဗိုင်းရပ်စ် တစ်မျိုးတည်းနဲ့သာ ထိတွေ့ကြတာ ဖြစ်ပါတယ်။

    ကမ္ဘာကျန်းမာရေးအဖွဲ့ WHO ကတော့ PIMS ရောဂါနဲ့ပတ်သက်ပြီး သတိထားကြဖို့ ကျန်းမာရေးဝန်ထမ်းတွေကို တိုက်တွန်း​ခဲ့ပေမယ့် Covid-19 နဲ့ ဆက်စပ်မှုရှိလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ​ထုတ်ပြန်ထားပါတယ်။

    ဥရောပမှာ သေဆုံးသွားတဲ့ ကလေးငယ် ၂ ဦးဟာ ဗြိတိန်နဲ့ ပြင်သစ်တို့က ဖြစ်ပါတယ်။

    ECDC က တော့ PIMS ရောဂါမှာ Covid-19 က ဘယ်လို ပါဝင်ပတ်သက်မှုရှိလဲဆိုတာကို လေ့လာဆန်းစစ်ဖို့အတွက် ဥရောပတစ်ဝှမ်း အသိပေးထားပြီး၊ ကလေးငယ်တွေဟာ ကိုဗစ်နဲ့ ထိတွေ့မှုအလားအလာ နည်းတဲ့အတွက် အန္တရာယ်ရှိနိုင်ခြေအနိမ့်ဆုံးအဖြစ် လက်ရှိ ယူဆထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

    Ref: Reuters