News @ M-Media

ဟဂျ်ဘုရားဖူးခရီးစဉ်အတွက် တိတိကျကျ ထုတ်ပြန်ပေးရန် ဆော်ဒီကို အင်ဒိုနီးရှား တိုက်တွန်း

မေ ၂၀၊ ၂၀၂၀
M-Media

-အခုနှစ် ဟဂျ်ဘုရားဖူးခရီးစဉ်ကို ခွင့်ပြုမလား၊ ခွင့်မပြုဘူးလားဆိုတာနဲ့ပတ်သက်ပြီး တိတိကျကျ ထုတ်ပြန်ပေးဖို့ ဆော်ဒီအာရေဗျကို အင်ဒိုနီးရှားက တိုက်တွန်းလိုက်ပါတယ်။

ဟဂျ်ဘုရားဖူးခရီးစဉ်ဟာ ငွေကြေးတတ်နိုင်ပြီး၊ ကျန်းမာရေးကောင်းမွန်တဲ့ အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီးတိုင်း တစ်သက်မှာ တစ်ကြိမ် မလုပ်မနေရ တာဝန်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဟဂျ်ကာလအတွင်း ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင် ၂.၅ သန်းလောက် ဆော်ဒီအာရေဗျကို သွားရောက်ခဲ့ပါတယ်။

အခုနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့နေမှုအတွက် အွမ္မရာဟ်ဘုရားဖူး အစီအစဉ်ကို ဆော်ဒီအစိုးရက မတ်လမှာ ဖျက်သိမ်းခဲ့ပြီး၊ ဟဂျ်ခရီးစဉ် လာရောက်ဖို့ စီစဉ်နေမှုကို ခေတ္တ ဆိုင်းငံ့ပေးထားဖို့လည်း ကမ္ဘာတစ်ဝှမ်းက မွတ်စလင်တွေကို တိုက်တွန်းခဲ့ပါတယ်။

အခုနှစ်ဟဂျ်ဘုရားဖူးကာလဟာ ဇူလိုင်လအကုန်မှာ ကျရောက်မှာဖြစ်ပြီး ခွင့်ပြုမှာလား၊ ခွင့်မပြုဘူးလားဆိုတာကို ဆော်ဒီအစိုးရက မထုတ်ပြန်သေးပါဘူး။

အင်ဒိုနီးရှား သာသနာရေးဝန်ကြီးဌာနက ရမ်ဇန်ဥပုသ်လမကုန်ခင် ဒီကိစ္စအတွက် ဆုံးဖြတ်ချက် ထုတ်ပြန်ပေးဖို့ ဆော်ဒီအာရေဗျကို တိုက်တွန်းခဲ့ပါတယ်။

“ဟဂျ်ကို ခွင့်ပြုမှာလား၊ ရပ်ဆိုင်းမှာလားဆိုတဲ့ တရားဝင်ဆုံးဖြတ်ချက်မျိုး မကြာမီ ထုတ်ပြန်ပေးဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အိုမန် ဖာသူရဟ်မန်က ပြောပါတယ်။

အင်ဒိုနီးရှားဟာ ကမ္ဘာပေါ်မှာ အစ္စလာမ်ဘာသာဝင်အများဆုံးရှိတဲ့ တိုင်းပြည်ဖြစ်ပြီး ယခုနှစ် ဟဂျ်ခရီးစဉ်သွားရောက်ဖို့အတွက် လူပေါင်း ၂၃၁၀၀၀ လောက် စာရင်းပေးထားပါတယ်။

ဖာသူရဟ်မန်က ဟဂျ်ခရီးစဉ် ဝန်ဆောင်မှုအတွက် အင်ဒိုနီးရှားက ဆော်ဒီကို ငွေကြိုပေးထားတာမျိုး မရှိဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

Ref: Daily Mail