News @ M-Media

Author: Ko Lay

  • Lock Down ပြီးဆုံးမှုကို အောင်ပွဲခံရင်း တူရကီတွင် အမျိုးသမီးတစ်ဦးသေဆုံး

    Lock Down ပြီးဆုံးမှုကို အောင်ပွဲခံရင်း တူရကီတွင် အမျိုးသမီးတစ်ဦးသေဆုံး

    မေ ၁၊ ၂၀၂၀
    M-Media

    -တူရကီနိုင်ငံမှာ ရွေ့လျားသွားလာမှုကန့်သတ်ချက် ပယ်ဖျက်မှုကို အောင်ပွဲခံရင်း အမျိုးသမီးတစ်ဦး တောင်စောင်းကနေ ပြုတ်ကျသေဆုံးသွားတယ်လို့ သိရပါတယ်။

    Olesya Suspitsyna လို့ အမည်ရတဲ့ အဲဒီအမျိုးသမီးဟာ အသက် ၃၁ နှစ်အရွယ်ရှိပြီး ကာဇက်စတန်နိုင်ငံသူဖြစ်ကာ တူရကီနိုင်ငံတောင်ပိုင်း အန်တာလ်ယာ အပန်းဖြေမြို့မှာ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေတာပါ။

    Covid-19 ပြန့်နှံ့မှုကြောင့် ပြုလုပ်ထားတဲ့ ရွေ့လျားကန့်သတ်မှုအမိန့်ကို ပယ်ဖျက်ခဲ့တဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နာမည်ကျော် ဒူကန်ပန်းခြံကို သူငယ်ချင်းနဲ့သွားရင်း အခုလို ကြမ္မာဆိုးမျိုးကို ကြုံတွေ့ခဲ့ရတာ​ ဖြစ်ပါတယ်။

    ပန်းခြံက တောင်စောင်းတစ်ခုရဲ့ထိပ် အကာအရံပေါ်ကိုတက်ကာ ရေတံခွန်နောက်ခံထားပြီး ဓာတ်ပုံရိုက်ရာကနေ Olesya Suspitsyna တစ်ယောက် ခြေချော်ပြီး ပြုတ်ကျသေဆုံးခဲ့ပါတယ်။

    ဒီအဖြစ်အပျက်ဟာ တူရကီဆိုရှယ်မီဒီယာမှာ အလျင်အမြန် ပြန့်နှံ့သွားခဲ့ပြီး တူရကီပြည်သူတွေကလည်း ဝမ်းနည်းကြောင်း ရေးသားခဲ့ကြပါတယ်။

    Olesya Suspitsyna ရဲ့ အလောင်းကို ဆယ်ယူပြီးတဲ့နောက် ကာဇက်စတန်နိုင်ငံကို ပြန်လည် ပို့ဆောင်သွားမှာ ဖြစ်ပါတယ်။

    Ref: Khallej Times

  • ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    ဧပြီ ၃၀၊ ၂၀၂၀
    M-Media

    စပါးကိုပြန်လာကာ ဆုဖလားရယူချင်နေသည့် ပိုချက်တီနို

    အနာဂတ်မှာ စပါးအသင်းကို ပြန်လာချင်ပြီး အသင်းနဲ့အတူ ဆုဖလားတွေ ရယူချင်တယ်လို့ နည်းပြဟောင်း မော်ရီစီယို ပိုချက်တီနိုက ပြောကြားလိုက်ပါတယ်။

    အသင်းကို ၅ နှစ်ကြာ တာဝန်ယူခဲ့တဲ့ ပိုချက်တီနိုဟာ ရလဒ်ဆိုးရွားမှုကြောင့် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ထုတ်ပယ်ခံခဲ့ရပါတယ်။ သူကိုင်တွယ်တဲ့အချိန်အတွင်း ပရီးမီးယားလိဂ် ဒုတိယနေရာကို ၂ ကြိမ်၊ တတိယနေရာကို ၁ ကြိမ် ရခဲ့ပြီး၊ ၂၀၁၈-၁၉ ချန်ပီယံလိဂ်မှာ နောက်ဆုံးဗိုလ်လုပ်ပွဲအထိ တက်ရောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဆုဖလားတစ်လုံးမှ ရရှိခြင်းမရှိခဲ့ပါဘူး။

    ပိုချက်တီနိုက အသင်းအပေါ်မှာ သံယောဇဉ်ရှိနေဆဲဖြစ်ပြီး ထွက်ခွာပြီးတဲ့နောက် ပြန်လာဖို့သာ အိပ်မက်မက်နေတယ်လို့ ဆိုပါတယ်။

    စပိန်လာလီဂါကို ဇွန်လအလယ်ပိုင်းတွင် ပြန်စရန် စီစဉ်

    စပိန်လာလီဂါ​ ပြိုင်ပွဲကို လာမယ့် ဇွန်လအလယ်ပိုင်းလောက်မှာ ပြန်လည်စတင်ဖို့ စီစဉ်​နေတယ်လို့ သိရိပါတယ်။

    စပိန်ဟာ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို အဆိုးဝါးဆုံး ခံရတဲ့ ဥရောပနိုင်ငံတွေထဲက တစ်ခုဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကြောင့် ဘောလုံးပြိုင်ပွဲတွေကို မတ်လကတည်းက ရပ်ဆိုင်းထားခဲ့ရတာပါ။ အသင်းတွေက ဘောလုံးသမားတွေကို အိမ်မှာပဲ လေ့ကျင့်ခိုင်းထားပါတယ်။

    ဒါပေမယ့် နောက်တစ်ပတ်ကစပြီး လေ့ကျင့်ရေးကွင်းတွေမှာ လေ့ကျင်ဖို့ စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်က မနေ့မှာ ခွင့်ပြုခဲ့ပါတယ်။ ဘောလုံးသမားတွေဟာ လေ့ကျင့်ရေးမဆင်းခင် အရင်ဆုံး ဗိုင်းရပ်စ် ရှိ၊ မရှိ စစ်ဆေးရမှာ ဖြစ်ပါတယ်။

    ကစားသမား ၅ ဦးအထိ ဝယ်ယူရန် မန်ယူကို တိုက်စစ်မှူးဟောင်း တိုက်တွန်း

    မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့ကို လိုက်မီဖို့အတွက် မန်ယူဟာ ကစားသမား ၄ ဦးကနေ၊ ၅ ဦးအထိ ဝယ်ဖို့လိုတယ်လို့ တိုက်စစ်မှူးဟောင်း အန်ဒီကိုးလ်က ပြောကြားလိုက်ပါတယ်။

    ၂၀၁၃ ခုနှစ် ဆာအဲလက်စ်ဖာဂူဆန် အနားယူသွားပြီးနောက်ပိုင်း မန်ယူဟာ ပရီးမီးယားလိဂ်မှာ ရုန်းကန်ခဲ့ရပြီး ဒေးဗစ်မိုယက်စ်၊ ဗန်ဟားလ်နဲ့ မော်ရင်ဟိုတို့ တာဝန်ယူခဲ့ပေမယ့် အောင်မြင်မှု မရခဲ့ပါဘူး။

    အန်ဒီကိုးလ်က ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ လက်တစ်ကမ်းအလိုရောက်နေတဲ့ လီဗာပူးလ်အသင်း ဒီအခြေအနေကိုရောက်ဖို့ နှစ်ပေါင်း ၃၀ လောက် စောင့်လိုက်ရတာဟာ အသင်းတွေအကြား ကွာဟချက် တစ်ဖြည်းဖြည်း ကြီးမားလာလို့ဖြစ်ကြောင်း၊ မန်ယူဟာ ဒီကွာဟာချက်ကို ဖြည့်ဖို့လိုအပ်ပြီး နိုင်လိုစိတ်ရှိဖို့ လိုအပ်ကြောင်း ထည့်သွင်း ပြောဆိုခ့ဲပါတယ်။

    Ref: Goal

    mmFootballNews

  • မက္ကာနှင့် မဒီနာမှ မြင့်မြတ်ရာဗလီနှစ်လုံး မကြာခင် ပြန်ဖွင့်တော့မည်

    မက္ကာနှင့် မဒီနာမှ မြင့်မြတ်ရာဗလီနှစ်လုံး မကြာခင် ပြန်ဖွင့်တော့မည်

    ဧပြီ ၃၀၊ ၂၀၂၀
    M-Media

    -မက္ကာမြို့က ‘မတ်စ်ဂျစ်ဒ်ဟရမ်ဗလီ’ မဒီနာမြို့က ‘မတ်စ်ဂျစ်ဒ်နဗဝီ’ ဗလီတို့ကို လူအများ ဝတ်ပြုနိုင်အောင် ပြန်လည်ဖွင့်ပေးဖို့ စီစဉ်နေတယ်လို့ ဂေါပကအဖွဲ့ အကြီးအကဲ ရှိခ် အဘ်ဒူလ်ရဟ်မန် အလ်-ဆူဒိုက်စ်က ပြောကြားလိုက်ပါတယ်။

    ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့နေမှုကြောင့် ဆော်ဒီအာရေဗျ တစ်နိုင်ငံလုံးမှာ ဗလီဝတ်ကျောင်းတော်တွေကို ပိတ်ထားပြီး မက္ကာနဲ့ မဒီနာက မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော် နှစ်လုံးမှာတော့ ဗလီဆရာတွေနဲ့ ဝန်ထမ်းတွေ ရမ်ဇာန်ဥပုသ်လ သာရာဝီ ဝတ်ပြုမှုကို ခွင့်ပြုထားပါတယ်။

    အလ်-ဆူဒိုက်စ်က မြင့်မြတ်ရာဗလီတွေ ပိတ်ထားရတဲ့အတွက် အစ္စလာမ်ဘာသာဝင်တွေရဲ့ ဝမ်းနည်းမှုနေ့ရက်တွေ မကြာခင် ကုန်ဆုံးတော့မယ်လို့ အင်္ဂါနေ့က သူ့ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေက ဗီဒီယိုမှာ ပြောကြားခဲ့ပါတယ်။

    “အစ္စလာမ်လူ့အဖွဲ့အစည်းမှာ ရှိနေတဲ့ ဝမ်းနည်းမှုတွေ ပျောက်ကင်းသွားမယ့်ရက်တွေ ရောက်လာပါတော့မယ်။ မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော် ၂ ခုမှာ ဝတ်ပြုဆုတောင်းလို့ရတဲ့နေ့၊ ဆဖာရ်နဲ့ မရ်ဝါတောင်တွေကို ဆအီပြုလို့ရတဲ့နေ့၊ ကိုတော်မြတ်ရဲ့ ဂူဗိမာန်တော်ကို သွားရောက်ဂါရ၀ပြုကာ အဲဒီမှာ ဝတ်ပြုဆု​တောင်းလို့ရမယ့် နေ့ရက်တွေ လာတော့မှာပါ”

    အစိုးရဟာ ဒီ မြင့်မြတ်ရာဗလီနှစ်လုံးမှာ ဘေးအန္တရာယ်ကင်းတဲ့ ပတ်ဝန်းကျင်တစ်ခု ဖော်ဆောင်ရေးအတွက် စိတ်အားထက်သန်စွာ လုပ်ဆောင်နေတယ်လို့လည်း အလ်-ဆူဒိုက်စ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ဆော်ဒီ ဟဂျ်နှင့် အွမ္မရာ ဘုရားဖူးရေးရာဝန်ကြီးဌာနက မက္ကာနဲ့ မဒီနာမြို့တွေက မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော် ၂ လုံးကို မကြာခင် ပြန်လည်ဖွင့်လှစ်ပေးသွားမယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    လက်ရှိ မတ်စ်ဂျစ်ဒ်ဟရမ်နဲ့ မတ်စ်ဂျစ်ဒ် နဗဝီ ဗလီဝတ်ကျောင်းတော် နှစ်လုံးမှာ အပူချိန်တိုင်း ကင်မရာတွေ တပ်ဆင်နေပြီး အခြား ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေပါတယ်။

    Ref: Saudi Gazette

  • ကာတာက အသက်ရှုစက်များကို ကိုယ်ပိုင်နည်းပညာဖြင့် တီထွင်ထုတ်လုပ်

    ကာတာက အသက်ရှုစက်များကို ကိုယ်ပိုင်နည်းပညာဖြင့် တီထွင်ထုတ်လုပ်

    ဧပြီ ၃၀၊ ၂၀၂၀
    M-Media

    -ကိုဗစ်တိုက်ဖျက်ရေးမှာ အသုံးပြုနိုင်မယ့် အသက်ရှုစက်တွေကို ကာတာနိုင်ငံက ကိုယ်တိုင် တီထွင်နိုင်ခဲ့ပြီး ပြည်တွင်းနဲ့ ပြည်ပမှာ ရောင်းချဖို့အတွက် အမြောက်အများ ထုတ်လုပ်တော့မယ်လို့ သိရပါတယ်။

    Savr-Q လို့ အမည်ပေးထားတဲ့ အဲဒီ အသက်ရှုစက်ကို ကာတာ ကာကွယ်ရေးဝန်ကြီးဌာနဲ့ ဆက်နွယ်နေတဲ့ Barzan ကုမ္ပဏီက ဖန်တီး ထုတ်လုပ်တာပါ။ ကာတာအုပ်ချုပ်သူ ရှိခ် သာမင် ဘင် ဟာမဒ် အလ် သာနီဟာ ဗုဒ္ဓဟူးနေ့က ထုတ်လုပ်မှုအခြေအနေကို သွားရောက်ကြည့်ရှုခဲ့ပြီး ပညာရှင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

    ဒီအသက်ရှုစက်ကို အမေရိကန် အစားအသောက်နှင့် ဆေးဝါးဌာန (FDA) ရဲ့ စံနှုန်းနဲ့အညီ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Barzan ဟာ အမေရိကန်ကုမ္ပဏီ Wilcox နဲ့ ပူးပေါင်းကာ တစ်ပတ်ကို အလုံးရေ နှစ်ထောင် ထုတ်လုပ်ရောင်းချဖို့ စီစဉ်နေပါတယ်။

    “အသက်ရှုစက်ဟာ သေးတယ်၊ ပေါ့တယ်၊ အရက်ဖက်နဲ့ စစ်ဖက် နှစ်ခုစလုံးမှာ အသုံးပြုဖို့ ထုတ်လုပ်ထားတာပါ။ နည်းပညာနဲ့ ထုတ်လုပ်မှုတွေဟာ ကာတာပြည်တွင်းဖြစ် စစ်စစ်ပါ” လို့ စီမံကိန်းမန်နေဂျာ ဆအွဒ် အဘ်ဒူလာ အလ်-မာနေက ပြောကြားခဲ့ပါတယ်။

    ကမ္ဘာတစ်ဝှမ်း ကိုရိုနာဗိုင်းရပ်ကူးစက်မှု အရေအတွက် မြင့်မားလာမှုနဲ့အတူ အသက်ရှုစက် ဝယ်လိုအားကလည်း မြင့်တက်လာပြီး ကမ္ဘာ့နိုင်ငံတွေဟာ အသက်ရှုစက်မလုံလောက်မှု ပြဿနာကို ဖြေရှင်းဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေကြပါတယ်။

    Ref: Aljazeera

  • ယူအေအီးက ဖိလစ်ပိုင်သို့ ကိုဗစ်ဆေးဝါးပစ္စည်းများ လှူဒါန်း

    ယူအေအီးက ဖိလစ်ပိုင်သို့ ကိုဗစ်ဆေးဝါးပစ္စည်းများ လှူဒါန်း

    ဧပြီ ၃၀၊ ၂၀၂၀
    M-Media

    -ဖိလစ်ပိုင်နိုင်ငံရဲ့ Covid-19 တိုက်ဖျက်ရေးလုပ်ငန်းမှာ အထောက်အကူဖြစ်စေဖို့အတွက် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံဟာ ဆေးဘက်ဆိုက်ရာ ပစ္စည်းတွေကို မနေ့က ပေးပို့လှူဒါန်းခဲ့ပါတယ်။

    လှူဒါန်းခဲ့တဲ့ ဆေးဝါးတန်ချိန်ဟာ မက်ထရစ်တန် ၇ တန်ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ် စတင်ပြန့်နှံ့တဲ့ အချိန်ကတည်းက ယူအေအီးဟာ နိုင်ငံပေါင်း ၃၂ နိုင်ငံကို ဆေးဝါးအထောက်အကူပစ္စည်း စုစုပေါင်း တန်ချိန် ၃၃၄ တန် လှူဒါန်းထားပြီး၊ ကျန်းမာရေးဝန်ထမ်း ၃၃၄၀၀၀ ကိုလည်း ကူညီဖို့ စေလွှတ်ခဲ့ပါတယ်။

    ဖိလစ်ပိုင်ဆိုင်ရာ ယူအေအီးသံအမတ် ဟာမဒ် စအစ် ဟာမဒ် အိုဘိုက် အလ်ဇာဘီက နှစ်နိုင်ငံ ဆက်ဆံရေး နက်ရှိုင်းမှုနဲ့အတူ ဒီလို ကူညီတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “အရေးပါတဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေ ဒီလို ကူညီထောက်ပံ့မှုနဲ့အတူ ဖိလစ်ပိုင်အပေါ် ယူအေအီးရဲ့ ကမ်းလက်တွေကို ခိုင်မာစေလိုက်တာပါ။ ကျွန်တော်တို့ နှစ်နိုင်ငံဟာ အစိုးရတွေနဲ့ ပြည်သူလူထုကြားမှာပါ နက်ရှိုင်းတဲ့ ဆက်ဆံရေးရှိပါတယ်။ ဒီလှူဒါန်းမှုဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ Covid-19 တိုက်ဖျက်ရေးမှာ လိုအပ်တာတွေ ဆောင်ရွက်နိုင်​ရေး အထောက်အကူ ဖြစ်စေနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”

    Covid-19 ဒဏ်ကို ခံစားနေရတဲ့ တိုင်းပြည်တွေနဲ့အတူ ယူအေအီးဟာ တစ်သားတည်း ရပ်တည်သွားမယ်လို့လည်း သံအမတ် အလ်ဇာဘီက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref: Gulf News