News @ M-Media

Author: Ko Lay

  • ရမ်ဇာန်တွင် အပစ်ရပ်ရေး အာဖဂန်အစိုးရ၏ ကမ်းလှမ်းမှုကို တာလီဘန် ပယ်ချ

    ရမ်ဇာန်တွင် အပစ်ရပ်ရေး အာဖဂန်အစိုးရ၏ ကမ်းလှမ်းမှုကို တာလီဘန် ပယ်ချ

    ဧပြီ ၂၅၊ ၂၀၂၀
    M-Media

    -ရမ်ဇာန်ဥပုသ်လမှာ အပစ်ရပ်ရေး အာဖဂန်အစိုးရရဲ့ မေတ္တာရပ်ခံမှုကို တာလီဘန်အဖွဲ့က ပယ်ချလိုက်ပြီး ဒီတောင်းဆိုချက်ဟာ လက်တွေ့မကြဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။

    ဖေဖော်ဝါရီလက အမေရိကန်နဲ့ တာလီဘန်တို့အကြား သဘောတူညီချက်တစ်ခု ရခဲ့ပြီးတဲ့နောက် ၁၈ နှစ်တာ ကြာမြင့်နေပြီဖြစ်တဲ့ အာဖဂန်စစ်ပွဲအဆုံးသတ်ရေး မျှော်လင့်ချက် မြင့်တက်လာခဲ့တာပါ။ သဘောတူညီချက်အရ အာဖဂန်က နိုင်ငံခြားတပ်ဖွဲ့တွေ ထွက်သွားရမှာဖြစ်ပြီး အပြန်အလှန်အားဖြင့် တာလီဘန်ကလည်း တိုက်ခိုက်မှုတွေကို လျှော့ချပေးမှာ ဖြစ်ပါတယ်။

    ဒါပေမယ့် ဒီသဘောတူညီချက် နောက်ပိုင်းမှာ တာလီဘန်က နိုင်ငံတစ်ဝှမ်း တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပြီး အခုတစ်ပတ်အတွင်းမှာ ပိုမိုအရှိန်မြင့်လာခဲ့ပါတယ်။ တိုက်ခိုက်မှုတွေကို များသောအားဖြင့် မြို့ငယ်တွေ၊ ကျေးလက်ဒေသတွေမှာ လုပ်ဆောင်တာပါ။ မြို့ကြီးတွေကို မတိုက်ခိုက်ဖို့အတွက် တာလီဘန်ဟာ အမေရိကန်နဲ့ သဘောတူထားပါတယ်။

    သမ္မတ အက်ရှ်ရက်ဖ် ဂါနီက ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှု တားဆီးရေးကို ပိုမို အာရုံစိုက်နိုင်ဖို့အတွက် ရမ်ဇန်ဥပုသ်လအတွင်းမှာ အပစ်ရပ်ဖို့ တာလီဘန်ကိုအဖွဲ့ကို တောင်းဆိုခဲ့ပါတယ်။

    တာလီဘန်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆူဟေးလ် ရှာဟင်က အလားအလာရှိတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်မှသာ အပစ်ရပ်ရေး ဖြစ်နိုင်မယ်လို့ ကြာသာပတေးနေ့က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    တိုက်ခိုက်ရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဟာ အကျဉ်းသားလဲလှယ်ရေး နှောင့်နှေးနေမှု ဖြစ်တယ်လို့လည်း ရှာဟင်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    အာဖဂန်နစ္စတန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အရေအတွက်ဟာ ၁၃၀၀ ကျော်ရှိနေပါတယ်။ ဒါပေမယ့် ​အားနည်းတဲ့ကျန်းမာရေးစနစ်ရဲ့ နောက်ဆက်တွဲ စစ်ဆေးနိုင်မှု နည်းတာကြောင့် အမှန်တကယ် ကူးစက်သူ အရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြားထားပါတယ်။

    Ref: Aljazeera

  • အမေရိကန်ပြည်နယ်တစ်ချို့တွင် ကိုဗစ်ကန့်သတ်ချက်များ လျှေ့ာချ

    အမေရိကန်ပြည်နယ်တစ်ချို့တွင် ကိုဗစ်ကန့်သတ်ချက်များ လျှေ့ာချ

    ဧပြီ ၂၅၊ ၂၀၂၀
    M-Media

    -အမေရိကန်မှာ Covid-19​ ကြောင့် သေဆုံးသူ ၅ သောင်း ကျော်သွားပေမယ့် ပြည်နယ်တစ်ချို့ကတော့ ရွေ့လျားသွားလာမှု ကန့်သတ်ချက်ကို သောကြာနေ့မှာ စတင်လျှော့ချကာ စီးပွားရေးလုပ်ငန်းတွေကို ပြန်လည်ဖွင့်လှစ်ခွင့် ပေးနေပါတယ်။

    ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အမေရိကန်မှာ ကိုဗစ်ကြောင့်သေဆုံးသူ ၃၃၀၀ ကျော် ရှိခဲ့တာပါ။ ကူးစက်သူအရေအတွက်ကတော့ စုစုပေါင်း ၈၉၀၀၀၀ ကျော် ရှိနေပါတယ်။ နယူး​ယောက်ကတော့ ဗိုင်းရပ်စ်ဒဏ်ကို အဆိုးရွားဆုံး ခံရတဲ့ ဒေသဖြစ်ပါတယ်။

    အိုကလာဟိုးမား၊ အလာစကာနဲ့ ဂျော်ဂျီယာတို့အပါအဝင် ပြည်နယ်တစ်ချို့ရဲ့ အုပ်ချုပ်ရေးမှူးတွေကတော့ ရွေ့လျားသွားလာမှုကန့်သတ်ချက်တစ်ချို့ကို သောကြာနေ့ကနေ စတင်လျှော့ချပေးမယ်လို့ ကြေငြာခဲ့ပါတယ်။​ ဂျော်ဂျီယာဟာ ကူးစက်မှုနဲ့ သေဆုံးမှုအချိုး မြင့်မားတဲ့ ပြည်နယ်တစ်ခု ဖြစ်ပါတယ်။

    ကန့်သတ်မှု လျှော့ချတဲ့ အစီအစဉ်ကြောင့် ဆံပင်ညှပ်ဆိုင်၊ ကိုယ်ကာယ လေ့ကျင်ရေးစင်တာတွေ၊ ဘိုးလင်းစင်တာတွေအပါအဝင် စီးပွားရေးလုပ်ငန်းတစ်ချို့ ပြန်ဖွင့်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် social distancing လမ်းညွှန်ချက်တွေကို ပြည့်ပြည့်၀၀ လိုက်နာရမယ်လို့လည်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

    Covid-19 ပြန့်နှံ့မှုနောက်ဆက်တွဲ စီးပွားရေးလုပ်ငန်းတွေ ပိတ်ရတာကြောင့် ပြီးခဲ့တဲ့ ၅ ပတ်အတွင်း အမေရိကန်မှာ အနည်းဆုံး လူ ၂၆ သန်းလောက်ဟာ အလုပ်လက်မဲ့ထောက်ပံ့ကြေး ရယူခဲ့ကြရပါတယ်။

    ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ ကန့်သတ်မှုတွေကို ဒီလို စောစောစီးစီး လျှော့ချခဲ့တာနဲ့ပတ်သက်ပြီး ဝေဖန်ခဲ့သလို ဒါဟာ အန္တရာယ် အလွန်ရှိနိုင်တယ်လို့လည်း ထောက်ပြခဲ့ကြပါတယ်။

    Ref: Aljazeera

  • အာကာသ စူးစမ်းရှာဖွေမှု စီမံကိန်းတွင် အီရန်က စာမျက်နှာသစ်တစ်ခု ဖွင့်လှစ်

    အာကာသ စူးစမ်းရှာဖွေမှု စီမံကိန်းတွင် အီရန်က စာမျက်နှာသစ်တစ်ခု ဖွင့်လှစ်

    ဧပြီ ၂၅၊ ၂၀၂၀
    M-Media

    -အီရန်နိုင်ငံဟာ စစ်ဖက်သုံး ပထမဆုံး ဂြိုဟ်တုတစ်ခုကို ဗုဒ္ဓဟူးနေ့က ကမ္ဘာပတ်လမ်းကြောင်းထဲ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး နိုင်ငံရဲ့ အာကာသ စူစမ်းရှာဖွေရေးနယ်ပယ်မှာ စာမျက်နှာသစ်တစ်ခု ဖွင့်လှစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

    Noor-1 လို့ အမည်ပေးထားတဲ့ အဲဒီဂြိုဟ်တုကို နိုင်ငံအလယ်ပိုင်း Dasht-e Kavir အာကာသစခန်းကနေ လွှတ်တင္ခဲ့တာဖြစ်ပါတယ်။ Noor-1 ဟာ အီရန်နိုင်ငံမှာ ထုတ်လုပ်တဲ့ ၅ ခုမြောက် ဂြိုဟ်တုဖြစ်ပြီး၊ လွှတ်တင်ရာမှာ အသုံးပြုခဲ့တဲ့ ဒုံးပျံကလည်း ပြည်တွင်းမှာ ပထမဆုံး ထုတ်လုပ်နိုင်တဲ့ ၃ ဆင့်ပေါက်ကွဲအား ဒုံးပျံပါ။

    အခုဂြိုဟ်တုကို အီရန်စစ်ဖက်ရဲ့ ထောက်လှမ်းရေးနဲ့ စောင့်ကြည့်ရေးအတွက် အသုံးပြုသွားမှာဖြစ်ပါတယ်။ ဂြိုဟ်တုဟာ ဘက်စုံသုံးဂြိုဟ်တုဖြစ်တယ်လို့သာ ဖော်ပြပြီး လုပ်ဆောင်နိုင်စွမ်း အသေးစိတ်ကို အီရန်က ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

    အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ် ဟိုစိန် ဆာလာမီက အခုအချိန်ကစလို႔ အီရန်ဟာ ကမ္ဘာကြီးကို ကောင်းကင်ကနေ စောင့်ကြည့်နိုင်တော့မှာဖြစ်ပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် တည်ဆောက်နေတယ်ဆိုတဲ့ သက်သေတစ်ခု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အခုဂြိုဟ်တုလွှတ်တင်မှုဟာ အီရန်ရဲ့ အာကာသ စူးစမ်းရှာဖွေမှု လုပ်ငန်းမှာ စာမျက်နှာသစ်တစ်ခု ဖွင့်လှစ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အီရန်ဟာ ကမ္ဘာပတ်လမ်းကြောင်း အမြင့်ပိုင်းကို ဂြိုဟ်တုတွေ ရောက်ရှိနိုင်ရေးအတွက် အရင်က နည်းပညာဆိုင်ရာ အခက်အခဲ ရှိခဲ့ပြီး အခု ဂြိုဟ်တုလွှတ်တင်တဲ့ Qased ဒုံးပျံဟာ ဒီအခက်အခဲကို ဖြေရှင်းပေးလိုက်နိုင်တာပါ။

    Ref: Press TV

  • နေရောင် တိုက်ရိုက်ထိတွေ့ပါက ကိုဗစ် မြန်မြန်သေသည်ဟု သိပ္ပံပညာရှင်များ ပြော

    နေရောင် တိုက်ရိုက်ထိတွေ့ပါက ကိုဗစ် မြန်မြန်သေသည်ဟု သိပ္ပံပညာရှင်များ ပြော

    ဧပြီ ၂၅၊ ၂၀၂၀
    M-Media

    -Covdi-19 ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးဟာ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့တဲ့ အချိန်မျိုးမှာ မြန်မြန်သေတယ်ဆိုတာကို တွေ့ရကြောင်း အမေရိကန်သိပ္ပံပညာရှင်တွေက ပြောကြားလိုက်ပါတယ်။

    နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ဟာ ဗိုင်းရပ်စ်ပိုး​ကို သေစေနိုင်တဲ့ စွမ်းအားရှိတယ်ဆိုတဲ့အချက်ကို သိပ္ပံပညာရှင်တွေက အရင်ကတည်းက သိရှိထားတာပါ။

    အမေရိကန် ပြည်တွင်းလုံခြုံရေးဌာနက သိပ္ပံနဲ့ နည်းပညာဆိုင်ရာ အကြံပေး ဝီလီယံ ဘရိုင်ယန်က Covid-19 ကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးဟာ နေရောင်ခြည်နဲ့ထိတွေ့ရင် မြန်မြန် သေဆုံးတယ်လို့ သုတေသနမှာ တွေ့ရတာကြောင့် နွေရာသီရောက်ရင် ဗိုင်းရပ်စ်ပြန့်နှံ့မှု ပိုပြီး နှေးကွေးနိုင်တယ်လို့ မျှော်လင့်ရကြောင်း မနေ့က အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    “နေရောင်ခြည်ဟာ ဗိုင်းရပ်စ်ပိုးကို လေထဲမှာရော မျက်နှာပြင်ပေါ်မှာပါ သေစေနိုင်တဲ့စွမ်းအား ရှိတယ်ဆိုတဲ့ အချက်က ကျွန်တော်တို့ ဒီနေ့အထိ လုပ်ခဲ့သမျှထဲမှာ အထင်ရှားဆုံး​ တွေ့ရှိချက်တစ်ခုပါ။ အပူချိန်နဲ့ စိုစွတ်မှုတွေမှာ ဒီလို တူညီတဲ့ ဂုဏ်သတ္တိမျိုး ရှိတယ်ဆုိတာကိုလည်း ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ အပူချိန်မြင့်တဲ့နေရာ၊ စွတ်စိုမှု မြင့်တဲ့နေရာ အဲဒီလို နှစ်ခုစလုံး ဖြစ်နေတဲ့နေရာတွေမှာ ဗိုင်းရပ်စ်ရှင်သန်ဖို့ မလွယ်ပါဘူး”

    ဒါပေမယ့် စင်ကာပူ၊ မလေးရှားနဲ့ ထိုင်းနိုင်ငံလို ပူပြင်းတဲ့ရာသီဥတုရှိရာ ဒေသတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှု အများအပြား ရှိနေပြီး ရာသီဥတုအခြေအနေဟာ ဗိုင်းရပ်စ်တားဆီးရေးမှာ သိပ်ပြီး အသုံးမဝင်ဘူးဆိုတဲ့ အယူအဆလည်း ရှိနေပါတယ်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဒေါက်တာ မာဂရက် ဟာရစ်က အပူချိန်ကြောင့် ကိုရိုနာဗိုင်းရပ်စ် မြန်မြန်သေတယ်ဆိုတဲ့ အထောက်အထားဟာ လက်တွေ့အခြေအနေတွေနဲ့ မကိုက်ညီဘူးလို့ တုန့်ပြန် ပြောကြားခဲ့ပါတယ်။

    ဝီလီယံ ဘရိုင်ယန် ကိုးကားပြောဆိုတဲ့ သု​တေသနဟာ တရားဝင် ထွက်မလာသေးတဲ့အတွက် သုံးသပ်ဖို့ ခက်ခဲနေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

    Ref: Aljazeera