News @ M-Media

Author: Ko Lay

  • တောင်ဆူဒန်တွင် ကျိုင်းကောင်ကပ်ဘေး ကျရောက်

    တောင်ဆူဒန်တွင် ကျိုင်းကောင်ကပ်ဘေး ကျရောက်

    ဖေဖော်ဝါရီ ၁၉၊ ၂၀၂၀
    M-Media

    -အရှေ့အာဖရိကနိုင်ငံတစ်ချို့မှာ ကျရောက်နေတဲ့ ကျိုင်းကောင်ကပ်ဘေးဟာ တောင်ဆူဒန်ကို ရောက်ရှိလာပြီး အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့တိုင်းပြည်အခြေအနေကို ပိုမိုဆိုးရွားစေတယ်လို့ အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

    ကျိုင်းကောင်အုပ်ဟာ ယူဂန်ဒါနိုင်ငံကို ကျော်ဖြတ်ပြီး နိုင်ငံတောင်ပိုင်း မဂ်ဝီဒေသကို ရောက်လာတယ်လို့ လယ်ယာစိုက်ပျိုးရေးဝန်ကြီး အန်ယိုတီ အဒီဂို ‌ညစ်ဝက်ချ်က ဆိုပါတယ်။ တောင်ဆူဒန်နိုင်ငံဟာ ပြည်တွင်းစစ်နဲ့ စစ်နောက်ဆက်တွဲ ငတ်မွတ်ခေါင်းပါးမှုကြောင့် အတိဒုက္ခရောက်နေတဲ့နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။

    အာဖရိကမှာ ကင်ညာ၊ ဆိုမာလီယာ၊ အီသီယိုးပီးယား၊ အီရစ်ထရီယာ၊ ဒီဘောက်တီတို့ဟာ ပြီးခဲ့တဲ့ ၁၀ စုနှစ်တွေအတွင်း ကျိုင်းကောင်ကပ်ဘေးကို ခါးစည်းခံခဲ့ရပြီး အခုအချိန်မှာတော့ တန်ဇန်းနီးယား၊ ယူဂန်ဒါနဲ့ တောင်ဆူဒန်တို့ကိုပါ ဒီကပ်ဘေး ကျရောက်လာတာ ဖြစ်ပါတယ်။

    သဲကန္တာရ ကျိုင်းကောင်တွေဟာ တစ်နေ့ကို ၉၅ မိုင်လောက် သွားရောက်နိုင်ပြီး ကောက်ပဲသီးနှံတွေကို စားသောက်လေ့ရှိပါတယ်။ တစ်စကွဲယားကီလိုမီတာ အကျယ်ရှိတဲ့ ကျိုင်းကောင်အုပ်ဟာ တစ်ရက်ကို လူ ၃၅၀၀၀ လောက်စားသုံးတဲ့ ပမာဏလောက်ကို စားကြတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

    ပြီးခဲ့တဲ့ ၃ နှစ်ဆက်တိုက် မိုးခေါင်တာ၊ ရေကြီးရေလျှံတာတွေကြောင့် အရှေ့အာဖရိကမှာ လူပေါင်း ၂၅ သန်းလောက်ဟာ စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။

    ကုလရဲ့ စားနပ်ရိက္ခာနဲ့ လယ်ယာစိုက်ပျိုးရေးအဖွဲ့ FAO ဆိုင်ရာ တောင်ဆူဒန်သံအမတ် မီရှက် မာလိုက ကျိုင်းကောင်တွေဟာ သားပေါက်ဖို့ နေရာရှာတဲ့အနေအထားဖြစ်တာကြောင့် နောက်ထပ် ကျိုင်းကောင်ကပ်ဘေးတစ်ခု ဖြစ်ပွားမယ့်အနေအထား ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး Amazon သူဌေးက ဒေါ်လာ ၁၀ ဘီလီယံ လှူဒါန်း

    ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး Amazon သူဌေးက ဒေါ်လာ ၁၀ ဘီလီယံ လှူဒါန်း

    ဖေဖော်ဝါရီ ၁၉၊ ၂၀၂၀
    M-Media

    Amazon ပိုရှင် ဂျက်ဖ် ဘီဇို့စ်

    -ရာသီဥတု ပြောင်းလဲပြီး ကမ္ဘာကြီးပူနွေးလာမှုကို တိုက်ဖျက်ဖို့အတွက် ကန်ဒေါ်လာ ၁၀ ဘီလီယံ ထည့်ဝင် သုံးစွဲသွားမယ်လို့ Amazon ကုမ္ပဏီကို တည်ထောင်သူ သန်းကြွယ်သူဌေး ဂျက်ဖ် ဘီဇို့စ်က တနင်္လာနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

    ဘီဇို့စ်ဟာ Bezos Earth Fund ‌အမည်နဲ့ ရန်ပုံငွေထူထောင်မှာဖြစ်ပြီး ရာသီဥတုပြောင်းလဲမှု ဆိုးကျိုးကို လျော့ချဖို့ ကြိုးစားနေတဲ့ သိပ္ပံပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေကို ထောက်ပံ့ပေးသွားမယ်လို့ Instagram စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    အခုထည့်ဝင်တဲ့ ကန်ဒေါ်လာ ၁၀ ဘီလီယံဟာ ဘီဇို့စ်ရဲ့ အသားတင်ကြွယ်၀မှု ဒေါ်လာ ၁၃၀ ဘီလီယံရဲ့ ၈ ရာခိုင်နှုန်းလောက်သာ ရှိပါတယ်။ ဒါပေမယ့် သမိုင်းတစ်လျှောက် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် လှူဒါန်းမှုတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

    ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် ဘီလီယံနာ စီးပွားရေးလုပ်ငန်းရှင် ဝါရန် ဘက်ဖက်က ၂၀၀၆ ခုနှစ်မှာ ဒေါ်လာ ၃၆ ဘီလီယံ လှူဒါန်းခဲ့ပြီး Walmart ကို တည်ထောင်သူ ဆမ်ဝေါလ်တန်ရဲ့ ကျန်ရစ်သူဇနီး ဟဲလင် ဝေါလ်တန်က ၂၀၀၇ ခုနှစ်မှာ‌ ဒေါ်လာ ၁၆.၄ ဘီလီယံ လှူဒါန်းခဲ့ပါတယ်။

    “ရာသီဥတုပြောင်းလဲမှုဟာ ကျွန်တော်တို့ကမ္ဘာဂြိုဟ်အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုပါပဲ။ ဒီကိစ္စရဲ့ ကြောက်မက်ဖွယ် ဆိုးကျိုးကို တိုက်ဖျက်ရာမှာ ရှိပြီးသား နည်းလမ်းတွေကို တိုးချဲ့ဆောင်ရွက်ဖို့၊ နည်းသစ်လမ်းသစ်တွေ ရှာဖွေဖို့ စတာတွေမှာ ကျွန်တော်ဟာ အခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ချင်ပါတယ်” လို့ ဘီဇို့စ်က Instagram စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ဖို့အတွက် ဝန်ထမ်းတွေရဲ့ ဖိအားပေးမှုကို Amazon ဟာ ပြီးခဲ့တဲ့နှစ် မေလလောက်ကတည်းက စတင်ခံစားခဲ့ရတာပါ။ အဲဒီနောက်ပိုင်း ၂၀၄၀ ရောက်ရင် ကာဘွန်ကင်းစင်တဲ့ လုပ်ငန်းတစ်ခု ဖြစ်အောင် ဆောင်ရွက်မယ်လို့ Amazon က စက်တင်ဘာလမှာ ကြေငြာခဲ့ပါတယ်။

    Ref: CNN

  • အာရပ်စော်ဘွားများပြည်ထောင်စုတွင် ဟိန္ဒူဘုရားကျောင်းသစ်တစ်ခု ထပ်ဆောက်မည်

    အာရပ်စော်ဘွားများပြည်ထောင်စုတွင် ဟိန္ဒူဘုရားကျောင်းသစ်တစ်ခု ထပ်ဆောက်မည်

    ဖေဖော်ဝါရီ ၁၉၊ ၂၀၂၀
    M-Media

    အဘူဒါဘီတွင်ဆောက်လုပ်နေသည့် ဟိန္ဒူဘုရားကျောင်း ပုံစံငယ်

    -အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံ ဒူဘိုင်းမြို့မှာ ဟိန္ဒူဘုရားကျောင်းသစ်တစ်ခု ဆောက်လုပ်သွားမယ်လို့ အိန္ဒိယစီးပွားရေးလုပ်ငန်းရှင် ရာဂျူးရှရော့ဖ်က ကြေငြာလိုက်ပါတယ်။

    ဒူဘိုင်းမြို့တောင်ဘက်က စီးပွားရေးအချက်အခြာနေရာဖြစ်တဲ့ ဂျီဘီလ် အလီဒေသက ဆစ်ခ်ဘုရားကျောင်း Guru Nanak Darbar ဘေးမှာ ဆောက်လုပ်မှာဖြစ်ပြီး စကွဲယားပေ ၂၅၀၀၀ ကျယ်ဝန်းမှာ ဖြစ်ပါတယ်။ ဘုရားကျောင်းသစ်ဟာ ဒူဘိုင်းက သမိုင်းဝင်ရပ်ကွက် ဘာရ်ဒူဘိုင်းမှာရှိပြီး နှစ် ၁၀၀ နီးပါးသက်တမ်းရှိ Sindhi Guru Darbar ဘုရားကျောင်းရဲ့ အခွဲတစ်ခုလည်း ဖြစ်ပါတယ်။

    ရာဂျူးရှရော့ဖ်က ဘုရားကျောင်းသစ်ဟာ ဂျီဘီလ်အလီဒေသကို ဘာသာတရားပေါင်းစုံ ပေါင်းစုရာနေရာတစ်ခု ဖြစ်စေလိမ့်မယ်လို့ပြောကြားခဲ့ပါတယ်။

    “ဒီဘုရားကျောင်း ပြီးစီးသွားတဲ့အခါကျရင် အဲဒီနေရာဟာ ခရစ်ယာန်ဘုရားကျောင်းတွေ၊ ဆစ်ခ်ဘုရားကျောင်းနဲ့ ဟိန္ဒူဘုရားကျောင်း တစ်စုတစ်စည်းတည်း တည်ရှိရာနေရာ ဖြစ်လာပါလိမ့်မယ်”

    ဘုရားကျောင်းသစ် အုတ်မြစ်ချပွဲအခမ်းအနားကို ပြီးခဲ့တဲ့တစ်ပတ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဘုရားကျောင်းဟာ ဒူဘိုင်းဒီရ်ဟမ် ၇၅ သန်းကုန်ကျမှာဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ ပြီးစီးမယ်လို့ ခန့်မှန်းထားပါတယ်။ ဒူဘိုင်း လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ကလည်း ဘုရားကျောင်းဆောက်လုပ်ဖို့အတွက် ခွင့်ပြုချက် ချပေးထားပြီး ဖြစ်ပါတယ်။

    ဒီဇိုင်းကို Temple Architects လို့ခေါ်တဲ့ အိန္ဒိယ ဗိသုကာကုမ္ပဏီက ဆွဲပေးထားတာပါ။ ဒီကုမ္ပဏီဟာ ကမ္ဘာတစ်ဝှမ်းက ဟိန္ဒူဘုရားကျောင်းပေါင်း ၂၀၀ လောက်အတွက် ဒီဇိုင်းဆွဲပေးထားတဲ့ နာမည်ကျော် ကုမ္ပဏီလည်း ဖြစ်ပါတယ်။

    Sindhi Guru Darbar ဘုရားကျောင်းအတွက် မြေနေရာကို ဒူဘိုင်းအစိုးရက ၂၀၁၈ ခုနှစ်မှာ ချပေးခဲ့တာပါ။ ဘုရားကျောင်းမှာ ဘုရားရှိခိုးခန်းတွေ၊ လူအများအပြားကို ဧည့်ခံကျွေးမွေးနိုင်မယ့် ဟောခန်းတစ်ခုနဲ့ မီးဖိုဆောင်တစ်ခု၊ လူမှုရေးအခမ်းအနားတွေ ကျင်းပနိုင်မယ့်နေရာတွေ၊ ကားပါကင်တွေ ပါဝင်မယ်လို့ ရှရော့ဖ်က ပြောကြားခဲ့ပါတယ်။

    ယူအေအီးနိုင်ငံ အဘူဒါဘီမြို့မှာလည်း ဟိန္ဒူဘုရားကျောင်းတစ်ခု တည်ဆောက်နေပြီး ၂၀၂၂ ခုနှစ်မှာ ပြီးစီးဖို့ ရည်မှန်းထားပါတယ်။

    Ref: Khaleej Times

  • အင်္ဂါနေ့ ဘောလုံးသတင်းများ

    အင်္ဂါနေ့ ဘောလုံးသတင်းများ

    ဖေဖော်ဝါရီ ၁၈၊ ၂၀၂၀
    M-Media

    လူမျိုးရေးခွဲခြားခံရလျှင် ကွင်းအတွင်းမှ ထွက်သွားနိုင်တော့မည်

    လူမျိုးရေးခွဲခြားခံရမှုကြောင့် ပွဲဆက်မကစားပဲ ထွက်သွားတဲ့ ကစာသမားတွေကို အားပေးထောက်ခံသွားမယ်လို့ ကမ္ဘာ့ ဘောလုံးကစားသမားများ သမဂ္ဂ FIFPRO က မနေ့မှာ ပြောကြားလိုက်ပါတယ်။ တနင်္ဂနွေနေ့က ပေါ်တူဂီအမှတ်ပေးဖလားပြိုင်ပွဲ ပေါ်တိုနဲ့ ဗစ်တိုးရီးယား ဂီမာရက်ဇ်တို့ ပွဲစဉ်မှာ ပေါ်တိုအသင်းရဲ့ မာလီတိုက်စစ်မှူး မူဆာမာရီဂါဟာ ပြိုင်ဘက်ပရိတ်သတ်တွေရဲ့ တစ်ပွဲလုံးနီးပါး လူမျိုးရေးခွဲခြား စော်ကားခံရတာကြောင့် ပွဲဆက်မကစားဘဲ ထွက်သွားခဲ့ပါတယ်။ FIFPRO ဟာ အရင်က ပွဲဆက်မကစားဘဲ ထွက်သွားတဲ့ ကစားသမား တစ်ဦးချင်းစီကို ထောက်ခံအားပေးလေ့ရှိပေမယ့် အခုတစ်ကြိမ်ကတော့ ဒီလိုဖြစ်စဉ်နဲ့ပတ်သက်ပြီး ပထမဆုံး ခြုံငုံကြေငြာမှု ဖြစ်ပါတယ်။ ဒီလို ခွဲခြားဆက်ဆံမှုမျိုးခံရတဲ့ ကစားသမားတွေအတွက် စိုးရိမ်မိပြီး လူမျိုးရေးခွဲခြားမှုအတွက် အသင်းကို ဒဏ်တပ်တာ၊ ကစားကွင်းပိတ်တာ စတဲ့ ပြစ်ဒဏ်တွေလို လက်ရှိ အပြစ်ပေးအရေးယူမှုတွေကလည်း အလုပ်မဖြစ်ဘူးလို့ FIFPRO က ထုတ်ပြန်ခဲ့ပါတယ်။

    ပရိတ်သတ်များ၏ နှလုံးသား ဖျက်ဆီးခံခဲ့ရသည်ဟု ချယ်ဆီးနည်းပြ ဖွင့်ဟ

    အိမ်ကွင်းမှာ မန်ယူကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ဒီကနေ့မနက်ပွဲမှာ VAR ဒိုင် ခရစ်ကာဗာနက် ရဲ့ဆုံးဖြတ်ချက်ဟာ မှန်ကန်မှုမရှိဘဲ ပရိတ်သတ်တွေရဲ့ နှလုံးသားကို နင်းချေဖျက်ဆီးလိုက်တယ်လို့ ချယ်ဆီးနည်းပြ လမ်းပတ်က ဝေဖန် ပြောကြားလိုက်ပါတယ်။ ချယ်ဆီးအသင်းရဲ့ ဂိုး ၂ ဂိုးကို VAR ဒိုင်က ပယ်ချခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ဂိုး ၂ ဂိုးရပြီး ၂ ဂိုးစလုံးကို VAR အဆုံးအဖြတ်နဲ့ ပယ်ချခံရတာဟာ ချယ်ဆီးက ဒုတိယမြောက်အသင်းဖြစ်ပြီး ပြီးခဲ့တဲ့ဒီဇင်ဘာတုန်းက ဘရိုက်တန်အသင်းဟာ ဒီလိုအခြေအနေမျိုး ပထမဆုံး ကြုံတွေ့ခဲ့ရပါတယ်။

    အသင်းဒဏ်ရာအခြေအနေ ဒီထက်ပို မဆိုးနိုင်တော့ဟု မော်ရင်ဟိုပြော

    ဒဏ်ရာရနေတဲ့ တိုက်စစ်မှူး ဆွန်ဟွေမင်းကို ရာသီကုန်အထိ မမျှော်လင့်တော့ဘဲ အသင်းရဲ့ ဒဏ်ရာရကစားသမားအခြေအနေက ထပ်ပြီး မဆိုးနိုင်တော့ဘူးလို့ စပါးအသင်းနည်းပြ ‌မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။ ဆွန်ဟွေမင်းဟာ တနင်္ဂနွေနေ့က အက်စတွန်ဗီလာကို အနိုင်ရမယ့်ပွဲမှာ လက်အရိုးအက်ဒဏ်ရာ ရရှိခဲ့ပြီး ခွဲစိပ်ကုသရမှာ ဖြစ်ပါတယ်။ တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဇန်နဝါရီကပွဲမှာ ဒူးအရွတ် စုတ်ပြဲဒဏ်ရာကြောင့် အနားယူနေရတာပါ။ မော်ရင်ဟိုက အရန်ခုံမှာ တိုက်စစ်မှူးမရှိမှာကို စိတ်ပူခဲ့ပေမယ့်၊ ကွင်းအတွင်းမှာ တိုက်စစ်မှူးမရှိတဲ့အခြေအနေ ဖြစ်လာကြောင်း၊ ပရိတ်သတ်တွေအနေနဲ့ အသင်းအောင်နိုင်ရေး ကူညီဖို့ တောင်းဆိုကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: BBC

  • ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်၌ အစ္စရေးက ရထားလမ်းဖောက်မည့်အစီအစဉ်ကို ဂျော်ဒန် ရှုတ်ချ

    ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်၌ အစ္စရေးက ရထားလမ်းဖောက်မည့်အစီအစဉ်ကို ဂျော်ဒန် ရှုတ်ချ

    ဖေဖော်ဝါရီ ၁၈၊ ၂၀၂၀
    M-Media

    -အရှေ့ဂျေရုစလင်က မွတ်စလင်တွေနဲ့ ဂျူးတွေ အထွဋ်အမြတ်ထားရာ နေရာမှာ ရထားလိုင်းတိုးချဲ့ကာ ဘူတာရုံဆောက်မယ့် အစ္စရေးရဲ့ အစီအစဉ်ကို ဂျော်ဒန်နိုင်ငံက ကန့်ကွက်လိုက်ပြီး နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

    ကုလနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက အရှေ့ဂျေရုစလင်ကို ပါလက်စတိုင်းပိုင်နက်အဖြစ် သတ်မှတ်ထားပေမယ့် အစ္စရေးက ၁၉၆၇ ခုနှစ် စစ်ပွဲမှာ ကျူးကျော်သိမ်းပိုက်ထားခဲ့တာ ဖြစ်ပါတယ်။ ပါလက်စတိုင်းက‌ အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထားပြီး လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု တည်ထောင်ချင်နေတာပါ။

    အစ္စရေး ပို့ဆောင်ရေးဝန်ကြီးဌာနက တလ်အဗီး-ဂျေရုစလင် မြေအောက် အမြန်ရထားလိုင်းကို အရှေ့ဂျေရုစလင်က Western Wall အထိ တိုးချဲ့သွားမယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။ Western Wall အနောက်က မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ဟာ အစ္စလာမ်ဘာသာဝင်တွေရဲ့ အထွဋ်အမြတ်နေရာတစ်ခုဖြစ်ပြီး ဂျူးတွေကတော့ ဒီနေရာကို Temple Mount လို့ ခေါ်ပါတယ်။

    ဂျေရုစလင်က ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ သာသနိကအဆောက်အအုံတွေကို ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ဂျော်ဒန်နိုင်ငံက အစ္စရေးရဲ့ ဒီအစီအစဉ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒိုင်ဖာလာ အလ်-ဖာယက်ဇ်က အစ္စရေးရဲ့ တရားမဝင်လုပ်ဆောင်မှုတွေကို တုန်ပြန်ရေး မိမိတို့မှာရှိနေတဲ့ တာဝန်၀တ္တရားတွေကို ကျေပွန်ကြဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းခဲ့ပါတယ်။

    တလ်အဗီး-ဂျေရုစလင် ရထားလိုင်း Western Wall အထိ တိုးချဲ့မယ့်အစီအစဉ်ကို အစ္စရေးက ၂၀၁၇ ခုနှစ်မှာ ကြေငြာခဲ့တာဖြစ်ပြီး ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုခဲ့တဲ့ အမေရိကန်သမ္မတထရမ့်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဘူတာရုံကို ထရမ့်အမည်ပေးမယ်လို့ အဲဒီတုန်းက ပို့ဆောင်ရေးဝန်ကြီး အစ္စရာအီလ် ကက်ဇ်က ပြောကြားခဲ့ပါတယ်။

    Ref: BBC