News @ M-Media

Author: Ko Lay

  • အမေရိကန်၏ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်မှုစာရင်းတွင် မြန်မာပါဝင်လာ

    အမေရိကန်၏ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်မှုစာရင်းတွင် မြန်မာပါဝင်လာ

    ဖေဖော်ဝါရီ ၁၊ ၂၀၂၀
    M-Media

    -မွတ်စလင်တွေကို ပိတ်ပင်မှုလို့ ဝေဖန်သူတွေကဆိုတဲ့ ပြည်ဝင်ခွင့်ကန့်သတ်မှုအစီအစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထပ်မံတိုးချဲ့လိုက်ပြီး နောက်ထပ် ၆ နိုင်ငံကို စာရင်းထဲ ထပ်မံထည့်သွင်းလိုက်ကာ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ဒီဆောင်ရွက်မှုကို ဝေဖန်ခဲ့ကြပါတယ်။

    ထရမ့်ဟာ သူအာဏာစရတဲ့ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ဒီပြည်ဝင်ခွင့်ပိတ်တဲ့အစီအစဉ်ကို စတင်ခဲ့တာဖြစ်ပြီး အထူးသဖြင့် မွတ်စလင်အများစုရှိရာနိုင်ငံတွေကို ပိတ်ပင်တာဖြစ်ပါတယ်။ ပိတ်ပင်မှုကြောင့် ဝေဖန်မှုတွေ၊ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့သလို၊ အမေရိကန်တရားရုံးတွေကလည်း ထရမ့်ရဲ့ ဒီအစီအစဉ်ကို ကန့်သတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

    ပြည်ဝင်ခွင့် ပိတ်ပင်ခံရတဲ့စာရင်းမှာ အရင်က ယီမင်၊ ဆီးရီးယား၊ အီရန်၊ လစ်ဗျားနဲ့ ဆိုမာလီယာတို့ ပါဝင်ပြီး၊ ဗင်နီဇွဲလားနဲ့ မြောက်ကိုရီးယား နိုင်ငံသားတွေ ပြည်ဝင်ခွင့်လျှောက်ထားမှုကိုလည်း ကန့်သတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

    အီရစ်ထရီယာ၊ ကာဂျစ်စတန်၊ မြန်မာ၊ နိုက်ဂျီးရီးယား၊ ဆူဒန်နဲ့ တန်ဇန်းနီးယားကို ပြည်ဝင်ခွင့် ကန့်သတ်ပိတ်ပင်တဲ့ စာရင်းထဲကို အမေရိကန်ကထည့်သွင်းခဲ့ပြီး ဒါဟာ လုံခြုံရေးနဲ့ သတင်းအချက်အလက် မျှဝေရေး အမေရိကန်ကထုတ်ပြန်ထားတဲ့ စံချိန်စံညွှန်းတွေနဲ့ မညီလို့ဖြစ်တယ်လို့ ကန်အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ ပိတ်ဆို့မှုအသစ်ဟာ ဖေဖော်ဝါရီ ၂၁ ရက်နေ့ကစလို့ အကြုံးဝင်မှာ ဖြစ်ပါတယ်။

    အီရစ်ထရီယာ၊ ကာဂျစ်စတန်၊ မြန်မာနဲ့ နိုင်ဂျီးရီးယားနိုင်ငံတွေကို အမြဲတမ်းနေထိုင်ခွင့် (PR) ရနိုင်တဲ့ ဗီဇာထုတ်ပေးတာမျိုး ရပ်ဆိုင်းမှာဖြစ်ပေမယ့် ပြောင်းရွှေ့အခြေချမှုနဲ့မဆိုင်တဲ့ ဗီဇာတွေကို ဆက်လက်ထုတ်ပေးသွားမယ်လို့ အမေရိကန် အမိမြေလုံခြုံရေးအကြီးအကဲ ချဒ်ဝုလ်ဖ်က ပြော‌ကြားခဲ့ပါတယ်။

    ဆူဒန်နဲ့ တန်ဇန်းနီးယားနိုင်ငံသားတွေအတွက် DV ဗီဇာထုတ်ပေးမှုကို ကန့်သတ်သွားမှာ ဖြစ်ပါတယ်။ အမေရိကန်မှာ အခြေချခွင့်ရရှိမယ့် DV ဗီဇာကို နှစ်စဉ် ကမ္ဘာတစ်ဝှမ်းက လူပေါင်း ၅၅၀၀၀ လောက်ကို မဲနှိုက်ရွေးချယ်ပေးတာပါ။

    ယီမင်၊ ဆီးရီးယား၊ အီရန်၊ လစ်ဗျားနဲ့ ဆိုမာလီယာ နိုင်ငံတွေအပေါ် ဗီဇာထုတ်ပေးမှုအားလုံး ရပ်ဆိုင်းထားမှုကို အရင်အတိုင်း ဆက်လက်ထားရှိမှာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ဥရောပသမဂ္ဂမှ ယူကေ တရားဝင်နှုတ်ထွက်

    ဥရောပသမဂ္ဂမှ ယူကေ တရားဝင်နှုတ်ထွက်

    ဖေဖော်ဝါရီ ၁၊ ၂၀၂၀
    M-Media

    အင်္ဂလန်နိုင်ငံ ဒိုဗာမြို့ကမ်းနဖူးတွင် မြင်ရသည့် ယူနီယံဂျက်အလံနှင့် စာသား

    -၄၇ နှစ်ကြာ ဥရောပသမဂ္ဂအဖွဲ့အဝင်အဖြစ် ‌ပါဝင်လာခဲ့တဲ့ ယူကေဟာ မနေ့က အဖွဲ့ကနေ တရားဝင်နှုတ်ထွက်လိုက်ပြီး ထောက်ခံမှုတွ၊ ဆန့်ကျင်မှုတွေလည်း တစ်ပြိုင်နက်တည်း ပေါ်ပေါက်လာခဲ့ပါတယ်။

    ဥရောပသမဂ္ဂကနေ နှုတ်ထွက်ရေးလှုပ်ရှားမှု Brexit အတွက် လူထုဆန္ဒခံယူအပြီး ၃ နှစ်ခွဲအကြာမှာ အခုလို တရားဝင် နှုတ်ထွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

    ယူကေဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ‌ဒီအချိန်ဟာ လူတော်တော်များများအတွက် မျှော်လင့်ချက်ရောင်ခြည်သန်းတဲ့ကာလ၊ ဘယ်တုန်းကမှ မထင်မှတ်ထားတဲ့ကာလ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဆုံးရှုံးသွားတယ်လို့ ခံစားရသူတွေ၊ စိုးရိမ်သူတွေလည်း တော်တော်များများ ရှိမှာပါ။ နိုင်ငံရေး ဆွေးနွေးငြင်းခုံမှုတွေ ဘယ်တော့မှ ဆုံးသတ်မှာမဟုတ်ဘူးလို့ ထင်တဲ့ တတိယအုပ်စုက အများဆုံး ဖြစ်ပါလိမ့်မယ်။ ‌လူတွေရဲ့ခံစားချက်တွေကို ကျွန်တော်နားလည်ပြီး တိုင်းပြည်ရှေ့ဆက်လျှောက်လှမ်းဖို့ အတူတကလုပ်ဆောင်ရေးဟာ ကျွန်တော့်ရဲ့တာဝန်၊ အစိုးရဲ့အလုပ်ဆိုတာကိုလည်း ကျွန်တော် သိပါတယ်”

    နှစ်ပေါင်း ၅၀ လောက် ဖြစ်တည်ခဲ့တဲ့ ဥရောပသမဂ္ဂဟာ ဗြိတိန်နဲ့ မသင့်လျော်တော့ကြောင်း၊ ဒါဟာ အဆုံးမဟုတ်ဘဲ အစသာဖြစ်ကြောင်း ဝန်ကြီးချုပ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ ဥရောပသမဂ္ဂအဆောက်အအုံက ယူနီယံဂျက်အလံကိုလည်း ဖယ်ရှားခဲ့ပါတယ်။

    ဥရောပသမဂ္ဂကနေ နှုတ်ထွက်မှုအခမ်းအနား၊ ပျော်ပွဲရွှင်ပွဲတွေကို အင်္ဂလန်က ပါလီမန်ရင်ပြင် အပါအဝင်၊ ယူကေတစ်ဝှမ်းမှာ ပြည်သူတွေက ကျင်းပခဲ့ကြပြီး၊ ဆန့်ကျင်တဲ့ တန်ပြန်ဆန္ဒပြမှုတွေလည်း ရှိခဲ့ပါတယ်။

    မြောက်အိုင်ယာလန်က Brexit ဆန့်ကျင်ရေးအဖွဲ့ Border Communities Against Brexit က အိုင်ယာလန် နယ်စပ်အနီးမှာ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီး မြောက်အိုင်ယာလန်နဲ့ အိုင်ယာလန်သမ္မတနိုင်ငံတို့ရဲ့ ဝန်ကြီးချုပ် အာလီနီ ဖော်စတာက သူတို့ဟာ အိမ်နီးချင်းတွေအဖြစ် ဆက်လက်ရှိနေမယ်လို့ ပြောကြားခဲ့ပါတယ်။

    စကော့တလန်ဝန်ကြီးချုပ် နီကိုလာ စတာဂျန်က စကော့တလန်ဟာ လွတ်လပ်တဲ့နိုင်ငံတစ်ခုအဖြစ် ဥရောပသမဂ္ဂနဲ့ ပြန်လည်ပေါင်းစည်းသွာမယ်လို့ ဥရောပသမဂ္ဂအလံနဲ့အတူ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ စတာဂျန်ဟာ ယူကေကနေ စကော့တလန်ခွဲထွက်ရေး လူထုဆန္ဒခံယူပွဲ အသစ်တစ်ခုပြုလုပ်ဖို့လည်း တိုက်တွန်းဆော်ဩခဲ့ပါတယ်။

    Ref: BBC

  • သေဆုံးမှု၊ ကူးစက်မှုအရေအတွက် မြင့်တက်လာတဲ့ ဝူဟန်ဗိုင်းရပ်စ် (နောက်ဆုံးရသတင်းများ)

    သေဆုံးမှု၊ ကူးစက်မှုအရေအတွက် မြင့်တက်လာတဲ့ ဝူဟန်ဗိုင်းရပ်စ် (နောက်ဆုံးရသတင်းများ)

    ဖေဖော်ဝါရီ ၁၊ ၂၀၂၀ (နေ့လည် ၃ နာရီ)
    M-Medi‌‌a

    – ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် သေဆုံးသူအရေအတွက်ဟာ အနည်းဆုံး ၂၅၉ ဦးအထိ ရှိလာခဲ့ပြီး ကူးစက်သူကလည်း ၁၁၇၉၁ ဦးအထိ ရှိလာပြီလို့ တရုတ်အာဏာပိုင်တွေက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အများစုဟာ ဗိုင်းရပ်စ်စတင်ပြန့်နှံရာ ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ ဖြစ်ပါတယ်။ ကူးစက်သံသယရှိသူဟာ ၁၇၈၈၈ ဦးရှိနေပြီး ဆေးရုံကဆင်းသွားသူ အရေအတွက်က ၂၄၃ ဦး ရှိပါတယ်။

    – နိုင်ငံရပ်ခြားပြန့်နှံ့မှုကတော့ စပိန်နဲ့ ယူကအေပါအဝင် နိုင်ငံပေါင်း ၂၀ ကျော် ရှိလာပြီဖြစ်ပါတယ်။ ထိုင်းနဲ့ အင်ဒိုနီးရှားအပါအဝင် ကမ္ဘာတစ်ဝှမ်းကို ပြန့်နှံ့ရောက်ရှိနေတဲ့ ဝူဟန်မြို့သူမြို့သားတွေကို တရုတ်က သီးသန့်လေယာဉ်တွေနဲ့ ပြန်လည်ခေါ်ဆောင်နေပါတယ်။ ကမ္ဘာ့နိုင်ငံတွေကလည်း ဝူဟန်မြို့ကို ရောက်ရှိနေတဲ့ သူတို့နိုင်ငံသားတွေကို ပြန်လည်ခေါ်ယူနေကြပါတယ်။ နိုင်ငံတကာလေကြောင်းလိုင်းတွေကလည်း တရုတ်နိုင်ငံ အထူးသဖြင့် ဝူဟန်မြို့ကို ပျံသန်းမှုတွေ ရပ်ဆိုင်းခဲ့ပါတယ်။

    – နိုင်ငံသားတွေကနေလွဲပြီး တရုတ်ပြည်ကလာရောက်တဲ့သူတွေကို ဩစတေးလျက ပြည်ဝင်ခွင့်ပိတ်လိုက်သလို၊ အမေရိကန်ကလည်း တရုတ်နိုင်ငံသားတွေအပြင် ပြီးခဲ့တဲ့ ၂ ပတ်အတွင်း တရုတ်နိုင်ငံကိုသွားရောက်တဲ့ နိုင်ငံခြားသားအားလုံးကို မနေ့က ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ပါတယ်။ အမေရိကန်ရဲ့ ဒီပိတ်ပင်မှုဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အကြံပြုချက်နဲ့ ဆန့်ကျင်နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။

    – အလီဘာဘာကုမ္ပဏီပိုင်ရှင် တရုတ်သန်းကြွယ်သူဌေး ဂျက်မာက ကိုရိုနာဗိုင်းရပ်စ်သစ် တိုက်ဖျက်ရေးမှာ အသုံးပြုဖို့ ယွမ် သန်း ၁၀၀ (ကန်ဒေါ်လာ ၁၄.၄ သန်း) ကို မနေ့မှာ လှူဒါန်းခဲ့ပါတယ်။ အလီဘာဘာကုမ္ပဏီကလည်း လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ ကိရိယာတွေ ဝယ်ယူဖို့အတွက် ၁ ဘီလီယံယွမ် (ဒေါ်လာ ၁၄၄ သန်း) လှူဒါန်းခဲ့သလို၊ ဆေးဝါးနဲ့ ကုသရေးလုပ်ငန်းအတွက် သူတို့ရဲ့ ဉာဏ်ရည်တုနည်းပညာ AI ကို အခမဲ့အသုံးပြုနိုင်တယ်လို့လည်း ကမ်းလှမ်းခဲ့ပါတယ်။

    – ရောဂါကူးစက်ပြန့်နှံ့မှု ထိန်းသိမ်းကာကွယ်ရေးမှာ အသုံးပြုဖို့အတွက် ဂျာမနီဟာ ဆေးဘက်ဆိုင်ရာပစ္စည်း ၅ တန်ကို ပို့ဆောင်ခဲ့ပြီး ဝူဟန်မြို့ကို စနေနေ့မနက်ပိုင်းမှာ ရောက်ရှိလာပါတယ်။ မလေးရှားက ဆေးဘက်ဆိုင်ရာသုံး လက်အိတ် စုစုပေါင်း ၁၈ သန်းကို တရုတ်နိုင်ငံထံ ပေးပို့လှူဒါန်းသွားမယ်လို့ သောကြာနေ့မှာ ကြေငြာခဲ့ပါတယ်။

    Ref: CNN, Aljazeera, The Star

  • ကြာသာပ‌တေးနေ့ ဘောလုံးသတင်းများ

    ကြာသာပ‌တေးနေ့ ဘောလုံးသတင်းများ

    ဇန်နဝါရီ ၃၀၊ ၂၀၂၀
    M-Media

    နှစ်ဖက်ပရိသတ်များ၏လုပ်ရပ်ကို မန်ယူနှင့် မန်စီးတီးနည်းပြများ ရှုတ်ချ

    • မနေ့က မန်ချက်စတာ ဒါဘီပွဲမှာ နှစ်ဖက်ပရိတ်သတ်တွေရဲ့ အပြုအမှုအတွက် မန်ယူနဲ့ မန်စီးတီး နည်းပြ ၂ ဦးစလုံးက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ မန်စီးတီးကွင်းမှာကစားပြီး အဲဒီပွဲဟာ လိဂ်ဖလား ဆီးမီးဖိုင်နယ် ဒုတိယကျော့ဖြစ်ပြီး မန်ယူက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ မန်ယူအသင်းက ကစားသမားနဲ့ တာဝန်ရှိသူ ၂၃ ဦး သေဆုံးတဲ့ ၁၉၅၈ ခုနှစ် မြူးနစ်လေယာဉ်ပျက်ကျမှုကို မန်စီးတီးပရိတ်သတ်တွေက အမူအရာနဲ့ လှောင်ပြောင်ခဲ့သလို၊ မန်ယူပရိတ်သတွေကလည်း ပွဲအပြီး မန်စီးတီးပရိသတ်တွေကို ထိုင်ခုံတွေချိုးကာ ပစ်ပေါက်ခဲ့ပါတယ်။ မန်စီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာက ဒီအဖြစ်အပျက်တွေဟာ ကောင်းမွန်တဲ့ကိစ္စတွေမဟုတ်ဘူးလို့ ပြောကြားခဲ့သလို မန်ယူနည်းပြ ဆိုလ်းရှားကလည်း ဒီလိုအပြုအမူမျိုး ပပျောက်အောင် ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။

    ကစားပုံထက် နိုင်ပွဲက ပိုအရေးကြီးဟု ရီးယဲလ်မက်ဒရစ်နည်းပြပြော

    အသင်းရဲ့ကစားပုံနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေရှိနေပေမယ့် မိမိရဲ့နည်းစနစ်ကို ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ ရီးယဲလ်နည်းပြ ဇီဒိန်းက ပြောကြားလိုက်ပါတယ်။ ရီးယဲလ်ဟာ လာလီဂါမှာ နိုင်ပွဲတွေရနေပေမယ့် ကစားပုံမကောင်းမှုအတွက် ဝေဖန်ခံနေရတာပါ။ အထူးသဖြင့် တိုက်စစ်ကစားပုံဖြစ်ပြီး ၂၀၂၀ အတွင်း လာလီဂါမှာ ရီးယဲလ်သွင်းခဲ့တဲ့ ဂိုး ၆ ဂိုးဟာ တိုက်စစ်မှူးတွေ သွင်းယူခဲ့တာ မဟုတ်ပါဘူး။ ဇီဒိန်းကတော့ ကစားပုံလှပဖို့ထက် နိုင်ပွဲတွေကို ဆောင်ကျဉ်းပေးနိုင်ဖို့က ပိုအရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။

    အသင်းပြောင်းရသည့်အကြောင်း စပါးပရိတ်သတ်တွေကို အဲရစ်ဆန်ရှင်းပြ

    စီးရီးအေကို ပြောင်းရွှေ့သွားရတာဟာ အတွေ့အကြုံသစ်ကို လိုချင်လို့ဖြစ်တယ်လို့ စပါးကွင်းလယ်လူဟောင်း ခရစ္စတီယန် အဲရစ်ဆန်က ပြောကြားလိုက်ပါတယ်။ ၂၀၁၃ ခုနှစ်က အေဂျက်ကနေရောက်လာပြီး စပါးမှာ ၆ နှစ်ခွဲကြာ ကစားခဲ့တဲ့ အဲရစ်ဆင်ဟာ ပရီးမီးယားလိဂ်မှာ အရေးပါတဲ့ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပြီး မန်ယူနဲ့ ရီးယဲလ်တို့လို အသင်းတွေရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ အင်္ဂါနေ့မှာ စီးရီးအေကလပ် အင်တာမီလန်းအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ အဲရစ်ဆင်က စပါးက အချိန်တွေဟာ ပျော်ရွှင်စရာအချိန်တွေဖြစ်ခဲ့ပြီး အနာဂတ်မှာ ပြန်လည်ဆုံစည်းချင်တယ်လို့ ပရိသတ်တွေကို လိပ်မူတဲ့ ဆိုရှယ်မီဒီယာပို့စ်မှာ ရေးသားထားပါတယ်။

    Ref:Goal, BBC

  • တစ်ပတ်အတွင်း ကျန်းမာရေးဆိုင်ရာ သတင်းများ

    တစ်ပတ်အတွင်း ကျန်းမာရေးဆိုင်ရာ သတင်းများ

    ဇန်နဝါရီ ၃၀၊ ၂၀၂၀
    M-Media

    The ultrastructural morphology exhibited by the 2019 Novel Coronavirus (2019-nCoV), which was identified as the cause of an outbreak of respiratory illness first detected in Wuhan, China, is seen in an illustration released by the Centers for Disease Control and Prevention (CDC) in Atlanta, Georgia, U.S. January 29, 2020. Alissa Eckert, MS; Dan Higgins, MAM/CDC/Handout via REUTERS

    ဝူဟန်ဗိုင်းရပ်စ် ကုသဆေး ကမ္ဘာ့ပညာရှင်များ အပြင်းအထန်ရှာဖွေနေ

    တရုတ်နိုင်ငံကနေစတင်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၉ ခုလောက်မှာ ပြန့်နှံ့ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်အတွက် ကာကွယ်ဆေး၊ ကုသဆေးတွေကို ကမ္ဘာ့သိပ္ပံပညာရှင်တွေက အပြင်းအထန် ရှာဖွေဖော်ထုတ်နေပါတယ်။ တရုတ်တာဝန်ရှိသူတွေဟာ ဗိုင်းရပ်စ်ပိုးရဲ့ ဗီဇကုဒ် (genetic code) ကို ထုတ်ပေးနိုင်တဲ့အတွက် ဘယ်ကနေစတင်တယ်၊ ဘယ်လိုပုံပြောင်းပြီး၊ ဘယ်လိုဖွံ့ဖြိုးလာတယ်ဆိုတာကို သိပ္ပံပညာရှင်တွေက ဖော်ထုတ်နေပြီ ဖြစ်ပါတယ်။

    အမေရိကန်ပြည်ထောင်စု ဆန်ဒီယေဂိုက သိပ္ပံပညာရှင်တွေဟာ DNA အမျိုးအစားသစ်တစ်ခုကို အသုံးပြုကာ INO-4800 ဆိုတဲ့ ကာကွယ်ဆေးတစ်မျိုးကို ဖန်တီးနေပြီး လာမယ့်နှစ် နွေရာသီလောက်မှာ လူသားတွေကိုစမ်းသပ်ကာ အောင်မြင်မယ်ဆိုရင် အခုနှစ်နှောင်းပိုင်းလောက်မှာ အသုံးပြုဖို့ စီစဉ်ထားပါတယ်။ ဝူဟန်ဗိုင်းရပ်စ်ကူးစက်မှုဟာ အဲဒီအချိန်လောက်မှာ ပျောက်ကွယ်သွားနိုင်ပေမယ့် နောက်ထပ် အဲဒီလိုဗိုင်းရပ်စ်မျိုး ပြန့်နှံမှုအတွက် ကြိုတင်ကာကွယ်ဆေးမျိုး ဖြစ်လာဖို့ သိပ္ပံပညာရှင်တွေက မျှော်လင့်ထားကြပါတယ်။

    စိတ်ဖိစီးမှုပျောက် စပရေးရှုဆေးကို ယူကေကျန်းမာရေးအဖွဲ့ ကန့်ကွက်

    စိတ်ဖိစီးမှုကို ပျောက်စေပြီး နာရီပိုင်းအတွင်း စိတ်ဓာတ်တက်ကြွမှုကိုဖြစ်စေတဲ့ စပရေးရှုဆေးဟာ စျေးနှုန်းအရရော၊ ကျန်းမာရေးဆိုင်ရာ ရှုထောင့်အရပါ မကောင်းဘူးလို့ ယူကေ ကျန်းမာရေးစောင့်ကြည့်အဖွဲ့ NICE က ပြောကြားလိုက်ပါတယ်။ ကက်တမင်းလို ဓာတုပစ္စည်းသုံးထားတဲ့ အဲဒီရှူဆေးကို ယူကေမှာ စမ်းသပ်နေပြီး တစ်ခါအသုံးပြုဖို့အတွက် ပေါင်တစ်သောင်းလောက် ပေးရတာပါ။ စပရေးဟာ နာရီပိုင်းအတွင်း စိတ်ဖိစီးမှုကို ပြေပျောက်စေပေမယ့် ရေရှည်အကျိုးရှိမလားဆိုတာ မသေချာဘူးလို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ထောက်ပြခဲ့ကြပါတယ်။

    အပြစ်ပေးခြင်းထက်၊ ချီးကျူးခြင်းက ကျောင်းသားများအတွက် ပိုမိုကောင်းမွန်

    မူလတန်းကျောင်းတွေမှာ ဆရာတွေက အပြစ်ပေးတဲ့အစား၊ ချီးကျူးတဲ့စနစ်ကို ပိုမိုအသုံးပြုတာဟာ ကလေးတွေ ကျောင်းစာအပေါ် အာရုံစူးစိုက်မှုကို အထောက်အကူဖြစ်စေသလို၊ ကလေးတွေရဲ့ အပြုအမူတွေကိုလည်း ကောင်းမွန်စေတယ်လို့ အမေရိကန် Brigham Young တက္ကသိုလ်က ပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာ တွေ့ခဲ့ရပါတယ်။ ပညာရေးစနစ်မှာ အပြစ်ပေးတာမျိုး ရှိသင့်ပေမယ့်၊ ချီးကျူးတာနဲ့ယှဉ်ရင် ၃ ချိုး ၁ ချိုး၊ ၄ ချိုး ၁ ချိုးလောက်သာ ရှိသင့်တယ်လို့လည်း သုတေသန ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။ လေ့လာမှုကို အမေရိကန် ပြည်နယ် ၃ ခုက မူလတန်းကျောင်း ၁၉ ခုမှ ၃ နှစ်‌ကြာ ဆောင်ရွက်ခဲ့ပြီး မူကြိုကနေ ၆ တန်းအထိတက်တဲ့ အသက် ၆ နှစ်ကနေ ၁၂ နှစ်အရွယ် ကလေးငယ်ပေါင်း ၂၅၃၆ ဦးကို ‌စောင့်ကြည့်မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။

    Ref: CNN,BBC

    mmHelthNews