News @ M-Media

Author: Ko Lay

  • ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်ကလေးများကို မြန်မာသင်ရိုးဖြင့် စာသင်မည်

    ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်ကလေးများကို မြန်မာသင်ရိုးဖြင့် စာသင်မည်

    ဇန်နဝါရီ ၃၀၊ ၂၀၂၀
    M-Media

    -ဘင်္ဂလားဒေ့ရှ်ဖက်ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်ကလေးငယ်တွေရဲ့ ပညာရေးကို ချဲ့ထွင်ပြီး မြန်မာသင်ရိုးညွှန်းတန်းနဲ့ ပုံမှန် အတတန်းပညာသင်ကြားရေး ကုလနဲ့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေ ပူးပေါင်းဆောင်ရွက်တော့မယ်လို့ သိရပါတယ်။

    ကော့ဆက်ဘဇားက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ကလေးငယ်တွေဟာ လက်ရှိမှာ ကုလ ဒုက္ခသည်အေဂျင်စီ UNICEF က ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း ၁၅၀၀ လောက်မှာ အခြေခံပညာရေးကို သင်ယူနေရတာ ဖြစ်ပါတယ်။

    ဧပြီလမှာစတင်မယ့် အစီအစဉ်အသစ်အရ ကလေးတွေဟာ ၅ တန်းကနေ ၈ တန်းအထိ မြန်မာနိုင်ငံက သင်ရိုးညွှန်းတမ်းနဲ့ သင်ကြားရတော့မယ်လို့ ကုလကထုတ်ပြန်တဲ့ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဘင်္ဂလားဒေ့ရှ်က ကုလဒုက္ခသည် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ကော်မရှင်နာမင်းကြီး မဟ်ဘူးဘ် အလမ် တာလွက်ဒါက ရိုဟင်ဂျာကလေးငယ်တွေကို မြန်မာပညာရေးစနစ် သင်ပေးဖို့အတွက် ကုလရဲ့ အဆိုပြုချက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက လက်ခံခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    “မြန်မာဘာသာစကားနဲ့ သင်ပေးမယ်။ မြန်မာနိုင်ငံက သင်ရိုးညွှန်းတမ်းအတိုင်း သွားမယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရကျောင်းတွေမှာ ပညာသင်ကြားခွင့် သူတို့ ရမှာမဟုတ်သလို၊ ဘင်္ဂါလီစာကိုလည်း သူတို့ မဖတ်တတ်ပါဘူး။ သူတို့ ဘင်္ဂလားဒေ့ရှ်မှာ ရေရှည်နေရမယ့်အနေအထားမျိုး မရှိတဲ့အတွက် ပြည်တော်ပြန်တဲ့အခါ မြန်မာလူ့အဖွဲ့အစည်းနဲ့ အသားကျရေး အခုဆောင်ရွက်မှုက အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်”

    မြန်မာသင်ရိုးညွှန်းတမ်းနဲ့ သင်ကြားမယ့် ရှေ့ပြေးအစီအစဉ်မှာ ရိုဟင်ဂျာကလေးငယ် တစ်သောင်းလောက် ပါဝင်မယ်လို့ ကုလက ပြောကြားခဲ့ပါတယ်။ ဒီအစီအစဉ်အတွက် ဆရာ၊ ဆရာမတွေကို လေ့ကျင့်သင်တန်းပေးမှုကိုလည်း ကုလက စတင်နေပါတယ်။

    ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ကလေးငယ် ၄ သိန်းလောက်ရှိပြီး သူတို့ ပုံမှန်ပညာရေးရရှိဖို့အတွက် လူ့အခွင့်အရေးအဖွဲ့တွေက ဘင်္ဂလာဒေ့ရှ်အစိုးရကို အရင်ကတည်းက တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

    Ref: The Diplomat

  • ဗလီအကြမ်းဖက်မှု ထောက်ခံသူကို ရုရှားက ထောင်ချ

    ဗလီအကြမ်းဖက်မှု ထောက်ခံသူကို ရုရှားက ထောင်ချ

    ဇန်နဝါရီ ၃၀၊ ၂၀၂၀
    M-Media

    -၂၀၁၉ ခုနှစ် မတ်လက နယူးဇလန်မှာရှိတဲ့ ဗလီဝတ်ကျောင်းတော် ၂ လုံး အကြမ်းဖက်တိုက်ခိုက်ခံရမှုကို ထောက်ခံတဲ့ အမျိုးသားတစ်ဦးကို ရုရှားအာဏာပိုင်တွေက ဖမ်းဆီးထောင်ချလိုက်ပါတယ်။

    ဆိုက်ဘေးရီးယားဒေသက အသက် ၄၉ နှစ်အရွယ် တက္ကဆီယာဉ်မောင်းတစ်ဦးဖြစ်ပြီး နယူးဇီလန်က ဗလီတွေကို အကြမ်းဖက်မှုဟာ ထောက်ခံကြောင်းပြောကြားကာ၊ ဒီလိုလုပ်ရပ်တွေ လုပ်ဆောင်ဖို့ တိုက်တွန်းဆော်ဩခဲ့တယ်လို့ ရုရှားသတင်းဌာန Interfax က ရုရှားအာဏာပိုင်တွေရဲ့ပြောကြားမှုကို ကိုးကားပြီး မနေ့က ဖော်ပြထားပါတယ်။

    ရုရှားအစိုးရနဲ့ အမတ်တစ်ချို့ကို လက်နက်ကိုင်ဖြုတ်ချဖို့လည်း သူက လှုံ့ဆော်ခဲ့ပါတယ်။ ဆိုက်ဘေးရီးယား တရားရုံးက ဒီအမျိုးသားကို ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်ခဲ့ပြီး ဆိုရှယ်မီဒီယာမှာ ရေးသားခွင့်ကိုလည်း ပိတ်ပင်ခဲ့ပါတယ်။

    ၂၀၁၉ ခုနှစ်မတ်လက နယူးဇီလန်မှာရှိတဲ့ ဗလီဝတ်ကျောင်းတော် ၂ လုံးကို လူဖြူအစွန်းရောက်တစ်ဦးက ဝင်ရောက် ပစ်ခတ်မှုအတွင်း ဝတ်ပြုသူ ၅၁ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

    လက်ရှိမှာ အဲဒီ လူဖြူအစွန်းရောက် အမျိုးသားဟာ လူသတ်မှု၊ အကြမ်းဖက်မှုတွေနဲ့ စွဲချက်တင် ခံထားရပါတယ်။

    Ref: Interfax

  • ပါကစ္စတန်ကို ၁၀ ရက်အတွင်း ချေမှုန်းနိုင်သည်ဟု အိန္ဒိယဝန်ကြီးချုပ်ပြော

    ပါကစ္စတန်ကို ၁၀ ရက်အတွင်း ချေမှုန်းနိုင်သည်ဟု အိန္ဒိယဝန်ကြီးချုပ်ပြော

    ဇန်နဝါရီ ၃၀၊ ၂၀၂၀
    M-Media

    -ပါကစ္စတန်ကို ၁၀ ရက်အတွင်း ခေျမှုန်းနိုင်တဲ့စွမ်းအားမျိုး အိန္ဒိယမှာ ရှိနေပြီလို့ အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီက ပြောကြားလိုက်ပါတယ်။

    အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ဗြိတိသျှထံကနေ လွတ်လပ်ရေးရခဲ့တဲ့ ၁၉၄၇ ခုနှစ်ကစလို့ စစ်ပွဲ ၃ ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက အပြန်အလှန် လေကြောင်းတိုက်ပွဲနဲ့စတုတ္ထမြောက်စစ်ပွဲ ဖြစ်ပွားလုအထိ ဖြစ်ခဲ့ပါတယ်။

    “ပါကစ္စတန်ဟာ ၃ ကြိမ်တိုင်တိုင်ရှုံးခဲ့တယ်။ ကျွန်တော်တို့စစ်တပ်ဟာ ပါကစ္စတန်ကို ချေမှုန်းဖို့ ၇ ရက်ကနေ ၁၀ ရက်ထက် ပိုမကြာပါဘူး” လို့ ဇန်နဝါရီ ၂၈ ရက်နေ့က စစ်ဖက်အရာရှိတွေကိုပြောကြားတဲ့ မိန့်ခွန်းမှာ ဝန်ကြီးချုပ်မိုဒီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    နိုင်ငံသားဥပဒေကို အငြင်းပွားဖွယ်ပြင်ဆင်ချက်နဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့ ဆန္ဒပြမှု၊ စီးပွားရေးကျဆင်းမှု၊ လာမယ့်လနယူးဒေလီမှာလုပ်မယ့် ပြည်နယ်ရွေးကောက်ပွဲမှာ ရှုံ့းနိမ့်နိုင်တယ်ဆိုတဲ့ ခန့်မှန်းမှုတွေကြောင့် မိုဒီဦးဆောင်တဲ့ အိန္ဒိယအစိုးရဟာ ဖိအားတွေနဲ့ ရင်ဆိုင်နေရတာပါ။

    အိန္ဒိယရဲ့ ပြောင်မြောက်တဲ့စွမ်းရည်နဲ့ ကျွမ်းကျင်လိမ္မာမှုတွေဟာ သစ်လွင်တဲ့အတွေးအခေါ်တွေကလာပြီး ၂၀၁၆ ခုနှစ်နဲ့ ပြီးခဲ့တဲ့နှစ်က ပါကစ္စတန်နိုင်ငံထဲအထိဝင်ပြီး စစ်သွေးကြွတွေကို ကြိုတင်လက်ဦးမှု ရယူတိုက်ခိုက်တာဟာ ဒီအတွက် အထောက်အထား ဖြစ်တယ်လို့လည်း မိုဒီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက ကက်ရှ်မီးယားမှာ ပါကစ္စတန်နဲ့ဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အိန္ဒိယတိုက်လေယာဉ်တစ်စီး ပစ်ချခံလိုက်ရပြီး လေယာဉ်မှူးလည်း ဖမ်းဆီးခံခဲ့ရပါတယ်။ ပါကစ္စတန်က နောက်ပိုင်းမှာ လေယာဉ်မှူးကို ပြန်လွှတ်ပေးခဲ့ပါတယ်။

    ပြိုင်ဘက် ၂ နိုင်ငံဟာ ၁၉၄၇၊ ၁၉၆၅နဲ့ ၁၉၇၁ ခုနှစ်တွေမှာ ၃ ကြိမ်တိုင်တိုင် စစ်ဖြစ်ခဲ့ဖူးပါတယ်။ မိုဒီက ပါကစ္စတန်ဟာ အိန္ဒိယထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသက စစ်သွေးကြွကို ပံ့ပိုးကူညီကာ တစ်ဆင့်ခံစစ်ပွဲ ဖော်ဆောင်နေတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: CNA

  • တရုတ်နိုင်ငံက ဒေသအားလုံးကို ကိုရိုနာဗိုင်းရပ်စ်သစ် ရောက်ရှိ (နောက်ဆုံးရသတင်းများ)

    တရုတ်နိုင်ငံက ဒေသအားလုံးကို ကိုရိုနာဗိုင်းရပ်စ်သစ် ရောက်ရှိ (နောက်ဆုံးရသတင်းများ)

    ဇန်နဝါရီ ၃၀၊ ၂၀၂၀ (‌နေ့လည် ၂ နာရီ ခွဲ)
    M-Media

    မလေးရှားလေဆိပ်မှ ဝူဟန်သတိပေးဆိုင်းဘုတ်
    • တိဘက်ဒေသမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ကူးစက်သူတစ်ဦးကို တွေ့ရှိရတယ်လို့ တရုတ်အာဏာပိုင်တွေက ဒီကနေ့မှာ သတင်းထုတ်ပြန်ခဲ့ပြီး၊ တရုတ်ပြည်မကြီးက ဒေသအားလုံးကို ရောဂါ ပြန့်နှံ့ရောက်ရှိသွားတာ ဖြစ်ပါတယ်။ ဇန်နဝါရီ ၂၉ ရက်နေ့အထိ အတည်ပြုထားတဲ့ ကူးစက်မှုအရေအတွက်ဟာ ၇၇၁၁ ခု ရှိလာပြီး သေဆုံးသူအရေအတွက်ကလည်း ၁၇၀ အထိ မြင့်တက်လာပြီ ဖြစ်ပါတယ်။ တရုတ်နိုင်ငံပြင်ပမှာတော့ နိုင်ငံပေါင်း ၁၉ နိုင်ငံကို ရောဂါပိုး ရောက်ရှိ ကူးစက်နေပြီ ဖြစ်ပါတယ်။
    • ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း အချို့နိုင်ငံတွေမှာ ရောဂါကူးစက်ပြန့်နှံ့မှုဟာ စိုးရိမ်စရာကောင်းနေပြီး နောက်ထပ် ကျယ်ပြန့်သွားမယ့် အလားအလာ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။ WHO ဟာ ဒီကနေ့မှာ အရေးပေါ်အစည်းအဝေး ပြုလုပ်မှာ ဖြစ်ပါတယ်။
    • ဩစတေးလျနိုင်ငံက သိပ္ပံပညာရှင်တွေဟာ ဗိုင်းရပ်စ်ပိုးပုံတူကို ဖန်တီးနိုင်ခဲ့ပြီး ဒီဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်မယ့် နည်းလမ်းတွေကို ဆက်လက်ရှာဖွေသွားဖို့ ရှိနေပါတယ်။
    • ဝူဟန်မြို့ကနေ ကယ်ထုတ်လာတဲ့ နိုင်ငံသား ၂၀၀ နီးပါးကို စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး ဗိုင်းရပ်စ်ပိုး ကင်းစင်းတယ်လို့ အမေရိကန်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။ အဲဒီလူတွေဟာ မနေ့က ကယ်လီဖိုးနီးယားပြည်နယ်က စစ်စခန်းကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
    • ကိုရိုနာဗိုင်းရပ်စ်သစ် တိုက်ဖျက်ရေး သမ္မတ ရှီကျင့်ဖျင်ရဲ့ ညွှန်ကြားမှုတွေကို အကောင်အထည်ဖော်ရာမှာ နှောင့်နှေးမှု၊ လစ်ဟာမှုတွေရှိတဲ့ အာဏာပိုင်တွေကို အရေးယူသွားမယ်လို့ တရုတ်ဗဟိုကော်မရှင်ရဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ (CCDI) က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ ဗိုင်းရပ်စ်တိုက်ဖျက်ရေးလုပ်ငန်းမှာ ငွေကြေးနဲ့ လိုအပ်တဲ့ အသုံးအဆောင်တွေ အလွဲသုံးစားလုပ်မှုတွေကိုလည်း ဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။
    • မလေးရှားနိုင်ငံမှာ ရောဂါပိုးကူးစက်နေသူအရေအတွက်ဟာ ၈ ဦးအထိ မြင့်တက်လာခဲ့ပြီး လူအားလုံးဟာ တရုတ်နိုင်ငံသားတွေဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာမှာ ဝူဟန်ဗိုင်းရပ်စ်အကြောင်း သတင်းမှားဖြန့်ဝေမှုအတွက် ပြည်နယ် ၃ ခုမှာ လူ ၄ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ မလေးရှားအာဏာပိုင်တွေက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
    • ဝူဟန်ဗိုင်းပ်ရပ်စ် တားဆီးကာကွယ်ရေးမှာ အထောက်အကူဖြစ်စေဖို့အတွက် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေစပြီး အိမ်ထောင်စုတစ်စုကို နှာခေါင်းစည်း ၄ ခုစီ ပေးဝေသွားဖို့ စင်ကာပူအစိုးရက စီစဉ်နေပါတယ်။ ဒီနှာခေါင်းစည်းတွေကို လိုအပ်တဲ့အခါမှ အသုံးပြုဖို့လည်း အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။
    • ရောဂါအဓိကကူးစက်ဖြစ်ပွားရာ ဝူဟန်မြို့မှာ မြန်မာနိုင်ငံက ကျောင်းသား ၆၃ ဦး ရှိနေပြီး သူတို့ကို သီးသန့်လေယာဉ်နဲ့ ပြန်လည်ခေါ်ယူသွားမယ်လို့ မြန်မာအစိုးရက ဇန်နဝါရီ ၃၀ ရက်နေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ပြန်ရောက်လာတဲ့သူတွေကို စနစ်တကျ ကျန်းမာရေးစောင့်ကြည့်စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်ထားတယ်လို့လည်း မြန်မာအာဏပိုင်တွေက ဆိုပါတယ်။

    Ref: BBC, Aljazeera

  • ထရမ့်ရဲ့ ပါလက်စတိုင်းငြိမ်းချမ်းရေးစီမံကိန်း စေတနာမှန်ရဲ့လား

    ထရမ့်ရဲ့ ပါလက်စတိုင်းငြိမ်းချမ်းရေးစီမံကိန်း စေတနာမှန်ရဲ့လား

    ဇန်နဝါရီ ၂၉၊ ၂၀၂၀
    M-Media

    အမေရိကန်၏ အဆိုပြုချက်တွင် ဖော်ပြထားသည့် အနာဂတ် ပါလက်စတိုင်းနိုင်ငံပြမြေပုံ

    -ပါလက်စတိုင်း-အစ္စ‌ရေး ပြဿနာနဲ့ ပတ်သက်နေပြီး ‘အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးစီမံကိန်း’ လို့ အမည်ပေးထားတဲ့ အဆိုပြုချက်တစ်ခုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့အတူ ထုတ်ပြန်ချပြခဲ့ပါတယ်။

    စာမျက်နှာ ၁၈၁ မျက်နှာပါတဲ့ ဒီအဆိုပြုချက်မှာ ပါလက်စတိုင်းနဲ့ အစ္စရေးတို့အကြား ပြဿနာဖြေရှင်းရေး၊ ပါလက်စတိုင်းနိုင်ငံပေါ်ပေါက်လာရေး အသေးစိတ်အဆိုပြုချက်တွေ ပါဝင်ပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီအဆိုပြုချက်ဟာ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခကို လက်တွေ့ကျတဲ့ ၂ နိုင်ငံတည်ရှိရေးအဖြေနဲ့ ဖြေရှင်းနိုင်ရေး အခြေခံအုတ်မြစ် ချပေးလိုက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီအဆိုပြုချက်မှာ လက်ရှိ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ ထိန်းချုပ်ထားတဲ့ ဒေသပမာဏရဲ့ ၂ ဆလောက်ကို ပေးထားပြီး လွတ်လပ်တဲ့နိုင်ငံတစ်ခု ဖြစ်တည်လာရေး ပါလက်စတိုင်းတွေအတွက် နောက်ဆုံး သမိုင်းဝင် အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့လည်း ထရမ့်က ဆိုပါတယ်။

    အစ္စရေးခေါင်းဆောင်ပိုင်းက ဒီအဆိုပြုချက်ကို ကြိုဆိုခဲ့ပေမယ့် ပါလက်စတိုင်းတာဝန်ရှိသူတွေက အဆိုပြုချက် ထွက်မလာခင်ကတည်းက ကန့်ကွက်ခဲ့ကြပါတယ်။

    သမိုင်းဝင် ပါလက်စတိုင်းဒေသကို ဗြိတိသျှက အုပ်ချုပ်စဉ်အတွင်း ကမ္ဘာတစ်ဝှမ်းကဂျူးတွေဟာ ပါလက်စတိုင်းဒေသကို နည်းနည်းအမျိုးမျိုးနဲ့ဝင်ရောက်ကာ လက်နက်ကိုင်တပ်ဖွဲ့တွေဖွဲ့ပြီး ၁၉၄၇ ခုနှစ် ဗြိတိသျှထွက်သွားတဲ့အချိန်မှာ ပါလက်စတိုင်းတွေကို သတ်ဖြတ်မောင်းထုတ်ကာ အစ္စရေးနိုင်ငံအဖြစ် ထူထောင်ခဲ့ကြတာ ဖြစ်ပါတယ်။

    ကုလသမဂ္ဂက ပါလက်စတိုင်းဒေသကို နှစ်ပိုင်းပိုင်းကာ ဂျူး‌တွေအတွက်တစ်ပိုင်း၊ ပါလက်စတိုင်းတွေအတွက်တစ်ပိုင်း ခွဲပေးခဲ့ပေမယ့် အစ္စရေးဟာ ကုလရဲ့ သတ်မှတ်ပေးထားတဲ့ အပိုင်းကိုအခြေတည်ကာ ပါလက်စတိုင်းပိုင်နက်တွေကို ယနေ့အချိန်အထိ တစ်စထက်တစ်စ ကျူးကျော်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

    အနာဂတ် ပါလက်စတိုင်းနိုင်ငံ

    အမေရိကန်က အဆိုပြုထားတဲ့ အစီအစဉ်မှာ အနောက်ဖက်ကမ်းက အစိတ်အပိုင်းတစ်ချို့နဲ့ ဂါဇာကမ်းမြှောင်တို့ကို ပေါင်းပြီး အနာဂတ် ပါလက်စတိုင်းနိုင်ငံအဖြစ် ပုံဖေါ်ထားပါတယ်။

    ‌လက်ရှိ ပါလက်စတိုင်းနယ်မြေထဲမှာရှိနေတဲ့ အစ္စရေးရဲ့ တရားမဝင် အိမ်ယာအားလုံးကို အမေရိကန်ရဲ့ အဆိုပြုချက်မှာ အသိအမှတ်ပြုထားပြီး ‘သီးသန့်နယ်မြေ’ (enclave communities) လို့ အမည်ပေးထားပါတယ်။ ဒါ့ကြောင့် အနောက်ဖက်ကမ်းက ပါလက်စတိုင်းရဲ့ အစိတ်အပိုင်းတွေဟာ ကျွန်းစုတွေလို ဖြစ်နေမှာ ဖြစ်ပါတယ်။

    ပါလက်စတိုင်းနယ်မြေတွေကို လမ်းတွေ၊ တံတားတွေ၊ မြေအောက်လှိုဏ်ခေါင်းတွေနဲ့ ဆက်သွယ်ထားမယ်လို့ဆိုပါတယ်။ အနောက်ဖက်ကမ်းနဲ့ ဂါဇာကမ်းမြှောင်ကိုတော့ မြေအောက်လှိုဏ်ခေါင်းနဲ့ ဆက်သွယ်မှာ ဖြစ်ပါတယ်။ ပါလက်စတိုင်းပိုင်နက်တွေက အစ္စရေးရဲ့ တရားမဝင်အိမ်ယာတွေကို သီးသန့်လမ်း၊ သီးသန့် ပို့ဆောင်ရေးစနစ်တွေကို အသုံးပြုကာ အစ္စရေးရဲ့ အခြားအစိတ်အပိုင်းတွေနဲ့ ဆက်သွယ်ထားမှာဖြစ်ပြီး၊ ပါလက်စတိုင်း နယ်မြေအစိတ်အပိုင်းတွေကို ပါလက်စတိုင်းလမ်းနဲ့ သီးခြားစီ ဆက်သွယ်ထားမှာပါ။

    အမေရိကန်ရဲ့ အဆိုပြုချက်အရ အနောက်ဖက်ကမ်းက ဂျူးတွေနေထိုင်ရာနေရာရဲ့ ၉၇ ရာခိုင်နှုန်းကို အစ္စရေးပိုင်နက်ထဲ သွတ်သွင်းမှာဖြစ်ပါတယ်။ အနောက်ဖက်ကမ်းမှာရှိနေတဲ့ အစ္စရေးရဲ့ တရားမဝင်အိမ်ယာ နိုင်ငံတကာဥပဒေနဲ့ မညီတဲ့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက အသိအမှတ်မပြုပါဘူး။

    ဂါဇာ‌ကမ်းမြှောင်တောင်ပိုင်းက နီဂျဗ်သဲကန္တာရမှာ နည်းပညာမြင့်စက်မှုဇုန်၊ လယ်ယာစိုက်ပျိုးရေးနဲ့ အိမ်ယာဇုန် စသဖြင့် သတ်မှတ်ထားပေမယ့် ပါလက်စတိုင်းရဲ့အစိတ်အပိုင်းဖြစ်မလား၊ အစ္စရေးရဲ့ အစိတ်အပိုင်းဖြစ်မလားဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်း မရှိပါဘူး။

    အနောက်ဖက်ကမ်း ပါလက်စတိုင်းပိုင်နက်တွေမှာရှိနေတဲ့ အစ္စရေးစစ်စခန်းတွေကိုတော့ ‘မဟာဗျူဟာနေရာ’ (strategic sites) အဖြစ် ဆက်လက်ထားရှိမှာဖြစ်ပါတယ်။

    မြေထဲပင်လယ်ကမြို့တွေဖြစ်တဲ့ ဟိုင်ဖာနဲ့ အက်ရှ်ဒေါ့တို့မှာ ကျောက်ဆူးပုံစံဖော်ပြထားပြီး အနာဂတ်ပါလက်စတိုင်းနိုင်ငံအတွက် ပင်လယ်ထွက်ပေါက်အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

    ဂျေရုစလင်ဟာ အစ္စရေးနဲ့ ခွဲခြမ်းလို့မရတဲ့မြို့တော်ဖြစ်တယ်လို့ အမေရိကန်ရဲ့ ဒီအဆိုပြုချက်မှာ ဖော်ပြထားပြီး ဂျေရုစလင်အရှေ့ခြမ်းက အဘူဒစ် ဆိုတဲ့နေရာကို ပါလက်စတိုင်းမြို့တော်အဖြစ် သတ်မှတ်ထားပါတယ်။ ပါလက်စတိုင်းဟာ အလ်-အက္ကဆွာဗလီပါဝင်တဲ့ အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ် သတ်မှတ်ချင်တာ ဖြစ်ပါတယ်။

    အလ်-အက္ကဆွာဗလီရဲ့ အခြေအနေကတော့ လက်ရှိအနေအထားတိုင်းဖြစ်တယ်လို့ အဆိုပြုချက်မှာ ဖော်ပြထားပြီး ငြိမ်းချမ်းစွာလာရောက်တဲ့ မွတ်စလင်တွေကို အလ်-အက္ကဆွာဗလီကို ဝင်ရောက်ဝတ်ပြုခွင့်ပြုမယ်လို့လည်းဆိုပါတယ်။ လက်ရှိ ဂျေရုစလင်က အစ္စလာမ်နဲ့ ခရစ်ယာန် သာသနိကအဆောက်အဦးတွေကို ဂျော်ဒန်က တာဝန်ယူ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

    အနောက်ဖက်ကမ်းက မြေဆီဩဇာကောင်းမွန်တဲ့ ဂျော်ဒန်ချိုင့်ဝှမ်းကိုတော့ အမေရိကန်ရဲ့အဆိုပြုချက်မှာ အစ္စရေးကို ပေးထားပါတယ်။

    အနာဂတ်ပါလက်စတိုင်းနိုင်ငံအဖြစ် သတ်မှတ်ပေးထားတဲ့ နယ်မြေတွေအတွက် ၄ နှစ်တာ လမ်းကြောင်းဖွင့်ပေးထားမှာဖြစ်ပြီး ပါလက်စတိုင်းတွေအနေနဲ့ ဒီအဆိုပြုချက်ကို လေ့လာကာ၊ အစ္စရေးနဲ့ညှိနှိုင်းပြီး နိုင်ငံတစ်ခုဖြစ်တည်ရေး ဆောင်ရွက်သွားနိုင်တယ်လို့လည်း အမေရိကန်ရဲ့ အဆိုပြုချက်မှာ ဖော်ပြထားပါတယ်။

    အမေရိကန်ရဲ့ ဒီအဆိုပြုချက်ဟာ သမိုင်းဝင် ပါလက်စတိုင်းဒေသနဲ့ ၁၅ ရာခိုင်နှုန်းကိုသာ ပါလက်စတိုင်းတွေကိုပေးထားတာဖြစ်ပါတယ်။

    လက်နက်ချရမယ်

    အမေရိကန်ရဲ့ အဆိုပြုချက်မှာ ဟားမက်စ်နဲ့ အစ္စလာမ့်မစ်ဂျီဟတ်အဖွဲ့တွေအပါအဝင်၊ ပါလက်စတိုင်းလွတ်မြောက်ရေး လှုပ်ရှားနေတဲ့ အဖွဲ့တွေအားလုံး လက်နက်ချရမယ်လို့ ဖော်ပြထားပါတယ်။

    အနာဂတ်ပါလက်စတိုင်းနိုင်ငံရဲ့ နယ်နမိတ်အတွင်း ပါလက်စတိုင်းတွေကိုယ်တိုင် လုံခြုံရေးဆောင်ရွက်နိုင်တယ်လို့ အဆိုပြုချက်မှာ ဖော်ပြထားပေမယ့် အစ္စရေးက ဒရုန်းနဲ့ အခြား လေကြောင်းဆိုင်ရာ ကိရိယာတွေသုံးပြီး ပါလက်စတိုင်းကို စောင့်ကြည့်နိုင်တယ်လို့ ဆိုပါတယ်။

    ဒုက္ခသည်ကိစ္စ

    ၁၉၄၇ ခုနှစ် အစ္စရေးနိုင်ငံထူထောင်ချိန်မှာ ဂျူးလက်နက်ကိုင်တွေရဲ့ ကျူးကျော်သိမ်းပိုက်မှုကြောင့် ပါလက်စတိုင်းပိုင်နက်တွေကနေ ထွက်ပြေးရတဲ့ ပါလက်စတိုင်းတွေနဲ့ သူတို့ရဲ့မျိုးဆက်တွေ နေရပ်ပြန်ခွင့်ရှိမှာမဟုတ်ဘူးလို့ အမေရိကန်ရဲ့ အဆိုပြုချက်မှာဖော်ပြထားပါတယ်။

    ပါလက်စတိုင်းဒုက္ခသည်တွေကို လက်ခံဖို့ဟာ ပတ်ဝန်းကျင်က အာရပ်နိုင်ငံတွေရဲ့ တာဝန်ဖြစ်တယ်လို့လည်း အဆိုပြုချက်က ဆိုပါတယ်။

    ပါလက်စတိုင်းစာသင်ကျောင်းတွေက သင်ရိုးတွေကို အမေရိကန်နဲ့ အစ္စရေးတို့က သုံးသပ်ပြီး ပြင်ဆင်ရေးဆွဲရမယ်လို့လည်း အဆိုပြုချက်မှာ ထည့်သွင်းရေးသားထားပါတယ်။

    ကမ္ဘာကတုန့်ပြန်မှု

    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်က ထရမ့်ရဲ့ ဒီအစီအစဉ်ကို လုံး၀လက်ခံမှာ မဟုတ်ကြောင်း၊ အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုတွေ ရပ်တန့်ရေး၊ အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထားတဲ့ နိုင်ငံတစ်ခုတည်ထောင်ရေးကိုသာ ပါလက်စတိုင်းက ဆက်လက်စွဲကိုင်ထားမှာဖြစ်ကြောင်း ရာမာလာမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ ဒူးထောက်အရှုံးပေးသွားမှာ မဟုတ်ပါဘူး။ ‌ငြိမ်းချမ်းပြီး လူကြိုက်များတဲ့ နည်းလမ်းတွေနဲ့ ဒီအဆိုပြုချက်ကို ခုခံတွန်းလှန်သွားမှာပါ”

    ဂါဇာကမ်းမြှောင်ကို အုပ်စိုးနေတဲ့ ဟားမက်စ်အဖွဲ့ တာဝန်ရှိသူ ဆာမီ အဘူ ဇူရီက ထရမ့်ရဲ့ ဒီအစီအစဉ်ဟာ အဓိပ္ပါယ်မရှိတဲ့ အစီအစဉ်ဖြစ်ပြီး ဂျေရုစလင်ဟာ ပါလက်စတိုင်းတွေရဲ့မြေအဖြစ် အမြဲတမ်းတည်ရှိသွားမှာဖြစ်ကြောင်း၊ ပါလက်စတိုင်းတွေအနေနဲ့ ဒါကို တွန်းလှန်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    ကုလသမ္မဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က ကုလဟာ ၁၉၆၇ ခုနှစ်အရင်က ရှိခဲ့တဲ့ နယ်စပ်စည်းကို အခြေခံတဲ့ ပါလက်စတိုင်း၊ အစ္စရေး ၂ နိုင်ငံတည်ရှိရေးအဖြေကိုသာထောက်ခံကြောင်း၊ ကုလရဲ့ ဆုံးဖြတ်ချက်တွေ၊ နိုင်ငံတကာဥပဒေတွေ၊ နှစ်ဖက်သဘောတူညီချက်၊ ၂ နိုင်ငံတည်ရှိရေး ရည်မှန်းချက် စတာတွေကို အခြေခံတဲ့ နှစ်ဖက် ဆွေးနွေး‌ဖြေရှင်းမှုကိုသာ ဆက်လက်ထောက်ခံသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ပါလက်စတိုင်းတွေရဲ့မြေကို ကျူးကျော်သိမ်းပိုက်မှုကို သတိပေးခဲ့ပြီး၊ အစ္စရေးရဲ့ တစ်ဖက်သက်လုပ်ရပ်တွေဟာ အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ အာရပ်အဆိုပြုချက်၊ နိုင်ငံတကာ ဥပဒေတွေကို အခြေခံကာ တိုက်ရိုက်ဆွေးနွေးပြီး ပြဿနာတွေကို ဖြေရှင်းရေး တိုက်တွန်းကြောင်း ကြေငြာချက်က ဆိုပါတယ်။

    အစ္စရေးနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ အီဂျစ်နိုင်ငံက ထရမ့်ရဲ့ ဒီအဆိုပြုချက်ကို သဘောကျကြောင်း၊ အစ္စရေး-ပါလက်စတိုင်း နှစ်ဖက်စလုံးက ဒီအဆိုပြုချက်ကို သေသေချာချာလာဖို့ တိုက်တွန်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

    ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ၀န်ကြီးချုပ်နဲ့ အမေရိကန်သမ္မတ ထရမ့်တို့ဟာ ဒီအစီအစဉ်ကို ဆွေးနွေးခဲ့ပြီး အပြုသဘောဆောင်တဲ့ ခြေလှမ်းတစ်ခု ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ် ရာအဘ်က ပါလက်စတိုင်းနဲ့ အစ္စရေးခေါင်းဆောင်တွေဟာ ဒီအစီအစဉ်ကို မျှမျှတတ စဉ်စားသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အီရန်သမ္မတ ဟာဆန်ရူဟာနီရဲ့ အကြံပေးဖြစ်သူ ဟီဆာမက်ဒင်း အက်စ်ဟီနာက ‘ငြိမ်းချမ်းရေးအဆိုပြုချက်’ လို့ဆိုတဲ့ ဒီအစီအစဉ်ဟာ အမေရိကန်နဲ့ ဇိုင်ယွန်အုပ်စုအကြား သဘောတူညီချက်သာဖြစ်ပြီး ပါလက်စတိုင်းပြည်သူတွေအတွက်တော့ ပိတ်ဆို့မှုသာဖြစ်ကြောင်း Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်ကြေငြာချက်မှာ ဒီအစီအစဉ်ဟာ ‘ရာစုနှစ်ရဲ့ သစ္စာဖောက်ဖျက်မှု’ ဖြစ်ပြီး အောင်မြင်မှာမဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

    တူရကီသမ္မတ အာဒိုဂန်က အမေရိကန်ရဲ့ အဆိုပြုချက်ဟာ ဒေသတွင်း ငြိမ်းချမ်းရေး၊ ပြဿနာဖြေရှင်းရေးကို အထောက်အကူဖြစ်မှာ မဟုတ်ဘဲ ပါလက်စတိုင်းတွေရဲ့ အခွင့်အရေးကို ငြင်းပယ်ကာ အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုကို တရားဝင်အောင် လုပ်လိုက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ဒါဟာ ‌နှစ်နိုင်ငံတည်ရှိရေးအဖြေကို သတ်ပစ်ပြီး ကျူးကျော်သိမ်းပိုက်တဲ့ အစီအစဉ်သာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: BBC, Aljazeera