News @ M-Media

Author: Ko Lay

  • သေဆုံးသူ ၁၃၂ ဦးအထိ ရှိလာပြီဖြစ်တဲ့ ဝူဟန်ဗိုင်းရပ်စ် (နောက်ဆုံးရသတင်းများ)

    သေဆုံးသူ ၁၃၂ ဦးအထိ ရှိလာပြီဖြစ်တဲ့ ဝူဟန်ဗိုင်းရပ်စ် (နောက်ဆုံးရသတင်းများ)

    ဇန်နဝါရီ ၂၉၊ ၂၀၂၀ (နေ့လည် ၁ နာရီ)
    M-Media

    • တရုတ်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်သစ် ကူးစက်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ အင်္ဂါနေ့အထိ ၁၃၂ ဦး ရှိလာပြီလို့ တရုတ် အမျိုးသားကျန်းမာရေးကော်မရှင်က ဒီကနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ ရောဂါပိုး ကူးစက်နေသူအရေအတွက်ဟာ ၅၉၇၄ ဦးအထိ မြင့်တက်လာပြီး ကူးစက်နေတယ်လို့ သံသယရှိသူကတော့ ၉၂၃၉ ဦး ရှိနေပါတယ်။ ရောဂါထိန်းချုပ်ရေးနဲ့ တားဆီးကာကွယ်ရေးအဖွဲ့ အကြီးအကဲ Zhong Nanshan က ကူးစက်မှုဟာ နောက်တစ်ပတ်ကနေ ၁၀ ရက်အတွင်း အမြင့်ဆုံးကို ရောက်လာဖို့ရှိတယ်လို့ သတိပေးထားပါတယ်။
    • တရုတ်နိုင်ငံကရောက်လာတဲ့ မိသားစုတစ်ခုမှာ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်နေတာကို တွေ့ရတယ်လို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က ဒီကနေ့မှာ အတည်ပြု ထုတ်ပြန်ခဲ့ပြီး ဒါဟာ ယူအေအီးမှာ ပထမဆုံး ကူးစက်သူ တွေ့ရှိမှုလည်း ဖြစ်ပါတယ်။ ကူးစက်ခံရသူတွေကို ဆေးဝါးကုသမှုတွေ ပေးနေပြီး တည်ငြိမ်တဲ့ အနေအထားတစ်ခုမှာ ရှိနေတယ်လို့လည်း ယူအေအီး ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
    • ရောဂါအဓိကဖြစ်ပွားရာ ဝူဟန်မြို့ကနေ ကယ်ထုတ်လာသူတွေထဲက လူ ၄ ဦးမှာ ချောင်းဆိုး၊ ဖျားနာတာတွေ တွေ့ရတဲ့အတွက် ဆေးရုံတင်ကာ ဆေးဝါးကုသမှုတွေပေးနေတယ်လို့ ဂျပန်က ထုတ်ပြန်ထားပါတယ်။ ဝူဟန်မြို့မှာ ပိတ်မိနေတဲ့ အမေရိကန်နိုင်ငံသား ၂၄၀ ကို တယ်ဆောင်သွားတဲ့ လေယာဉ်တစ်စီးဟာ အလာစကာမြို့ကို ဆိုက်ရောက်ဖို့ရှိနေပြီး၊ နိုင်ငံအတွင်းက လေဆိပ်ပေါင်း ၂၀ ကျော်မှာလည်း စောင့်ကြည့်စစ်ဆေးမှုတွေကို အမေရိကန်က တိုးမြှင့်လုပ်ဆောင်ထားပါတယ်။
    • ရောဂါကူးစက်ဖြစ်ပွားနေသူ ၃ ဦး ထပ်မံတွေ့ရှိရတယ်လို့ မလေးရှားနိုင်ငံက ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပြီး စုစုပေါင်း မလေးရှားမှာ ရောဂါကူးစက်သူအရေအတွက်ဟာ ၇ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။
    • ဩစတေးလျနိုင်ငံကလည်း ဝူဟန်မြို့မှာ ပိတ်မိနေတဲ့ နိုင်ငံသားတွေကို ကယ်ထုတ်ကာ ခရစ္စမတ်ကျွန်းမှာ စောင့်ကြည့်ထိန်းသိမ်းထားဖို့ စီစဉ်နေပါတယ်။

    Ref: Aljazeera

  • အင်္ဂါနေ့ ဘောလုံးသတင်းများ

    အင်္ဂါနေ့ ဘောလုံးသတင်းများ

    ဇန်နဝါရီ ၂၈၊ ၂၀၂၀
    M-Media

    FA နိုင်ပွဲရသည့်အသင်းကို အာဆင်နယ်နည်းပြ ချီးကျူး

    FA ဖလား ဘုန်းမောက်နဲ့ပွဲကို အနိုင်ကစားခဲ့တဲ့ အသင်းရဲ့ စွမ်းဆောင်ရည်ကို အလွန်ကျေနပ်မိတယ်လို့ အာဆင်နယ်နည်းပြအာတီတာက ပြောကြားလိုက်ပါတယ်။ လူငယ်တွေကို ဦးစားပေးအသုံးပြုခဲ့တဲ့ အာဆင်နယ်အသင်းဟာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။ အာတီတာက အသင်းဟာ တာဝန်ယူစိတ်အပြည့်နဲ့ သတ္တိရှိရှိ ကစားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

    ဆန်းချက် ခြစွမ်းပြန်ပြမည်ဟု ဆိုးလ်ရှားယုံကြည်နေ

    အသက် ၃၁ နှစ်အရွယ် ချီလီတိုက်စစ်မှူး အလက်ဆစ် ဆန်းချက်ဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ မန်ယူကို ပြန်ရောက်လာပြီး ခြေစွမ်းကောင်းတွေ ပြန်လည်ပြသလိမ့်မယ်လို့ မန်ယူနည်းပြ ဆိုးလ်ရှားက ပြောကြားလိုက်ပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီက အာဆင်နယ်ကနေပြောင်းရွှေ့လာပြီးနောက်ပိုင်း ဆန်းချက်ဟာ မန်ယူအတွက် ၄၅ ပွဲကစားကာ ၅ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ အခုရာသီအစ အင်တာမီလန်ကို အငှားနဲ့ သွားရောက်ကစားခဲ့ပေမယ့် ဒဏ်ရာကြောင့် ၇ ပွဲသာကစားရပြီး ၁ ဂိုး သွင်းယူထားပါတယ်။ ကစားသမားသစ်တွေ ဝယ်ယူရေးမှာ ရုန်းကန်ရမှုတွေ ရှိနေတယ်လို့လည်း ဆိုးလ်ရှားက ဝန်ခံခဲ့ပါတယ်။

    ဒဏ်ရာကြောင့် ဆာဒီယိုမာနေး ၂ ပွဲနားရမည်

    လီဗာပူးလ်အသင်းတိုက်စစ်မှူး ဆာဒီယိုမာနေးဟာ ဝုလ်ဗ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ရရှိတဲ့ ကြွက်သား စုတ်ပြဲဒဏ်ရာကြောင့် လာမယ့် ဝက်စ်ဟမ်းနဲ့ ဆောက်သက်တမ်အသင်းပွဲစဉ်တွေကို လွဲချော်တော့မှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ ၁၅ ဂိုး သွင်းယူပေးထားတဲ့ မာနေးဟာ ဖလားရရှိရေး ကြိုးပမ်းနေတဲ့ လီဗာပူးလ်ရဲ့ အဓိကကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ နည်းပြ ယာဂန်ကလော့ပ်ကတော့ မာနေးရဲ့ဒဏ်ရာဟာ မပြင်းထန်တဲ့အတွက် ကံကောင်းတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Goal, BBC

  • ဝူဟန်ကိုမသွားဘဲ ရောဂါကူးစက်သူကို ဂျပန်တွင် ပထမဆုံးတွေ့ရှိ (နောက်ဆုံးရသတင်းများ)

    ဝူဟန်ကိုမသွားဘဲ ရောဂါကူးစက်သူကို ဂျပန်တွင် ပထမဆုံးတွေ့ရှိ (နောက်ဆုံးရသတင်းများ)

    ဇန်နဝါရီ ၂၈၊ ၂၀၂၀ (ည ၈ နာရီ)
    M-Media

    ဝူဟန်ဗိုင်းရပ်စ် ကူးစက်နေသည့် နိုင်ငံများ

    – ကိုရိုနာဗိုင်းရပ်စ်ပိုးစ် ပြန့်နှံ့ဖြစ်ပွားရာ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ကို သွားရောက်ခြင်းမရှိတဲ့ ဂျပန်အမျိုးသားတစ်ဦး ရောဂါကူးစက်နေတယ်လို့ ဂျပန်နိုင်ငံက ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အသက် ၆၀ အရွယ်အဲဒီ အဘိုးအိုဟာ ခရီးသွားဘတ်စ်ကားယဉ်မောင်းဖြစ်ပြီး ဝူဟန်မြို့ကနေ လာရောက်တဲ့ တရုတ်ခရီးသွားတွေကို ဇန်နဝါရီ ၈ ရက်ကနေ ၁၆ ရက်နေ့အတွင်း လိုက်လံပို့ဆောင်ပေးခဲ့သူပါ။ ဒါဟာ ဝူဟန်ကိုမသွားဘဲနဲ့ ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး ကူးစက်မှုလည်း ဖြစ်ပါတယ်။

    – ဝူဟန်ဗိုင်းရပ်စ်ပိုး ကူးစက်သူတစ်ဦးကို ပထမဆုံးတွေ့ရှိတယ်လို့ မနေ့မှာကြေငြာထားတဲ့ သီရိလင်္ကာက ဒီကနေ့မှာ တရုတ်နိုင်ငံသားတွေကို ဆိုက်ရောက်ဗီဇာထုတ်ပေးမှု ရပ်ဆိုင်းလိုက်ပါတယ်။

    – ဂျာမနီက ကိုရိုနာဗိုင်းရပ်စ်သစ်ကူးစက်သူတစ်ဦးကို ပထမဆုံးတွေ့ရှိခဲ့တယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကူးစက်သူဟာ အသက် ၃၃ နှစ်အရွယ် ဂျာမန်အမျိုးသားဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ်က ဂျာမနီကိုလာရောက်ခဲ့တဲ့ တရုတ်အမျိုးသမီး လုပ်ဖော်ကိုင်ဖက်ထံကနေ ကူးစက်တာဖြစ်ပါတယ်။ ဂျာမနီဟာ ယူကေပြီးတဲ့နောက် ဝူဟန်ဗိုင်းရပ်စ်တွေ့ရှိတဲ့ ဒုတိယမြောက် ဥရောပနိုင်ငံ ဖြစ်လာပါတယ်။

    – ဟောင်ကောင်အစိုးရက တရုတ်ပြည်မကြီးနဲ့ ဆက်သွယ်ထားတဲ့ ရထားလိုင်း၊ သင်္ဘောလိုင်းတွေကို ဇန်နဝါရီ ၃၀ ရက်နေ့ကစပြီး ရပ်ဆိုင်းတော့မယ်လို့ ကြေငြာလိုက်ပါတယ်။ လေကြောင်းခရီးစဉ်ကိုလည်း ထက်ဝက်အထိ လျှော့ချမှာဖြစ်ပြီး ပြည်မကြီးလူတွေအတွက် တစ်ကိုယ်ရေ ခရီးသွားဗီဇာ ထုတ်ပေးမှုကိုလည်း ရပ်ဆိုင်းမယ်လို့ ဆိုပါတယ်။

    – ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က တရုတ်နိုင်ငံဟာ ကိုရိုဗိုင်းရပ်စ်သစ်ကို တားဆီးနိုင်စွမ်းရှိတယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပြီး တည်တည်ငြိမ်ငြိမ်ရှိဖို့ မိမိတို့နိုင်ငံသားတွေကို တရုတ်နိုင်ငံကနေ ပြန်လည်ခေါ်ဆောင်ရေး အလျင်စလိုမလုပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

    Ref: Aljazeera

  • ဘိလပ်မြေစက်ရုံ၏ ဆိုးကျိုးကို အစိုးရက ဖြေရှင်းပေးမည်ဟု ကရင်ပြည်သူများ မျှော်လင့်နေ

    ဘိလပ်မြေစက်ရုံ၏ ဆိုးကျိုးကို အစိုးရက ဖြေရှင်းပေးမည်ဟု ကရင်ပြည်သူများ မျှော်လင့်နေ

    ဇန်နဝါရီ ၂၈၊ ၂၀၂၀
    M-Media

    -ကရင်ပြည်နယ် ဘားအံမြို့နယ်က ရွာတစ်ချို့မှာ ဘိလပ်မြေစက်ရုံက စွန့်ပစ်ပစ္စည်းတွေကြောင့် ရွာသားတွေရဲ့ လူနေမှုဘ၀ကို သိသိသာသာ ထိခိုက်မှုတွေ ရှိလာပြီး ဒါတွေကို အစိုးရက ဖြေရှင်းပေးဖို့ ဆန္ဒပြမှုတွေလည်း လုပ်ဆောင်ခဲ့ကြပါတယ်။

    နတ်ကုန်းရွာမှာ ရွာသားတွေ၊ ကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ မကြာသေးခင်က စုဝေးကာ စစ်တပ်က လုပ်ကိုင်နေတဲ့ ကျောက်မီးသွေးဓာတ်အားသုံး မြိုင်ကလေး ဘိလပ်မြေစက်ရုံ ပိတ်ပစ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီစက်ရုံသက်တမ်းဟာ နှစ်ပေါင်း ၃၀ လောက်ရှိနေပြီး လက်ရှိ တစ်နေ့ကို ဘိလပ်မြေ တန် ၄၀၀၀ လောက် ထုတ်လုပ်နေပါတယ်။

    စက်ရုံကထွက်တဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့် သဘာ၀ပတ်ဝန်းကျင်နဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကို ထိခိုက်လာတယ်လို့ ရွသားတွေက ဆိုပါတယ်။

    အဓိကစိုးရိမ်စရာက စက်ရုံပတ်ဝန်းကျင်တစ်၀ိုက်မှာ ရေချိုရှားပါးလာတာဖြစ်ပါတယ်။ စက်ရုံတစ်၀ိုက်က ရွာပေါင်း ၂၇ ရွာမှာ တစ်ချို့ရေတွင်းက ရေတွေဟာ အနက်ရောင်ပြောင်းသွားပြီး၊ တစ်ချို့ရေတွင်းမှာ ရေက ကြည်ပေမယ့် ရွာသားတွေက မသောက်ရဲတော့ပါဘူး။

    သောက်ရေအတွက် နတ်ကုန်းရွာသားတွေဟာ အရင်က အပြင် အကူအညီပေးရေးအဖွဲ့တွေရဲ့ ထောက်ပံ့မှုကို မှီခိုနေရတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့လအနည်းငယ်စလို့ ထောက်ပံ့မှုတွေ မရှိတော့တဲ့အတွက် သောက်ရေဝယ်သောက်ရတာ၊ ညစ်ညမ်းနေတဲ့ရေကို ကျောက်ချဉ်ထည့်ပြီး သောက်ရတာတွေ ဖြစ်လာပါတယ်။

    ပူပြင်းခြောက်သွေ့တဲ့ နွေရာသီကို ရောက်ရှိလာတာကြောင့် ဒီအခြေအနေ ပိုမိုဆိုးရွားလာမှာကို ရွာသားတွေက စိုးရိမ်နေကြပါတယ်။

    စစ်တပ်ကပိုင်တဲ့ မြိုင်ကလေး ဘိလပ်မြေစက်ရုံကို ၁၉၈၀ ပြည့်နှစ်တွေက စတင်လည်ပတ်ခဲ့ပြီး အရင်က စွမ်းအင်အတွက် သဘာ၀ဓာတ်ငွေ့ကို အသုံးပြုခဲ့ပေမယ့် ၂၀၁၈ ခုနှစ်ကစလို့ ကျောက်မီးသွေးကို ပြောင်းလဲအသုံးပြုခဲ့ကာ အဲဒီနောက်ပိုင်း ဒီလိုအခြေအနေတွေ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဒေသခံတွေကတော့ ကျောက်မီးသွေးအသုံးမပြုရေး ကန့်ကွက်ခဲ့ပေမယ့် အာဏာပိုင်တွေက လစ်လျူရှုခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကရင် သဘာ၀ပတ်ဝန်းကျင်နှင့် လူမှုလှုပ်ရှားမှုကွန်ယက် (KESAN) ရဲ့ တာဝန်ရှိသူ ကိုစောသာဖိုးက အစိုးရဟာ ပြည်သူလူထုထံကနေ အကြံပြုချက်မယူဘဲ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    စက်ရုံကစွန့်ပစ်ပစ္စည်းတွေကြောင့် မြစ်ချောင်းအင်းအိုင်ကငါးတွေ သေဆုံးမှုလည်း ဖြစ်ပေါ်နေပါတယ်။

    အစိုးရတာဝန်ရှိသူတွေနဲ့ ကျွမ်းကျင်သူတွေက စက်ရုံတစ်၀ိုက်မှာရှိတဲ့ ရေအရင်းအမြစ်တွေဟာ သောက်သုံးဖို့အတွက် အန္တရာယ်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ ဓာတ်ခွဲစမ်းသပ်မှုတွေ လုပ်ဆောင်နေတဲ့ ပြည်တွင်းအဖွဲ့ Advancing Life and Regenerating Motherland က ရေအရောင်းပြောင်းမှု၊ ငါးတွေသေဆုံးမှု ဖြစ်နေတဲ့ ရွာ ၅ ရွာက ရေနမူနာ ၁၀ ခုကို စမ်းသပ်ခဲ့ပါတယ်။ ရေဟာ PH တန်ဖိုး ကျဆင်းနေပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတ်မှတ်ထားတဲ့ သောက်သုံးရေစံနှုန်းနဲ့ ကိုက်ညီနေတယ်ဆိုတာတွေ့ရကြောင်း ဒီအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

    ငါးတွေသေဆုံးတာက ကလိုရင်းနဲ့ ဖော့စဖိတ်တွေ များပြားနေတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

    ကိုစောသာဖိုးက ဒေသခံတွေရဲ့ စိုးရိမ်မှုကို ပပျောက်စေဖို့အတွက် နိုင်ငံတကာပညာရှင်တွေကို ဖိတ်ခေါ်ပြီး စမ်းသပ်ခိုင်းဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ရွာသားတွေကို သောက်ရေလှူတာ၊ ရေတွင်းအသစ်တွေတူးတာဟာ ရေတိုဖြေရှင်းမှုဖြစ်ပြီး၊ ရေရှည်ဖြေရှင်းမှုလိုအပ်တယ်လို့ သူက ဆိုပါတယ်။

    “ကျွန်တော်တို့ရဲ့စိုးရိမ်မှုတွေ ဖြေဖျောက်ရေး အစိုးရ ကူညီလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”

    Ref: mmtimes

  • တာလီဘန်က လေယာဉ်ပစ်ချခဲ့သည်ဆိုသည့်သတင်း အမေရိကန်ငြင်း

    တာလီဘန်က လေယာဉ်ပစ်ချခဲ့သည်ဆိုသည့်သတင်း အမေရိကန်ငြင်း

    ဇန်နဝါရီ ၂၈၊ ၂၀၂၀
    M-Media

    -အာဖဂန်နစ္စတန်မှာ မနေ့က လေယာဉ်တစ်စီး ပျက်ကျခဲ့တယ်ဆိုတာကို အမေရိကန်စစ်တပ်က အတည်ပြုခဲ့ပေမယ့် တာလီဘန်က ပစ်ချတယ်ဆိုတဲ့ သတင်းကိုတော့ ငြင်းဆိုခဲ့ပါတယ်။

    အမေရိကန်စစ်လေယာဉ် Bombardier E-11A ဟာ နိုင်ငံအလယ်ပိုင်း ဂဇ်နီပြည်နယ်မှာ ပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ်ပေါ်လိုက်ပါသွားသူ ၅ ဦးစလုံး သေဆုံးခဲ့ပါတယ်။ တာလီဘန်အဖွဲ့က လေယာဉ်ပေါ်မှာ အမေရိကန်စစ်တပ်က အဆင့်မြင့်အရာရှိတွေ လိုက်ပါလာပြီး မိမိတို့က ပစ်ချလိုက်တာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    အမေရိကန်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဆန်နီ လက်ဂျက်က လေယာဉ်ပျက်ကျတာကို အတည်ပြုခဲ့ပေမယ့် ရန်သူက ပစ်ချလို့ ပျက်ကျတဲ့လက္ခဏာမျိုး မတွေ့ရဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။ ပျက်ကျရတဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့လည်း သူက ဆိုပါတယ်။

    ၁၈ နှစ်တာ ကြာမြင့်နေပြီဖြစ်တဲ့ စစ်ပွဲကို အဆုံးသတ်ရေး အမေရိကန်နဲ့ တာလီဘန်တို့ဟာ ပြီးခဲ့တဲ့လအနည်းက ဆွေးနွေးမှုတွေ ထပ်မံပြုလုပ်ခဲ့ပေမယ့် စက်တင်ဘာနဲ့ ဒီဇင်ဘာလ‌တွေမှာ အာဖဂန်က အမေရိကန်စစ်ဖက်ပစ်မှတ်တွေကို တာလီဘန်က တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၂ ကြိမ်လောက် ဆွေးနွေးမှု ပျက်ပြယ်ခဲ့ပါတယ်။ တာလီဘန်ဟာ အမေရိကန်ပစ်မှတ်တွေကို ပြီးခဲ့တဲ့လအနည်းငယ်အတွင်း တိုးမြှင့်တိုက်ခိုက်လာပါတယ်။

    Ref: Aljazeera