News @ M-Media

Author: Ko Lay

  • အစ္စရေးနိုင်ငံသားများအား ဝင်ရောက်ခွင့်ပြုသည်ဆိုသည့် သတင်းကို ဆော်ဒီငြင်း

    အစ္စရေးနိုင်ငံသားများအား ဝင်ရောက်ခွင့်ပြုသည်ဆိုသည့် သတင်းကို ဆော်ဒီငြင်း

    ဇန်နဝါရီ ၂၈၊ ၂၀၂၀
    M-Media

    -အစ္စရေးနိုင်ငံသားတွေ ဆော်ဒီကို လာရောက်လည်ပတ်လို့ရမယ်ဆိုတဲ့ သတင်းတွေကို ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုက်ဇဲလ် ဘင် ဖာရ်ဟန်က ငြင်းဆိုလိုက်ပြီး အစ္စရေးနိုင်ငံသားတွေကို လက်ခံမှာမဟုတ်ဘူးလို့ မနေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    ဆော်ဒီအာရေဗျဟာ အခြားအာရပ်နိုင်ငံတွေလိုပဲ အစ္စရေးနဲ့ သံတမန်အဆက်အသွယ် မရှိပါဘူး။ အစ္စရေးပြည်ထဲရေးဝန်ကြီးက နိုင်ငံသားတွေအနေနဲ့ ဆော်ဒီကို စီးပွားရေးကိစ္စ၊ ဘာသာရေးကိစ္စတွေအတွက် သွားရောက်လို့ရပြီလို့ တနင်္ဂနွေနေ့မှာ ပြောခဲ့တာပါ။

    ဝန်ကြီး ဖိုက်ဇဲလ်က မိမိတို့ပေါ်လစီဟာ အရင်အတိုင်းပဲ ဆက်ရှိသွားမှာဖြစ်ကြောင်း၊ အစ္စရေးနဲ့ သံတမန်အဆက်အသွယ် မရှိတဲ့အတွက် အစ္စရေးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေဟာ နိုင်ငံအတွင်းကို လာရောက်လည်ပတ်လို့ရမှာ မဟုတ်ကြောင်း CNN သတင်းဌာနရဲ့ အာရဘီဘာသာစကားဌာနကို မနေ့မှာ ပြောကြားခဲ့ပါတယ်။

    “အစ္စရေးနဲ့ ပါလက်စတိုင်းအကြား ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိမှသာ ဒေသတွင်း အစ္စရေးရဲ့ ပါဝင်ပတ်သက်မှုကိစ္စက စားပွဲ၀ိုင်းပေါ် ရောက်လာမှာပါ”

    အစ္စရေးဟာ ဂျော်ဒန်၊ အီဂျစ် ၂ နိုင်ငံနဲ့သာ ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိထားပြီး ပါလက်စတိုင်းပိုင်နက်တွေကို ဆက်လက်ကျူးကျော်သိမ်းပိုက်မှုက အခြားအာရပ်နိုင်ငံတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးရာမှာ အဟန့်အတား ဖြစ်နေပါတယ်။

    ဒါပေမယ့် ပြီးခဲ့တဲ့လအနည်းအငယ်အတွင်း ပင်လယ်ကွေ့နိုင်ငံတွေနဲ့ ဆက်ဆံရေးပိုမိုကောင်းမွန်အောင် အစ္စရေးက ဆောင်ရွက်လာခဲ့ပါတယ်။

    Ref: Saudi Gazette

  • သေဆုံးသူ ၁၀၀ ကျော်လာတဲ့ ဝူဟန်ဗိုင်းရပ်စ် (နောက်ဆုံးရသတင်းများ)

    သေဆုံးသူ ၁၀၀ ကျော်လာတဲ့ ဝူဟန်ဗိုင်းရပ်စ် (နောက်ဆုံးရသတင်းများ)

    ဇန်နဝါရီ ၂၈၊ ၂၀၂၀ (မနက် ၁၁ နာရီ)
    M-Media

    • တရုတ်နိုင်ငံမှာ ပြန့်နှံ့ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်အသစ်ကြောင့် သေဆုံးသူအရေအတွက်ဟာ အင်္ဂါနေ့မှာ ၁၀၆ ဦးအထိ မြင့်တက်လာခဲ့ပြီး ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်မှုက ၁၃၀၀ နီးပါးအထိ ရှိခဲ့ပါတယ်။ ဒါ့ကြောင့် တရုတ်နိုင်ငံတစ်ဝှမ်းမှာ ရောဂါကူးစက်သူအရေအတွက်ဟာ ၄၅၂၀ အထိ မြင့်တက်လာခဲ့ပြီး အများစုက ရောဂါစတင်ရာ ဝူဟန်မြို့မှာ ဖြစ်ပါတယ်။ ရောဂါကူးစက်နေတယ်ဆိုတဲ့ သံသယနဲ့ စောင့်ကြည့်ခံရသူ အရေအတွက်ဟာ ၇၀၀၀ နီးပါးအထိ ရှိနေပါတယ်။
    • တရုတ်နှစ်ကူးအားလပ်ရက်ကို နောက်တစ်ပတ် တနင်္ဂနွေနေ့အထိ တရုတ်က ထပ်တိုးလိုက်ပြီး စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေ ကျောင်းပြန်ဖွင့်မယ့် ရက်ကိုလည်း နောက်ဆုတ်လိုက်ပါတယ်။ ကျောင်းသားတွေကို အပြင်ပေးမထွက်ဖို့၊ လူစုလူဝေးတွေ မလုပ်ဖို့လည်း ပညာရေးဝန်ကြီးဌာနက ကျောင်းတွေကို ညွှန်ကြားထားပါတယ်။
    • အမေရိကန်နဲ့ ကနေဒါတို့က တရုတ်နိုင်ငံကို ခရီးသွားခြင်းမပြုဖို့ နိုင်ငံသားတွေကို သတိပေးချက် ထုတ်ပြန်ထားပါတယ်။ အမေရိကန်သမ္မ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံကို အကူအညီပေးဖို့ အဆင်သင့်ပဲလို့ ပြောကြားခဲ့ပါတယ်။
    • ကမ္ဘောဒီယားနဲ့ သီရိလင်္ကာတို့က ဝူဟန်ဗိုင်းရပ်စ်ကူးစက်နေသူ တစ်ဦးစီ တွေ့ခဲ့ရတယ်လို့ တနင်္လာနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကမ္ဘာဒီးယားမှာ အသက် ၆၀ အရွယ် အဖိုးအိုနဲ့ သီရလင်္ကာမှာ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးတို့ ကူးစက်နေတာဖြစ်ပြီး သူတို့ ၂ ဦးစလုံးဟာ ရောဂါဖြစ်ပွားရာ ဝူဟန်မြို့ကို သွားရောက်ခဲ့ဖူးသူတွေ ဖြစ်ပါတယ်။
    • ရှမ်းပြည်နယ် မိုင်းလား အထူးဒေသ (၄) မှာ မိုင်းလားအဖွဲ့ (NDAA) က တောရိုင်းတိရစ္ဆာန်တွေ ရောင်းချခြင်းမပြုဖို့ တားမြစ်မိန့် ထုတ်ပြန်လိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်အသစ်ဟာ တောရိုင်းတိရစ္ဆာန်တွေကနေ ကူးစက်တာဖြစ်နိုင်တယ်ဆိုတဲ့ ယူဆချက်တွေရှိနေတာပါ။ မိုင်းလားဒေသဟာ တရားမဝင် တောရိုင်းတိရစ္ဆာန်စျေးကွက်အဖြစ် လူသိများပါတယ်။

    Ref: Aljazeera, Reuters

  • တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

    တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

    ဇန်နဝါရီ ၂၇၊ ၂၀၂၀
    M-Media

    ISS မှာ အာကာသယာဉ်မှူးတွေ ပထမဆုံး ကွတ်ကီးဖုတ်

    ဆွဲအား သုညီဒီဂရီရှိတဲ့ နိုင်ငံတကာအာကာသစခန်း (ISS) မှာ အာကာသယာဉ်မှူးတွေဟာ ပြီးခဲ့တဲ့လက ကွတ်ကီးကို ပထမဆုံးအကြိမ် အောင်မြင်စွာဖုတ်နိုင်ခဲ့ပါတယ်။ ဒါဟာ အာကာသမှာ ရေရှည်နေတဲ့ ခရီးစဉ်တွေအတွက် အာကာယာဉ်မှူးတွေကိုယ်တိုင် ချက်ပြုတ်နိုင်ရေး ပမာဏစမ်းသပ်မှုလည်း ဖြစ်ပါတယ်။ ဖုတ်ထားတဲ့ကွတ်ကီးတွေကို ဇန်နဝါရီ ၇ ရက်နေ့က ‌ကမ္ဘာမြေကို ပြန်ယူလာခဲ့ပြီး စားသုံးဖို့ သင့်၊ မသင့် စမ်းသပ် သုတေသနပြုသွားမှာဖြစ်ပါတယ်။ အာကာသမှာ ကွတ်ကီးဖုတ်ရတာဟာ ကမ္ဘာမြေပြင်မှာ ဖုတ်ရတာထက် ကြာမြင့်တယ်လို့ ဆိုပါတယ်။

    LONDON, ENGLAND – AUGUST 02: Police guard as Tourists and well wishers watch on as Prince Philip, Duke of Edinburgh attends The Captain General’s Parade at Buckingham Palace on August 2, 2017 in London, England. (Photo by Jeff Spicer/Getty Images)

    Facial recognitio‌n နည်းပညာကို လန်ဒန်ရဲတပ်ဖွဲ့ အသုံးပြုမည်

    ရာဇဝတ်မှု သံသယရှိသူတွေကို ဖော်ထုတ်ဖို့နဲ့ ရဲလုပ်ငန်းတွေကို ပိုမိုအဆင်ပြေစွာ ‌ဆောင်ရွက်နိုင်ဖို့အတွက် ကင်မရာအသုံးပြု မျက်နှာစောင့်ကြည့်ဖော်ထုတ်မှုနည်းပညာ (facial recognition technology) ကို အသုံးပြုသွားမယ်လို့ လန်ဒန်ရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။ လုယက်မှု၊ ဓားပြတိုက်မှု၊ ကလေးငယ်တွေအပေါ် စော်ကားမှုတွေလို ရာဇဝတ်မှုထူပြောတဲ့ဒေသတွေမှာ ကင်မရာတွေကို တပ်ဆင်သွားမှာပါ။ ဒီနည်းပညာကို ဂျပန်ကုမ္ပဏီ NEC က ဖန်တီးတာဖြစ်ပြီး လုံခြုံရေးကင်မရာ၊ ကားနံပတ်ဖော်ထုတ်မှု နည်းပညာ၊ ရဲတွေရဲ့ ခန္ဓာကိုယ်မှာ တပ်ဆင်ထားတဲ့ ကင်မရာတွေနဲ့ ဆက်စပ်အသုံးပြုမှာမဟုတ်ဘဲ သီးသန့်စနစ်တစ်ခုအဖြစ်သာ အသုံးပြုသွားမှာဖြစ်ပါတယ်။ မျက်နှာကိုစောင့်ကြည့်ဖော်ထုတ်တဲ့နည်းပညာဟာ လူတွေရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ချိုးဖောက်ရာရောက်တယ်ဆိုပြီး ဥရောပမှာ ဝေဖန်မှုတွေ ရှိနေပါတယ်။

    ထိပ်တန်း e-sport လိဂ်များကို YouTube က တိုက်ရိုက်လွှင့်မည်

    ကမ္ဘာပေါ်က ထိပ်န်း e-sport လိဂ်တော်တော်များများ တိုက်ရိုက်ထုတ်လွှင့်ခွင့်အတွက် Google ရဲ့ YouTube က ဗီဒီယိုဂိမ်းကုမ္ပဏီ Activision Blizzard Inc နဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါ့ကြောင့် လူကြိုက်များတဲ့ Overwatch League၊ အသစ်ထွက်လာမယ့် Call of Duty League အပါအဝင် ထိပ်တန်း e-sport လိဂ်ပြိုင်ပွဲတစ်ချို့ကို YouTube က တိုက်ရိုက်ထုတ်လွှင့်နိုင်တော့မှာ ဖြစ်ပါတယ်။ သဘောတူညီချက်အရ Google ဟာ Activision ရဲ့ အွန်လိုင်းဂိမ်းတွေအတွက် Cloud အသုံးပြုခွင့် ပေးရမှာ ဖြစ်ပါတယ်။

    Palm print recognition and access concept. Security software by biometric data. Identification by hand prints scanning. Two palmprint pattern scanning screen with HUD elements and program code

    လက်စကန်ဖတ်ကာ ငွေချေနိုင်မည့်စနစ် လာတော့မည်

    စျေးဝယ်ထွက်တဲ့အခါမှာ ပိုက်ဆံအိတ်တွေ၊ ကဒ်တွေ သယ်သွားစရာမလိုဘဲ လက်ကိုစကန်ဖတ်ကာ ငွေပေးချနိုင်တဲ့စနစ်ကို Amazon က ဖန်တီးတီထွင်နေပါတယ်။ ဒီနည်းပညာကို Visa၊ Master စတဲ့ ကုမ္ပဏီတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတာဖြစ်ပြီး အသုံးပြုသူတွေဟာ သူတို့ရဲ့ လက်ကို ကဒ်တွေနဲ့ အရင် ချိတ်ဆက်ထားရမှာဖြစ်ပါတယ်။

    Ref: Forbes, CNN, BBC

  • တနင်္လာနေ့ ဘောလုံးသတင်းများ

    တနင်္လာနေ့ ဘောလုံးသတင်းများ

    ဇန်နဝါရ ၂၇၊ ၂၀၂၀
    M-Media

    FA ဖလား ပြန်ကန်ပွဲကို လီဗာပူးလ် ကစားမည်မဟုတ်

    ဖေဖော်ဝါရီ ပထမအပတ်မှာ ကစားမယ့် FA ဖလား စတုတ္ထအဆင့် ပြန်ကန်ပွဲစဉ်အတွင်း Shrewsbury Town နဲ့ပွဲကို ကစားမှာမဟုတ်ဘူးလို့ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်ပါတယ်။ ဒီကနေ့မနက်ကပွဲမှာ ၂ ဂိုးပြတ်နဲ့ ဦးဆောင်ခဲ့တဲ့လီဗာပူးလ်ဟာ နောက်ပိုင်းမှာ ချေပဂိုးတွေ ပေးခဲ့ရကာ သရေကျခဲ့တာပါ။ ပြန်ကန်ပွဲဟာ ပရီးမီးယားလိဂ် ဆောင်းရာသီနားရက်ကာလဖြစ်ပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA က ကစားသမားတွေအတွက် နားရက်ကာလကို အလေးမထားပေမယ့် မိမိတို့က အလေးထားတယ်လို့ ကလော့ပ်က ဆိုပါတယ်။

    ပရိတ်သတ်တွေကြောင့် အက်စပန်ညိုကွင်း ပိတ်ခံရဖွယ်ရှိနေ

    စနေနေ့က ၁ ဂိုးစီသရေကျတဲ့ပွဲမှာ ပြိုင်ဘက် ဘီဘာလ်အို တိုက်စစ်မှူး အီနာဂီ ဝီလီယံကို အက်စပန်ညိုပရိတ်သတ်တွေက လူမျိုးရေးခွဲခြားမှုအတွက် အက်စပန်ညိုအသင်း ကွင်းတစ်စိတ်တစ်ပိုင်းပိတ်တဲ့ ပြစ်ဒဏ်မျိုးချမှတ်ဖို့ လာလီဂါပြိုင်ပွဲ ကျင်းပရေး တာဝန်ရှိသူတွေက စပိန်ဘောလုံးအဖွဲ့ချုပ်ကို တောင်းဆိုလိုက်ပါတယ်။ ဘောလုံးအဖွဲ့ချုပ်က ဒီကိစ္စကို ဗုဒ္ဓဟူးနေ့မှာ ဆွေးနွေးဖို့ ရှိနေပါတယ်။ လာလီဂါတာဝန်ရှိသူတွေက ဒီအဖြစ်အပျက်မှာ ပါဝင်တဲ့ ပရိတ်သတ်တွေကို စုံစမ်းဖော်ထုတ်ကာ အမုန်းရာဇဝတ်မှုနဲ့ တရားစွဲဆိုဖို့လည်း လုပ်ဆောင်နေပါတယ်။

    ဆော်ဒီက နယူးကာဆယ်အသင်းကို ဝယ်ယူရန် နီးစပ်လာ

    ဆော်ဒီအာရေဗျရဲ့ နိုင်ငံပိုင် ရန်ပုံငွေအဖွဲ့ PIF က ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်းကို ပေါင် သန်း ၃၄၀ နဲ့ဝယ်ယူဖို့အတွက် ပြီးခဲ့တဲ့လအနည်းက ပြုလုပ်လာခဲ့တဲ့ ဆွေးနွေးမှုဟာ တိုးတက်မှု ရနေပါတယ်။ အသင်းကို ဗြိတိန် ဘီလီယံနာ မိုက် အက်ရှ်လေက ၂၀၀၇ ခုနှစ်ကတည်းက ပိုင်ဆိုင်ခဲ့တာပါ။ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ ပရီးမီးယားလိဂ်ဘောလုံးကလပ်အသင်း တစ်ခုခုကို ဝယ်ယူဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။ ယူအေအီးကို အုပ်စိုးသူမိသားစုထဲက တစ်ဦးဖြစ်တဲ့ ဘီလီယံနာ ရှိခ်ခါလစ်ဟာ ပြီးခဲ့တဲ့နှစ်က နယူးကာဆယ်အသင်းကို ဝယ်ယူဖို့ နီးစပ်ခဲ့ပေမယ့် နောက်ပိုင်းမှာ သဘောတူညီချက် ပျက်ပြယ်ခဲ့ပါတယ်။

    Ref: BBC

  • မွတ်စလင် ၃ ဦးကို ဘာသာရေးခွဲခြား ဆက်ဆံခဲ့သည့် အမေရိကန်လေကြောင်းလိုင်း ဒဏ်ရိုက်ခံရ

    မွတ်စလင် ၃ ဦးကို ဘာသာရေးခွဲခြား ဆက်ဆံခဲ့သည့် အမေရိကန်လေကြောင်းလိုင်း ဒဏ်ရိုက်ခံရ

    ဇန်နဝါရီ ၂၇၊ ၂၀၂၀
    M-Media

    -မွတ်စလင် ခရီးသွား ၃ ဦးကို လေယာဉ်ပေါ်ကနေ ဆင်းခိုင်းတဲ့ ခွဲခြားဆက်ဆံမှုလုပ်ရပ်အတွက် Delta လေကြောင်းလိုင်းကို အမေရိကန် ပို့ဆောင်ရေးဝန်ကြီးဌာနက ကန်ဒေါ်လာ ၅ သောင်း ဒဏ်ရိုက်လိုက်ပါတယ်။

    ပြီးခဲ့တဲ့ နှစ်အနည်းငယ်က အဖြစ်အပျက်၂ ခုအတွင်း အစ္စလာမ်ဘာသာဝင် ၃ ဦးဟာ အခုလို ခွဲခြားဆက်ဆံခံခဲ့ရတာပါ။ ပို့ဆောင်ရေးဝန်ကြီးဌာနကတော့ ခရီးသည်တွေကို လေယာဉ်ပေါ်ကနေ ဆင်းခိုင်းတာဟာ ခွဲခြားဆက်ဆံမှု ကင်းရှင်းရေးဥပဒေတွေကို ချိုးဖောက်မှုဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ပါဝင်တဲ့ လေယာဉ်မှူးတွေ၊ လေယာဉ်အမှုထမ်းတွေနဲ့ ခရီးသွားတွေကို ဝန်ဆောင်မှုပေးတဲ့ ဝန်ထမ်းတွေကို ဘာသာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဆောင်ရန်ရှောင်ရန်တွေ လေ့ကျင့်သင်ကြားပေးဖို့လည်း အမိန့်ပေးခဲ့ပါတယ်။

    ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်အတွင်း ပြင်သစ်နိုင်ငံ Charles de Gaulle လေဆိပ်မှာ မွတ်စလင်ဇနီးမောင်နှံနှစ်ဦးဟာ Delta လေယာဉ်အမှတ် ၂၂၉ က‌နေ မောင်းထုတ်ခံခဲ့ရတာပါ။

    အဲဒီစုံတွဲက အမျိုးသမီးဟာ မျက်နှာဖုံးဝတ်ထားပြီး၊ အမျိုးသားက နာရီထဲကို တစ်ခုခုထည့်သွင်းလိုက်တယ်လို့ ခရီးသည်တစ်ဦးက ပြောကြားခဲ့ပြီး၊ လေယာဉ်အမှုထမ်းတစ်ဦးကလည်း အမျိုးသားဟာ Allah စကားလုံးကို အကြိမ်ကြိမ်သုံးကာ စာတို့ပေးပို့တာကို တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

    လေကြောင်းလိုင်း လုံခြုံရေးတာဝန်ရှိသူတွေက ဒီဇနီးမောင်နှံနှစ်ဦးဟာ အမေရိကန်နိုင်ငံသားတွေဖြစ်ပြီး အိမ်ပြန်မှာဖြစ်ကာ လုံခြုံရေးအရ စိုးရိမ်စရာမရှိဘူးလို့ အတည်ပြုပေးခဲ့ပေမယ့် လေယာဉ်မှူးက လေယာဉ်ပေါ်တင်ဆောင်သွားဖို့ ငြင်းဆန်ခဲ့ပါတယ်။

    အ‌မေရိကန် ပို့ဆောင်ရေးဝန်ကြီးဌာနက လေယာဉ်မှူးဟာ လေကြောင်းလိုင်းရဲ့ လုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာခြင်းမရှိဘဲ ဘာသာရေးအရ ဒီလိုဆက်ဆံခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    နောက်ထပ်အဖြစ်အပျက်တစ်ခုက ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ကနေ နယူးယောက်မြို့ကို ထွက်ခွာမယ့် လေကြောင်းခရီးစဉ်တစ်ခုမှာ‌ ဖြစ်ပွားခဲ့တာပါ။ ခရီးသည်တစ်ဦးရဲ့ တိုင်ကြားမှုကြောင့် လေယာဉ်ပျံတက်ကာနီးမှာ လေဆိပ်ကို ပြန်သွားကာ မွတ်စလင်အမျိုးသားတစ်ဦးနဲ့ သူထိုင်ရာနေရာကို လေယာဉ်အမှုထမ်းတွေက ရှာဖွေစစ်ဆေးမှုလုပ်ကာ လေဆိပ်မှာ ချန်ထားခဲ့ပါတယ်။

    အဲဒီမွတ်စလင်အမျိုးသားဟာ နောက်ပိုင်းထွက်တဲ့လေယာဉ်နဲ့ လိုက်ပါခွင့်ရခဲ့ပေမယ့် ပထမလေယာဉ်ကနေ ဖယ်ရှားခံရတဲ့လုပ်ရပ်ဟာ ခွဲခြားဆက်ဆံမှုလုပ်ရပ် ဖြစ်ပြီး ဥပဒေချိုးဖောက်မှုဖြစ်တယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာနက ဆုံးဖြတ်ခဲ့ပါတယ်။

    Delta လေကြောင်းလိုင်းက အဖြစ်အပျက် ၂ ခုစလုံးမှာ ခရီးသွားတွေရဲ့ ပြောဆိုတိုင်ကြားမှုကြောင့် လေယာဉ်အမှုထမ်းတွေက သင့်လျော်သလို ဆောင်ရွက်ခဲ့တာဖြစ်ပြီး မိမိတို့မှာ အပြစ်မရှိဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera