News @ M-Media

Author: Ko Lay

  • အကြမ်းဖက်များက အစ္စလာမ်သာသနာကို နာမည်ဖျက်နေသည်ဟု နိုက်ဂျီးရီးယားသမ္မတ ပြော

    အကြမ်းဖက်များက အစ္စလာမ်သာသနာကို နာမည်ဖျက်နေသည်ဟု နိုက်ဂျီးရီးယားသမ္မတ ပြော

    ဒီဇင်ဘာ ၂၈၊ ၂၀၁၉
    M-Media

    နိုက်ဂျီးရီးယားသမ္မတ မဟာမာဒူ ဘူဟာရီ

    -အကြမ်းဖက်သမားတွေဟာ အစ္စလာမ်သာသနာကို နာမည်ဖျက်နေတယ်လို့ နိုက်ဂျီးရီးယားသမ္မတ မဟာမာဒူ ဘူဟာရီက ပြောကြားလိုက်ပြီး၊ အကြမ်းဖက်တွေရဲ့ ဘာသာရေးသွေးခွဲမှုကို လက်မခံကြဖို့ ပြည်သူတွေကို တိုက်တွန်းလိုက်ပါတယ်။

    IS အကြမ်းဖက်အဖွဲ့ရဲ့ အနောက်အာဖရိကအဖွဲ့ခွဲ (ISWAP) က သူတို့ဖမ်းဆီးထားတဲ့ ခရစ်ယာန်နဲ့ မွတ်စလင်တွေကို ခေါင်းဖြတ်သတ်လိုက်တယ်လို့ ကြေငြာခဲ့ပြီးတဲ့နောက် ဘူဟာရီက ဒီလို တုန့်ပြန်ခဲ့တာပါ။

    မနေ့ကထုတ်ပြန်တဲ့ကြေငြာချက်မှာ ဘူဟာရီက ဒီသတ်ဖြတ်မှုကို ရှုတ်ချခဲ့ပြီး၊ အကြမ်းဖက်သမားတွေကို တိုက်ဖျက်ရေး ညီညီညွတ်ညွတ်လုပ်ဆောင်ကြဖို့၊ ဘိုကိုဟရမ်နဲ့ ISWAP တွေရဲ့ ဝါဒဖြန့်မှုတွေကို မယုံကြဖို့ ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။

    “တစ်ဘ၀စံတွေ၊ ဘုရားမဲ့ဝါဒီတွေ၊ ကြမ်းကြုတ်တဲ့ လူသတ်သမားတွေလက်ထဲမှာ အပြစ်မဲ့ ဓားစာခံတွေ အသတ်ခံခဲ့ရတဲ့အတွက် အလွန်အမင်း ဝမ်းနည်းကြေကွဲရပါတယ်။ ဒီလူတွေက ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေကြောင့် အစ္စလာမ်သာသနာလည်း နာမည်ပျက်ရပါတယ်”

    အကြမ်းဖက်သမားတွေရဲ့လုပ်ရပ်ဟာ အစ္စလာမ်သာသနာနဲ့ သန်းပေါင်းများစွာသော အစ္စလာမ်ဘာသာဝင်တွေကို ကိုယ်စားမပြုဘဲ၊ ဒီလုပ်ရပ်တွေကြောင့် ခရစ်ယာန်နဲ့ မွတ်စလင်တွေအကြား သွေးကွဲမှုကို ခွင့်ပြုလို့မရကြောင်း ဘူဟာရီက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    နိုက်ဂျီးရီးယားပြည်သူအားလုံးရဲ့ လုံခြုံရေးကို အထူးဦးစားပေးဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း နိုက်ဂျီးရီးယားသမ္မတက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Ripples Nigeria

  • ရုရှား၏ အသံထက်မြန်သည့် ဒုံးကျည်စနစ်သစ် တပ်တော်ဝင်

    ရုရှား၏ အသံထက်မြန်သည့် ဒုံးကျည်စနစ်သစ် တပ်တော်ဝင်

    ဒီဇင်ဘာ ၂၈၊ ၂၀၁၉
    M-Media

    ရုရှား၏ Avangard ဒုံးကျည်စနစ်သစ်

    – တစ်နှစ်ကျော်ကြာ စမ်းသပ်မှုတွေပြုလုပ်ပြီးတဲ့နောက် အသံထက်မြန်တဲ့ တိုက်ချင်းပစ် ဒုံးကျည်စနစ်သစ် Avangard ကို ရုရှားက မနေ့မှာ တပ်ဖြန့်ချထားလိုက်ပါတယ်။

    အသံထက် ၂၇ ဆမြန်တဲ့ အဲဒီဒုံးကျည်စနစ်ကို နိုင်ငံတောင်ပိုင်း အူရယ်တောင်တန်းတွေရှိရာ အိုရန်ဘာ့ဂ်ဒေသမှာ ချထားခဲ့တာပါ။ ဒီလို တပ်ဖြန့်ချထားမှုကို ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှီဂူက သမ္မတပူတင်ထံ မနေ့မှာ အကြောင်းကြားခဲ့ပါတယ်။

    ဒုံးကျည်စနစ်သစ်ဟာ စစ်တပ်နဲ့ အိုရန်ဘာ့ဂ်ဒေသ တစ်ခုလုံးအတွက် သမိုင်းမှတ်တိုင်သစ် တစ်ခုဖြစ်တယ်လို့ က ဆာဂျီရှီဂူက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    Avangard ဒုံးကျည်စနစ် အပါအဝင် အနာဂတ်အတွက်ရည်ရွယ်တဲ့ စစ်လက်နက် ပစ္စည်းတွေကို ရုရှားသမ္မတ ပူတင်က ၂၀၁၈ ခုနှစ် မတ်လမှာ ပြုလုပ်တဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ မိတ်ဆက်ခဲ့တာပါ။

    ပူတင်က Avangard စနစ်ဟာ လက်ရှိ ကမ္ဘာပေါ်မှာ အသုံးပြုနေတဲ့ ဒုံးခွင်းစနစ်တွေကို အသက်မဲ့စေမှာဖြစ်ကြောင်း၊ ၁၉၅၇ ခုနှစ်က ရုရှားရဲ့ ကမ္ဘာ့ပထမဆုံးဂြိုဟ်တု လွှတ်တင်မှုလို နည်းပညာပိုင်းဆိုင်ရာအရ ဖောက်ထွက်မှုတစ်ခုဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အသံထက်မြန်တဲ့ ဒုံးကျည်စနစ်ကို တရုတ်ကလည်း ဖန်တီးထုတ်လုပ်နေပါတယ်။

    Ref: Aljazeera

  • ကာဇက်စတန်နိုင်ငံတွင် ခရီးသည်တင်လေယာဉ်တစ်စီး ပျက်ကျ၊ ၁၂ ဦး သေဆုံး

    ကာဇက်စတန်နိုင်ငံတွင် ခရီးသည်တင်လေယာဉ်တစ်စီး ပျက်ကျ၊ ၁၂ ဦး သေဆုံး

    ဒီဇင်ဘာ ၂၇၊ ၂၀၁၉
    M-Media

    -ကာဇက်စတန်နိုင်ငံ အလ်မာတီမြို့အနီးမှာ ခရီးသည်တင်လေယာဉ်တစ်စင်း ပျက်ကျမှုအကြောင့် အနည်းဆုံး ၁၂ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

    Bek Air လေကြောင်းလိုင်းက ခရီးသည် ၁၀၀ နီးပါး တင်ဆောင်လာတဲ့ Fokker-100 လေယာဉ်ဟာ အလ်မာတီမြို့ကနေ မြို့တော် နူရ်ဆူလ်တန်ကို သွားဖို့ ပျံတက်စဉ် အောက်ကို နိမ့်ဆင်းကာ လေယာဉ်ကွင်းက အတားအဆီးကို ဖောက်ထွက်ပြီး အနီးအနားက ၂ ထပ်တိုက်ကို တိုက်မိခဲ့တယ်လို့ ကာဇက်စတန် အရပ်ဖက်လေကြောင်းအာဏာပိုင်အဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အလ်မာတီနိုင်ငံတကာလေဆိပ်ရဲ့ ဆိုရှယ်မီဒီယာပို့စ်မှာတော့ ဒီအဖြစ်အပျက်အတွင်း အနည်းဆုံး ၂၂ ဦး ဆိုးဆိုးဝါးဝါး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

    မပျက်ကျခင်မှာ ပေါက်ကွဲသံကြီးတစ်ခု ကြားခဲ့ရတယ်လို့ အသက်ရှင်ကျန်ရစ်သူတွေက ပြောကြားခဲ့ပါတယ်။ ကာဇက်စတန် အရပ်ဖက် လေကြောင်းအာဏာပိုင်အဖွဲ့ကတော့ ပျက်ကျမှု အကြောင်းအရင်းကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

    Bek Air လေကြောင်းလိုင်းက လေယာဉ်အားလုံးနဲ့ နိုင်ငံအတွင်းက Fokker-100 ‌လေယာဉ်အားလုံးကို ကာဇက်စတန်က ပျံသန်းမှု ရပ်ဆိုင်းခဲ့ပါတယ်။

    Ref: Aljazeera

  • Vape နှင့် e-cigarette က အသက်ရှုလမ်းကြောင်းရောဂါ ဖြစ်နိုင်ချေရှိ

    Vape နှင့် e-cigarette က အသက်ရှုလမ်းကြောင်းရောဂါ ဖြစ်နိုင်ချေရှိ

    ဒီဇင်ဘာ ၂၆၊ ၂၀၁၉
    M-Media

    -Vape နဲ့ e-cigarette ကို ရေရှည်သောက်သုံးတာဟာ အဆုတ်ရောဂါ (COPD)၊ လည်ချောင်းနာရောဂါ၊ ပန်းနာရင်ကြပ်ရောဂါတွေလို နာတာရှည်ရောဂါတွေ ဖြစ်ပွားနိုင်တဲ့ အန္တရာယ် ရှိနေတယ်လို့ အမေရိကန်က လေ့လာမှုတစ်ခုမှာ တွေ့ခဲ့ရပါတယ်။

    လေ့လာမှုဟာ e-cigarette‌ သောက်သုံးမှုနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဆက်နွယ်မှုကို အဓိကထားခဲ့တာဖြစ်ပြီး ၃ နှစ်တာ ကြာမြင့်ခဲ့ပါတယ်။ ရလဒ်ကိုတော့ အခုတစ်ပတ်အစောပိုင်းက American Journal of Preventive Medicine မှာ ဖော်ပြခဲ့ပါတယ်။

    အမေရိကန်နိုင်ငံတစ်ဝှမ်းက အဆုတ်ရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပွားတဲ့ ဝေဒနာသည် ၃၂၃၂၀ ဦးရဲ့ အချက်အလက်တွေကို စုဆောင်းကာ e-cigarette သောက်သုံးမှု Vape လို အခြား ဆေးရွက်ကြီးပစ္စည်းမှီဝဲမှုတွေနဲ့ ဆက်စပ် လေ့လာခဲ့တာ ဖြစ်ပါတယ်။

    လေ့လာမှုမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ ပညာရှင် စတန်တွန် ဂလန့်ဇ်က e-cigarette‌ နဲ့ အဆုတ်ရောဂါ ဆက်နွယ်မှုကို ဒီလေ့လာမှုမှာ တွေ့ခဲ့ရကြောင်း၊ နောက်ထပ် ၅ နှစ်တာ လေ့လာမှုဆက်လုပ်မယ်ဆိုရင် ပိုမိုကြီးမားတဲ့ သက်ရောက်မှုတွေကို တွေ့လာဖို့ရှိကြောင်း ပြောကြားခဲ့ပါတယ်။

    e-cigarette နဲ့ ရိုးရိုး စီးကရက် ၂ ခုစလုံးကို သောက်သုံးမယ်ဆိုရင် အသက်ရှုလမ်းကြောင်းဆိုင်ရာ နာတာရှည်ရောဂါဖြစ်ပွားမှုအန္တရာယ်ဟာ ၂ ဆလောက် မြင့်တက်လာနိုင်တယ်လို့လည်း ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

    Vape သောက်သုံးမှုဟာ ကျန်းမာရေးအန္တရာယ်ကင်းတယ်လို့ ယေဘူယျအားဖြင့် ယူဆထားပေမယ့်မှာ အပူပေးမှု အလွန်များတဲ့အခါ အသုံးပြုတဲ့ပစ္စည်းတွေကနေ အမှုန်အမွှားတွေထွက်ကာ လေပြွန်ထဲကနေတစ်ဆင့် အဆုတ်ထဲကို ဝင်ရောက်ပြီး နာတာရှည်ရောဂါတွေ ဖြစ်နိုင်လာနိုင်တယ်ဆိုတာကိုလည်း လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။

    ဒီလိုလေ့လာမှုတွေဟာ ဓာတ်ခွဲခန်းမှာ ပြုလုပ်တာ၊ တရိစ္ဆာန်‌တွေနဲ့ စမ်းသပ်တာမျိုးလို ကနဦး လေ့လာမှုတွေဖြစ်ပြီး နောက်ဆက်တွဲ လေ့လာမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း ပညာရှင်တွေက ဆိုပါတယ်။

    Ref: CNN

  • လစ်ဗျားကို စစ်တပ်စေလွှတ်မည်ဟု တူရကီသမ္မတပြော

    လစ်ဗျားကို စစ်တပ်စေလွှတ်မည်ဟု တူရကီသမ္မတပြော

    ဒီဇင်ဘာ ၂၆၊ ၂၀၁၉
    M-Media

    -နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ လစ်ဗျားအစိုးရက တောင်းဆိုလာတာကြောင့် စစ်ရေးအရ‌ ပံ့ပိုးကူညီသွားမယ်လို့ တူရကီသမ္မတ အာဒိုဂန်က ဒီကနေ့မှာ ကြေငြာလိုက်ပြီး စစ်တပ်တွေစေလွှတ်မှု ပါဝင်မှာ ဖြစ်ပါတယ်။

    လစ်ဗျားကို တူရကီစစ်တပ်တွေ စေလွှတ်ခွင့်ပြုမယ့် ဥပဒေမူကြမ်းကို ဇန်နဝါရီမှာ တူရကီလွှတ်တော်က အတည်ပြုမှာပါ။

    တူနီးရှားနိုင်ငံကို မနေ့က ရုတ်တရက်သွားရောက်ကာ သမ္မတ ကာအစ် စအစ်နဲ့ တွေ့ဆုံပြီးတဲ့နောက် အာဒိုဂန်က ဒီလို ထုတ်ပြန်ကြေငြာလိုက်တာ ဖြစ်ပါတယ်။ ခေါင်းဆောင်နှစ်ဦးဟာ လစ်ဗျားမှာ အပစ်ရပ်နိုင်ရေး၊ လက်နက်ကိုင်ခေါင်းဆောင်တွေကို စားပွဲ၀ိုင်းခေါ်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

    လစ်ဗျားက နိုင်ငံတကာအသိအမှတ်ပြု GNA အစိုးရဟာ ပြီးခဲ့တဲ့လတုန်းက တူရကီအစိုးရ တာဝန်ရှိသူတွေနဲ့တွေ့ဆုံကာ လုံခြုံရေးနဲ့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာတွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

    GNA အစိုးရက တောင်းဆိုလာရင် စစ်တပ်တွေ လစ်ဗျားကို စေလွှတ်ဖို့ ဆန္ဒရှိတယ်လို့ အာဒိုဂန်က အရင်ကတည်းက ပြောကြားခဲ့ဖူးပါတယ်။

    အာဏာရှင်ဟောင်း မွမ်မာ ကဒါဖီ ပြုတ်ကျသွားတဲ့ ၂၀၁၁ ခုနှစ်ကစလို့ ရေနံကြွယ်၀တဲ့ လစ်ဗျားနိုင်ငံမှာ ပြည်တွင်းစစ် စဖြစ်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှတော့ နိုင်ငံအရှေ့ပိုင်းနဲ့ အနောက်ပိုင်းတို့မှာ အစိုးရ ၂ ရပ် ပေါ်ပေါက်လာခဲ့ပါတယ်။

    နိုင်ငံအရှေ့ပိုင်းကို အုပ်စိုးနေတဲ့ GNA အစိုးရကို နိုင်ငံတကာအသိုင်းအ၀ိုင်းက အသိအမှတ်ပြုထားပါတယ်။ နိုင်ငံအနောက်ပိုင်းကိုတော့ ဘက်ပြောင်း တပ်မှူး ခါလီဖာ ဟက်ဖ်တာရ်ရဲ့ လစ်ဗျားအမျိုးသားစစ်တပ် (LNA) က ထိန်းချုပ်ထားပါတယ်။

    Ref: Aljazeera