News @ M-Media

Author: Ko Lay

  • တိုင်းရင်းသားဒေသတွင် အရပ်သားများကို သတ်ဖြတ်မှုအတွက် စစ်သား ၂ ဦးကို ထိုင်းတရားစွဲ

    တိုင်းရင်းသားဒေသတွင် အရပ်သားများကို သတ်ဖြတ်မှုအတွက် စစ်သား ၂ ဦးကို ထိုင်းတရားစွဲ

    ဒီဇင်ဘာ ၂၅၊ ၂၀၁၉
    M-Media

    -နိုင်ငံတောင်ပိုင်း နာရာသီဝပ်ပြည်နယ်မှာ အရပ်သားတွေကို ပစ်ခတ်သတ်ဖြတ်မှုအတွက် စစ်သား ၂ ဦးကို တရားစွဲဆိုလိုက်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဒီကနေ့မှာ သတင်းထုတ်ပြန်ခဲ့ပြီး၊ လူ့အခွင့်အရေးအဖွဲ့တွေက ဒီလုပ်ရပ်ကို ကြိုဆိုခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်အတွင်း နာရာသီဝပ်ပြည်နယ်ရဲ့ တောတွင်းတစ်နေရာမှာ အမျိုးသား ၃ ဦး အသတ်ခံခဲ့ရတာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်သား ၂ ယောက်က သူတို့လုပ်တယ်လို့ဝန်ခံကာ တနင်္လာနေ့မှာ အဖမ်းခံခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

    စစ်သားတွေကို လူသတ်မှုနဲ့ တရားစွဲဆိုကာ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။

    မလေးလူမျိုးတွေရဲ့ဒေသဖြစ်တဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိလိုတဲ့ လူမျိုးစုလက်နက်ကိုင်တွေနဲ့ ထိုင်းအစိုးရတို့အကြား ပဋိပက္ခဟာ ၁၅ နှစ်တာကြာမြင့်လာပြီဖြစ်ပြီး အနည်းဆုံး လူပေါင်း ၇၀၀၀ ကျော် သေဆုံးကာ အများစုက အရပ်သားတွေဖြစ်ပါတယ်။

    လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ Human Rights Watch က ထိုင်းတောင်ပိုင်းမှာ စစ်သားတွေရဲ့ အရပ်သားတွေအပေါ် ကျူးလွန်မှုတွေဟာ များသောအားဖြင့် လစ်လျူရှုခံရပြီး အခုအရေးယူမှုက မကြုံစဖူးဖြစ်ရပ်လို့ ပြောကြားခဲ့ပါတယ်။

    ထိုင်နိုင်ငံတောင်ပိုင်းမှာ ထိုင်းစစ်တပ်ရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့ အမျိုးသားတစ်ဦးဟာ စစ်ကြောမှုအတွင်း ကိုမားရကာ ဩဂုတ်လ ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်အတွက် ထိုင်းစစ်တပ်ဟာ အကြီးအကျယ် ဝေဖန်ခံခဲ့ရပါတယ်။

    Ref: Daily Mail

  • မြန်မာအရပ်သားအစိုးရက တရုတ်ကို ပိုမိုအားကိုနေရဟု သုတေသီများသုံးသပ်

    မြန်မာအရပ်သားအစိုးရက တရုတ်ကို ပိုမိုအားကိုနေရဟု သုတေသီများသုံးသပ်

    ဒီဇင်ဘာ ၂၅၊ ၂၀၁၉
    M-Media

    နိုင်ငံတော်အတိုင်ပင်ခံနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံစဉ်

    -တရုတ်နိုင်ငံရဲ့ ဆောင်ရွက်ချက်တွေအပေါ် သံသယတွေ ရှိနေပေမယ့် နိုင်ငံတကာအသိုင်းအ၀ိုင်းကို ရင်ဆိုင်ဖို့အတွက် မြန်မာအရပ်သားအစိုးရဟာ တရုတ်ကို ပိုမိုအားကိုးလာရတယ်လို့ နိုင်ငံရေးကျွမ်းကျင်သူတွေက သုံးသပ်ပြောကြားလိုက်ပါတယ်။

    ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှု၊ သတ်ဖြတ်ခံရမှုတွေအတွက် မြန်မာနိုင်ငံဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ဖိအားပေးမှုကို ခံနေရပြီး အခုလအစောပိုင်းက နိုင်ငံတကာ ခုံသမာဓိရုံး ICJ မှာ သွားရောက်ရင်ဆိုင်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

    ထိုင်းနိုင်ငံ Chulalongkorn တက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ပရော်ဖက်ဆာ Thitinan Pongsudhirak က ‌ရိုဟင်ဂျာကိစ္စကြောင့် နိုင်ငံတကာရဲ့ ဖယ်ကျဉ်မှုကို ခံနေရတဲ့အတွက် မြန်မာအာဏာပိုင်တွေဟာ တရုတ်နဲ့ ဆက်ဆံရေး ပိုမိုနီးကပ်အောင် ကြိုးစားလာတာဖြစ်တယ်လို့ သုံးသပ်ခဲ့ပါတယ်။

    တရုတ်ဟာ ၂၀၁၁ ခုနှစ်မတိုင်ခင် တိုင်းပြည်ကိုကြီးစိုးခဲ့တဲ့ စစ်အစိုးရကို ကုလလုံခြုံရေးကောင်စီမှာ တောက်လျှောက်ကာကွယ်ပေးခဲ့တာပါ။

    ICJ မှာ ‌သွားရောက် တရားမရင်ဆိုင်ခင် ဒီဇင်ဘာ ၇-၈ ရက်နေ့တွေမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ မြန်မာနိုင်ငံကိုလာရောက်ကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။

    ဆွေးနွေးမှုအတွင်း မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်၊ မြန်မာ တရုတ်နဲ့ ကုလသမဂ္ဂတို့ ပူးပေါင်းဆောင်ရွက်နေတဲ့ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွေမှာ တရုတ်နိုင်ငံက ဆက်လက်အကူအညီပေးသွားဖို့ ပါဝင်ပါတယ်။

    ‌တရုတ်ဟာ နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်က ဝီဂါမွတ်စလင်တွေအပေါ် ညှမ်းပမ်းမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ဝေဖန်မှုကို ခံနေရပါတယ်။

    တိုကျိုအခြေစိုက် International Christian တက္ကသိုလ်က နိုင်ငံရေးနဲ့ နိုင်ငံတကာအရေး လေ့လာဆန်းစစ်သူ Stephen Nagy က လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ လူမျိုးစုတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲမှုတွေကို တစ်ချိန်တည်းရင်ဆိုင်နေရတာက မြန်မာနဲ့ တရုတ်တို့ကို ပိုမိုနီးကပ်စေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ICJ မှာ ကြားနာမှုအတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့ဆောင်ရွက်ချက်တွေဟာ အကြမ်းဖက်ဝါဒကို တုန့်ပြန်တာဖြစ်ကြောင်း၊ လက်ရှိ ပြည်နယ်အတွင်းမှာ ရင်ကြားစေ့ရေးလုပ်ဆောင်နေတဲ့အတွက် ဂမ်ဘီယာရဲ့ တောင်းဆိုမှုကို ပယ်ချသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

    မယုံကြည်

    မြန်မာနိုင်ငံက အမေရိကန်သံရုံးရဲ့ အမြဲတမ်းအတွင်းဝန်ဟောင်း Priscilla Clapp က ‌ဗြိတိန်ရဲ့ ကိုလိုနီပြုမှုကို ခံခဲ့ရတဲ့ မြန်မာနိုင်ငံဟာ ဒီလိုအဖြစ်မျိုး ပြန်မရောက်ရေးအတွက် နိုင်ငံခြားရေးဝါကို မူသေမထားဖို့ ဆယ်စုနှစ်ချီကြိုးစားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    လက်ရှိအစိုးရဟာ တရုတ်ကို မယုံကြည်သလို၊ အကြွေးထောင်ချောက်ထဲ သက်ဆင်းမှာကို စိုးရိမ်နေကြောင်း၊ တိုင်းပြည်အကျိုးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို မြန်မာနိုင်ငံက အလိုရှိပြီး၊ စီမံကိန်းတွေကိုလည်း နိုင်ငံတကာစံချိန်စံညွှန်းအတိုင်း မြန်မာနိုင်ငံက လုပ်ဆောင်လိုကြောင်း Clapp က ထောက်ပြပြောဆိုခဲ့ပါတယ်။

    ဒါပေမယ့် အခုလအစောပိုင်းက တရုတ်နိုင်င့ခြားရေးဝန်ကြီးနဲ့ တွေ့ဆုံမှုမှာတော့ နိုင်ငံတော်အတိုင်ပင်ခံဟာ တရုတ်ရဲ့ Belt and Road Initiative စီမံကိန်းအောက်မှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    Clapp ကတော့ စစ်အစိုးရလက်ထက် ကုလသမဂ္ဂမှာ ကာကွယ်ပေးတဲ့ အနေအထားမျိုးကို တရုတ်က သက်တောင့်သက်တာပဲ ပြန်ရသွားတယ်လို့ သုံးသပ်ခဲ့ပါတယ်။

    “စစ်အစိုးရလက်ထက်တစ်လျှောက်လုံး ကုလမှာ နိုင်ငံရေးအရ ကာကွယ်မှုရဖို့ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံကို အမြဲတမ်းမှီခိုခဲ့ရပါတယ်။ လုံခြုံရေးကောင်စီမှာ နိုင်ငံတကာရဲ့ ပိတ်ဆို့မှုတွေကနေ တရုတ်နဲ့ ရုရှားတို့က ကာကွယ်ပေးခဲ့တယ်။ ဒီကနေ့မှာလည်း မြန်မာနိုင်ငံရဲ့ အရပ်သားအစိုးရကို သူတို့က ကာကွယ်ပေးနေတုန်းပါ။ ဒီတစ်ခေါက်မှာတော့ အခြားအကြောင်းအရင်းတွေကြောင့် ဖြစ်ပါတယ်”

    Chulalongkorn တက္ကသိုလ်က ပရောဖက်ဆာ Thitinan Pongsudhirak က မြန်မာနိုင်ငံနဲ့ တရုတ်တို့ ပိုမိုနီးကပ်သွားတာကို အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေက ကြိုက်နှစ်သက်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

    အိန္ဒိယဟာ ဇူလိုင်လက မြန်မာနိုင်ငံနဲ့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး တရုတ်ရဲ့ဩဇာကို လျှော့ချဖို့ကြိုးစားနေတာပါ။

    Ref: VOA

  • ဗလီများ အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွက် အီသီယိုးပီးယား မွတ်စလင်များ ဆန္ဒပြ

    ဗလီများ အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွက် အီသီယိုးပီးယား မွတ်စလင်များ ဆန္ဒပြ

    ဒီဇင်ဘာ ၂၅၊ ၂၀၁၉
    M-Media

    -နိုင်ငံတောင်ပိုင်း အမ်ဟာရာဒေသမှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း ဗလီဝတ်ကျောင်းတော်တွေ အကြမ်းဖက်တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး အီသီယိုပီးယားနိုင်ငံတစ်ဝှမ်း ထောင်နဲ့ချီတဲ့ မွတ်စလင်တွေက ဆန္ဒပြခဲ့ကြပါတယ်။

    ပြီးခဲ့တဲ့သောကြာနေ့က မိုတာမြို့မှာဖြစ်ပွားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း အနည်းဆုံး ဗလီဝတ်ကျောင်းတော် ၄ လုံးနဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေ ဖျက်ဆီးခံခဲ့ရပါတယ်။

    ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အီသီယိုးပီးယားဝန်ကြီးချုပ် အဘီ အဟ်မဒ်က တိုက်ခိုက်မှုတွေဟာ သမိုင်းနဲ့ချီရှိခဲ့တဲ့ ဘာသာရေးသည်းခံနိုင်စွမ်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုကို ဖျက်ဆီးဖို့ အစွန်းရောက်တွေက ကြိုးစားမှု ဖြစ်တယ်လို့‌ ပြောကြားခဲ့ပါတယ်။

    ဒီကိစ္စကြောင့် မြို့တော် အက်ဒစ် အဘာဘာအပါအဝင် နိုင်ငံတစ်ဝှမ်းမှာ မွတ်စလင်တွေက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီး ကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူဖို့ တောင်းဆိုခဲ့ပါတယ်။ အမ်ဟာရာဒေသ အာဏာပိုင်တွေက တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး လူ ၁၅ ဦးကို ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    အီသီယိုးပီးယားနိုင်ငံရဲ့ လူဦးရေ သန်း ၁၁၀ မှာ ခရစ်ယာန်ဘာသာဝင်က ၄၀ ရာခိုင်နှုန်းရှိပြီး အစ္စလာမ်ဘာသာဝင်တွေက ၃ ပုံ ၁ ပုံ ရှိနေတာပါ။ မြေယာအငြင်းပွားမှုကြောင့် လူမျိုးစုတွေအကြား အပြန်အလှန် တိုက်ခိုက်မှုတွေဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း မြင့်တက်လာခဲ့ပြီး ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခအဖြစ် ဦးတည်လာခဲ့ပါတယ်။

    အမ်ဟာရာဒေသက အခုတိုက်ခိုက်မှုကို အီသီယိုးပီးယား အော်သိုဒေါ့စ် ခရစ်ယာန်အသင်းနဲ့ အစ္စလာမ့်ရေးရာ ကောင်စီတို့က ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

    Ref: Aljazeera

  • ရာဇဝတ်မှုသံသယဖြင့် တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို နီပေါဖမ်းဆီး

    ရာဇဝတ်မှုသံသယဖြင့် တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို နီပေါဖမ်းဆီး

    ဒီဇင်ဘာ ၂၅၊ ၂၀၁၉
    M-Media

    -နိုင်ငံအတွင်း ခရီးသွားဗီဇာနဲ့ ဝင်ရောက်ကာ ရာဇဝတ်မှုမကင်းတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်နေတဲ့ တရုတ်နိုင်ငံသား ၁၂၂ ဦးကို ထိန်းသိမ်းလိုက်တယ်လို့ နီပေါနိုင်ငံက မနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    တရုတ်နိုင်ငံသားတွေဟာ သံသယဖြစ်ဖွယ် လုပ်ရပ်တွေကို လုပ်ဆောင်နေတယ်လို့ သတင်းအချက်အလက် ရရှိခဲ့ပြီးတဲ့နောက် နီပေါရဲတပ်ဖွဲ့က တနင်္လာနေ့မှာ စီးနင်းဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တာပါ။

    ရဲတပ်ဖွဲ့အကြီးအကဲ အူသမ် ဆူဘီဒီက ဖမ်းဆီးရမိသူတွေထဲမှာ အမျိုးသားတွေအပြင် အမျိုးသမီးတွေလည်း ပါဝင်ပြီး ဆိုက်ဘာရာဇဝတ်မှု၊ ငွေသားထုတ်စက်တွေကို ဟက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သံသယရှိခံထားရကြောင်း သူတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေ၊ လက်တော့ကွန်ပျူတာတွေကို သိမ်းဆည်းထားကြောင်း မနေ့မှာ ပြောကြားခဲ့ပါတယ်။

    “ရာဇဝတ်မှုတွေလုပ်ဆောင်တယ်ဆိုတဲ့ သံသယနဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးတာ ဒါပထမဆုံးပါ”

    ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်သံရုံး တာဝန်ရှိသူတွေက ထုတ်ပြန်ခြင်းမပြုခဲ့ပေမယ့် နီပေါရဲတပ်ဖွဲ့ရဲ့ အခြားအကြီးတန်းအရာရှိ ဟိုဘင်ဒရာ ဘိုဂါတီက ဖမ်းဆီးမှုကို တရုတ်သံရုံးက သိရှိပြီး ထောက်ခံခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ရာဇဝတ်မှု‌တွေ လုပ်ဆောင်နေတယ်ဆိုတဲ့ သံသယနဲ့ အာရှနိုင်ငံတွေမှာ တရုတ်နိုင်ငံသားတွေ ဖမ်းဆီးခံရမှုဟာ အခုနောက်ပိုင်းမှာ ပုံမှန်လို ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ဖိလစ်ပိုင်ဟာ တရားမဝင် လောင်းကစားလုပ်ငန်း လုပ်ဆောင်တဲ့ တရုတ်နိုင်ငံသား ၃၄၂ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

    ပြီးခဲ့တဲ့လကလည်း မလေးရှားဟာ နိုင်ငံရဲ့ အကြီးဆုံး အွန်လိုင်းလူလိမ်ဂိုဏ်းကို ဝင်ရောက်စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသား ၇၀၀ ကျော်လောက်ကို ဖမ်းဆီးခဲ့ပါတယ်။

    Ref: Aljazeera

  • ဆွီဒင်ရှိ အီဗရာဟီမိုဗစ်ရုပ်တု နှာခေါင်းဖြတ်ခံရ

    ဆွီဒင်ရှိ အီဗရာဟီမိုဗစ်ရုပ်တု နှာခေါင်းဖြတ်ခံရ

    ဒီဇင်ဘာ ၂၄၊ ၂၀၁၉
    M-Media

    -ဆွီဒင်ကလပ် မာလ်မိုအသင်းကွင်းရှေ့မှာ စိုက်ထူထားတဲ့ တိုက်စစ်မှူး အီဘရာဟီမိုဗစ်ရဲ့ ရုပ်ထု‌ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက နှာခေါင်းအဖြတ်ခံလိုက်ရ‌‌ပါတယ်။

    အသက် ၃၈ နှစ်အရွယ် အီဘရာဟီမိုဗစ်ဟာ လွန်ခဲ့တဲ့နှစ် ၂၀ က မာလ်မိုအသင်းနဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ကို စတင်ခဲ့တာဖြစ်ပါတယ်။

    မာလ်မိုအသင်းရဲ့ပြိုင်ဘက် ဟမ်မာဘီအသင်းရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူလိုက်တယ်လို့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ အီဘရာဟီမိုဗစ်က ကြေငြာခဲ့ပြီးတဲ့နောက် မာလ်မိုအသင်းကွင်းရှေ့က သူရဲ့ရုပ်တုကို မှုတ်ဆေးနဲ့ဖြန်းတာ၊ မီးရှို့တာ၊ ရုပ်ထုလက်မှာ အိမ်သာအိုးက ထိုင်ခုံပြားစွပ်တာတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ စတော့ဟုမ်းမြို့က အီဘရာဟီမိုဗစ်ရဲ့အိမ်ကိုလည်း ဖျက်ဆီးမှုတွေရှိခဲ့ပါတယ်။

    ရုပ်ထုကို ထုလုပ်ပေးတဲ့ ဗိသုကာပညာရှင် ပီတာလင်ဒေးက ဒီလို ဖျက်ဆီးမှုတွေ မပြုလုပ်ဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

    မာလ်မိုအသင်းကွင်းရှေ့က အီဘရာဟီမိုဗစ်ရုပ်ထုဟာ ၃.၅ မီတာ မြင့်ပြီး ဆွီဒင်ဘောလုံးအဖွဲ့ချုပ်ရဲ့ စီစဉ်မှုနဲ့ အောက်တိုဘာ ၉ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တာ‌ ဖြစ်ပါတယ်။

    အေဂျက်၊ ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ ဘာစီလိုနာ၊ အေစီမီလန်၊ ပီအက်စ်ဂျီနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့မှာ ကစားခဲ့တဲ့ အီဘရာဟီမိုဗစ်ဟာ အခုနှစ် အမေရိကန်မေဂျာလိဂ်ကလပ် LA Galaxy ကထွက်ခွာပြီးတဲ့နောက် အခြားကလပ်အသင်းတစ်ခုကို ရှာဖွေနေပါတယ်။

    Ref: BBC