News @ M-Media

Author: Ko Lay

  • လူမျိုးစုများအပေါ် ကျူးလွန်မှုအတွက် အာဏာရှင်ဟောင်းကို ဆူဒန်စုံစမ်းစစ်ဆေး

    လူမျိုးစုများအပေါ် ကျူးလွန်မှုအတွက် အာဏာရှင်ဟောင်းကို ဆူဒန်စုံစမ်းစစ်ဆေး

    ဒီဇင်ဘာ ၂၄၊ ၂၀၁၉
    M-Media

    -ဒါဖာရ်ဒေက ပဋိပက္ခအတွင်း ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး အာဏာရှင်ဟောင်း အိုမာရ် အလ်-ဘရှီးရ်နဲ့ အပေါင်းအပါတစ်ချို့ကို စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပြီလို့ ဆူဒန်နိုင်ငံက မနေ့မှာ ကြေငြာလိုက်ပါတယ်။

    ဘရှီးရ်အစိုးရနဲ့ လူမျိုးစုလက်နက်ကိုင်တစ်ခုအကြား ၂၀၀၃ ခုနှစ်က စတင်ခဲ့တဲ့ အဲဒီ ပဋိပက္ခကြောင့် လူပေါင်း ၃ သိန်းလောက် သေဆုံးခဲ့ပြီး ၂.၅ သန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပါတယ်။

    ဆူဒန်ရှေ့နေချုပ် တာဂီလ်ဆာရ် အလ်-ဟီဘာရ်က ဒါဖာရ်မှာ ကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး အာဏာရှင်ဟောင်း ဘရှီးရ်နဲ့ သူ့အစိုးရက တာဝန်ရှိသူတစ်ချို့ကို စုံစမ်းစစ်ဆေးနေတယ်လို့ မနေ့က မြို့တော် ခါတွန်မှာ ပြောကြားခဲ့ပါတယ်။ ထောက်လှမ်းရေးအကြီးအကဲဟောင်း ဆာလာဟ် ဂို့ရှ်လည်း စုံစမ်းစစ်ဆေးခံရသူတွေထဲမှာ ပါဝင်ပါတယ်။

    နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ကလည်း ဘရှီးရ်ကို အလိုရှိနေပြီး လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ၂၀၀၉ နဲ့ ၂၀၁၀ ခုနှစ်တွေမှာ ဖမ်းဝရမ်း ထုတ်ထားပါတယ်။

    လူထုအုံကြွမှုတွေ ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် အာဏာရှင်ဟောင်း ဘရှီးရ်ရဲ့အစိုးရဟာ အခုနှစ် ဧပြီလမှာ ပြုတ်ကျသွားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း တက်လာတဲ့ အစိုးရသစ်က ဒါဖာရ်ဒေသ အပါအဝင် ပဋိပက္ခဖြစ်ပွားနေတဲ့ဒေသမှာ ငြိမ်းချမ်းရေးရရှိအောင် လုပ်ဆောင်သွားမယ်လို့ ကတိပြုထားပါတယ်။

    ဘရှီးရ်ဟာ လက်ရှိမှာ စွဲချက်ပေါင်းများစွာနဲ့ တရားစွဲဆိုခံထားရပြီး ဒီဇင်ဘာ ၁၄ ရက်‌နေ့က ခြစားမှုစွဲချက်တစ်ခုနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရပါတယ်။ ၁၉၈၉ ခုနှစ် အာဏာသိမ်းမှုနဲ့ပတ်သက်လို့လည်း ဘရှီးရ်ဟာ တရားစွဲဆို ခံနေရပါတယ်။

    Ref: Aljazeera

  • လူပေါင်း သန်း ၁၅၀ ကို ဆင်းရဲတွင်းမှ ကယ်ထုတ်ခဲ့သည့် ဘင်္ဂါလီပရဟိတသမား ကွယ်လွန်

    လူပေါင်း သန်း ၁၅၀ ကို ဆင်းရဲတွင်းမှ ကယ်ထုတ်ခဲ့သည့် ဘင်္ဂါလီပရဟိတသမား ကွယ်လွန်

    ဒီဇင်ဘာ ၂၄၊ ၂၀၁၉
    M-Media

    ဖဇ်လီ ဟာဆန် အေဘဒ်

    – ကမ္ဘာ့အကြီးဆုံး NGO တွေက တစ်ခုကို ထူထောင်ကာ နိုင်ငံအတွင်းက လူပေါင်း သန်း ၁၅၀ လောက်ကို ဆင်းရဲတွင်းကနေ ကယ်ထုတ်ပေးခဲ့တဲ့ ‌ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ပရဟိတသမား ဖဇ်လီ ဟာဆန် အေဘဒ်ဟာ ပြီးခဲ့တဲ့တစ်ပတ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

    အသက် ၈၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖဇ်လီဟာ မြို့တော်ဒါကာက ဆေးရုံမှာ ဦးနှောက်ကင်ဆာရောဂါ ကုသမှု ခံယူနေစဉ် သောကြာနေ့က ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ဈာပနအခမ်းအနားကို တနင်္ဂနွေနေ့က ကျင်ပခဲ့ပြီး နိုဘယ်ဆုရှင် မိုဟာမက် ယူနွတ်စ်၊ အစိုးရတာဝန်ရရှိသူတွေ၊ သံတမန်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေအပါအဝင် လူပေါင်းသောင်းချီ လိုက်ပါပို့ဆောင်ခဲ့ပါတယ်။

    ဖဇ်လီဟာ ၁၉၇၂ ခုနှစ်မှာ BRAC ဆိုတဲ့ ငွေချေးလုပ်ငန်းတစ်ခုကို ထူထောင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက ဆင်းရဲသူတွေ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင် ကူညီပေးခဲ့ပါတယ်။ BRAC ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အလွန်အမင်း ဆင်းရဲမွဲတေသူ ပမာဏဟာ ၈၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ပါတယ်။

    BRAC ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပြင် အာရှနဲ့ အာဖရိက နိုင်ငံတစ်ချို့အထိပါ ချဲ့ထွင်နိုင်ခဲ့ပြီး အမေရိကန်သမ္မဟောင်း ဘီလ်ကလင်တန်၊ မိုက်ခရိုဆော့ဖ်ကို တည်ထောင်သူ ဘီလ်ဂိတ်တို့ အပါအဝင် ကမ္ဘာ့ ထိပ်တန်းပုဂ္ဂိုလ်တွေက ချီးကျူးရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဝန်ထမ်းပေါင်း ၁ သိန်းနဲ့ BRAC ကို လည်ပတ်နေတာ ဖြစ်ပါတယ်။

    ဖဇ်လီရဲ့ ဒီကြိုးပမ်းအားထုတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူပေါင်း သန်း ၁၅၀ နီးပါးလောက် ဆင်းရဲတွင်းကနေ လွတ်မြောက်ခဲ့ပါတယ်။

    ဖဇ်လီဟာ ၂၀၁၈ ခုနှစ်မှာ LEGO Prize ဆု၊ ၂၀၁၇ ခုနှစ်မှာ Laudato Si’ Award ဆု၊ ၂၀၁၆ ခုနှစ်မှာ Thomas Francis, Jr Medal in Global Public Health ဆု၊ ၂၀၁၅ ခုနှစ်မှာ World Food Prize ဆု၊ ၂၀၁၄ ခုနှစ်မှာ Spanish Order of Civil Merit ဆုနဲ့ Leo Tolstoy International Gold Medal ဆု၊ ၂၀၁၁ ခုနှစ်မှာ WISE Prize for Education ဆု တွေအပါ၀အင် ကမ္ဘာတစ်ဝှမ်းက ဆုတံဆိပ်ပေါင်း မြောက်များစွာ ရရှိခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ်နဲ့ ကမ္ဘာတစ်ဝှမ်းက ဆင်းရဲမွဲတွေသူတွေကို ကူညီပေးခဲ့မှုအတွက် ဖဇ်လီကို ဗြိတိန်ဘုရင်မကြီးက ၂၀၀၉ ခုနှစ်မှာ Order of St Michael and St George ဘွဲ့ကို အပ်နှင်းခဲ့ပါတယ်။ ဖဇ်လီဟာ ပရင်စတန်တက္ကသိုလ်၊ အောက်စဖို့ဒ်တက္ကသိုလ်၊ ကိုလံဘီယာတက္ကသိုလ်နဲ့ ယေးလ်တက္ကသိုလ်တွေက ဂုဏ်ထူးဆောင်ဆုကိုလည်း ရရှိထားပါတယ်။

    ဖဇ်လီရဲ့ BRAC အဖွဲ့ဟာ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ပညာရေးတို့အပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကဏ္ဍတော်တော်များများ တိုးတက်ကောင်းမွန်အောင်လည်း ကူညီပံ့ပိုးပေးနိုင်ခဲ့ပါတယ်။

    Ref: AFP

  • နိုင်ငံသားဥပဒေပြင်ဆင်ချက်အတွက် မစိုးရိမ်ရန် မွတ်စလင်များကို အိန္ဒိယဝန်ကြီးချုပ် ပြော

    နိုင်ငံသားဥပဒေပြင်ဆင်ချက်အတွက် မစိုးရိမ်ရန် မွတ်စလင်များကို အိန္ဒိယဝန်ကြီးချုပ် ပြော

    ဒီဇင်ဘာ ၂၄၊ ၂၀၁၉
    M-Media

    -နိုင်ငံသားဥပဒေ ပြင်ဆင်ချက်နဲ့ပတ်သက်ပြီး မစိုးရိမ်ကြဖို့ နိုင်ငံသားမွတ်စလင်တွေကို အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီက ပြောကြားလိုက်ပြီး၊ အတိုက်အခံတွေက ကောလဟာလတွေ လွှင့်နေတယ်လို့ အပြစ်တင်ခဲ့ပါတယ်။

    အခုလအတွင်း အတည်ပြုခဲ့တဲ့ နိုင်ငံသားဥပဒေ ပြင်ဆင်ချက်ဟာ ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်ကနေ အိန္ဒိယနိုင်ငံကို ဝင်ရောက်အခြေချ‌ နေထိုင်သူတွေထဲမှာ မွတ်စလင်ကလွဲလို့ အခြားဘာသာဝင်တွေကို နိုင်ငံသားပေးနိုင်ရေး ဖြစ်ပါတယ်။

    ဒီ‌ပြင်ဆင်ချက်ကြောင့် မွတ်စလင်တွေအပါအဝင် အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာ ပြီးခဲ့တဲ့ ၂ ပတ်အတွင်း ဆန္ဒပြမှုတွေ အကြီးအကျယ် ဖြစ်ပေါ်နေပြီး အနည်းဆုံး ၂၅ ဦး သေဆုံးခဲ့ပါတယ်။

    နယူးဒေလီမှာ တနင်္ဂနွေနေ့က BJP ပါတီ ထောက်ခံသူတွေကို ပြောကြားတဲ့ မိန့်ခွန်းမှာ မိုဒီက နိုင်ငံသားဥပဒေ ပြင်ဆင်ချက်အတွက် မစိုးရိမ်ကြဖို့ နိုင်ငံသားမွတ်စလင်တွေကို တိုက်တွန်းခဲ့ပါတယ်။

    “အမိအိန္ဒိယရဲ့ သားသမီးတွေကနေ ပေါက်ဖွားလာကြတဲ့ မွတ်စလင်တွေအနေနဲ့ စိုးရိမ်စရာ မလိုပါဘူး”

    နိုင်ငံအတွင်းမှာရှိနေတဲ့ မွတစ်လင်တွေအားလုံးကို ထိန်းသိမ်းရေးစခန်း ပို့တော့မယ်ဆိုတာ အပါအဝင် ကောလဟာလတွေ ပြန့်နှံ့မှုအတွက် အတိုက်အခံ ကွန်ဂရက်ပါတီကို မိုဒီက အပြစ်တင်ခဲ့ပြီး ပြဿနာကို ပိုမိုကြီးထွားအောင် လုပ်ဆောင်နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။

    နိုင်ငံသားဥပဒေ ပြင်ဆင်ချက်ဟာ အိန္ဒိယနိုင်ငံရဲ့ ဘာသာရေးမစွက်တဲ့ အခြေခံဥပဒေကို ဆန့်ကျင်ပြဌာန်းမှုဖြစ်တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ပေါ်ပေါက်လာပါတယ်။ အိန္ဒိယအစိုးရကတော့ ပြင်ဆင်ချက်ဟာ အိမ်နီးချင်းနိုင်ငံမှာ ဖိနှိပ်ချုပ်ချယ်ခံရမှုကြောင့် ထွက်ပြေးလာသူတွေကို‌ ဖေးမဖို့ရည်ရွယ်ပြီး အဲဒီနိုင်ငံတွေမှာ မွတ်စလင်တွေက လူများစုဖြစ်တဲ့အတွက် ဖိနှိပ်မခံရတာကြောင့် ဥပဒေမှာ မထည့်သွင်းခဲ့တာလို့ ရှင်းလင်းခဲ့ပါတယ်။

    Ref: AFP

  • သတင်းထောက် ကာရှိုဂျီ အသတ်ခံရမှုအတွက် ဆော်ဒီက လူ ၅ ဦးကို သေဒဏ်ချ

    သတင်းထောက် ကာရှိုဂျီ အသတ်ခံရမှုအတွက် ဆော်ဒီက လူ ၅ ဦးကို သေဒဏ်ချ

    ဒီဇင်ဘာ ၂၄၊ ၂၀၁၉
    M-Media

    -ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ဝါရှင်တန်ပို့စ်သတင်းထောက် ဂျမားလ်ကာရှိုဂျီ အသတ်ခံရမှုနဲ့ပတ်သက်ပြီး ဆော်ဒီက လူ ၅ ဦးကို မနေ့မှာ သေဒဏ်ချမှတ်လိုက်ပါတယ်။

    ကာရှိုဂျီဟာ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့က ဆော်ဒီကောင်စစ်ဝန်ရုံးမှာ အသတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ ဆော်ဒီအစိုးရနဲ့ တော်ဝင်မိသားစုကို ဝေဖန်ရေးသားလေ့ရှိတဲ့ ကာရှိုဂျီကို သတ်ဖြတ်ဖို့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က အမိန့်ပေးခဲ့တာလို့ သတင်းတွေထွက်ခဲ့ပေမယ့် ဆော်ဒီအစိုးရကတော့ ဒါကို ငြင်းဆိုပါတယ်။

    ဒီသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ထောက်လှမ်းရေး ဒုတိယအကြီးအကဲ အဟ်မဒ် အလ်-အဆီရီ၊ ‌အစ္စတန်ဘူလ် ကောင်စစ်ဝန်ရုံးက ကောင်စစ်ဝန် မိုဟာမက် အလ်-အိုတိုင်ဘီတို့အပါအဝင် လူ ၁၁ ယောက်ကို ဆော်ဒီက ဖမ်းဆီးတရားစွဲဆိုခဲ့ပါတယ်။

    မနေ့က အမိန့်ချမှတ်အမှုအတွင်း ၅ ဦးကို သေဒဏ်ပေးခဲ့ပြီး၊ ၃ ဦးကို စုစုပေါင်း ထောင်ဒဏ် ၂၄ နှစ် ချမှတ်ကာ ၃ ဦးကို တရားသေလွှတ်ပေးခဲ့ပါတယ်။ သတ်ဖြတ်မှုကို ကြီးကြပ်ခဲ့တဲ့ အဟ်မဒ် အလ်-အဆီရီနဲ့ ကောင်စစ်ဝန်ဟောင်း အလ်-အိုတိုင်ဘီတို့ကတော့ သက်‌သေမခိုင်လုံဘူးဆိုတဲ့အချက်နဲ့ လွတ်မြောက်တဲ့အထဲမှာ ပါဝင်ခဲ့ပါတယ်။ ပြစ်ဒဏ်ချမှတ်ခံရသူတွေဟာ အယူခံဝင်နိုင်မှာ ဖြစ်ပါတယ်။

    ကာရှိုဂျီအသတ်ခံရမှုဟာ ကမ္ဘာကြီးကို တုန်လှုပ်သွားခဲ့ပါတယ်။ တူရကီထောက်လှမ်းရေးက ရရှိထားတဲ့ ကောင်စစ်ဝန်ရုံး အသံမှတ်တမ်း၊ လုံခြုံရေးကင်မရာမှတ်တမ်းနဲ့ စုံစမ်းစစ်ဆေးမှု ရလဒ်အရ ကာရှိုဂျီဟာ ကြေးစားလူသတ်အဖွဲ့ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး၊ အလောင်းကို ဖြတ်တောက်ကာ အစ္စတန်ဘူလ်က ကောင်စစ်ဝန်ရုံးအိမ်မှာ အက်စစ်ဖျော ဖျောက်ဖျက်ခဲ့တယ်ဆိုတာ ပေါ်ပေါက်လာခဲ့ပါတယ်။

    ကာရှိုဂျီဝတ်ထားတဲ့အင်္ကျီကို သူနဲ့ ခန္ဓာကိုယ်ပုံစံတူသူက ဝတ်ဆင်ကာ ကောင်စစ်ဝန်ရုံးကနေ အထွက်‌ပြခဲ့တာကြောင့် ဒီသတ်ဖြတ်မှုဟာ သေသေချာချာ စီစဉ်ထားတာဖြစ်တယ်လို့ တူရကီ စုံစမ်းစစ်ဆေးသူတွေက ကောက်ချက်ချခဲ့ပါတယ်။

    ကာရှိုဂျီသတ်ဖြတ်ခံရမှုနဲ့ပတ်သက်တဲ့ ကြားနာမှုတွေကို ဆော်ဒီအစိုးရက တခါးပိတ်ဆောင်ရွက်တာဖြစ်ပြီး တူရကီသံရုံးက တာဝန်ရှိသူတစ်ချို့နဲ့ ကာရှိုဂျီရဲ့ မိသားစုတစ်ချို့ကိုသာ တက်ရောက်နားထောင်ခွင့် ပြုခဲ့ပါတယ်။

    Ref: Aljazaeera

  • ပါလက်စတိုင်းတွင် အစ္စရေးကကျူးလွန်သည့် စစ်ရာဇဝတ်မှုအတွက် ICC က စုံစမ်းစစ်ဆေးမည်

    ပါလက်စတိုင်းတွင် အစ္စရေးကကျူးလွန်သည့် စစ်ရာဇဝတ်မှုအတွက် ICC က စုံစမ်းစစ်ဆေးမည်

    ဒီဇင်ဘာ ၂၁၊ ၂၀၁၉
    M-Media

    -ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးက ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် အပြည့်အ၀ စုံစမ်းစစ်ဆေးသွားမယ်လို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ရဲ့ ရှေ့နေချုပ် ဖာတူ ဘန်ဆူဒါက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    ICC ရဲ့ ဒီထုတ်ပြန်ချက်ကို ပါလက်စတိုင်းခေါင်းဆောင်ပိုင်းက ကြိုဆိုခဲ့ပြီး၊ အစ္စရေးကတော့ ရှုတ်ချခဲ့ပါတယ်။

    “ပါလက်စတိုင်းက အခြေအနေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ ကျိုးကြောင်းဆီလျောတဲ့ အခြေခံအကြောင်းအရင်း ရှိနေတဲ့အတွက် ကျွန်မ ကျေနပ်မိပါတယ်။ အနောက်ဖက်ကမ်း၊ အရှေ့ဂျေရုစလင်နဲ့ ဂါဇာကမ်းမြှောင်တွေမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာ၊ ကျူးလွန်နေတာ ရှိနေတယ်လို့ အကြမ်းဖျင်း ပြောချင်ပါတယ်” လို့ ‌ဘန်ဆူဒါရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အစ္စရေးဟာ အဖွဲ့ဝင်နိုင်ငံ မဟုတ်တဲ့အတွက် ပြည့်၀တဲ့ စုံစမ်းစစ်ဆေးမှုမလုပ်ခင် ICC မှာ တရားစီရင်ပိုင်ခွင့် တောင်းဆိုသွားမှာဖြစ်ပြီး နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ ခွင့်ပြုပေးဖို့လည်း တရားသူကြီးတွေကို ဘန်ဆူဒါက တောင်းဆိုခဲ့ပါတယ်။

    ကြိုဆို

    ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဘန်ဆူဒါရဲ့ ပြောကြားမှုကို ကြိုဆိုခဲ့ပါတယ်။

    “ကနဦး စုံစမ်းမှုကို ၅ နှစ်ကြာအောင် ခက်ခက်ခဲခဲ ဆောင်ရွက်ခဲ့ရပြီးနောက် ရှေ့ဆက်ဖို့ ဖြစ်လာတဲ့ ဒီခြေလှမ်းကို ပါလက်စတိုင်းက ကြိုဆိုပါတယ်”

    ပါလက်စတိုင်းပြည်သူ ၂၂၅၁ ဦးသေဆုံးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဂါဇာကမ်းမြှောင်ကို အစ္စရေးက ကျူးကျော်တိုက်ခိုက်မှု ပြီးတဲ့နောက် ၂၀၁၅ ခုနှစ်မှာ ICC ရှေ့နေချုပ် ဖာတူ ဘန်ဆူဒါက ကနဦး စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

    ပါလက်စတိုင်းဟာ ၂၀၁၅ ခုနှစ်က ICC မှာ လက်မှတ်ရေးထိုးခဲ့ပြီး ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးရဲ့ ကျူးလွန်မှုတွေအတွက် စုံစမ်းစစ်ဆေးမှု မြန်မြန်လုပ်ဆောင်ဖို့ အကြိမ်ကြိမ် တိုက်တွန်းခဲ့ပါတယ်။

    ICC ဟာ နိုင်ငံတစ်ခုကို တရားစွဲဆိုပိုင်ခွင့်မရှိဘဲ စစ်ရာဇတ်မှု ကျူးလွန်သူတွေကိုသာ တရားစွဲဆိုခွင့် ရှိပါတယ်။

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ‌ဘန်ဆူဒါရဲ့ ထုတ်ပြန်ချက်ကို ဝေဖန်ခဲ့ပြီး ‘အမှန်တရားနဲ့ တရားမျှတမှု အမှောင်ကျတဲ့နေ့’ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera