News @ M-Media

Author: Ko Lay

  • ကွာလာလမ်ပူတွင်ကျင်းပမည့် မွတ်စလင်ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးမှ ပါကစ္စတန် နှုတ်ထွက်

    ကွာလာလမ်ပူတွင်ကျင်းပမည့် မွတ်စလင်ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးမှ ပါကစ္စတန် နှုတ်ထွက်

    ဒီဇင်ဘာ ၁၈၊ ၂၀၁၉
    M-Media

    -ဒီဇင်ဘာ ၁၉ ရက်နေ့ကစတင်ပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ပြုလုပ်မယ့် ကမ္ဘာ့မွတ်စလင်ခေါင်းဆောင်များ ထိပ်သီးညီလာခံကို မတက်ရောက်တော့ဘဲ မွတ်စလင်ကမ္ဘာမှာ အကွဲအပြဲတွေ ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ပါကစ္စတန်က မနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ဦးဆောင်ကျင်းပတဲ့ ဒီညီလာခံဟာ မွတ်စလင်ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို ဆွေးနွေးအဖြေရှာဖို့ဖြစ်ပြီး ကမ္ဘာ့ခေါင်းဆောင်တွေ၊ ပညာရှင်တွေ တော်တော်များများ တက်ရောက်ဖို့ ရှိပါတယ်။

    ဆော်ဒီအာရေဗျက ဒီညီလာခံဟာ ရှိပြီးသား OIC အဖွဲ့နဲ့ စင်ပြိုင်ဖြစ်လာမှာကို စိုးရိမ်တယ်လို့ ပြောကြားထားပါတယ်။

    ပါကစ္စတန်ဟာ ဒီညီလာခံကို တက်ရောက်ဖို့ စာရင်းပေးထားတာပါ။ ဒါပေမယ့် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ရှား မဟ်မူဒ် ကိုရာရှီက ညီလာခံကို ဝန်ကြီးချုပ် အင်မရန်းခန်းရော၊ သူပါတက်ရောက်မှာ မဟုတ်ဘူးလို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒါဟာ ဆော်ဒီရဲ့ စိုးရိမ်မှုကြောင့် ဖြစ်တယ်လို့လည်း ဝန်ကြီးက ထည့်သွင်ုပြောဆိုခဲ့ပါတယ်။

    အင်မရန်းခန်းဟာ အင်္ဂါနေ့က ကမ္ဘာ့ဒုက္ခသည်များဖိုရမ်မှာလည်း တူရကီသမ္မတ အာဒိုဂန်ကို ညီလာခံ မတက်မယ့်အကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ကွာလာလမ်ပူက ထိပ်သီးညီလာခံဖြစ်မြောက်ရေးမှာ တူရကီကလည်း အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာပါ။

    မလေးရှားကတော့ ဒီထိပ်သီးညီလာခံဟာ OIC နဲ့ စင်ပြိုင်ဖို့မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

    “အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ရပ်အဖြစ် သွားနေတဲ့ ဒီထိပ်သီးညီလာခံကို မလေးရှားအစိုးရက ပံ့ပိုးကူညီပေးထားပြီး ၅ ကြိမ်မြောက် ရှိလာပါပြီ။ ဝေဖန်သူတစ်ချို့ပြောနေသလို အဖွဲ့အစည်းသစ်တစ်ခု တည်ထောင်ဖို့ မဟုတ်ပါဘူး” လို့ အင်္ဂါနေ့ ထုတ်ပြန်ချက်မှာ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ပြောကြားခဲ့ပါတယ်။

    ညီလာခံမှာ ဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကို ဆွေးနွေးမှာမဟုတ်ဘဲ မွတ်စလင်လူ့အဖွဲ့အစည်းအတွင်းက အခြားကိစ္စရပ်တွေကို ဆွေးနွေးအဖြေရှာဖို့သာဖြစ်ကြောင်း၊ ဒီကိစ္စကို ဆော်ဒီဘုရင် ဆလ်မန်ထံကိုလည်း အကြောင်းကြားထားပြီးဖြစ်ကြောင်း မဟာသီက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးကတော့ ကွာလာလမ်ပူ ထိပ်သီးအစည်းအဝေးကနေ နှုတ်ထွက်ရခြင်းဟာ မလေးရှားနဲ့ ဆော်ဒီအာရေဗျတို့အကြား မိမိတို့ရဲ့ ကြားနေဝါဒကို ဖော်ပြနေတာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရခိုင်ပြည်နယ် မာန်အောင်သို့သွားမည်

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရခိုင်ပြည်နယ် မာန်အောင်သို့သွားမည်

    ဒီဇင်ဘာ ၁၈၊ ၂၀၁၉
    M-Media

    ၂၀၁၇ ခုနှစ် မောင်တောသို့ သွားရောက်ခဲ့စဉ်က

    -နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်မှာ ရခိုင်ပြည်နယ် မာန်အောင်မြို့ကို သွားရောက်ဖို့ရှိနေပြီး NLD ပါတီ အစိုးရတာဝန်ယူခဲ့တဲ့ ၂၀၁၆ ခုနှစ်ကစလို့ ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ်ကို သွားရောက်မှု ဖြစ်ပါတယ်။

    ရခိုင်ပြည်နယ်လွှတ်တော်အမတ် ဦးဘိုးနွဲ့က ဒေါ်အောင်ဆန်းစုကြည်ဟာ မန်အောင်မြို့နယ်က နေစွမ်းအင်သုံး ဓာတ်အားပေးစနစ် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “နေစွမ်းအင်သုံး ဓာတ်အားပေးစနစ် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ပြီးတဲ့နောက် ပြည်သူလူထုနဲ့ တွေ့ဆုံမှာပါ။ ရောက်တုန်းရောက်ခိုက် အခြားနေရာတွေကို သွားမလားဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး”

    လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရနဲ့ တောင်ကိုရီးယား POSCO Daewoo Corporation ကုမ္ပဏီတို့ ပူးပေါင်းဖော်ဆောင်တဲ့ ဒီ နေစွမ်းအင်သုံး ဓာတ်အားပေးစီမံကိန်းကို ပြီးခဲ့တဲ့နှစ်မှာ စတင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလက ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်ကို သွားရောက်ခဲ့ပါတယ်။

    Ref: mmtimes

  • အီတလီနိုင်ငံတွင် အိမ်တစ်လုံး ၁ ဒေါ်လာဖြင့်ရောင်းချသည့်စျေးကွက် မြင့်တက်

    အီတလီနိုင်ငံတွင် အိမ်တစ်လုံး ၁ ဒေါ်လာဖြင့်ရောင်းချသည့်စျေးကွက် မြင့်တက်

    ဒီဇင်ဘာ ၁၈၊ ၂၀၁၉
    M-Media

    အိမ်တစ်လုံး ၁ ဒေါ်လာဖြင့်ရောင်းချသည့် အီတလီမြို့တစ်မြို့

    -အီတလီနိုင်ငံ စစ္စလီကျွန်းပေါ်က ဘီဗိုနာဆိုတဲ့မြို့ငယ်လေးမှာ အိမ်တစ်လုံးကို ၁ ဒေါ်လာနဲ့ ရောင်းချနေပြီး ဝယ်ယူသူတွေအနေနဲ့ တစ်ခြားခံစားခွင့်တွေလည်း ရရှိမယ်လို့ ဆိုပါတယ်။

    ပညာရေး၊ စီးပွားရေး အခွင့်အလမ်းတွေ ပိုများမယ့် မြို့ကြီးတွေကို ရွှေ့ပြောင်းနေသူတွေ များလာတာကြောင့် ‌အီတလီနိုင်ငံရဲ့ ဒေသတစ်ချို့က မြို့ငယ်တွေမှာ လူနေထိုင်မှုတွေ နည်းလာပါတယ်။ ဒါ့ကြောင့် အာဏာပိုင်တွေက မြို့တွေ မပျောက်သွားရေး နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေကြပါတယ်။

    နိုင်ငံတောင်ပိုင်း စစ္စလီကျွန်းက ဘီဗိုနာဆိုတဲ့မြို့လေးမှာလည်း ဒီလိုအခြေအနေမျိုးကို ကြုံတွေ့နေရပါတယ်။ ၁၆ ရာစုလောက်ကနေ စည်ကားခဲ့တဲ့ ဒီမြို့မှာ လွန်ခဲ့တဲ့ နှစ် ၄၀ အတွင်း လူဦးရေ ထက်ဝက်လောက် ကျဆင်းသွားပြီး ဒီကနေ့မှာတော့ လူဦးရေ ၃၈၀၀ သာ ကျန်ရှိပါတော့တယ်။

    မြို့မသေဆုံးဖို့အတွက် မြို့တော်ကောင်စီက မြို့တွင်းမှာရှိနေတဲ့ နေအိမ်တွေကို တစ်ဒေါ်လာနဲ့ ရောင်းချပေးမယ့်အပြင် အခွန်ကင်းလွတ်ခွင့်ပါ ပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။

    စစ္စလီကျွန်း

    မြို့တောင်ကောင်စီရဲ့ ယဉ်ကျေးမှုဆိုင်ရာ တာဝန်ရှိသူ အိန်ဂျလာ ကာနီဇာရိုက ဒီဆောင်ရွက်ချက်ဟာ တစ်ချိန်က စည်ကားခဲ့တဲ့ မြို့ရဲ့သမိုင်းကြောင်းကို ထိန်းသိမ်းဖို့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဘီဗိုနာမြို့အပြင် စစ္စလီကျွန်းက အခြားမြို့တွေမှာလည်း လူနေထိုင်မှု နည်းလာတာကြောင့် နေအိမ်တွေကို ၁ ဒေါ်လာလောက်နဲ့ ရောင်းချမှုတွေ ပြုလုပ်နေပါတယ်။ တစ်ချို့ဒေသတွေမှာဆိုရင် ဝယ်ယူသူတွေကို ထောက်ပံ့ကြေးပေးမယ်၊ စီးပွာရေးလုပ်ငန်း ထူထောင်ပေးမယ်ဆိုတဲ့ ကမ်းလှမ်းမှုတွေတောင် ရှိနေပါတယ်။

    အဲဒီတစ်ဒေါ်လာဟာ အိမ်ရဲ့ တန်ဖိုးဖြစ်ပြီး မဝယ်ခင်မှာ ဒေါ်လာ ၃ ထောင်ကနေ ၅ ထောင်အထိ စပေါ်ပေးရတာတွေ ရှိပါတယ်။ ၁ နှစ်ကနေ ၃ နှစ်အတွင်း အိမ်ကို ပြင်ဆင်မယ်ဆိုတဲ့ ကတိကဝတ်နဲ့ စပေါ်ပေးထားရတာဖြစ်ပြီး အဲဒီကာလမှာ အိမ်ပြင်ဆင်ပြီးရင်တော့ စပေါ်ငွေကို ပြန်ထုတ်နိုင်မှာပါ။

    Ref: CNN

  • ဝီဂါအရေး အိုဇေးလ်၏မှတ်ချက်ကို ကန်နိုင်ငံခြားရေးဝန်ကြီး ထောက်ခံ

    ဝီဂါအရေး အိုဇေးလ်၏မှတ်ချက်ကို ကန်နိုင်ငံခြားရေးဝန်ကြီး ထောက်ခံ

    ဒီဇင်ဘာ ၁၈၊ ၂၀၁၉
    M-Media

    -တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်မှာ ဝီဂါမွတ်စလင်တွေ ဖိနှိပ်ချုပ်ချယ်ခံနေရမှုအပေါ် အာဆင်နယ်ကွင်းလယ်လူ မီဆု အိုဇေးလ်ရဲ့ ဝေဖန်မှုကို ထောက်ခံတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုက ဆိုရှယ်မီဒီယာမှာ ရေးသားလိုက်ပါတယ်။

    ဝီဂါတွေ ဖိနှိပ်ညှင်းပမ်းခံနေရမှုမှာ မွတ်စလင်တိုင်းပြည်တွေက နှုတ်ဆိတ်နေတာကို အိုဇေးလ်က ပြီးခဲ့တဲ့တစ်ပတ်မှာ ဝေဖန်ပြောဆိုခဲ့တာဖြစ်ပြီး ညှမ်းပမ်းမှုကို တွန်းလှန်တဲ့ ဝီဂါတွေကိုလည်း သူရဲကောင်းတွေလို့ သမုတ်ခဲ့ပါတယ်။ ဒီရေးသားမှုကြောင့် တရုတ်နိုင်ငံသားတစ်ချို့ ဒေါသထွက်ခဲ့ပြီး တရုတ်နိုင်ငံပိုင်ရုပ်သံလိုင်း CCTV က ပြီးခဲ့တဲ့တစ်ပတ် အာဆင်နယ်နဲ့ မန်စီးတီးပွဲကို ထုတ်လွှင့်ပြသခြင်း မပြုခဲ့ပါဘူး။

    အာဆင်နယ်အသင်းကတော့ အိုဇေးလ်ရဲ့ပြောဆိုမှုဟာ ပုဂ္ဂလိကအမြင်သာဖြစ်ပြီး အသင်းအနေနဲ့ နိုင်ငံရေးမှာ မပါဝင်ရဆိုတဲ့မူကို ဆုပ်ကိုင်ထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုက တရုတ်ကွန်မြူနစ်ပါတီရဲ့ ဝါဒဖြန့်မီဒီယာတွေဟာ အိုဇေးလ်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ပုံရိပ်ကို တစ်ရာသီလုံး ပိတ်ပင်ထားနိုင်ပေမယ့် အမှန်တရားကတော့ ပြန့်နှံ့မှာဖြစ်တယ်လို့ မနေ့က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    “ဝီဂါတွေနဲ့ တစ်ခြားဘာသာ‌ရေးအုပ်စုတွေအပေါ် ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တရုတ် ကွန်မြူနစ်ပါတီက ဖုန်းကွယ်ထားနိုင်မှာ မဟုတ်ပါဘူး”

    တရုတ်ဟာ ရှင်ကျန်းပြည်နယ်မှာ ဝီဂါနဲ့ အခြားလူနည်းစု စုစုပေါင်း ၁ သန်းကျော်လောက်ကို အကျဉ်းစခန်းတွေမှာ ထိန်းသိမ်းထားပြီး ဦးနှောက်ကျင်းမှုတွေ ပြုလုပ်နေတယ်လို့ ကမ္ဘာ့မီဒီယာတွေက ပြီးခဲ့တဲ့နှစ်မှာ စုံစမ်းဖော်ထုတ်ခဲ့ပါတယ်။ တရုတ်ကတော့ ဒါတွေဟာ အကျဉ်းစခန်းတွေမဟုတ်ဘဲ အသက်မွေးဝမ်းကြောင်း သင်တန်းကျောင်းတွေသာ ဖြစ်တယ်လို့ တုန့်ပြန်ထားပါတယ်။

    Ref: Aljazeera

  • ပါကစ္စတန် စစ်အာဏာရှင်ဟောင်း မူရှာရက်ဖ် နိုင်ငံတော်သစ္စာဖောက်မှုဖြင့် သေဒဏ်ချခံရ

    ပါကစ္စတန် စစ်အာဏာရှင်ဟောင်း မူရှာရက်ဖ် နိုင်ငံတော်သစ္စာဖောက်မှုဖြင့် သေဒဏ်ချခံရ

    ဒီဇင်ဘာ ၁၈၊ ၂၀၁၉
    M-Media

    -စစ်အာဏာရှင်ဟောင်း ပါရ်ဗက်ဇ် မူရှာရက်ဖ်ကို နိုင်ငံတော် သစ္စာဖောက်ဖျက်မှုနဲ့ ပါကစ္စတန်အထူးခုံရုံးက မနေ့မှာ သေဒဏ်ချမှတ်လိုက်ပါတယ်။

    စစ်ခေါင်းဆောင်အဖြစ် ၁၉၉၉ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ မူရှာရက်ဖ်ဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ ပါကစ္စတန်သမ္မတအဖြစ် တာ၀န်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ အာဏာ ဆက်လက်တည်မြဲရေးအတွက် ၂၀၀၇ ခုနှစ်က အခြေခံဥပဒေကို ဖျက်သိမ်းပြီး အရေးပေါ်အခြေအနေ ကြေငြာခဲ့တဲ့လုပ်ရပ်ကြောင့် အခုလို ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာပါ။

    ပါကစ္စတန်စစ်တပ်က ဒီပြစ်ဒဏ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ဥပဒေကြောင်းအရ မှန်မှန်ကန်ကန် ဆောင်ရွက်ခဲ့ခြင်းမရှိဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

    အသက် ၇၆ နှစ်အရွယ် ရှိပြီဖြစ်တဲ့ မူရှာရက်ဖ်ဟာ ၂၀၁၆ ခုနှစ်မှာ နိုင်ငံကနေ ဒူဘိုင်းကို ထွက်သွားပြီး လက်ရှိ ဒူဘိုင်းမှာပဲ ဆေးကုသမှု ခံယူနေပါတယ်။ အခုလအစောပိုင်းက ထုတ်ပြန်တဲ့ ဗီဒီယိုမှာတော့ နိုင်ငံတော် သစ္စာဖောက်မှုနဲ့ သူ့ကို တရားစွဲဆိုထားမှုဟာ အခြေအမြစ်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    ၁၉၉၉ ခုနှစ်မှာ မူရှာရက်ဖ်ရဲ့ အာဏာသိမ်းဖြုတ်ချမှုကို ခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း နာဝဇ်ရှရစ်ဖ်ဟာ ၂၀၁၃ ခုနှစ် အာဏာပြန်ရပြီးတဲ့နောက် ၂၀၁၄ ခုနှစ်မှာ မူရှာရက်ဖ်ကို နိုင်ငံတော် သစ္စာဖောက်ဖျက်မှုနဲ့ ပြန်လည် တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ မူရှာရက်ဖ်ကတော့ ဒီတရားစွဲမှုဟာ နိုင်ငံရေးလှုံ့ဆော်မှုတွေ ပါဝင်တယ်လို့ ‌ပြောကြားခဲ့ပါတယ်။

    တရားသူကြီး ၃ ဦးပါ အထူးခုံရုံးက အခုလို သေဒဏ်ချမှတ်ခဲ့ပေမယ့် တကယ့်လက်တွေ့မှာ မူရှာရက်ဖ်ဟာ ပြစ်ဒဏ်ခံရဖွယ် မရှိပါဘူး။

    Ref: BBC