News @ M-Media

Author: Ko Lay

  • IS အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုကို လက်တုန့်ပြန်မည်ဟု အီရန်သမ္မတ ကတိပြု

    IS အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုကို လက်တုန့်ပြန်မည်ဟု အီရန်သမ္မတ ကတိပြု

    ဇန်န၀ါရီ ၅၊ ၂၀၂၃


    M-Media 

    -ထိပ်တန်းဗိုလ်ချုပ် ကာစင် ဆိုလိုင်မာနီကွယ်လွန်တဲ့ နှစ်ပတ်လည် အခမ်းအနား တိုက်ခိုက်ခံရမှုကို လက်တုန့်ပြန်သွားမယ်လို့ အီရန်သမ္မတ အီဘရာဟင် ရိုင်စီက ကတိပြု ပြောကြားလိုက်ပါတယ်။ 

    ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှု ၂ ခုကြောင့် အနည်းဆုံး ၈၉ ဦး သေဆုံးပြီး ၂၈၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ အာဖဂန်နိုင်ငံသားတွေလည်း ပါ၀င်ပါတယ်။ 

    တိုက်ခိုက်မှုကို သူတို့လုပ်တာလို့ IS အဖွဲ့က ထုတ်ပြန်ပါတယ်။ 

    ဒီကနေ့ပြုလုပ်တဲ့ သေဆုံးသူတွေရဲ့ စျာပနအခမ်းအနားမှာ အီရန်သမ္မတ ရိုင်စီက တိုက်ခိုက်မှုအတွက် လက်တုန့်ပြန်သွားမှာဖြစ်ပြီး ကမ္ဘာကြီးနဲ့ ရန်သူတွေဟာ အီရန်ရဲ့ အင်အားနဲ့ လုပ်နိုင်စွမ်းကို မြင်တွေ့ရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ 

    တော်လှန်ရေးအစောင့်တပ်ဖွဲ့ အကြီးအကဲ ဟိုစိန် ဆလ်မာနီကလည်း ဘယ်နေရာမှာပဲဖြစ်နေပါစေ လက်တုန့်ပြန်တိုက်ခိုက်သွားမယ်လို့ ကြုံး၀ါးခဲ့ပါတယ်။ 

    တော်လှန်ရေးအစောင့်တပ်ဖွဲ့ အကြီးအကဲ ကာစင် ဆိုလိုင်မာနီကို ၂၀၂၀ ခုနှစ်မှာ အမေရိကန်က လုပ်ကြံသတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

    Ref: Aljazeera

  • အစ္စရေး၏ လေပိုင်နက်ကျူးကျော်မှုကို လက်ဘနွန်က ကုလထံ တိုင်ကြား

    အစ္စရေး၏ လေပိုင်နက်ကျူးကျော်မှုကို လက်ဘနွန်က ကုလထံ တိုင်ကြား

    ဒီဇင်ဘာ ၅၊ ၂၀၂၃

    M-Media 


    ကျူးကျော် တိုက်ခိုက်ခံခဲ့ရသည့် ဘေရွတ်မြို့မှ လူနေအဆောက်အဦး

    -အခုတစ်ပတ်အစောပိုင်း ဘေရွတ်မြို့မှာ အစ္စရေးက ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး လက်ဘနွန်နိုင်ငံက ကုလ လုံခြုံရေးကောင်စီကို တိုင်ကြားလိုက်ပါတယ်။ 

    အစ္စရေး လေယာဥ်တွေက လက်ဘနွန်လေပိုင်နက်ကို ကျူးကျော်၀င်ရောက်ကာ ဒုံးကျည် ၆ လုံးနဲ့ ဘေရွတ်မြို့က လူနေအိမ်ကို တိုက်ခိုက်ခဲ့တာလို့ တိုင်ကြားစာမှာ ဖော်ပြပါတယ်။

    ဒီတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်ရဲ့ ဒုတိယခေါင်းဆောင် အပါအ၀င် အနည်းဆုံး ၇ ဦး သေဆုံးခဲ့ပါတယ်။ 

    လက်ဘနွန်လေပိုင်နက်ကို အစ္စရေးက ကျူးကျော်၀င်ရောက်ပြီး ဆီးရီးယားကို တိုက်ခိုက်နေတာကိုလည်း တိုင်ကြားစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။ 

    ဒုတိယကမ္ဘာစစ်အတွင်း နာဇီရန်ကြောင့် အရှေ့ဥရောပကနေ ပြေးလာရတဲ့ ဂျူးတွေ လက်နက်ကိုင်ပြီး ပါလက်စတိုင်းတွေကို သတ်ဖြတ်မောင်းထုတ်ကာ နယ်မြေသိမ်းပိုက်ပြီးနောက် ပေါ်ပေါက်လာတဲ့ အစ္စရေးနိုင်ငံဟာ ပတ်၀န်းကျင်နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို အလေးမထားဘဲ ကျူးကျော်တိုက်ခိုက်မှုတွေကို နှစ်ပေါင်းများစွာ ပြုလုပ်နေတာ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • တောင်ကိုရီးယား အတိုက်အခံခေါင်းဆောင် ဓားထိုးခံရ

    တောင်ကိုရီးယား အတိုက်အခံခေါင်းဆောင် ဓားထိုးခံရ

    ဇန်န၀ါရီ ၂၊ ၂၀၂၃

    M-Media 


    -တောင်ကိုရီးယားနိုင်ငံက အတိုက်အခံပါတီ ခေါင်းဆောင် လီဂျေမြုံဟာ ဘူဆန်က သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ လည်ပင်းကို ဓားနဲ့ အထိုးခံခဲ့ရပါတယ်။ 

    လီဟာ ၂၀၂၂ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတကို ပွတ်ကာသီကာ ရှုံးနိမ့်ခဲ့သူ ဖြစ်ပါတယ်။ 

    အသက် ၆၆ နှစ်အရွယ်ရှိပြီး ကိုရီးယား ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်ပါ။ ဘူဆန်မြို့က ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို သွားရောက်ကြည့်ရှုပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံစဥ်မှာ တိုက်ခိုက်ခံလိုက်ရတာဖြစ်ပါတယ်။ 

    တိုက်ခိုက်သူက လက်မှတ်ထိုးခိုင်းဖို့ ပုံစံနဲ့ အနားကပ်ကာ ဓားနဲ့ထိုးခဲ့တာပါ။ လည်ပင်းမှာ ၁ စင်တီမီတာလောက် ပြတ်ရှဒဏ်ရာ ရခဲ့ပြီး တိုက်ခိုက်သူက သေအောင်သတ်ဖို့ ရည်ရွယ်ခဲ့တာလို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။ တိုက်ခိုက်မှုနောက်ကွယ်က အကြောင်းအရင်းကို တိတိကျကျ မသိရသေးပါဘူး။ 

    လက်ရှိမှာတော့ အရေးပေါ်ဌာနမှာ ကုသမှုခံနေရပြီး အသက်အန္တရာယ်စိုးရိမ်စရာမရှိဘူးလို့ ကျန်းမာရေး တာ၀န်ရှိသူတွေက ထုတ်ပြန်ပါတယ်။ 

    တိုက်ခိုက်မှုကို လက်ရှိသမ္မတ ယွန်ဆွတ်ယို အပါအ၀င် တောင်ကိုရီးယား နိုင်ငံရေးအသိုင်းအ၀ိုင်းက ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပါတယ်။ 

    Ref: BBC

  • ၂၄ နာရီအတွင်း လူ ၂၀၀ သတ်ဖြတ်ခဲ့သည့် အစ္စရေး

    ၂၄ နာရီအတွင်း လူ ၂၀၀ သတ်ဖြတ်ခဲ့သည့် အစ္စရေး

    ဇန်န၀ါရီ ၂၊ ၂၀၂၃

    M-Media 


    -ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဂါဇာကမ်းမြှောင်က အရပ်ဖက်နေရာ ၁၅ နေရာကို အစ္စရေးက တိုက်ခိုက်ကာ အနည်းဆုံး လူ ၂၀၀ လောက် သတ်ဖြတ်ခဲ့ပါတယ်။ 

    တိုက်ခိုက်မှုအတွင်း ၃၃၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။ 

    အောက်တိုဘာ ၇ ရက်နေ့ အစ္စရေးရဲ့ လူသတ်ပွဲ စတင်ကတည်းက ဂါဇာမှာ အသတ်ခံရသူအရေအတွက်ဟာ ၂၂၁၈၅ ဦး ရှိလာပြီး ဒဏ်ရာ ရသူက အနည်းဆုံး ၅၇၀၀၀ ရှိနေပါတယ်။ 

    အသတ်ခံရသူ အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေပါ။ 

    ဟားမက်စ်ကို လက်တုန့်ပြန်တယ်လို့ အစ္စရေးက ထုတ်ပြန်ထားပေမယ့် နေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဒုက္ခသည်စခန်းတွေနဲ့ ဆေးရုံတွေကို အဓိကထား တိုက်ခိုက်နေတာဖြစ်ပါတယ်။ 

    ပါလက်စတိုင်းပိုင်နက်ဖြစ်တဲ့ အနောက်ဖက်ကမ်းမှာလည်း အစ္စရေးတပ်ဖွဲ့နဲ့ ဂျူးအစွန်းရောက်တွေက အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း ပါလက်စတိုင်း ၂၃၀ ကျော်ကို သတ်ဖြတ်ထားပါတယ်။ 

    Ref: Aljazeera

  • ကိုလိုနီအစ္စရေး၏ သွေးခွဲရန်အကြံကို လက်မခံဟု ပါလက်စတိုင်း လူမျိုးစုများထုတ်ပြန်

    ကိုလိုနီအစ္စရေး၏ သွေးခွဲရန်အကြံကို လက်မခံဟု ပါလက်စတိုင်း လူမျိုးစုများထုတ်ပြန်

    ဇန်န၀ါရီ ၂၊ ၂၀၂၃

    M-Media 


    -ဂါဇာကမ်းမြှောင်ကို ဒေသတွေခွဲပြီး လူမျိုးစုတွေကို အုပ်ချုပ်ခိုင်းကာ နောက်ကွယ်ကနေ ချုပ်ကိုင်ထားမယ့် အစ္စရေးရဲ့ အကြံအစည်ကို လက်မခံဘူးလို့ ပါလက်စတိုင်းလူမျိုးစုတွေက ထုတ်ပြန်ပါတယ်။ 

    အောက်တိုဘာ ၇ ရက်နေ့ ဂါဇာမှာစတင်တဲ့ အစ္စရေးရဲ့ လူသတ်ပွဲကြောင့် သေဆုံးသူ ပါလက်စတိုင်းအရေအတွက်ဟာ ၂၂၀၀၀ ရှိလာပြီ ဖြစ်ပါတယ်။ 

    အစ္စရေးဟာ ဂါဇာက ပါလက်စတိုင်းတွေကို အီဂျစ်ပိုင်နက်ထဲ အပြီးမောင်းထုတ်ဖို့ စီစဥ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေသလို၊ ဂါဇာကို အပိုင်းတွေပိုင်းကာ ပါလက်စတိုင်းလူမျိုးစုတွေထံ ခွဲ၀ေအုပ်ချုပ်ခိုင်းမယ်ဆိုတဲ့ သတင်းတစ်ခုလည်း အခုရက်ပိုင်းမှာ ထွက်လာပါတယ်။ 

    လူမျိုးစုတွေအကြား သွေးကွဲစေမယ့် လက်၀ေခံ အုပ်ချုပ်ခိုင်းမှု စနစ်ကို လက်မခံဘူးလို့ ပါလက်စတိုင်း လူမျိုးစုကောင်စီက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ 

    “ကျူးကျော်သိမ်းပိုက်သူတွေဟာ ဂါဇာမှာ သူတို့ရဲ့ ကျရှုံးမှုကို ဖုံးကွယ်ဖို့နဲ့ ပါလက်စတိုင်း လူ့အဖွဲ့အစည်းမှာ ရှုပ်ထွေးမှုတွေ၊ ပြဿနာတွေ ဖန်တီးဖို့ လုပ်ဆောင်တာပါ” လို့ လူမျိုးစုကောင်စီရဲ့ ကော်မရှင်နာမင်းကြီး အက်ဖ် အလ်-မတ်စ်ဆာရီက ပြောပါတယ်။ 

    ပါလက်စတိုင်း တော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ ဟားမက်စ်နဲ့ ဖာတာတို့အကြား အကွဲအပြဲတွေကို အဆုံးသတ်ကာ ညီညွတ်တဲ့ အမျိုးသားခေါင်းဆောင်မှုတစ်ရပ် ပေါ်ပေါက်လာဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

    Ref: Aljazeera