News @ M-Media

Author: Ko Lay

  • အစ္စရေး၏ လူသတ်ပွဲကြောင့် ဂါဇာတွင် မိဘမဲ့ကလေးငယ်အရေအတွက် မြင်မားလာ

    အစ္စရေး၏ လူသတ်ပွဲကြောင့် ဂါဇာတွင် မိဘမဲ့ကလေးငယ်အရေအတွက် မြင်မားလာ

    ဇန်န၀ါရီ ၁၊ ၂၀၂၃

    M-Media 


    -အသက် ၉ နှစ်အရွယ် ရာဇန်ရှာဘတ်ဟာ ဦးခေါင်းဒဏ်ရာ၊ ဦးနှောက်ထိခိုက်မှု၊ ခြေ၊ လက် သွင်သွင်ကြိုးနေကာ သတိလစ်တဲ့ အနေအအထားနဲ့ လွန်ခဲ့တဲ့ တစ်လအရင်က  အလ်အက္ကဆာဆေးရုံကို ရောက်ရှိလာခဲ့ပါတယ်။ 

    ဘယ်သူဘယ်၀ါမှန်းမသိတဲ့အတွက် ပထမ ၄ ရက်အတွင်း သူမကို “အမည်မသိစာရင်း” ထဲ ထည့်သွင်းထားခဲ့ပါတယ်။

    လက်ရှိအချိန်မှာတော့ ရာဇန်လေးဟာ အရေးပေါ်အခန်းကဆင်းကာ ဆေးရုံ၀န်းထဲက တဲတစ်ခုမှာ ဆေးကုသမှု ခံယူနေရဆဲပါ။ သူမရဲ့ မိဘနှစ်ပါးစလုံး အသတ်ခံလိုက်ရတယ်ဆိုတာကို ဆရာ၀န်တွေ၊ သူနာပြုတွေက သူမကို မပြော၀ံ့သေးပါဘူး။

    ရာဇန်နဲ့ မိသားစုဟာ နူစီရတ် ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့အချိန် အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု ခံခဲ့ရတယ်ဆိုတာ ကျန်းမာရေး၀န်ထမ်းတွေက စုံစမ်းသိရှိခဲ့ရပါတယ်။ အစ္စရေးရန်ကြောင့် ဂါဇာမြောက်ပိုင်း တူဖာမြို့ နေအိမ်ကနေ ထွက်ပြေးလာရပြီး ဒုက္ခသည်စခန်းမှာ နေထိုင်နေတဲ့အချိန် တိုက်ခိုက်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ 

    မိသားစုတစ်ခုလုံးမှာ ရာဇန်တစ်ယောက်သာ အသက်ရှင် ကျန်ရစ်ပါတယ်။ 

    ဆေးရုံရောက်ပြီး ၅ ရက်မြောက်တဲ့နေ့ သတိရတဲ့အချိန်မှာ ရာဇန်က မိဘတွေအကြောင်း မေးပါတယ်။ 

    “အသတ်ခံလိုက်ရတဲ့ မိဘတွေအကြောင်း ကလေးတွေက မေးတဲ့ မေးခွန်းတွေဟာ ဖြေရအခက်ဆုံး မေးခွန်းတွေပါ။ ရာဇန်လေး မေးတဲ့အချိန်မှာ ကျွန်တော် ဆွံ့အသွားတယ်။ သမီးလေးအဆင်ပြေသွားမှာပါလို့ပဲ ပြန်ဖြေခဲ့ရတယ်” လို့ အက်အက္ကဆာ ဆေးရုံရဲ့ အရေးပေါ်ဌာန ဆရာ၀န် ဒေါက်တာ အီဘရာဟင် မတ္တာရ်က ပြောပါတယ်။

    “ရာဇန်လေးက သိပ်တော်တယ်၊ ချစ်ဖို့လည်းကောင်းတယ်။ တစ်မိသားစုလုံး အသတ်ခံလိုက်ရတယ်ဆိုသာ သူ မသိရှာဘူး။ အားလုံး ရှိနေသေးတယ်လို့ပဲ သူက ထင်နေသေးတယ်။ သူကို့ ဆေးကုသမှုမှာ အထစ်အငေါ့ မရှိစေချင်တာကြောင့် အမှန်ကို ပေးမသိရဲသေးဘူး” 

    အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း ဂါဇာက အစ္စရေးရဲ့ လူသတ်ပွဲမှာ ပါလက်စတိုင်းကလေးငယ် ၈၂၀၀ ကျော် အသတ်ခံထားရပါတယ်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရသူ အရေအတွက်က အလွန်များပြားပါတယ်။ မိဘနှစ်ပါးလုံး၊ မိဘနဲ့ ဆွေမျိုးတွေအားလုံး အသတ်ခံလိုက်ရတဲ့ ကလေးငယ်တွေလည်း ရှိပါတယ်။ လက်ရှိမှာ ကျန်းမာရေး၀န်ထမ်းတွေက သူတို့ကို စောင့်ရှောက်ထားရပြီး အနာဂတ်မှာ ဘယ်လို စီမံရမလဲဆိုတာကိုလည်း မသိရှိသေးပါဘူး။ 

    ဒီကလေးငယ်တွေမှာ သွားစရာမြေ မရှိတော့ပါဘူး။ 

    မိဘမဲ့များ

    အစ္စရေးရဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေကြောင့် ဆေးရုံရောက်လာသူ အများစုဟာ ကလေးငယ်တွေဖြစ်တယ်လို့ မတ္တာရ်က ပြောပါတယ်။ သူတို့ကို ကုသစောင့်ရှောက်ပေးဖို့ကလည်း ကျန်းမာရေး၀န်ထမ်းတွေအတွက် စိန်ခေါ်မှုတစ်ရပ်ပါ။ 

    “တစ်ခြားလူနာတွေအားလုံး အိပ်ပျော်နေတဲ့အချိန် ညသန်းခေါင်လောက်မှာ ရာဇန်က ထပြီးအော်ငိုတယ်။ ဒဏ်ရာတွေကြောင့် အိပ်ဆေးမပေးရင် သူ မအိပ်နိုင်တော့ဘူး။ အိပ်ဆေးတွေ ထိုးထိုးပေးရတယ်။ နာတဲ့ဒဏ်တွေ လျော့သွားအောင် ညတိုင်း ကျွန်တော်သူ့ကို ပုံပြင်ပြောပြပြီး အာရုံလွှဲရပါတယ်” 

    နာကျင်မှုဒဏ်ခံရပြီး၊ စိတ်ခြောက်ခြားနေတဲ့ ကလေးငယ်တွေကို ငြိမ်နေအောင်လုပ်ဖို့အတွက် ဂါဇာက ကျန်းမာရေး၀န်ထမ်းတွေဟာ အနာပျောက်ဆေးတွေ၊ အိပ်ဆေးတွေ ပိုမိုအသုံးပြုနေရပါတယ်။ ဒါဟာ သိပ်ကောင်းတဲ့အရာတော့ မဟုတ်ပါဘူး။ 

    ကလေးငယ်တွေနဲ့ သင့်တော်မယ့် ဆေး၀ါး မရတဲ့အတွက် လူကြီးသုံးဆေး၀ါးတွေနဲ့ ကုသနေရတာပါ။ နောက်ပိုင်း ကျန်းမာရေးပြဿနာတွေ ဖြစ်လာမှာကို ဒေါက်တာ မတ္တာရ်က စိုးရိမ်နေပါတယ်။ 

    အစ္စရေးရဲ့ အကြမ်းဖက် လူသတ်ပွဲ စတင်ကတည်းက သိန်းနဲ့ချီတဲ့ ဂါဇာပြည်သူတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အန္တရာယ်ကင်းမယ်လို့ထင်တဲ့ ဆေးရုံတွေ၊ ကျောင်းတွေမှာ ခိုလှုံခဲ့ရပါတယ်။ အစ္စရေးကတော့ ဒီနေရာတွေကိုလည်း အလွတ်မပေးပါဘူး။ 

    ဒဏ်ရာရတဲ့ ကလေးငယ်တွေ နေ့စဥ် ရောက်လာမှုနဲ့အတူ ဂါဇာက ဆေးရုံတွေဟာ မိဘမဲ့၊ မိသားစုမဲ့ကလေးငယ်တွေ ခိုလှုံရာနေရာ ဖြစ်လာပါတယ်။ 

    အကောင်းဆုံးကြိုးစားနေ 

    ဘေဘီ ဟာဆန် မက်ရှ်မက်ရှ်ကို အပျက်အဆီးတွေကြားထဲက ကယ်တင်ခဲ့ရချိန်မှာ အသက် ၅ ရက်သာ ရှိပါသေးတယ်။ ဒီရ် အလ်ဘာလာမြို့က သူတို့အိမ်ကို နို၀င်ဘာလမှာ အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး မိသာစုတစ်ခုလုံးနဲ့ ဆွေမျိုး စုစုပေါင်း ၅၈ ဦး သေဆုံးခဲ့ပါတယ်။ 

    “သူနာပြုအဖွဲ့တစ်ခုလုံးက ဘေဘီ ဟာဆန် မက်ရှ်မက်ရှ်ကို စောင့်ရှောက်နေတယ်။ အန္တရာယ်ကင်းတယ်လို့ သူခံစားရပြီး ဆေးကုသမှုတွေကို အကောင်းဆုံးတုန့်ပြန်နိုင်အောင် ကျွန်မတို့ ကြိုးစားနေရပါတယ်”လို့ သူနာပြု ၀ါရ်ဒါ အလ်အာ၀ါဒါက ပြောပါတယ်။ 

    နောက်ဆုံးမှာတော့ ဆွေမျိုးနီးစပ်တဲ့ အသက် ၅၄ နှစ်အရွယ် မိုဟာမက် မက်ရှ်မက်ရှ်ထံ ကလေးကို လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်။ 

    နောက်ထပ်ကလေးငယ်တစ်ဦးက မိုတက်ဇ် အဘူအီဆာ ဖြစ်ပါတယ်။ အသက် ၇ နှစ်အရွယ်ရှိပြီး မကြာသေးခင်ကမှ အရေးပေါ်ဌာနကနေ ဆင်းခဲ့ရသူပါ။ မိဘတွေကတော့ အသတ်ခံလိုက်ရပါတယ်။ တင်ပါးဆုံရိုး၊ လက်နဲ့ ခြေထောက် ကျိုးတဲ့ဒဏ်ကြောင့် ဆေးရုံမှာ ရက်ပေါင်း ၂၀ ကုသမှု ခံခဲ့ရပါတယ်။ 

    “သူမှာ မိဘတွေမရှိတော့ဘူး။ အမျိုးဆိုလို့ ကျွန်တော်တစ်ယောက်တည်း ကျန်ပါတယ်။ သူဟာ တစ်ရက်ကို ထမင်းတစ်နပ်ပဲစားရတယ်။ ပါမုန့်နဲ့ ခရမ်းချဥ်းသီးအနည်းငယ်ပါ။ စစ်ပွဲပြီးရင် ယူအေအီးက သူ့ဦးလေးတွေဆီ သွားဖို့ အစက စီစဥ်ထားတာပါ။ အခုတော့ ဆေးသွားကုရမယ့် အနေအထား ဖြစ်သွားပါပြီ။ ဒီအခြေအနေ မကြာခင် ပြီးဖို့ သူ မျှော်လင့်နေပါတယ်”လို့ မိုတက်ဇ်ရဲ့ တစ်ဦးတည်းသော ဆွေမျိုး မိုဟာမက် အဘူအီဆာက ပြောပါတယ်။ 

    Ref: Aljazeera 

  • ပါလက်စတိုင်းပိုင်နက်များရှိ ဂျူးအစွန်းရောက်တို့၏ အကြမ်းဖက်မှုများအကြောင်း သိထားစရာ

    ပါလက်စတိုင်းပိုင်နက်များရှိ ဂျူးအစွန်းရောက်တို့၏ အကြမ်းဖက်မှုများအကြောင်း သိထားစရာ

    ဒီဇင်ဘာ ၂၇၊ ၂၀၂၃
    M-Media

    -ဟားမက်စ်ရဲ့ တိုက်ခိုက်မှုကို တုန့်ပြန်တယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ ဂါဇာကမ်းမြှောင်မှာ အစ္စရေးစစ်တပ်က လူသတ်ပွဲ ဆင်နွှဲနေချိန် ပါလက်စတိုင်းပိုင်နက် နောက်တစ်ခုဖြစ်တဲ့ အနောက်ဖက်ကမ်းမှာလည်း တရားမ၀င်ဂျူးအစွန်းရောက်တွေက ဒေသခံ ပါလက်စတိုင်းတွေကို အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ် မောင်းထုတ်မှု တိုးမြှင့် ပြုလုပ်လာခဲ့ပါတယ်။

    ကုလသမဂ္ဂကတော့ ၂၀၂၃ ခုနှစ်ဟာ တရားမ၀င် ဂျူးအစွန်းရောက်တွေရဲ့ တိုက်ခိုက်မှု အမြင့်ဆုံးနှစ်ဖြတ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

    နှစ်အစက ပျမ်းမျှ အကြမ်းဖက်မှု တစ်ရက်ကို ၃ ခု ရှိရာကနေ အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း ၇ ခုအထိ မြင့်တက်လာတယ်လို့ ကုလရဲ့မှတ်တမ်းမှာ ဖော်ပြပါတယ်။ တိုက်ခိုက်မှု တော်တော်များများမှာ အစ္စရေးစစ်တပ်က ပါ၀င်တာ ဒါမှမဟုတ် ကူညီပေးတာမျိုးတွေကိုလည်း တွေ့ရပါတယ်။

    နှစ်နိုင်ငံတည်ရှိရေးမူအရ ၁၉၆၇ ခုနှစ် နယ်ခြားလိုင်းအတွင်း ရှိနေတဲ့ ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးက ဒေသခံတွေကို မောင်းထုတ်ကာ တရားမ၀င် အခြေချရပ်ကွက် ၂၅၀ လောက် တည်ဆောက်ထားပါတယ်။ အဲဒီအိမ်ယာတွေမှာ နေထိုင်တဲ့ ဂျူးအရေအတွက်ဟာ ၆ သိန်းကနေ ၇ သိန်းအထိ ရှိပါတယ်။

    ဒီအိမ်ယာတွေကို အစ္စရေးရဲ့ အဓိကမဟာမိတ် အမေရိကန်အပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းက တရားမ၀င်လို့ သတ်မှတ်ထားတာပါ။

    တရားမ၀င်ဂျူးတွေက ပါလက်စတိုင်းတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုကို ကုလသမဂ္ဂက ၂၀၀၉ ခုနှစ်မှာ စတင် မှတ်တမ်းတင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်း အကြမ်းဖက်မှုပေါင်း ၆၀၂၂ ခုရှိပြီး ပျမ်းမျှ တစ်ရက်ကို အနည်းဆုံး ၁ ခု လုပ်ဆောင်တာပါ။

    ၁၉၆၇ ခုနှစ်နောက်ပိုင်း ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးက ဖြိုချဖျက်ဆီးခဲ့တဲ့ ရပ်ကွက်နဲ့ အဆောက်အဦးပေါင်း ၅ သောင်းကျော် ရှိပါတယ်။

    နိုင်ငံတကာအသိုင်းအ၀ိုင်းက ဆန့်ကျင်ကန့်ကွက်နေပေမယ့်လည်း အစ္စရေးက ဒီ တရားမ၀င်အိမ်ယာတွေ ဆောက်လုပ်ဖို့ ဆက်လက် စီစဥ်နေဆဲ ဖြစ်ပါတယ်။

    ၂၀၀၉ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ ဖျက်ဆီးခံရတဲ့ အဆောက်အဦးနဲ့ ရပ်ကွက်အရေအတွက်ဟာ တစ်သောင်းကျော်ရှိပြီး အနည်းဆုံး ပါလက်စတိုင်း ၁၅၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလရဲ့ မှတ်တမ်းတွေမှာ ဖော်ပြပါတယ်။

    အစ္စရေးစစ်တပ်က ဂါဇာမှာ ၂ လကျော်အတွင်း လူ ၂၁၀၀၀ ကျော် သတ်ဖြတ်ထားတဲ့အချိန် အနောက်ဖက်ကမ်းမှာလည်း ဂျူးအစွန်းရောက်တွေလက်ချက်ကြောင့် သေဆုံးသူ ပါလက်စတိုင်းအရေအတွက်ဟာ ၂၇၅ ဦးရှိပါတယ်။

    ဇန်န၀ါရီလကနေ အောက်တိုဘာ ၇ ရက်နေ့ မတိုင်ခင်အထိ အနောက်ဖက်ကမ်းမှာ အသတ်ခံရတဲ့ ပါလက်စတိုင်းအရေအတွက်ဟာ ၂၀၈ ဦးရှိတာကြောင့် ၂၀၂၃ ခုနှစ်အတွင်း အစ္စရေးစစ်တပ်နဲ့ ဂျူးအစွန်းရောက်တွေရဲ့ အကြမ်းဖက်မှုကြောင့် အနောက်ဖက်ကမ်းမှာ သေဆုံးရသူ အရေအတွက်ဟာ ၄၈၃ ဦး ရှိလာပြီ ဖြစ်ပါတယ်။

    ၂၀၀၄ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ အနောက်ဖက်ကမ်းမှာ အစ္စရေးနဲ့ ဂျူးအစွန်းရောက်တွေရဲ့ သတ်ဖြတ်မှုကို ခံရသူအရေအတွက်က အနည်းဆုံး ၁၈၈၂ ဦး ရှိနေပါတယ်။

    Ref: Aljazeera

  • ဇန်န၀ါရီ ၁၄ ရက်နေ့တွင် ထီးနန်းစွန့်တော့မည့် ဒိန်းမတ်ဘုရင်မ

    ဇန်န၀ါရီ ၁၄ ရက်နေ့တွင် ထီးနန်းစွန့်တော့မည့် ဒိန်းမတ်ဘုရင်မ

    ဇန်န၀ါရီ ၁၊၂၀၂၃

    M-Media


    -၅၂ နှစ်တာ ထီးနန်းစိုးစံခဲ့ပြီးတဲ့နောက် ဇန်န၀ါရီ ၁၄ ရက်နေ့မှာ နန်းစွန့်တော့မယ်လို့ ဒိန်းမတ်ဘုရင်မ မာဂရတ် ၂ က နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်သွင်းကြေငြာလိုက်ပါတယ်။ 

    ထီးနန်းကို သားအကြီးဖြစ်တဲ့ အိမ်ရှေ့မင်းသား ဖက်ဒရစ်က ဆက်ခံမယ်လို့လည်း ဘုရင်မက ဆိုပါတယ်။ 

    ဘုရင်မမာဂရတ်ဟာ သက်တော် ၈၃ နှစ် ရှိပါပြီ။ ၁၉၇၂ ခုနှစ်ကတည်းက ထီးနန်းစိုးစံလာခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာမှာ နတ်ရွာစံခဲ့တဲ့ အင်္ဂလန်ဘုရင်မကြီး အဲလိဇဘတ် ၂ ပြီးတဲ့နောက် ဥရောပမှာ နန်းသက်အရှည်ဆုံး နိုင်ငံဦးသျှောင်ဖြစ်ပါတယ်။ 

    ၂၀၂၃ ခုနှစ် ဖေဖော်၀ါရီလ ကျောကုန်းခွဲစိပ်ခဲ့ရမှုက နန်းစွန့်ဖို့ စဥ်းစားခဲ့ရတဲ့ အကြောင်းအရင်းဖြစ်တယ်လို့ ဘုရင်မကြီး မာဂရတ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။ 

    “ဒီခွဲစိပ်မှုကြောင့် တာ၀န်၀တ္တရားတွေကို မျိုးဆက်သစ်တွေဆီ လွှဲပေးရတော့မယ့်အချိန် ရောက်နေပြီလားဆိုတဲ့ အနာဂတ်အတွက် အတွေးတွေ အများကြီး ပေါ်လာတယ်။ အခုတော့ အချိန်ကျပြီလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ချစ်လှစွာသော ခမည်းတော်ရဲ့ အရိုက်အရာကို ၅၂ နှစ်တာ ဆက်ခံခဲ့ပြီးတဲ့နောက် ၂၀၂၄ ခုနှစ် ဇန်န၀ါရီ ၁၄ ရက်မှာ ဒိန်းမတ်နိုင်ငံ ဘုရင်မဘွဲ့ကို စွန့်လွှတ်ပါတော့မယ်။ သားတော် အိမ်ရှေ့မင်းသား ဖက်ဒရစ်က အရိုက်အရာကို ဆက်ခံမှာ ဖြစ်ပါတယ်”

    ဘုရင်မ မာဂရတ်ဟာ ဒိန်းမတ်ပြည်သူတွေရဲ့ ချစ်ခင်မြတ်နိုးမှုကို ခံရသူတစ်ဦးလည်း ဖြစ်ပါတယ်။ 

    Ref: Reuters 

  • ဂါဇာရှိ အပျက်အစီးများအောက်တွင် ပိတ်မိနေသူ ၇၀၀၀ ကျော်ရှိနေ

    ဂါဇာရှိ အပျက်အစီးများအောက်တွင် ပိတ်မိနေသူ ၇၀၀၀ ကျော်ရှိနေ

    ဒီဇင်ဘာ ၃၁၊ ၂၀၂၃

    M-Media 


    -အစ္စရေးလက်ချက်ကြောင့် ဂါဇာကမ်းမြှောင်တစ်ခုလုံးမှာ ပြိုကျပျက်ဆီးသွားတဲ့ အဆောက်အဦးတွေအောက် ပိတ်မိနေသူအရေအတွက်ဟာ ၇၀၀၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။ 

    ပိတ်မိနေသူ အားလုံးနီးပါးဟာ အသက်ရှင်လျက် ပြန်လည်တွေ့ရှိဖို့ အလားအလာ မရှိတော့ပါဘူး။ ၇ ထောင်ကျော်ထဲက ၄၉၀၀ ဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ 

    အောက်တိုဘာ ၇ ရက်နေ့ ဂါဇာမှာ အစ္စရေးက စတင်ပြုလုပ်ခဲ့တဲ့ အကြမ်းဖက်လူသတ်ပွဲဟာ သမိုင်းတစ်လျှောက် အဆိုး၀ါးဆုံး တိုက်ခိုက်သတ်ဖြတ်မှုဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။ 

    ဂါဇာကမ်းမြှောင်က အဆောက်အဦးတွေရဲ့ ၇၀ ရာခိုင်နှုန်းကို အစ္စရေးက ၂ လကျော်အတွင်း ဖျက်ဆီးထားပြီး ဒုတိယကမ္ဘာစစ်အတွင်း ဂျာမနီကို မဟာမိတ်တပ်တွေ တိုက်ခိုက်တဲ့အချိန် ဖျက်ဆီးမှုပမာဏထက် ပိုမို များပါတယ်။ 

    ဂါဇာ ပြည်သူ့ကယ်ဆယ်ရေးအဖွဲ့ Civil Defence က ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ ကြိုးစားပေမယ့် အသုံးပြုရမယ့် ပစ္စည်းကိရိယာတွေမရှိမှု၊ လောင်စာဆီ မရမှုတွေကြောင့် ထိထိရောက်ရောက် မဆောင်ရွက်နိုင်ပါဘူး။ 

    “ကျွန်တော်တို့မှာရှိတဲ့ပစ္စည်းတွေက အရမ်းဒိတ်အောက်နေပြီ။ ၂၀၀၆ ခုနှစ်ကစလို့ Civil Defence ဟာ ကယ်ဆယ်ရေးပစ္စည်းအသစ်တွေ မရတော့ပါဘူး။ ရနိုင်သလောက် ကိရိယာတွေနဲ့ပဲ ကယ်ဆယ်ရေး လုပ်နေရတာပါ” လို့ ဂါဇာ ပြည်သူ့ကယ်ဆယ်ရေးအဖွဲ့ မီးသတ်ဌာန အကြီးအကဲ ကပ္ပတိန် ရာအဒ် ဆာကာရ်က ပြောပါတယ်။ 

    Civil Defence အဖွဲ့ဟာ ပေါက်တူး၊ ပေါက်ပြား၊ တူတွေနဲ့သာ ကယ်ဆယ်ရေးလုပ်နေရတာ ဖြစ်ပါတယ်။ စက်ပစ္စည်းတစ်ချို့ ရှိပေမယ့် အစ္စရေးက ဓာတ်ဆီတင်သွင်းခွင့် ပိတ်ထားတဲ့အတွက် အသုံးပြုလို့ မရပါဘူး။ 

    “ဓာတ်ဆီသာရှိရင် ကွန်ကရစ်ဖြိုက်စက်တွေ၊ ဖြတ်ဆက်တွေကို သုံးဖြစ်မှာပါ။ အလုပ် ပိုပြီး တွင်ကျယ်နိုင်တာပေါ့ဗျာ။ ဆီမရှိတော့ ဒီစက်တွေကို ပစ်ထားရတယ်”

    အီဂျစ်နဲ့ကပ်နေတဲ့ ရာဖာနယ်ခြားကနေတစ်ဆင့် ကယ်ဆယ်ရေးပစ္စည်းတွေ တောင်းဆိုထားပေမယ့်လည်း ရောက်မလာပါဘူး။ 

    “ကျွန်တော်တို့ရဲ့ လုပ်နိုင်စွမ်းက နည်းတယ်။ အဆောက်အဦး အပျက်အဆီးတွေကို ဖယ်ရှားရှင်းလင်းဖို့အတွက် ကရိန်းတွေ၊ မြေတူးစက်တွေ လိုအပ်ပါတယ်”

    အစ္စရေးဟာ ဂါဇာမှာ ကယ်ဆယ်ရေးအတွက် အသုံးပြုနိုင်တဲ့ ကားတွေ၊ လက်နက်ကိရိယာ ၈၀ ရာခိုင်နှုန်းကိုလည်း ဖျက်ဆီးထားပါတယ်။ 

    တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေတာကြောင့် ကယ်ဆယ်ရေးလုပ်ဖို့ အလွန်ခက်ခဲလာပါတယ်။ 

    “အပျက်အဆီးတွေကြားထဲ ကယ်ဆယ်ရေးလုပ်နေတဲ့ ကျွန်တော်တို့လူတွေကို အစ္စရေးက သတ်ဖြတ်တာတွေရှိတယ်။ တစ်ခါတစ်လေကျရင် သတိပေးဒုံးကျည်တွေပစ်ပြီး ကယ်ဆယ်ရေးလုပ်နေတဲ့သူတွေကို မောင်းထုတ်ပါတယ်” 

    “ဂါဇာစီးတီးနဲ့ ရာဖာမြို့မှာ ကျွန်တော်တို့အဖွဲ့ တိုက်ခိုက်ခံရတယ်။ လူနာတင်ကား ဒုံးကျည်နဲ့အပစ်ခံရပြီး ပျက်ဆီးသွားပါတယ်။ ကယ်ဆယ်ရေးလုပ်နေတဲ့အချိန် တိုက်ခိုက်ခံရမလားဆိုတာ အမြဲတမ်း စိုးရိမ်နေရပါတယ်” လို့ ရာအဒ် ဆာကာရ်က ပြောပါတယ်။ 

    လိုအပ်တဲ့ စက်ကိရိယာတွေ မရှိတာကြောင့် ကယ်ဆယ်ရေး ဆက်မလုပ်နိုင်တော့အတွက် ပိတ်မိနေသူတွေကို ဒီအတိုင်းထားခဲ့ရတဲ့ အခိုက်အတန့်တွေအကြောင်းကိုလည်း ဆာကာရ်က ပြောပါတယ်။ 

    ”တစ်ခြားတစ်နေရာမှာ တိုက်ခိုက်မှုထပ်ဖြစ်ပြီး ကယ်ဆယ်ရေး မြန်မြန်ဆန်ဆန် လုပ်နိုင်မယ့် အခြေအနေမျိုးကြောင့် ၁၀ နာရီလောက်ကြာမယ့် ကယ်ဆယ်ရေးကို ထားခဲ့လိုက်ရတာမျိုးတွေလည်း ရှိပါတယ်”

    အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ အစ္စရေးရဲ့ အကြမ်းဖက်လူသတ်ပွဲကြောင့် ဂါဇာမှာ သေဆုံးသူအရေအတွက် ၂၁၀၀၀ ကျော်လာခဲ့ပြီဖြစ်ပါတယ်။ အသတ်ခံရသူအများစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေပါ။ 

    လူနေအိမ်ယာပေါင်း ၃၁၃၀၀၀၊ ပညာရေးအဆောက်အဦး ၃၅၂ ခု၊ ဆေးရုံ ၂၆ ရုံ၊ လူနာတင်ယာဥ် ၁၀၂ စီး၊ ဘာသာရေးအဆောက်အဦး ၂၀၃ ခုကို အစ္စရေးက တိုက်ခိုက်ဖျက်ဆီးထားပါတယ်။ 

    Ref: Aljazeera

  • ၀ေဟင်တွင် စစ်ကောင်စီနှင့် အပြိုင်ကြဲလာနိုင်သည့် လွတ်မြောက်ရေးအဖွဲ့များ

    ၀ေဟင်တွင် စစ်ကောင်စီနှင့် အပြိုင်ကြဲလာနိုင်သည့် လွတ်မြောက်ရေးအဖွဲ့များ

    ဒီဇင်ဘာ ၃၁၊ ၂၀၂၃

    M-Media 


    -မြန်မာစစ်တပ်က နှစ်ပေါင်းများစွာ စိုးမိုးလာခဲ့တဲ့ လေပိုင်နက်ကို တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအဖွဲ့တွေက တစ်ဖြည်းဖြည်း ချဲ့ထွင်စိုးမိုးလာနေပါတယ်။ 

    “စစ်ကောင်စီစခန်းက ကျွန်တော်တိုနဲ့ ၄ ကီလိုမီတာပဲ၀ေးတယ်။ ကျွန်တော်တို့ တိုက်ခိုက်နိုင်တဲ့ အကွာအ၀ေးပါ” လို့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဒရုန်းယူနစ်ခေါင်းဆောင် ကိုစိုးသူရဇော်က ပြောပါတယ်။ 

    သူတို့အဖွဲ့ဟာ Bomber VIII လို့ အမည်ပေးထားတဲ့ ဒရုန်း ၃ ခုမှာ ၆ ကီလိုဂရမ်လေးတဲ့ ဗုံးတွေကိုတပ်ဆင်ကာ အနီးအနားက စစ်ကောင်စီစခန်းကို တိုက်ခိုက်ခဲ့ကြပါတယ်။ 

    ဒရုန်း ၃ စီးမှာ ၂ စီးက ပစ်မှတ်ကို ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့ပြီး၊ ကျန်တစ်စီးက ချခဲ့တဲ့ဗုံးဟာ စနက်တံမပွင့်တာကြောင့် မပေါက်ကွဲခဲ့ပါဘူး။ 

    တိုက်ခိုက်မှုမှာ ပါ၀င်တဲ့ ဒရုန်း ၃ စီးစလုံး အထိအခိုက်မရှိ စခန်းပြန်ရောက်လာခဲ့ပါတယ်။ 

    တရုတ်၊ ရုရှားထုတ် တိုက်လေယာဥ်တွေနဲ့ ၀ေဟင်ကို နှစ်ပေါင်းများစွာ စိုးမိုးလာခဲ့တဲ့ မြန်မာစစ်တပ်ဟာ လက်ရှိအချိန်မှာတော့ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ လွတ်မြောက်ရေးအဖွဲ့တွေရဲ့ လေကြောင်းအန်တုမှုကို သိသိသာသာ ခံလာခဲ့ရပြီ ဖြစ်ပါတယ်။ 

    သူတို့အဖွဲ့ရဲ့ ဒရုန်းစစ်ဆင်ရေးဟာ ‘ဂျန်ဇီး’ မျိုးဆက်ရဲ့ တီထွင်ကြံဆမှုကနေ ပေါက်ဖွားလာခဲ့တာလို့ ကိုစိုးသူရဇော်က ပြောပါတယ်။ 

    အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ရန်ဖက်တွေရဲ့ ဒရုန်းစစ်ဆင်ရေးကြောင့် အထိနာတယ်ဆိုတာကို ၀န်ခံပြောကြားခဲ့ပါတယ်။ 

    အောက်ဘာလကုန်ပိုင်းက ရှမ်းပြည်နယ်မှာ စတင်ခဲ့တဲ့ တိုင်းရင်းသား မဟာမိတ်အဖွဲ့ရဲ့ စစ်ဆင်ရေးမှာ ဒရုန်းနဲ့ ဗုံးအလုံးပေါင်း ၂၅၀၀၀ လောက်ပစ်ချ တိုက်ခိုက်ခဲ့ပါတယ်။ 

    ဒီစစ်ဆင်ရေးကြောင့် စစ်ကောင်စီဟာ တပ်စခန်းရာချီ စွန့်လွှတ်ခဲ့ရပြီး ထိပ်တန်းတပ်မှူးတွေ သေဆုံးတဲ့အထိ ဖြစ်ခဲ့ပါတယ်။

    သူတို့အသုံးပြုတဲ့ ဒရုန်းတွေရဲ့ သွားနိုင်စွမ်းဟာ အကန့်အသတ်ရှိတဲ့အတွက် တိုက်ခိုက်မှုလုပ်ရတာ အန္တရာယ်မကင်းဘူးလို့ ကိုစိုးသူရဇော်က ပြောပါတယ်။ 

    “ကျွန်တော်တို့က အန္တရာယ်ဇုန်ထဲမှာ လှုပ်ရှားရတာ။ အချိန်မရွေးစစ်ကောင်စီရဲ့ တိုက်ခိုက်မှုကို ခံရနိုင်ပါတယ်”

    တီထွင်ကြံဆ နည်းလမ်းရ

    တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ လွတ်မြောက်ရေးအဖွဲ့တွေဟာ ၀ေဟင်မှာ စစ်ကောင်စီနဲ့ အပြိုင်ကြဲနိုင်ဖို့အတွက် ကိုယ်ထူကိုယ်ထ ကြိုးစားခဲ့ရတာဖြစ်ပါတယ်။ 

    မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဒရုန်းယူနစ်ကို အင်ဂျင်နီယာကျောင်းသား ၂ ဦးနဲ့ စတင်ခဲ့ရတာလို့ ကိုစိုးသူရဇော်က ပြောပါတယ်။ 

    လက်ရှိမှာတော့ အဖွဲ့အ၀င် ၅၀ ကျော် ရှိလာပါပြီ။ 

    ဒရုန်းမှာတပ်မယ့် ဗုံး နမူနာပုံစံတွေထုတ်ဖို့ 3D ပရင်တာတွေကို အသုံးပြုပြီး၊ စမ်းသပ်ပျံသမ်းမှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ရပါတယ်။ စနက်တံ အလုပ် လုပ်၊ မလုပ်ကိုလည်း သစ်ပင်တွေပေါ်ကနေ ပစ်ချ စမ်းသပ်ခဲ့ရပါသေးတယ်။ 

    မန္တလေး ဒရုန်းတပ်ဖွဲ့မှာ အမျိုးသမီးတွေက ၃ ပုံ ၁ ပုံ ပါ၀င်ပါတယ်။ 

    “တစ်ချို့ဒေသတွေကို ကျွန်မတို့ စိုးမိုးထားနိုင်တယ်။ ဆက်လက် ကြိုးစားသွားမှာပါ” လို့ ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက် အာဏာသိမ်းမှုအပြီး လက်နက်ကိုင်လမ်းစဥ်ကိုရွေးခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် မမိုးမိုးက ပြောပါတယ်။ 

    ပြီးခဲ့တဲ့ သီတင်းပတ်တွေက ရှမ်းပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေရဲ့ စစ်ဆင်ရေးအတွက် မိမိတို့ဒရုန်းအဖွဲ့ ပါ၀င်လှုပ်ရှားခဲ့တယ်လို့လည်း ကိုစိုးသူရဇော်က ပြောပါတယ်။ 

    အင်အားကြီးတဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့ကို ဒရုန်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ သင်ကြားမှုတွေ ပြုလုပ်ပေးခဲ့သလို၊ ပူးပေါင်းပါ၀င် တိုက်ခိုက်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။ 

    ဒရုန်းတစ်ခေတ် 

    နမ့်ဆမ်မြို့ စစ်တပ် တပ်စွဲထားတဲ့ လက်ဖက်ခြောက်စက်ရုံကို အခုလအစောပိုင်းက သိမ်းပိုက်မှုမှာ ဒရုန်းလက်နက်ကို သုံးခဲ့တယ်လို့ TNLA က ပြောပါတယ်။ 

    လက်ရှိမှာတော့ လက်ဖက်ခြောက်စက်ရုံနဲ့ နမ့်ဆမ်မြို့ကိုပါ TNLA က သိမ်းပိုက်ထားနိုင်ပါပြီ။

    လူမျိုးစုလွတ်မြောက်ရေး နှစ်ပေါင်းများစွာ လှုပ်ရှားခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ နောက်ပိုင်း အားကောင်းလာကြတဲ့ လူငယ် လွတ်မြောက်ရေးအဖွဲ့တွေကို လေ့ကျင့်သင်ကြား ကူညီပေးခဲ့ကြပါတယ်။ 

    “လွတ်မြောက်ရေးစတုန်းက လက်လုပ်သေနတ်တွေကို ကျွန်တော်တို့ သုံးခဲ့ကြရတယ်။ အခုတော့ ဒရုန်းတစ်ခေတ်ဖြစ်လာပါပြီ” လို့ TNLA ပြောရေးဆိုခွင့်ရှိသူ တာအိုက်ကျော်က ပြောကြားခဲ့ပါတယ်။ 

    Ref: AFP