News @ M-Media

Author: Ko Lay

  • ၄ လတာကြာမြင့်လာပြီဖြစ်သည့် ကက်ရှ်မီးယားက ဖိနှိပ်ချုပ်ချယ်မှု နည်းလမ်းသစ်

    ၄ လတာကြာမြင့်လာပြီဖြစ်သည့် ကက်ရှ်မီးယားက ဖိနှိပ်ချုပ်ချယ်မှု နည်းလမ်းသစ်

    ဒီဇင်ဘာ ၁၂၊ ၂၀၁၉
    M-Media


    ဆရီနာဂါက နှစ် ၆၀၀ သက်တမ်းရှိ သမိုင်းဝင် ‘ဂျာမီယာဗလီ’

    -အိန္ဒိယအစိုးရဟာ ဂျာမူးနဲ့ ကက်ရှ်မီးယားဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရုပ်သိမ်းပြီး ဖြတ်တောက်ပိတ်ဆို့မှုတွေ လုပ်ဆောင်ထားတာ ၄ တာ ရှိလာခဲ့ပြီး ဒေသခံတွေအပေါ် စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး ဖိနှိပ်ချုပ်ချယ်မှုတွေလည်း ဆက်လက်ဖြစ်ပွားနေပါတယ်။

    ဩဂုတ်လ ၅ ရက်နေ့မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရုပ်သိမ်းပြီးတဲ့နောက် အောက်တိုဘာလနှောင်းပိုင်းမှာ ဂျာမူးနဲ့ ကက်ရှ်မီယားဒေသကို နှစ်ပိုင်းပိုင်းကာ ဗဟိုအစိုးရရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်ကို သွတ်သွင်းလိုက်ပါတယ်။

    အစ္စလာမ်ဘာသာဝင်အများစုရှိတဲ့ အဲဒီဒေသမှာ ဖိနှိပ်ချုပ်ချယ်မှုတွေဟာ အရင်ကတည်းက ရှိခဲ့တာဖြစ်ပြီး ဩဂုတ်လကနေ စလို့ ဘာသာရေး၊ လူမှုရေး ချုပ်ချယ်မှုတွေက ပိုမိုမျာပြားလာပါတယ်။

    ကက်ရှ်မီးယားက အထင်ကရဗလီဝတ်ကျောင်းတော်တွေမှာ အစ္စလာမ်ဘာသာဝင်တွေ စုဝေးဝတ်ပြုခွင့်ကိုလည်း အိန္ဒိယအစိုးရက ပိတ်ပင်ထားပါတယ်။ ဒေသမြို့တော် ဆရီနာဂါက နှစ် ၆၀၀ သက်တမ်းရှိတဲ့ သမိုင်းဝင် ‘ဂျာမီယာဗလီ’ မှာ သောကြာနေ့ စုပေါင်း ဝတ်ပြုဆုတောင်းခွင့်မရတာဟာ ဒီဇင်ဘာ ၁၃ ရက်နေ့ဆိုရင် ၁၈ ပတ်တိတိ ရှိလာပြီ ဖြစ်ပါတယ်။

    အရင်က ဂျာမီယာဗလီမှာ သောကြာနေ့ဆိုရင် လူပေါင်းထောင်ချီ လာရောက်ဝတ်ပြုကြပါတယ်။ ဗလီဘေးက ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၂၆ နှစ်အရွယ် ခါလစ် ဘရှီးရ် ဂူရာက ဝတ်ပြုဆုတောင်းမှုကို အစိုးရက ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “အခြေအနေက ပိုပိုဆိုးလာပါတယ်။ အစ္စလာမ်ဘာသာဝင်အများစုရှိရာဒေသက အကြီးဆုံးဗလီဟာ လနဲ့ချီ ပိတ်ခံထားရတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို အာမခံထားပါတယ်။ ဒါပေမယ့် ကက်ရှ်မီးယားမှာတော့ အကြိမ်ကြိမ်ချိုးဖောက်ခံနေရတယ်”

    ဂျာမီယာဗလီမှာ ၁၉၆၃ ခုနှစ်ကတည်းက ရှေ့ဆောင်အီမာမ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၈၀ အရွယ် ဗလီဆရာ ဆယဒ် အဟ်မဒ် ဆယဒ် နာကက်ရှ်ဘန်ဒီက ဒီလို တားမြစ်ပိတ်ပင်မှုဟာ ဘာသာတရားအပေါ် တိုက်ရိုက်စွက်ဖက်မှု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဩဂုတ်လ ၅ ရက်‌နေ့ကစလို့ အိန္ဒိယအာဏာပိုင်တွေဟာ ဂျာမီယာဗလီမှာ ဝတ်ပြုခွင့်မပေးတော့ဘဲ ၅ ကီလိုမီတာဝေးတဲ့နေရာက ဗလီကိုသာ အသုံးပြုခွင့်ပေးပါတယ်။ ဗလီတစ်၀ိုက်မှာ ပြည်သူ့စစ်တွေ၊ ရဲတပ်ဖွဲ့တွေ ချထားပြီး ဒါဟာ လူထုကို ခြိမ်းခြောက်မှုဖြစ်တယ်လို့ ဗလီဆရာ နာကက်ရှ်ဘန်ဒီက ပြောကြားခဲ့ပါတယ်။

    ဗလီဂေါပကအဖွဲ့က အဖွဲ့ဝင် ဆယဒ် ရဟ်မန် ရှမ်က ၂၀၁၆ ခုနှစ်တုန်းကဆိုရင် ဂျာမီယာဗလီဝတ်ကျောင်းတော်မှာ သီတင်းပတ် ၁၆ ပတ်ဆက်တိုက် ဝတ်ပြုခွင့်မရခဲ့ဘဲ အခုအချိန်မှာတော့ ပိုဆိုးသွားပြီလို့ ပြောကြားခဲ့ပါတယ်။

    ကက်ရှ်မီးယားတောင်ပိုင်း အန်အန်နဂ်ခရိုင်က အထင်ကရ ဘိုက်သွလ် မုကရမ်ဗလီမှာလည်း ဒီလို ကန့်သတ်ချုပ်ချယ်မှုတွေ ပြုလုပ်ထားပါတယ်။

    အခြားနေရာများကိုလည်း ကန့်သတ်

    ဗလီတွေအပြင် ကက်ရှ်မီးယားက နာမည်ကျော်ဗိမာန် ‘ဒရ်ဂါ ဟာဇရသ်ဘာလ်’ မှာ အစ္စလာမ်ဘာသာဝင်တွေ လာရောက်လည်ပတ်မှုကို အိန္ဒိယအာဏာပိုင်တွေက အခုလအစောပိုင်းမှာ တင်းတင်းကြပ်ကြပ် ကန့်သတ်လိုက်ပါတယ်။

    ဆရီနာဂါမြို့က ထင်ရှားတဲ့ ‘ဒါလ်ရေကန်’ ကမ်းနဖူးမှာရှိတဲ့ ဒီဗိမာန်ဟာ တမန်တော် မုဟမ္မဒ်ရဲ့ ဆံတော်ကို ဌာပနာထားတယ်လို့ အစ္စလာမ်ဘာသာဝင်တွေက ယုံကြည်ကြပါတယ်။ အစ္စလာမ့်ပြက္ခဒိန်အရ တမန်တော် မုဟမ္မဒ် ဖွားမြင်တဲ့ ရဘီအွလ်အောင်ဝလ်လ ၁၂ ရက်နေ့တိုင်း ဒီဗိမာန်ကို လူပေါင်း ၅ သောင်းကျော်လောက် လာရောက် လည်ပတ်ကြပါတယ်။

    နိုဝင်ဘာ ၁၀ ရက်နေ့မှာကျရောက်တဲ့ အခုနှစ် တမန်တော်မွေးနေ့မှာ အာဏာပိုင်တွေဟာ ဗိမာန်တစ်၀ိုက် အဆီးအတားတွေ ချထားပြီး ဒေသခံတွေကိုသာ အတွင်းထဲပေးဝင်ကာ အဝေးကလာသူတွေကို ပြန်ခိုင်းခဲ့ပါတယ်။

    ဗိမာန်မှာ ဝတ်ပြုမှုကို ဦးဆောင်တဲ့ ရှေ့ဆောင်အီမာမ် ဆယဒ် အဟ်မဒ် ဖာရူကီက ဒီကန့်သတ်မှုတွေကို လူသိရှင်ကြားထုတ်ပြောဖို့ စိုးရွံ့နေပါတယ်။

    ဆရီနာဂါမြို့မှာပဲတည်ရှိတဲ့ မွတ်စလင်သူတော်စင် ခွာဂျာ နာကက်ရှ်ဘန် ရှာဘတ်ရဲ့ ဂူဗိမာန်ကိုလည်း နိုဝင်ဘာ ၁ ရက်နေ့ကစပြီး အာဏာပိုင်တွေက ကန့်သတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဗိမာန်က ဗလီမှာ Khoje Digar ဆိုတဲ့ အထူးဝတ်ပြုမှုတစ်ခုကို နှစ်စဉ်ပြုလုပ်လေ့ရှိနေပြီး အခုနှစ် ဒီဝတ်ပြုမှုမတိုင်ခင်မှာ ဝင်ရောက်ခွင့်ကန့်သတ်မှု ပေါ်ပေါက်လာတာပါ။

    ကက်ရှ်မီးယားအလယ်ပိုင်း ဘူဒ်ဂမ်ခရိုင်က နာမည်ကျော် မွတ်စလင်သူတော်စဉ် ‘ရှိခ်နူရ်ဒင် နူရာနီ’ ရဲ့ ဂူဗိမာန်က ဘာသာရေးအခမ်းအနားတွေကိုလည်း အောက်တိုဘာ ၂၆ ရက်နေ့မှာ အာဏာပိုင်တွေက ကန့်သတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

    ဆရီနာဂါရဲတပ်ဖွဲ့အကြီးအကဲ ဟာဆစ်ဘ် မူဂိုလ်က အခြေအနေတွေက တောင်းဆိုလာတာကြောင့် ဗလီတွေနဲ့ အခြား အစ္စလာမ့် သာသနိက အဆောက်အဦးတွေမှာ ဒီလိုကန့်သတ်မှုတွေ လုပ်ဆောင်ရတာလို့ ပြောကြားခဲ့ပါတယ်။

    “လူစုလူဝေး ကြီးကြီးမားမားတွေကို ခွင့်ပြုလို့ရတဲ့ အခြေအနေမှာ မရှိပါဘူး။ ဆိုးဝါးတဲ့ ဆန္ဒပြ‌မှုတွေဖြစ်ကာ အသက်၊ အိုးအိမ်၊ စည်းစိမ် ဆုံးရှုံးသွားနိုင်ပါတယ်”

    ဘာသာရေးခေါင်းဆောင်တွေကို ဖမ်းဆီး

    ဩဂုတ်လ ၅ ရက်နေ့နောက်ပိုင်း အိန္ဒိယအာဏာပိုင်တွေ ကက်ရှ်မီးယားမှာ ဖမ်းဆီးထားသူ အရေအတွက်ဟာ ၅ ထောင်ကျော်ရှိခဲ့ပြီး မွတ်စလင်ဘာသာရေးခေါင်းဆောင် တော်တော်များများလည်း ပါဝင်ပါတယ်။

    ဖမ်းဆီးထားသူတွေထဲက ၆၀၀ ကျော်လောက်က လက်ရှိအချိန်အထိ အချုပ်ထဲမှာ ရှိနေဆဲ ဖြစ်ပါတယ်။

    ကက်ရှ်မီးယားအခြေစိုက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ခူရမ် ပါရ်ဗာအစ်ဇ်က ဩဂုတ်လ ၅ ရက်နေ့နောက်ပိုင်း ကက်ရှ်မီးယားမှာ ဖြစ်ပျက်လာတာတွေဟာ အသစ်အဆန်းမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ လူတန်းစားတစ်ခုရဲ့ ကိုးကွယ်မှုကို နိုင်ငံတော်က ကာကွယ်ပေးရမယ်ဆိုတဲ့ အခြေခံဥပဒေပါ သတ်မှတ်ချက်ဟာ ၁၉၉၀ ပြည့်နှစ် မတိုင်ခင်ကစလို့ ကက်ရှ်မီးယားမှာ အကြိမ်ကြိမ်ချိုးဖောက်ခံခဲ့ရတယ်လို့ သူက ဆိုပါတယ်။

    “ကက်ရှ်မီးယားက ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အိန္ဒိယအစိုးရကို ရှုတ်ချခဲ့ကြပါတယ်။ ဒါပေမယ့် ဘာမှ ထူးခြားလာတာ မရှိပါဘူး”

    Ref: Aljazeera

  • နှစ်ပေါင်း ၄ သောင်းကျော်သက်တမ်းရှိ နံရံပန်းချီတစ်ခုကို အင်ဒိုနီးရှားတွင် တွေ့ရှိ

    နှစ်ပေါင်း ၄ သောင်းကျော်သက်တမ်းရှိ နံရံပန်းချီတစ်ခုကို အင်ဒိုနီးရှားတွင် တွေ့ရှိ

    ဒီဇင်ဘာ ၁၂၊ ၂၀၁၉
    M-Media

    နှစ်ပေါင်း ၄၄၀၀၀ သက်တမ်းရှိ နံရံပန်းချီ

    -အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီဒေသက ဂူတစ်ခုမှာ နှစ်ပေါင်း ၄၄၀၀၀ သက်တမ်းရှိတဲ့ အနုပညာလက်ရာတစ်ခုကို တွေ့ရှိခဲ့ရပါတယ်။

    ကျွဲပုံသဏ္ဍာန် သတ္တဝါကြီးတစ်ကောင်ကို လူလို၊ သတ္တဝါလို ပုံရိပ်တွေက ကြိုးတွေ၊ လှံတွေနဲ့ ဖမ်းဆီးနေပုံကို ဖော်ကျူးထားတာပါ။ သုတေသနပညာရှင်တွေကတော့ ဒီပုံရိပ်ဟာ ကမ္ဘာပေါ်က မှတ်တမ်းတင်ထားသမျှတွေထဲမှာ သက်တမ်းအရင့်ဆုံး မှတ်တမ်းတင်ထားမှုဖြစ်မယ်လို့ ယူဆနေကြပါတယ်။

    ဩစတေးလျနိုင်ငံ Griffith တက္ကသိုလ်က ရှေးဟောင်းသုတေသနပညာရှင် အဒမ် ဘရမ်က ဒီလက်ရာကို လွန်ခဲ့တဲ့ ၂ နှစ်အရင်က တွေ့ရှိခဲ့တာဖြစ်ပြီး သုတေသနပြုမှုတွေ လုပ်ဆောင်ပြီးတဲ့နောက် Nature ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

    အင်ဒိုနီးရှားက ဒီနံရံပန်းချီဟာ ကမ္ဘာပေါ်က သက်တမ်းအရင့်ဆုံးပန်းချီတော့ မဟုတ်ပါဘူး။ တောင်အာဖရိက ကျောက်တုံးအပိုင်းအစမှာ တွေ့ရတဲ့ ပန်းချီလက်ရာတစ်ခုဟာ နှစ်ပေါင်း ၇၃၀၀၀ သက်တမ်းရှိတယ်လို့ ပြီးခဲ့တဲ့နှစ်မှာ သိပ္ပံပညာရှင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

    Ref: BBC

  • အငြင်းပွားဖွယ် နိုင်ငံသားပြင်ဆင်ချက်ကို အိန္ဒိယအတည်ပြု၊ တိုင်းရင်းသားများ စိုးရိမ်

    အငြင်းပွားဖွယ် နိုင်ငံသားပြင်ဆင်ချက်ကို အိန္ဒိယအတည်ပြု၊ တိုင်းရင်းသားများ စိုးရိမ်

    ဒီဇင်ဘာ ၁၂၊ ၂၀၁၉
    M-Media

    -အိမ်နီးချင်း ၃ နိုင်ငံက အဖိနှိပ်ခံ လူနည်းစုတွေကို နိုင်ငံသားပေးမယ့် အငြင်းပွားဖွယ် နိုင်ငံသားဥပဒေ ပြင်ဆင်ချက်တစ်ခုကို အိန္ဒိယလွှတ်တော်က မနေ့မှာ အတည်ပြုလိုက်ပြီး ဝေဖန်မှုတွေ၊ ဆန္ဒပြမှုတွေလည်း ထွက်ပေါ်လာပါတယ်။

    အဲဒီ နိုင်ငံသားဥပဒေအသစ်အရ ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ ဖိနှိပ်ခံရတဲ့ လူနည်းစု ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ ဂျိန်း၊ ပါစစ်နဲ့ ခရစ်ယာန်တွေဟာ ၂၀၁၅ ခုနှစ်အရင် အိန္ဒိယနိုင်ငံကို ရောက်ရှိနေထိုင်ခဲ့မယ်ဆိုရင် နိုင်ငံသားလျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

    ဝေဖန်သူတွေ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒီဥပဒေဟာ မွတ်စလင်တွေအပေါ် ခွဲခြားဆက်ဆံမှုကို အခြေခံတဲ့အတွက် အိန္ဒိယနိုင်ငံရဲ့ ဘာသာရေးမစွက်တဲ့ အခြေခံဥပဒေကို ဖောက်ဖျက်ရာရောက်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။ ဥပဒေမူကြမ်းကို အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP က တင်သွင်းတာ ဖြစ်ပါတယ်။

    ပြည်ထဲရေးဝန်ကြီး အေမစ်ရှားက ဒီဥပဒေသစ်ကြောင့် နိုင်ငံသားမွတ်စလင်တွေ စိုးရိမ်စရာမလိုကြောင်း၊ ဥပဒေဟာ နိုင်ငံသားပေးဖို့ဖြစ်ပြီး နိုင်ငံသားရုပ်သိမ်းဖို့မဟုတ်ကြောင်း လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။ လွှတ်တော်ထဲက အတိုက်အခံပါတီ အမတ်တွေက ဥပဒေသစ်အတွက် တရားရုံးမှာ ရင်ဆိုင်သွားမယ်လို့ ဆိုပါတယ်။

    “ဒီ နိုင်ငံသားဥပဒေ ပြင်ဆင်ချက်ဟာ ဗဟုဝါဒ အိန္ဒိယနိုင်ငံမှာရှိနေတဲ့ အမြင်ကျဉ်းမြောင်းသူတွေ၊ အမုန်းတရားအခြေခံတဲ့ အင်အားစုတွေရဲ့ အောင်ပွဲပဲဖြစ်ပါတယ်” လို့ အတိုက်အခံ ကွန်ဂရက်ပါတီခေါင်းဆောင် ဆိုနီယာဂန္ဒီက ပြောကြားခဲ့ပါတယ်။

    ဝန်ကြီးချုပ် နရန်ဒရာမိုဒီက ဒီပြင်ဆင်ချက်ကို အတည်ပြုလိုက်နိုင်တာဟာ အိန္ဒိယနိုင်ငံအတွက် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပြီး နှစ်ပေါင်းများစွာ ဖိနှိပ်ချုပ်ခြယ်မှုဒဏ် ခံနေရတဲ့ လူနည်းစုတွေရဲ့ ခံစားမှုတွေကို လျော့ပါးစေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    တိုင်းရင်းသားလူမျိုးစုများပြားတဲ့ အရှေ့မြောက်ပိုင်းအပါအဝင် အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာ ဒီပြဌာန်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေလည်း ပေါ်ပေါက်လာပါတယ်။ ဥပဒေသစ်ကြောင့် ဘင်္ဂလားဒေ့ရှ်ကနေ တရားမဝင်ဝင်ရောက်လာတဲ့ ဟိန္ဒူတွေ နိုင်ငံသားရသွားကာ ဒေသခံတိုင်းရင်းသားတွေအပေါ် လွှမ်းမိုးသွားမှာကို အိန္ဒိယအရှေ့မြောက်ပိုင်းက လူမျိုးစုတွေက စိုးရိမ်နေ‌ကြတာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ဂျာနယ်လစ်များကို ဖိနှိပ်သည့် နိုင်ငံစာရင်းတွင် တရုတ် ထိပ်ဆုံးရောက်

    ဂျာနယ်လစ်များကို ဖိနှိပ်သည့် နိုင်ငံစာရင်းတွင် တရုတ် ထိပ်ဆုံးရောက်

    ဒီဇင်ဘာ ၁၁၊ ၂၀၁၉
    M-Media

    -၂၀၁၉ ခုနှစ်အတွင်း ဂျာနယ်လစ်တွေကို ဖမ်းဆီးအကျဉ်းချတဲ့ နိုင်ငံများစာရင်းမှာ တရုတ်နိုင်ငံက ထိပ်ဆုံးကို ရောက်လာပါတယ်။

    အခုနှစ်အတွင်း တရုတ်နိုင်ငံက ဖမ်းဆီးအကျဉ်းချထားတဲ့ ဂျာနယ်လစ်အရေအတွက်ဟာ ၄၈ ဦး ရှိတယ်လို့ နယူးယောက်အခြေစိုက် Committee to Protect Journalists (CPJ) အဖွဲ့ရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ‌ဖော်ပြထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်ကထက် ၁ ဦး ပိုများလာတာပါ။ သမ္မတရှီကျင့်ဖျင် တိုင်းပြည်ကို ပိုမိုချုပ်ကိုင်နိုင်ရေး ကြိုးစားလာပြီးတဲ့နောက် ဂျာနယ်လစ်တွေ ဖမ်းဆီးခံရမှု ပိုမိုမြင့်တက်လာတယ်လို့လည်း CPJ က ဆိုပါတယ်။

    ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း အနည်းဆုံး ဂျာနယ်လစ် ၂၅၀ လောက် ဖမ်းဆီးအကျဉ်းချခံခဲ့ရပြီး မနှစ်ကထက် ၅ ဦး လျော့နည်းသွားတာ ဖြစ်ပါတယ်။ ဂျာနယ်လစ်တွေကို ဖမ်းဆီးအကျဉ်းချမှု ဒုတိယအများဆုံး နိုင်ငံက တူရကီနိုင်ငံဖြစ်ပြီး ၄၇ ဦးရှိပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်က ၆၈ ဦးထက် တော်တော်လေး လျော့သွားခဲ့တာပါ။

    ဆော်ဒီနဲ့ အီဂျစ်တို့မှာ အကျဉ်းချခံရသူ ဂျာနယ်လစ် ၂၆ ဦးရှိပြီး၊ အီရစ်ထရီယာမှာ ၁၆ ဦး၊ ဗီယက်နမ်မှာ ၁၂ ဦးနဲ့ အီရန်မှာ ၁၁ ဦး အသီးသီးရှိနေပါတယ်။

    အရှေအလယ်ပိုင်းမှာ အာဏာရှင်ဝါဒ၊ မတည်ငြိမ်မှုတွေနဲ့ ဆန္ဒပြမှုတွေကြောင့် ဂျာနယ်လစ်တွေ အကျဉ်းခံရမှု အရေအတွက်အတွက် မြင့်တက်လတာဖြစ်တယ်လို့လည်း CPJ က ပြောကြားခဲ့ပါတယ်။ အကျဉ်းချခံရတဲ့ ဂျာနယ်လစ်တွေရဲ့ ၈ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ၁၃ ရာခိုင်နှုန်းထက် ပိုမိုနည်းသွားတာပါ။

    ဂျာနယ်လစ်တွေ ဖမ်းဆီးခံရတာဟာ နိုင်ငံရေး၊ လူ့အခွင့်အရေးနဲ့ ခြစားမှုတွေအကြောင်း ဖော်ထုတ်တင်ပြတဲ့အတွက် ဖြစ်တယ်လို့လည်း CPJ က ဆိုပါတယ်။ တစ်နှစ်တာအတွင်း ဂျာနယ်လစ်တွေ ဖမ်းဆီးအကျဉ်းချခံရမှုစာရင်းကို CPJ က ဒီဇင်ဘာ ၁ ရက်နေ့မှာ ပုံမှန်ထုတ်ပြန်လေ့ရှိပါတယ်။ ဒီစာရင်းမှာ ဖမ်းဆီးခံရပြီး ပြန်လွတ်သွားတဲ့ ဂျာနယ်လစ်တွေ၊ လက်နက်ကိုင်အဖွဲ့လို အစိုးရမဟုတ်တဲ့အဖွဲ့တွေက ဖမ်းဆီးထားတဲ့ ဂျာနယ်လစ်တွေ မပါဝင်ပါဘူး။

    Ref: Reuters

  • စစ်တပ်က ရိုဟင်ဂျာများအပေါ် ကျူးလွန်မှုရှိသော်လည်း လူမျိုးတုန်းသတ်ဖြတ်မှုမဟုတ်ဟု အတိုင်ပင်ခံပြော

    စစ်တပ်က ရိုဟင်ဂျာများအပေါ် ကျူးလွန်မှုရှိသော်လည်း လူမျိုးတုန်းသတ်ဖြတ်မှုမဟုတ်ဟု အတိုင်ပင်ခံပြော

    ဒီဇင်ဘာ ၁၁၊ ၂၀၁၉
    M-Media

    -ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်း သတ်ဖြတ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ ‘ပြည်စုံ၊ မှန်ကန်မှု မရှိဘူး’ လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်က ဒီကနေ့ သည်ဟေ့ဂ်မြို့မှာရှိတဲ့ ‘နိုင်ငံတကာ ခုံသမာဓိရုံး’ (ICJ) မှာ ပြောကြားလိုက်ပါတယ်။

    မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် လူမျိုးတုန်းသတ်ဖြတ်မှု သဘောတူညီချက်ကို ချိုးဖောက်တယ်လို့ဆိုကာ ဂမ်ဘီယာနိုင်ငံက ICJ မှာ တရားစွဲဆိုထားတာဖြစ်ပါတယ်။ ၃ ရက်တာကြာမြင့်မယ့် ပထမဆုံး ‌ကြားနာမှုကို မနေ့က စတင်ပြုလုပ်ခဲ့ပြီး ဂမ်ဘီယာနိုင်ငံက လျှောက်လှဲခဲ့ပါတယ်။ ဒီကနေ့မှာ မြန်မာနိုင်ငံက ပြန်လည်ချေပရတာ ဖြစ်ပါတယ်။

    မိနစ် ၃၀ ကြာမြင့်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်မှာ ၂၀၁၇ ခုနှစ် ဩဂုတ်လ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြုလုပ်တဲ့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုဟာ ရဲစခန်းတွေကို တိုက်ခိုက်တဲ့ ရိုဟင်ဂျာလက်နက်ကိုင်တွေကို တုန်ပြန်တဲ့ အကြမ်းဖက်တိုက်ဖျက်မှုဖြစ်တယ်လို့ ဆိုပါတယ်။

    “မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က တကယ့်အခြေအနေမှန်ကို ဂမ်ဘီယာက မပြည့်မစုံ၊ မမှန်မကန် ဖော်ပြခဲ့တာသာ ဖြစ်ပါတယ်”

    စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော်လောက် ဘင်္ဂလားဒေ့ရှက်ဖက်ကို ထွက်ပြေးခဲ့ရပြီး ကုလ စုံစမ်းစစ်ဆေးသူတွေက ဒီကိစ္စမှာ လူတစ်သောင်းလောက် အသတ်ခံခဲ့ရနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    လူမျိုးတုန်းသတ်ဖြတ်မှုမဟုတ်

    စစ်တပ်ဟာ အလွန်အကျွံလုပ်ဆောင်တာတွေ၊ အရပ်သားတွေကို သတ်ဖြတ်တာတွေ ရှိကောင်းရှိနိုင်ပေမယ့် ဒီလုပ်ရပ်တွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုတော့ မမြောက်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ကျူးလွန်မှုတွေအတွက် တာဝန်ရှိတဲ့ စစ်သားတွအပေါ် အရေးယူခဲ့တာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြခဲ့ပါတယ်။

    “ချိုးဖောက်မှုတွေ လုပ်တယ်လို့ စွပ်စွဲခံရတဲ့ စစ်သားတွ၊ အရာရှိတွေကို စုံစမ်းစစ်ဆေး၊ တရားစွဲဆို၊ အပြစ်ပေးမှုတွေ တက်တက်ကြွကြွလုပ်ဆောင်နေတဲ့တိုင်းပြည်ဟာ လူမျိုးတုန်းသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်မျိုး ရှိနိုင်ပါ့မလား”

    ၂၀၁၇ ခုနှစ် အင်းဒင်ကျေးရွာမှာ ရိုဟင်ဂျာ အမျိုးသား ၁၀ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး စစ်သား ၇ ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တယ်လို့ မြန်မာစစ်တပ်က ပြီးခဲ့တဲ့နှစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ၁ နှစ်မပြည့်ခင်မှာပဲ ပြန်လွှတ်ပေးခဲ့ပါတယ်။

    နောက်ထပ်ကျေးရွာတစ်ခုဖြစ်တဲ့ ဂူဒါပြင်ရွာမှာ ရိုဟင်ဂျာ ၁၀ ဦး အသတ်ခံရမှုနဲ့ပတ်သက်ပြီး စစ်သားတစ်ချို့ကို စစ်ခုံရုံးဖွဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ ပြီးခဲ့တဲ့လမှာ စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

    မြန်မာဖက်က ရှေ့နေဖြစ်တဲ့ ဝီလီယံရှာဘက်စ်က ရိုဟင်ဂျာကိစ္စမှာ ICJ က ညွှန်ကြားဆုံးဖြတ်ပေးရေး ဂမ်ဘီယာရဲ့တောင်းဆိုမှုကို ပယ်ချဖို့ ပြောဆိုခဲ့သလို၊ ICJ ဟာ ဒီကိစ္စအတွက် တရားစီရင်ပိုင်ခွင့် မရှိဘူးလို့လည်း ထောက်ပြပြောဆိုခဲ့ပါတယ်။

    ရိုဟင်ဂျာ ၁ သောင်းလောက် အသတ်ခံရတယ်ဆိုတာဟာ ‘လူမျိုးတုန်းသတ်ဖြတ်မှု’ မှာ သတ်မှတ်ထားတဲ့ ပမာဏနဲ့ ကိုက်ညီမှုမရှိဘူးလို့လည်း ဝီလီယံရှာဘတ်စ်က ပြောကြားခဲ့ပါတယ်။

    ဝေဖန်

    လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ဟာ မြေပြင်ကအခြေအနေတွေ၊ မျက်မြင်သက်သေနေတွေရဲ့ ပြောကြားမှုတွေနဲ့ ဆန့်ကျင်နေတယ်လို့ထောက်ပြခဲ့ပါတယ်။

    Save The Children က ဒါရိုက်တာ ဂျော့ဂျ် ဂရေဟမ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားမှုတွေဟာ ကုလက စုဆောင်းထားတဲ့ အထောက်အထားတွေ၊ ထွက်ပြေးလွတ်မြောက်လာသူတွေနဲ့ တွေ့ဆုံကာ သူတို့အဖွဲ့တွေရဲ့ မေးမြန်းထားမှုတွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ဝေဖန်ပြောကြားခဲ့ပါတယ်။

    Ref: Reuters