News @ M-Media

Author: Ko Lay

  • ရခိုင်ကိစ္စနှင့်ပတ်သက်ပြီး စစ်ခေါင်းဆောင် ၄ ဦးကို အမေရိကန်က ထပ်မံ ပိတ်ဆို့ အရေးယူ

    ရခိုင်ကိစ္စနှင့်ပတ်သက်ပြီး စစ်ခေါင်းဆောင် ၄ ဦးကို အမေရိကန်က ထပ်မံ ပိတ်ဆို့ အရေးယူ

    ဒီဇင်ဘာ ၁၁၊ ၂၀၁၉
    M-Media

    -ရခိုင်ပြည်နယ်က ရိုဟင်ဂျာ လူ့အဖွဲ့အစည်းပေါ် ကျူးလွန်မှုနဲ့ပတ်သက်ပြီး ကာကွယ်ရေးဦးစီးချုပ်အပါအဝင် မြန်မာစစ်ခေါင်းဆောင် ၄ ဦးကို အမေရိကန်က အင်္ဂါနေ့မှာ ထပ်မံ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်လိုက်ပါတယ်။

    ပိတ်ဆို့အရေးယူခံရသူတွေဟာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ဗိုလ်မှူးချုပ် သန်းဦးနဲ့ ဗိုလ်မှူးချုပ် အောင်အောင်တို့ ဖြစ်ပါတယ်။ သူတို့ ၄ ဦးကို အမေရိကန်က ဇူလိုင်လမှာ ပိတ်ဆို့အရေးယူမှု လုပ်ဆောင်ခဲ့ပြီး ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

    Global Magnitsky Human Rights Accountability Act အက်ဥပဒေအရ လုပ်ဆောင်တဲ့ အခု အရေးယူမှုဟာ အမေရိကန်မှာရှိနေတဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ဖို့နဲ့ သူတို့နဲ့ စီးပွားရေးဆောင်ရွက်မှုတွေကို ရာဇဝတ်မှုအဖြစ် သတ်မှတ်တာဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးအပါအဝင် အရေးယူခံရတဲ့ စစ်ခေါင်းဆောင်တွေဟာ အမေရိကန်မှာ ပိုင်ဆိုင်မှုရှိလားဆိုတာ မသေချာပါဘူး။

    “အပြစ်မဲ့ အရပ်သားတွေကို နှိပ်စက်ညှင်းပန်းတာ၊ ပြန်ပေးဆွဲတာ၊ လိင်အကြမ်းဖက်တာ၊ သတ်ဖြတ်တာ၊ ရက်စက်ကြမ်းကြုတ်မှုတွေ လုပ်ဆောင်တာတွေကို အမေရိကန်က သည်းခံခွင့်လွှတ်မှာ မဟုတ်ပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုကို တိုက်ဖျက်ရာမှာ အမေရိကန်ဟာ ကမ္ဘာမှာ ဦးဆောင်ဦးရွက်ပြုနေပြီး၊ ကျူးလွန်သူတွေ၊ ကျူးလွန်ဖို့ ခွင့်ပြုသူတွေကို ဘယ်နေရာမှာပဲဖြစ်ဖြစ် အရေးယူသွားမှာပါ” လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စတီဗင်မူချင်က ပြောကြားခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးခဲ့ရတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ အဓမ္မကျင့်တာ၊ ရွာလုံးကျွတ်မီးရှို့တာတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပြီး မြန်မာအစိုးရနဲ့ စစ်တပ်တို့ကတော့ ဒါတွေကို ငြင်းဆိုပါတယ်။

    အမေရိကန်က စစ်သားတွေဟာ အုပ်စုဖွဲ့ပြီး အကြီးအကျယ်အဓမ္မကျင့်တာ၊ အခြား လိင်ပိုင်ဆိုင်ရာ ကျူးလွန်တာတွေ လုပ်ဆောင်တယ်ဆိုတဲ့ ‘ခိုင်မာတဲ့ သတင်း‌တွေ’ ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံဟာ ဒီကိစ္စအတွက် လက်ရှိ နိုင်ငံတကာ ခုံသမာဓိရုံး (ICJ) မှာ အမှုရင်ဆိုင်နေရပါတယ်။

    အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အခုလိုပိတ်ဆို့မှုအသစ် လုပ်ဆောင်လိုက်တာဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ပံ့ပိုးကူညီဖို့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Frontier Myanmar

  • မွတ်စလင်နိုင်ငံများတွင် ဆင်းရဲမွဲတေမှုလျော့ချရန် တူရကီသမ္မတ တိုက်တွန်း

    မွတ်စလင်နိုင်ငံများတွင် ဆင်းရဲမွဲတေမှုလျော့ချရန် တူရကီသမ္မတ တိုက်တွန်း

    ဒီဇင်ဘာ ၉၊ ၂၀၁၉
    M-Media

    -မွတ်စလင်နိုင်ငံတွေအနေနဲ့ ပြည်သူလူထုရဲ့ လူနေမှုအဆင့်အတန်း ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ကာ အစ္စလာမ်ကမ္ဘာက ဆင်းရဲမွဲနေသူတွေကိုလည်း ကြည့်ရှုကယ်ထုတ်ကြဖို့ တူရကီသမ္မတ အာဒိုဂန်က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

    OIC အဖွဲ့ရဲ့ ပထမဆုံးအကြိမ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညီလာခံ High-Level Public and Private Investment Conference ကို မနေ့က အစ္စတန်ဘူလ်မြို့မှာ စတင်ကျင်းပခဲ့ပါတယ်။ အဖွင့်မိန့်ခွန်းမှာ အာဒိုဂန်က မိမိတို့ရဲ့ ကြွယ်၀မှုတွေကို ဆင်းရဲသူတွေထံ မျှဝေသွားဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

    “အစ္စလာမ်သာသနာရဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ ဇကားသ်သတ်မှတ်ချက်အတိုင်းသာ လှူဒါန်းကြမယ်ဆိုရင် မွတ်စလင်နိုင်ငံတွေမှာ သူဆင်းရဲဆိုတာ ရှိမှာမဟုတ်ပါဘူး။ OIC အဖွဲ့ဝင်နိုင်ငံတွေက လူဦးရေရဲ့ ၂၁ ရာခိုင်နှုန်းဖြစ်တဲ့ လူပေါင်း သန်း ၃၅၀ လောက်ဟာ အလွန်အမင်း ဆင်းရဲမွဲတေတဲ့ အခြေအနေမျိုးမှာ ဘ၀တွေကို ရင်ဆိုင်ဖြတ်သန်းနေရပါတယ်။ မွတ်စလင်တိုင်းပြည်တွေအနေနဲ့ ဒီကိစ္စတွေကို ပိုမိုအလေးထားပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ လိုအပ်ပါတယ်”

    မွတ်စလင်နိုင်ငံတွေထဲမှာ ဆင်းရဲချမ်းသာ ကွာဟာမှုဟာ အဆ ၂၀၀ ဝန်းကျင်လောက် မြင့်မားနေတာ၊ တိုင်းပြည်ဝင်ငွေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းမှာ လိုအပ်ချက်တွေ ရှိနေတာတွေကိုလည်း အာဒိုဂန်က ထောက်ပြခဲ့သလို၊ OIC အဖွဲ့ဝင်နိုင်ငံတွေအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    “သဘာ၀သယံဇာတရင်းမြစ်တွေ ပေါများပြီး၊ မဟာဗျူဟာကျတဲ့ ဒေသတွေမှာ ရှိနေတဲ့ မွတ်စလင်တိုင်းပြည်တွေဟာ အလားအလာကောင်းတွေ ရှိနေပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၂၄ ရာခိုင်နှုန်းဖြစ်တဲ့ သန်းပေါင်း ၁၇၀၀ သော လူဦးရေကလည်း ကြီးမားလွန်းတဲ့ လူ့စွမ်းအားအရင်းအမြစ် ဖြစ်ပါတယ်”

    ကမ္ဘာ့ရေနံထုတ်လုပ်မှုရဲ့ ၆၅ ရာခိုင်နှုန်း၊ ဓာတ်ငွေ့ထုတ်လုပ်မှုရဲ့ ၅၅ ရာခိုင်နှုန်း၊ ယူရေနီယံရင်းမြစ်ရဲ့ ၄၀ ရာခိုင်နှုန်းဟာ မွတ်စလင်နိုင်ငံတွေကဖြစ်ပြီး ကမ္ဘာ့ ဂျုံ၊ အသီးအနှံ ထုတ်လုပ်မှုတွေမှာလည်း အဓိကအခန်းကဏ္ဍကနေ ပါဝင်နေကြောင်း တူရကီသမ္မတက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မွတ်စလင်နိုင်ငံတွေမှာ ဆင်းရဲမွဲတေမှု လျော့ချရေးအတွက် ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အလျင်အမြန်လုပ်ဆောင်ဖို့၊ မွတ်စလင်နိုင်ငံတွေအားလုံး ပါဝင်တဲ့ မဟာမိတ်အဖွဲ့တစ်ခု ဖွဲ့စည်းဖို့ကိုလည်း အာဒိုဂန်က တိုက်တွန်းခဲ့ပါတယ်။

    High-Level Public and Private Investment Conference ညီလာခံကို တူရကီ ရင်း‌နှီးမြှုပ်နှံမှုရုံးကနေ ‌ကမကထပြု ကျင်းပတာဖြစ်ပြီး ၂ ရက်တာကြာမြင့်ကာ နိုင်ငံပေါင်း ၅၆ နိုင်ငံက လူ ၁၂၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။

    Ref: Daily Sabah

  • လက်နက်ကိုင်အဖွဲ့ရန်ကြောင့် အီဘိုလာကုသရေးအဖွဲ့ ကွန်ဂိုရှိ ဒေသတစ်ခုမှ ထွက်ခွာ

    လက်နက်ကိုင်အဖွဲ့ရန်ကြောင့် အီဘိုလာကုသရေးအဖွဲ့ ကွန်ဂိုရှိ ဒေသတစ်ခုမှ ထွက်ခွာ

    ဒီဇင်ဘာ ၉၊ ၂၀၁၉
    M-Media

    -အီဘိုလာရောဂါ ကုသပေးနေတဲ့ ဝန်ထမ်းတွေ အသတ်ခံခဲ့ရတာနဲ့ တုတ်ဓားကိုင်လူအုပ်က သူတို့ရဲ့ စင်တာကို ဖျက်ဆီးဖို့ ကြိုးစားလာတာကြောင့် ဝန်ထမ်းတွေကို ကွန်ဂိုနိုင်ငံအရှေ့ပိုင်းကနေ ထွက်ခွာခိုင်းလိုက်တယ်လို့ နယ်စည်မခြားဆရာဝန်များအဖွဲ့ (MSF) က ပြောကြားလိုက်ပါတယ်။

    ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဘီယာကာတိုဒေသမှာ ကျန်းမာရေးဝန်ထမ်း ၃ ဦး အသတ်ခံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သူတို့ရဲ့ ဝန်ထမ်းတွေကို အဲဒီဒေသကနေ ထွက်ခွာခိုင်းခဲ့ပါတယ်။

    MSF က သူတို့ အီဘိုလာကုသရေးစင်တာအဖြစ် အသုံးပြုနေတဲ့ ဘီယာကာတို ကျန်းမာရေးစောင့်ရှောက်မှုစင်တာကို တုတ်ဓားကိုင်လူအုပ်က အင်္ဂါနေ့မှာ ဝင်ရောက်ဖို့ကြိုးစားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ လူအုပ်ဟာ စင်တာထဲကို မဝင်နိုင်ခဲ့ဘဲ ဒီအဖြစ်အပျက်အတွင်း ထိခိုက်ဒဏ်ရာရသူတွေလည်း မရှိပါဘူး။

    အခြားအုပ်စုတစ်ခုကလည်း ဘီယာကာတိုက မိုင်းစ်ဒေသမှာ MSF ရဲ့စင်တာတစ်ခုကို ဖျက်ဆီးဖို့ ကြိုးစားခဲ့ပါတယ်။

    MSF က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဒေသတွင်း လုံခြုံရေးဆိုင်ရာအခြေအနေ ဆိုးရွားလာတာကြောင့် မိမိတို့ရဲ့ နိုင်ငံခြားသား ဝန်ထမ်းအားလုံးကို ထွက်ခွာခိုင်းလိုက်တယ်လို့ ဖော်ပြထားပါတယ်။

    ကွန်ဂိုအာဏာပိုင်တွေက ပြီးခဲ့တဲ့တစ်ပတ် ကျန်းမာရေးဝန်ထမ်း ၃ ဦးကို သတ်ဖြတ်မှုဟာ မာယီ-မာယီ လက်နက်ကိုင် အုပ်စုက လုပ်ဆောင်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ မာယီ-မာယီ လက်နက်ကိုင်အဖွဲ့ဟာ တိုင်းပြည်ရဲ့ ခွဲဝေပေးရေး တိုက်ပွဲဝင်နေတဲ့ အဖွဲ့ ဖြစ်ပါတယ်။

    အခုတစ်ကြိမ် အီဘိုလာရောဂါဖြစ်ပွားမှုဟာ ကွန်ဂိုနိုင်ငံမှာ ၁၀ ကြိမ်မြောက်ဖြစ်ပြီး ထိခိုက်သေဆုံးမှုအရေအတွက်ကတော့ ဒုတိယမြောက်အများဆုံး ဖြစ်ပါတယ်။

    Ref: Aljazeera

  • တရုတ်ရှိ ကမ္ဘာ့အကြီးဆုံး တယ်လီစကုပ် စမ်းသပ်အသုံးပြုမှုကာလ ပြီးဆုံးတော့မည်

    တရုတ်ရှိ ကမ္ဘာ့အကြီးဆုံး တယ်လီစကုပ် စမ်းသပ်အသုံးပြုမှုကာလ ပြီးဆုံးတော့မည်

    ဒီဇင်ဘာ ၈၊ ၂၀၁၉
    M-Media

    -တရုတ်နိုင်ငံက ကမ္ဘာ့အကြီးဆုံး ရေဒီယို တယ်လီစကုပ်ရဲ့ စမ်းသပ်အသုံးပြုမှုကာလဟာ ပြီးဆုံးတော့မှာဖြစ်ပြီး နေအဖွဲ့အစည်းအပြင်က အရာ၀တ္ထုတွေ၊ အသံတွေ တော်တော်များများကို တွေ့ရှိ ဖမ်းယူထားနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြားလိုက်ပါတယ်။

    နိုင်ငံတောင်ပိုင်း ကွေ့ကျိုးပြည်နယ်မှာ တည်ရှိပြီး FAST လို့ အမည်ပေးထားတဲ့ အဲဒီ တယ်လီစကုပ်ဟာ အချင်း မီတာ ၅၀၀ ရှိပြီး အာကာသထဲမှာ စူးစမ်းထောက်လှမ်းဖို့အပြင် အခြားလုပ်ငန်းအများအပြားကိုလည်း လုပ်ဆောင်နိုင်ပါတယ်။ တရုတ်ဟာ ဒီတယ်လီစကုပ် စမ်းသပ်အသုံးပြုမှုကို ၂၀၁၆ ခုနှစ် စက်တင်ဘာ လကတည်းက စတင်ခဲ့တာပါ။

    တရုတ်ရုပ်သံ CCTV က FAST ဟာ လက်ရှိအချိန်အထိ လျင်မြန်တဲ့အရှိန်တဲ့ လည်ပတ်နေတဲ့ နူထရွန်ကြယ် (pulsar) ၉၉ ခုကို ရှာဖွေတွေ့ရှိထားတယ်လို့ ဖော်ပြခဲ့ပါတယ်။ FAST က သိပ္ပံဆိုင်ရာသုတေသန ဒါရိုက်တာ ကျူမင်းက လူသား၊ ဒါမှမဟုတ် အာကာသထဲက အခြားရင်းမြစ်တွေကနေ ထွက်လာတယ်လို့ ယူဆရတဲ့ အသံတွေကို ဖမ်းယူရရှိထားကြောင်း၊ ၉၉ ရာခိုင်နှုန်းလောက်ဟာ ဆူညံသံတွေဖြစ်ပြီး အဲဒီအထဲက လိုချင်တာတွေကို ရွေးထုတ်လေ့လာဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

    FAST ရဲ့ လေ့လာမှုကနေ ရရှိထားတဲ့ အချက်အလက်တွေကို နိုင်ငံတစ်ဝှမ်းက နက္ခတဗေဒပညာရှင်ပေါင်း ၁၀၀ ကျော်ကို မကြာသေးခင်ကပဲ ခေါ်ယူရှင်းပြခဲ့ပါတယ်။ FAST တယ်လီစကုပ်နဲ့ pulsar ကြယ်စင်တန်းတွေအကြောင်းကို ပိုမိုလေ့လာဖို့လည်း ရှိနေပါတယ်။

    အရင်က စနစ် ၃ ခုနဲ့ သုတေသန လုပ်နေရာကနေ ဒီတယ်လီစကုပ်ကြောင့် သိပ္ပံပညာရှင်တွေဟာ စနစ် ၁၀ ခုနဲ့ လုပ်ဆောင်လာနိုင်ပြီး တယ်လီစကုပ်ကနေ အချက်အလက်တွေ ထပ်မံရယူနိုင်မယ့် ကိရိယာတွေကိုလည်း လေ့လာတီထွင်နေပါတယ်။

    Ref: space.com

  • သမုဒ္ဒရာများတွင် အောက်ဆီဂျင်လျော့လာပြီး ရေနေမျိုးစိတ်များအတွက် အန္တရာယ်ရှိနေ

    သမုဒ္ဒရာများတွင် အောက်ဆီဂျင်လျော့လာပြီး ရေနေမျိုးစိတ်များအတွက် အန္တရာယ်ရှိနေ

    ဒီဇင်ဘာ ၈၊ ၂၀၁၉
    M-Media

    -ရာသီဥတုပြောင်းလဲမှု၊ အဟာရဓာတ် ညစ်ညမ်းမှုတွေကြောင့် ကမ္ဘာ့သမုဒ္ဒရာတွေမှာ အောက်ဆီဂျင်နည်းလာပြီး ရေနေသတ္တဝါ တော်တော်များများကို ခြိမ်းခြောက်နေတယ်လို့ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ IUCN က လေ့လာထုတ်ပြန်လိုက်ပါတယ်။

    IUCN ရဲ့ အခု လေ့လာမှုဟာ သုမဒ္ဒရာဆိုင်ရာမှာ အကြီးဆုံး လေ့လာမှုလည်း ဖြစ်ပါတယ်။ လယ်ယာလုပ်ငန်း၊ စက်မှုလုပ်ငန်းတွေကထွက်တဲ့ ဓာတုပစ္စည်းတွေကြောင့် သမုဒ္ဒရာတွေထဲမှာ အဟာရဓာတ်တွေ ညစ်ညမ်းကာ အောက်ဆီဂျင် နည်းပါးလာမှုကို လွန်ခဲ့တဲ့ ၁၀ စုနှစ်တွေကတည်းက သိရှိခဲ့တာဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုက ဒီအခြေအနေကို ပိုမိုဆိုရွားစေတယ်လို့ ပညာရှင်တွေက သုံးသပ်ခဲ့ကြပါတယ်။

    ၁၉၆၀ ပြည့်နှစ်တွေတုန်းက သမုဒ္ဒရာတွေထဲ ၄၅ နေရာသာ အောက်ဆီဂျင်နည်းပါးမှုပြဿနာ ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ နေရာ ၇၀၀ လောက် ရှိလာပြီဖြစ်ကာ တူနာငါးနဲ့ ငါးမန်းတွေအပါအဝင် ရေနေမျိုးစိတ်တော်တော်များများကို ခြိမ်းခြောက်နေတယ်လို့ လေ့လာမှုက ဆိုပါတယ်။

    ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု မြင့်တက်လာပြီး သမုဒ္ဒရာတွေက အပူချိန်ကို စုပ်ယူရတာကြောင့် အောက်ဆီဂျင်ထိန်းသိမ်းနိုင်မှု ပမာဏ ကျဆင်းလာတာ ဖြစ်ပါတယ်။ ကမ္ဘာလုံးအတိုင်းအတာအရ သမုဒ္ဒရာတွေထဲ အောက်ဆီဂျင် သိုလှောင်ထားမှုဟာ ၂ ရာခိုင်နှုန်းလောက်သာ ကျဆင်းပေမယ့် တစ်ချို့ အပူပိုင်းဒေသတွေမှာ ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းတာကို ပညာရှင်တွေက တွေ့ခဲ့ရပါတယ်။

    အောက်ဆီဂျင်နည်းလာမှုကြောင့် ဂျယ်လီငါးတွေလို အသေးစားရေနေမျိုးစိတ်တွေအတွက် ပိုမိုအဆင်ပြေလာပေမယ့် တူနာငါးလို့ ငါးကြီးတွေအတွက် မကောင်းကြောင်း၊ ကာဘွန်ထုတ်လွှတ်မှုနဲ့ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံတွေက ပုံမှန်အတိုင်းတာ တုန့်ပြန်မယ်ဆိုရင် ၂၁၀၀ ခုနှစ်အရောက်မှာ သမုဒ္ဒရာတွေထဲ အောက်ဆီဂျင်သိုလှောင်မှုပမာဏဟာ ၃ ရာခိုင်နှုန်းကနေ ၄ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ကြောင်း ပညာရှင်တွေက သတိပေးခဲ့ပါတယ်။

    အောက်ဆီဂျင်လျော့နည်းလာမှုဟာ ရေပြင်ကနေ အောက်အနက် မီတာတစ်‌ထောင်အတွင်းမှာ ပိုမိုဖြစ်ပွားတာဖြစ်ပြီး ရေနေဇီ၀မျိုးစိတ်တွေ ကြွယ်၀တဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။

    Ref: BBC