News @ M-Media

Author: Ko Lay

  • နာမည်ကျော်မဂ္ဂဇင်း၏ ၂၀၂၀ ခရီးသွားနေရာစာရင်းတွင် ပါကစ္စတန်က ထိပ်ဆုံး၌ရပ်တည်

    နာမည်ကျော်မဂ္ဂဇင်း၏ ၂၀၂၀ ခရီးသွားနေရာစာရင်းတွင် ပါကစ္စတန်က ထိပ်ဆုံး၌ရပ်တည်

    ဒီဇင်ဘာ ၁၇၊ ၂၀၁၉
    M-Media

    -အမေရိကန်က နာမည်ကျော် ခရီးသွားမဂ္ဂဇင်း Condè Nast ရဲ့ ၂၀၂၀ ခုနှစ် ခရီးသွားလာဖို့ အကောင်းဆုံး နိုင်ငံများစာရင်းထဲမှာ ပါကစ္စတန်နိုင်ငံက ထိပ်ဆုံးကနေ ပါဝင်လာခဲ့ပါတယ်။

    ဝန်ကြီးချုပ် အင်မရန်းခန်းဦးဆောင်တဲ့ ပါကစ္စတန်အစိုးရသစ်ဟာ နိုင်ငံရဲ့ ခရီးသွားလာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေဖို့ အားစိုက်ဆောင်ရွက်နေပြီး အခုလို ထိပ်တန်းမဂ္ဂဇင်းမှာ ပါဝင်လာတာဟာ တိုးတက်မှု လက္ခဏာလည်း ဖြစ်ပါတယ်။

    Condè Nast မဂ္ဂဇင်းက ပါကစ္စတန်ဟာ စွန့်စွန့်စားစား ခရီးသွားလာလိုသူတွေအတွက် သင့်တော်တဲ့‌ ‌နိုင်ငံဖြစ်တယ်လို့ သမုတ်ခဲ့ပါတယ်။

    “ပါကစ္စတန်မှာ ပေ ၂၂၉၆၅ ထက်ပိုတဲ့ တောင်အရေအတွက်ဟာ တရုတ်နဲ့ နီပေါ နှစ်နိုင်ငံပေါင်း အရေအတွက်ထွက် ပိုများပြီး စွန့်စွားခရီးသွားလာလိုသူတွေ၊ စွန့်စားတောင်တက်လိုသူတွေတွေ မျက်စိကျရာနိုင်ငံတစ်ခု ဖြစ်လာပါတယ်” လို့ မဂ္ဂဇင်းမှာ ရေးသားဖော်ပြခဲ့ပါတယ်။

    ကမ္ဘာ့အမြင့်ဆုံး ပိုလိုကစားကွင်းရှိပြီး ပေပေါင်း ၁၂၂၅၀ မြင့်တဲ့ Shandur Pass တောင်ပေါ်ကို တက်ရောက်အပန်းဖြေနိုင်သလို၊ အရောင်အသွေးစုံတဲ့ ကိုယ်တိုင်လုပ် ခေါင်းပေါင်း၊ အဝတ်အထည်တွေကြောင့် နာမည်ကျော်ကြားတဲ့ Hindu Kush လူမျိုးတွေကို တွေ့ဆုံနိုင်တယ်လို့ မဂ္ဂဇင်းက ဆိုပါတယ်။

    ဗြိတိန်က နာမည်ကျော် ဟာသသရုပ်ဆောင် မိုက်ကယ် ပါလင်း၊ ဗြိတိန်တော်မင်းသား ဟယ်ရီတို့ ဇနီးမောင်နှံ ပါကစ္စတန်ကိုသွားရောက်အပန်းဖြေမှု၊ ပါကစ္စတန်အစိုးရက ဗီဇာဖြေလျော့ပေးထားမှုတွေကိုလည်း မဂ္ဂဇင်းမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    Ref: Khaleej Times

  • တူရကီရှိ သမိုင်းဝင်ဗလီတစ်လုံးကို ရေဘေးအန္တရာယ်ကြောင့် နေရာရွှေ့

    တူရကီရှိ သမိုင်းဝင်ဗလီတစ်လုံးကို ရေဘေးအန္တရာယ်ကြောင့် နေရာရွှေ့

    ဒီဇင်ဘာ ၁၇၊ ၂၀၁၉
    M-Media


    Er-Rızk လို့ အမည်ရတဲ့ အဲဒီဗလီဟာ နှစ်ပေါင်း ၆၀၉ နှစ် သက်တမ်းရှိနေတာပါ။

    -တူရကီနိုင်ငံ ဘတ်မန်ပြည်နယ်က သမိုင်းဝင် ဗလီဝတ်ကျောင်းတော်တစ်လုံးကို ရေလွှမ်းမိုးမှုအန္တရာယ်ကနေ လွတ်မြောက်စေဖို့အတွက် နေရာရွှေ့ပြောင်းခဲ့ပါတယ်။

    Er-Rızk လို့ အမည်ရတဲ့ အဲဒီဗလီဟာ နှစ်ပေါင်း ၆၀၉ နှစ် သက်တမ်းရှိနေတာပါ။ ဗလီတည်ရှိရာ ရှေးဟောင်းမြို့ Hasankeyf အထက်ပိုင်းမှာ ရေကာတာတစ်ခု တည်ဆောက်ခဲ့တာကြောင့် ရေလွှမ်းမိုးမှုအန္တရာယ် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ မြို့တွင်းမှာ ရှိနေတဲ့ သမိုင်းဝင်နေရာ တော်တော်များများကို အာဏာပိုင်တွေက ရေလွတ်ရာနေရာမှာ တည်ထားတဲ့ ယဉ်ကျေးမှုပန်းခြံ Hasankeyf Culture Park ကို တစ်ဖြည်းဖြည်း ရွှေ့ပြောင်းနေပါတယ်။

    တန်ပေါင်း ၁၇၀၀ ရှိတဲ့ Er-Rizk ဗလီ အဆောက်အဦးကို မနေ့မှာ ရွှေ့ပြောင်းခဲ့ပါတယ်။ သက္ကရာဇ် ၁၄၀၉ ခုနှစ်မှာ အိုက်ယူဘီမင်းဆက် Ebu’l Mefahir Süleyman ရဲ့ အမိန့်နဲ့ တည်ဆောက်ခဲ့တဲ့ မင်နာရတ် မျှော်စင်ကိုတော့ သီးခြားရွှေ့ပြောင်းခဲ့ပါတယ်။

    Er-Rizk ဗလီဟာ Hasankeyf မြို့မှာ အကြီးမားဆုံး အဆောက်အဦးဖြစ်ပြီး ဗလီအဆောက်အဦးကို သီးခြားစီဖြတ်တောက်ကာ ရွှေ့ပြောင်းခဲ့တာဖြစ်ပါတယ်။ ယဉ်ကျေးမှုပန်းခြံမှာ ဒီအစိတ်အပိုင်းတွေကို ဆက်ကာ ပြန်လည်တည်ဆောက်မှာပါ။

    မြို့ထဲမှာရှိတဲ့ Artuklu Hamam ရေချိုးခန်း၊ Sultan Süleyman Koç ဗလီ၊ Imam Abdullah Zawiyah ဗိမာန်၊ Zeynel Abidin ဗိမာန်နဲ့ Eyyubi ဗလီတွေကိုလည်း အရင်က ရွှေ့ပြောင်းခဲ့ပါတယ်။

    Ref: Daily Sabah

  • တရုတ်ကို‌ အောက်မကျို့ရဟု NLD တာဝန်ရှိသူ ပြော

    တရုတ်ကို‌ အောက်မကျို့ရဟု NLD တာဝန်ရှိသူ ပြော

    ဒီဇင်ဘာ ၁၇၊ ၂၀၁၉
    M-Media

    -တရုတ်နိုင်ငံနဲ့ ရရှိတဲ့ သဘောတူညီချက်တွေမှာ အစိုးရဖက်က အောက်ကျို့ရတာမရှိဘဲ ညီတူညီမျှသာဖြစ်တယ်လို့ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့ပါတယ်။

    NLD အစိုးရဟာ အနောက်နိုင်ငံတွေနဲ့ ပိုမိုနီးကပ်တဲ့ဆက်ဆံရေးမျိုး တည်ဆောက်နိုင်မယ်လို့ ထင်ခဲ့ကြပေမယ့် တရုတ်နဲ့ ပိုမိုပြီး ဆက်ဆံရေးကောင်းမွန်လာတာကြောင့် ပြည်တွင်းပြည်ပ ကျွမ်းကျင်သူတွေက အံ့အားသင့်ခဲ့ရတယ်လို့ မုံရွာအောင်ရှင်က ဆိုပါတယ်။

    “ကြိုက်ကြိုက်မကြိုက်ကြိုက် အိမ်နီးချင်းနိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိဖို့ လိုအပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပဲ အိမ်နီးချင်းတွေနဲ့အဆင်မပြေရင် အိမ်‌ပြောင်းလို့ရပေမယ့် နိုင်ငံတစ်ခုမှာတော့ ဒီလိုပြောင်းလို့ မရပါဘူး”

    အစိုးရဟာ တရုတ်အပေါ် အောက်ကျို့ရတဲ့ ဆက်ဆံရေးမျိုး မရှိဘဲ win-win အခြေအနေမျိုးသာ ဖြစ်တယ်လို့လည်း သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တရုတ်ဟာ ထဲထဲဝင်ဝင် ပါဝင်နေကြောင်း၊ မြန်မာနိုင်ငံဟာ အိန္ဒိယသမုဒ္ဒရာနဲ့ ယူနန်ပြည်နယ်ကြားမှာ တည်ရှိပြီး တောင်အာရှနိုင်ငံတွေအတွက် ဝင်ပေါက်ဖြစ်ကာ၊ BRI စီမံကိန်းအတွက် အဓိကကျနေတာကြောင့် တရုတ်အတွက် မြန်မာနိုင်ငံက အရေးပါနေကြောင်း ပြည်တွင်း နိုင်ငံရေး လေ့လာဆန်းစစ်သူတွေက သုံးသပ်ထားပါတယ်။

    ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဌ ဦးစိုင်းညွန့်လွင်က ရှမ်းပြည်နယ် ငြိမ်းချမ်းရေးဟာ တရုတ်အစိုးရအတွက် အရေးကြီးနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ အခုလအစောပိုင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီး BRI စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်က ဆောက်လုပ်ရေးလုပ်ငန်းတွေကို အရှိန်မြှင့်ဆောင်ရွက်ဖို့ အစိုးရကို တောင်းဆိုခဲ့ပါတယ်။

    Ref: mmtimes

  • ပြည်တွင်းဖြစ် စာပို့ဒရုန်းနှင့် လူသားစက်ရုပ်ကို အီရန် ထုတ်ပြ

    ပြည်တွင်းဖြစ် စာပို့ဒရုန်းနှင့် လူသားစက်ရုပ်ကို အီရန် ထုတ်ပြ

    ဒီဇင်ဘာ ၁၇၊ ၂၀၁၉
    M-Media

    -ပြည်တွင်းမှာ တီထွင်ထုတ်လုပ်ပြီး စာနဲ့ ခြားပစ္စည်းတွေ ပို့ဆောင်ပေးနိုင်မယ့် ဒရုန်းလေယာဉ်တစ်ခုနဲ့ သုတေသနလုပ်နိုင်မယ့် လူသားစက်ရုပ်တစ်ခုကို အီရန်က ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြလိုက်ပါတယ်။

    ကြာသာပတေးနေ့က ထုတ်ပြခဲ့တဲ့ စာပို့ဒရုန်းဟာ ဗဟိုထိန်းချုပ်မှုစနစ်၊ လမ်းကြောင်းရှာစနစ်နဲ့ ပါဆယ်ပို့ဆောင်ရေးစနစ်တွေ ပါဝင်ပါတယ်။ အီရန်ဆက်သွယ်ရေးဝန်ကြီးက ပါဆယ်တွေပို့ဆောင်နိုင်တဲ့ ဒီဒရုန်းကို အရပ်ဖက်မှာ အသုံးပြုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    အီရန်ကြက်ခြေနီအဖွဲ့ကလည်း အရေးပေါ် သက်ကယ်အကူအညီတွေပို့ဆောင်မှုမှာ ရဟတ်ယာဉ်တွေအစား ပိုမိုအကုန်အကျသက်သာပြီး ခရီးရောက်မယ့် ဒီဒရုန်းကို အသုံးပြုဖို့ စဉ်းစားနေတယ်လို့လည်း ဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ပြည်တွင်းဖြစ် စာပို့ဒရုန်းကို အီရန်က ထုတ်ပြပြီးပြီးချင်းမှာပဲ တူရကီ အစိုးရစာတိုက်လုပ်ငန်းက စိတ်ဝင်စားကြောင်း လာရောက်ပြောဆို ဆက်သွယ်ခဲ့တယ်လို့ ဆိုပါတယ်။

    လူသားစက်ရုပ်

    အီရန်သုတေသနပညာရှင်တွေဟာ စနေနေ့က မြို့တော်တီဟီရန်မှာ လူသားစက်ရုပ် Surena III ကိုလည်း ထုတ်ပြခဲ့ပါတယ်။

    အရပ် ၆ ပေ ၃ လက်မရှိတဲ့ အဲဒီစက်ရုပ်ဟာ Kinect အခြေခံတဲ့ 3D vision module ကို အသုံးပြုထားပြီး ဆာဗိုမော်တာ ၃၁ လုံး တပ်ဆင်ထားပါတယ်။ စက်ရုပ်မှာ အသုံးပြုတဲ့ ဆော့ဖ်ဝဲဟာ လူကြိုက်များတဲ့ Robot Operating System (ROS) ဖြစ်ကာ လူသားက စောင့်ကြည့်ထိန်းချုပ်မှု စနစ်လည်း ပါဝင်ပါတယ်။

    Surena စက်ရုပ်တီထွင်ရေး စီမံကိန်းကို ဦးစီးနေတဲ့ စက်မှုအင်ဂျင်နီယာ ပရော်ဖက်ဆာ ဒေါက်တာ အဂ်ဟီလ် ယူဆီဖီ-ကိုမာက စက်ရုပ်ကို သုတေသနလုပ်ငန်းအတွက် ရည်ရွယ် ဖန်တီးတာဖြစ်ပြီး ခြေနှစ်ချောင်းလှုပ်ရှားမှု၊ လူသားနဲ့ စက်ရုပ် ဆက်သွယ်ပြောဆိုမှုတွေအပါအဝင် စက်ရုပ်နည်းပညာက စိန်ခေါ်မှုတွေကို ဖော်ထုတ်ဖြေရှင်းဖို့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    မိတ်ဆက်ပြသပွဲမှာ Surena III ဟာ လမ်းလျှောက်တာ လူသားရဲ့ လက်ပုံသဏ္ဍာန်အတိုင်း လှုပ်ရှားတာ လူသားနဲ့ ဆက်သွယ်ပြောဆိုတာတွေ လုပ်ဆောင်ပြခဲ့ပါတယ်။

    Ref: Press TV, Spectrum

  • ဝီဂါများညှင်းပမ်းခံရမှုအပေါ် အစ္စလာမ်ကမ္ဘာက နှုတ်ဆိတ်နေမှုကို အိုဇေးလ်ဝေဖန်

    ဝီဂါများညှင်းပမ်းခံရမှုအပေါ် အစ္စလာမ်ကမ္ဘာက နှုတ်ဆိတ်နေမှုကို အိုဇေးလ်ဝေဖန်

    ဒီဇင်ဘာ ၁၅၊ ၂၀၁၉
    M-Media

    -တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်က ဝီဂါမွတ်စလင်တွေကို တရုတ်အစိုးရ ဖိနှိပ်ညှင်းပမ်းနေမှုအပေါ် အစ္စလာမ်ကမ္ဘာက နှုတ်ဆိတ်နေမှုကို အာဆင်နယ်ကွင်းလယ်လူ မီဆု အိုဇေးလ်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

    “ကုရ်အာတွေ မီးရှို့ခံနေရတယ်။ ဗလီတွေ ပိတ်ခံနေရတယ်။ အစ္စလာမ့်ဓမ္မသင်တန်းကျောင်းတွေ၊ မဒ်ရာဆာတွေကို ပိတ်ပင်ထားတယ်။ မွတ်စလင်ဓမ္မပညာရှင်တွေ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံနေရတယ်။ ဒါမျိုးတွေ ဖြစ်နေတာတောင်မှ မွတ်စလင်တွေက နှုတ်ဆိတ်နေကြတယ်” လို့ အိုဇေးလ်က ဆိုရှယ်မီဒီယာမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ရေးသားခဲ့ပါတယ်။

    တရုတ်ရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို ကြံ့ကြံ့ခံ တွန်းလှန်နေတဲ့ ဝီဂါတွေကိုလည်း သူရဲကောင်းတွေလို့ အိုဇေးလ်က သမုတ်ခဲ့ပါတယ်။

    ရှင်ကျန်းပြည်နယ်မှာ ဝီဂါနဲ့ အခြားလူနည်းစုတွေအပေါ် တရုတ်က ဖိနှိပ်ညှင်းပမ်းမှုတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့တာပါ။ တရုတ်အစိုးရဟာ ရှင်ကျန်းမှာ အကျဉ်းစခန်းတွေ တည်ဆောက်ကာ ဝီဂါနဲ့ အခြား လူနည်းစု မွတ်စလင် ၁ သန်းကျော်လောက်ကို ထိန်းသိမ်းပြီး တရုတ်ဇာတ်သွင်းရေး၊ အစ္စလာမ်သာသနာကို စွန့်လွှတ်ရေး လုပ်ဆောင်နေတယ်လို့ ၂၀၁၈ ခုနှစ်မှာ ကမ္ဘာ့မီဒီယာတွေက စုံစမ်းဖော်ထုတ်‌ ရေးသားခဲ့ကြပါတယ်။

    တရုတ်က ဒီသတင်းတွေကို ငြင်းဆိုခဲ့ပြီး အဆောက်အဦးတွေဟာ အကျဉ်းစခန်းတွေမဟုတ်ဘဲ အသက်မွေးသင်တန်းကြောင်းတွေသာ ဖြစ်တယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    အာဆင်နယ်ကွင်းလယ်လူက ဖိနှိပ်ညှင်းပမ်းမှုတွေကို မတားဆီးနိုင်ရင်တောင် ထုတ်ဖော်ပြောဆိုရဲရမယ်လို့ ထည့်သွင်းရေးသားခဲ့ပါတယ်။

    “ညှမ်းပမ်းမှုတွေကို နှုတ်ဆိတ်နေတာကိုက အားပေးအားမြှောက်ပြုနေတာ ဖြစ်တယ်ဆိုတာကို မွတ်စလင်နိုင်ငံတွေက မသိကြတာလား။ တမန်တော် မုဟမ္မဒ်ရဲ့ သားမက် အလီသခင်ရဲ့ စကားတစ်ခွန်းရှိတယ် – ‘ညှင်းပမ်းမှုတွေကို မတားဆီးနိုင်ရင်တောင်မှ ထုတ်ဖော်ပြောဆိုကြပါ’ – ဆိုတာပါ”

    အာဆင်နယ်က ဖြေရှင်း

    အိုဇေးလ်ရဲ့ ဒီမှတ်ချက်ကြောင့် ‌တရုတ်နိုင်ငံက အာဆင်နယ်အားပေးသူတွေဟာ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

    အာဆင်နယ်အသင်းကတော့ ဒီပြောကြားမှုဟာ ကစားသမားရဲ့ ပုဂ္ဂလိကအမြင်သာဖြစ်ပြီး၊ အသင်းကတော့ နိုင်ငံရေးမှာ မပါဝင်ရေးဆိုတဲ့ မူကိုသာ ဆက်လက်ဆုပ်ကိုင်ထားကြောင်း တရုတ်ဆိုရှယ်မီဒီယာ Weibo မှာ ရေးသားခဲ့ပါတယ်။

    Ref: Aljazeera