News @ M-Media

Author: Ko Lay

  • တရုတ်က အရှေ့တောင်အာရှနိုင်ငံများအား အနိုင်ကျင့်နေဟု အမေရိကန်ပြော

    တရုတ်က အရှေ့တောင်အာရှနိုင်ငံများအား အနိုင်ကျင့်နေဟု အမေရိကန်ပြော

    ဒီဇင်ဘာ ၁၅၊ ၂၀၁၉
    M-Media

    -တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေဟာ အရှေ့တောင်အာရှက တစ်ခြားနိုင်ငံတွေအပေါ် ခြိမ်းခြောက်မှု၊ အနိုင်ကျင့်မှု ဖြစ်နေတယ်လို့ အမေရိကန်ရေတပ်ရဲ့ ပစိဖိတ်တပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ် ဂျွန် အကီလီနိုက ပြောကြားလိုက်ပါတယ်။

    တရုတ်ဟာ တောင်တရုတ်ပင်လယ်က ဧရိယာအများအပြားကို ပိုင်ဆိုင်တယ်လို့ ပြောကြားထားပြီး ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ မလေးရှားတို့အပါအဝင် အခြားနိုင်ငံတော်တော်များများနဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတာပါ။ အဲဒီ ရေလမ်းကြောင်းဟာ ကမ္ဘာ့ကုန်သွယ်ရေးအတွက် အရေးပါသလို၊ သဘာ၀သယံဇာတ ကြွယ်၀တဲ့နေရာလည်း ဖြစ်ပါတယ်။

    သောကြာနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာပြုလုပ်တဲ့ အကျဉ်းရုံးသတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ် အကီလီနိုက တောင်တရုတ်ပင်လယ်အတွင်း တရုတ်က ကျွန်းတုတွေတည်ဆောက်ပြီး ဗုံးကြဲလေယာဉ်တွေ အတက်အဆင်းလုပ်တာ၊ ‌လေယာဉ်ပစ်ဒုံးခွင်းစနစ်၊ သင်္ဘောဖျက်ဒုံးခွင်းစနစ်တွေ တပ်ဆင်တာ၊ ရေဒါစနစ်တွေတပ်ဆင်တာ စတဲ့လုပ်ရပ်တွေကို ထောက်ပြခဲ့ပါတယ်။

    ဒီလုပ်ရပ်တွေဟာ ‌စစ်ရေးအင်အားကို မြင်အောင်ပြသပြီး ဒေသတွင်းက အခြားနိုင်ငံတွေအပေါ် ဖိအားပေး၊ အနိုင်ကျင့်တာဖြစ်တယ်လို့လည်း အကီလီနိုက ထည့်သွင်းပြောဆိုပါတယ်။ ‌ဒေသတွင်း နိုင်ငံအားလုံးက နိုင်ငံတကာဥပဒေတွေကို လိုက်နေတဲ့အတိုင်း တရုတ်ကလည်း လိုက်နာဖို့ ဗိုလ်ချုပ်က တိုက်တွန်းဆော်ဩခဲ့ပါတယ်။

    တရုတ်နဲ့ အခြားနိုင်ငံတွေ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်လမ်းကြောင်းမှာ အမေရိကန်ဟာ မကြာခင်ဆိုသလို ကင်းလှည့်မှုတွေလုပ်ဆောင်နေပြီး လွတ်လပ်‌စွာ ရေကြောင်းသွားလာမှုကို ကာကွယ်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

    ပစိဖိတ်ရေတပ်ဗိုလ်ချုပ် အကီလီနိုက တောင်တရုတ်ပင်လယ်လုံခြုံရေးအတွက် ဒေသတွင်းနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ အမေရိကန်ရဲ့ အခန်းကဏ္ဍကလည်း အရေးပါတယ်လို့ ရှုမြင်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နယ်သာလန်အောက်လွှတ်တော်ကော်မတီနှင့် တွေ့ဆုံမည်

    နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နယ်သာလန်အောက်လွှတ်တော်ကော်မတီနှင့် တွေ့ဆုံမည်

    ဒီဇင်ဘာ ၁၃၊ ၂၀၁၉
    M-Media

    -နယ်သာလန်နိုင်ငံ သည်ဟေ့ဂ်မြို့ကို ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နယ်သာလန် အောက်လွှတ်တော် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိနေပြီး နယ်သာလန် သတင်းဌာန NOS နဲ့ အင်တာဗျူးမှာ ဖြစ်ပါတယ်။

    ၂၀၁၇ ခုနှစ်နှောင်းပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်ကပြုလုပ်တဲ့ စစ်ဆင်ရေးဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက် ရှိနေပြီး ကြားဖြတ်ဆုံးဖြတ်ချက်တစ်ခုချဖို့ ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာ ခုံသမာဓိရုံး ICJ ကို လျှောက်ထားခဲ့တာပါ။

    ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့က ဒီကိစ္စကို သည်ဟေ့ဂ်မြို့မှာ လာရောက်ထုချေခဲ့တာ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တာမျိုး ရှိကောင်းရှိနိုင်ပေမယ့် ဒါဟာ လူမျိုးတုန်းသတ်ဖြတ်မှုတော့ မမြောက်ဘူးလို့ ဒေါ်အောင်ဆန်းစုက ပြောကြားခဲ့ပါတယ်။

    ဒီကနေ့ နယ်သာလန်အောက်လွှတ်တော်ရဲ့ နိုင်ငံ‌ခြားရေးကော်မတီဟာ ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံတွေ့ဆုံမှာဖြစ်ပြီး ဂမ်ဘီယာရဲ့စွဲချက်နောက်ကွယ်က အကြောင်းအရင်းကို ရှင်းပြကာ မြန်မာနိုင်ငံက အခြေအနေတွေကိုလည်း မေးမြန်းဖို့ ရှိနေပါတယ်။နယ်သာလန် ရုပ်သံ NOS နဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ တံခါးပိတ်အင်တာဗျူးတစ်ခု လုပ်ဆောင်မှာ ဖြစ်ပါတယ်။

    ICJ ကိစ္စမှာ ဂမ်ဘီယာဖက်က ရပ်တည်မယ်လို့ နယ်သာလန်နဲ့ ကနေဒါက တရားဝင် ထုတ်ပြန်ထားပါတယ်။

    Ref: NL Times

  • အမေရိကန်တွင် ဂျူးဆန့်ကျင်ရေးတိုက်ခိုက်မှု စိုးရိမ်စရာကောင်းလာ

    အမေရိကန်တွင် ဂျူးဆန့်ကျင်ရေးတိုက်ခိုက်မှု စိုးရိမ်စရာကောင်းလာ

    ဒီဇင်ဘာ ၁၃၊ ၂၀၁၉
    M-Media

    -နယူးဂျာစီပြည်နယ်က ဂျူးစျေးတစ်ခုမှာ အခုတစ်ပတ်အတွင်း ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးတဲ့နောက် အမေရိကန်မှာ ဂျူးတွေအပေါ် မုန်းတီးမှုနဲ့ပတ်သက်ပြီး စိုးရိမ်စရာဖြစ်လာတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ခဲ့ကြပါတယ်။

    နယူးဂျာစီစီးတီးက ဂျူးအသားစျေးကို ဇနီးမောင်နှံလို့ ယူဆရတဲ့ အမျိုးသားနဲ့ အမျိုးသမီး ၂ ဦးက ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။ ရဲတွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စျေးဆိုင်ထဲက လူ ၃ ဦး၊ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပါတယ်။ သေနတ်သမား ၂ ဦးကိုတော့ ရဲတပ်ဖွဲ့က အသေပစ်သတ်ခဲ့ပါတယ်။

    သေနတ်သမားတွေဟာ လူဖြူတွေနဲ့ ဂျူးတွေအပေါ် မလိုမုန်းထားတဲ့ Black Hebrew Israelites လှုပ်ရှားမှုက အဖွဲ့ဝင်တွေဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ နယူးဂျာစီစီးတီး မြို့တော်ဝန် စတီဗ် ဖူလော့ပ်ကလည်း သေနတ်သမား ၂ ဦးဟာ ဗန်ကားခိုးပြီး ဂျူးအသားစျေးကို အတိအကျ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့အတွက် ဒါဟာ ဂျူးတွေအပေါ် အမုန်းရာဇဝတ်မှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ပြည်နယ်နဲ့ ဖက်ဒရယ်ရဲတပ်ဖွဲ့ကတော့ တိုက်ခိုက်မှုနောက်ကွယ်က အကြောင်းအရင်းကို တိတိကျကျ မသိရသေးဘဲ စုံစမ်းစစ်ဆေးနေဆဲပဲလို့ ပြောကြားခဲ့ပါတယ်။ ဒီကိစ္စနဲ့ဆက်စက်ပြီး Black Hebrew အဖွဲ့ရဲ့ ရုံးချုပ်ဖြစ်တဲ့ နယူး‌ယောက်ဆင်ခြေဖုံးက Israelite Church of God in Jesus Christ ခရစ်ယာန်အသင်းကို FBI က ဝင်ရောက် ရှာဖွေခဲ့ကြပါတယ်။

    နယူးယောက်မြို့တော်ဝန် ဘီလ် ဒီ ဘလာစီယိုက နယူးယောက်မှာရှိတဲ့ ဂျူးဘုရားကျောင်းတွေနဲ့ ဂျူးအသင်းအဖွဲ့တွေ ပိုမို ကာကွယ်စောင့်ရှောက်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂၀၁၈ ခုနှစ် အောက်တိုဘာလက ပင်ဆဲလ်ဗားနီးယားပြည်နယ် ပစ္စဘာ့ဂ်မြို့ ဂျူးဘုရားကျောင်းတစ်ခုမှာဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်မှုဟာ အမေရိကန်သမိုင်းမှာ ဂျူးတွေကို ပစ်မှတ်ထားတဲ့ အဆိုးဝါးဆုံးတိုက်ခိုက်မှု ဖြစ်ခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်အတွင်း လူ ၁၁ ဦး သေဆုံးခဲ့ပါတယ်။

    ပြီးခဲ့တဲ့ ဧပြီလကလည်း ဆန်ဒီယေဂို‌မြို့မြောက်ဖက်က ဂျူးဘုရားကျောင်းတစ်ခုကို သေနတ်သမား တစ်ဦးက ဝင်ရောက်ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးကာ ဂျူးဘုန်းကြီးနဲ့ အခြား ၂ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

    Ref: AP

  • ဘာဘရီဗလီကိစ္စ မွတ်စလင်များ၏ အသနားခံစာကို အိန္ဒိယတရားရုံးချုပ် ပယ်ချ

    ဘာဘရီဗလီကိစ္စ မွတ်စလင်များ၏ အသနားခံစာကို အိန္ဒိယတရားရုံးချုပ် ပယ်ချ

    ဒီဇင်ဘာ ၁၃၊ ၂၀၁၉
    M-Media

    ဖျက်ဆီးခံခဲ့ရသည့် ဘာဘရီဗလီ

    -နိုင်ငံမြောက်ပိုင်း အယွတ်ဒယမြို့က ဖျက်ဆီးခံထားရတဲ့ ဘာဘရီဗလီနဲ့ပတ်သက်ပြီး တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ဖို့ မွတ်စလင်တွေရဲ့ အသနားခံစာတင်ထားမှုကို တရားရုံးချုပ်က ပယ်ချလိုက်ပါတယ်။

    ၁၆ ရာစုကတည်းက ဆောက်လုပ်ထားတဲ့ အဲဒီဗလီဟာ ရာမနတ်ဘုရားမွေးဖွားရာနေရာ ဖြစ်တယ်လို့ ဟိန္ဒူတွေက ၁၉၄၉ ခုနှစ်မှာ စတင်စွပ်စွဲခဲ့ပြီး ၁၉၉၂ ခုနှစ်မှာတော့ ဖျက်ဆီး ဖြိုချခဲ့ပါတယ်။

    နိုဝင်ဘာ ၉ ရက်နေ့ တရားရုံးချုပ်ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်မှာ ဘာဘရီဗလီနေရာကို ဟိန္ဒူ‌ေတွထံပေးကာ ဘုရားကျောင်းတစ်ခုတည်ဆောက်ဖို့ အမိန့်ချခဲ့ပြီး မွတ်စလင်တွေကိုတော့ အယွတ်ဒယမြို့က အခြားနေရာမှာ မြေ ၅ ဧက ပေးရမယ်လို့ ဆိုပါတယ်။

    ဒီဆုံးဖြတ်ချက်ဟာ တရားမျှတမှုမရှိဘဲ၊ အိန္ဒိယက မွတ်စလင်လူ့အဖွဲ့အစည်းကို ထိခိုက်နစ်နာစေတယ်လို့ဆိုကာ ပြန်လည်သုံးသပ်ပေးဖို့ မွတ်စလင်အဖွဲ့အစည်းတွေက အသနားခံစာ ၁၈ ခု တင်ခဲ့တာဖြစ်ပါတယ်။

    ၅ ဦးပါ ခုံအဖွဲ့ကို ဦးဆောင်တဲ့ တရားသူကြီးချုပ် အက်စ်အေ ဘော့ဘ်ဒီက ဒီအသနားခံစာတွေကို အသေအချာ ကြည့်ရှုစစ်ဆေးခဲ့ပေမယ့် ခိုင်မာမှုမရှိတဲ့အတွက် ပယ်ချလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    အသနားခံစာကို အခုလို ပယ်ချလိုက်တာကြောင့် ဆုံးဖြတ်ချက်မှာ ချို့ယွင်းချက်တွေရှိနေပြီး ဒါတွေကို သုံးသပ်ပြုပြင်ပေးဖို့ ဥပေဒကြောင်းအရ တောင်းဆိုနိုင်မယ့် နည်းလမ်းတစ်ခုသာ ကျန်ရှိပါတော့ပါတယ်။

    ဘာဘာရီဗလီကို ဟိန္ဒူတွေထံပေးခဲ့တဲ့ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ ဝန်ကြီးချုပ်မိုဒီရဲ့ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ရဲ့ အဓိကအောင်ပွဲတစ်ခု ဖြစ်ပါတယ်။ ဗလီနေရာမှာ ဟိန္ဒူဘုရားကျောင်းတစ်ခု ဆောက်လုပ်ဖို့ ဆောင်ရွက်မယ်လို့ မိုဒီက ရွေးကောက်ပွဲတိုင်းမှာ ပြောကြားခဲ့တာပါ။

    Ref: Aljazeera

  • အာကာသအမှိုက်ရှင်းလင်းရေး လုပ်ငန်းကို ဥရောပအာကာသအေဂျင်စီက စတင်ဆောင်ရွက်မည်

    အာကာသအမှိုက်ရှင်းလင်းရေး လုပ်ငန်းကို ဥရောပအာကာသအေဂျင်စီက စတင်ဆောင်ရွက်မည်

    ဒီဇင်ဘာ ၁၂၊ ၂၀၁၉
    M-Media

    -ကမ္ဘာပတ်လမ်းကြောင်းမှာရှိနေတဲ့ အမှိုက်တွေကို ရှင်းလင်းရေး လုပ်ငန်းတစ်ခုကို ပထမဆုံး စတင်သွားမယ်လို့ ဥရောပအာကာသအေဂျင်စီ ESA က အခုတစ်ပတ်အစောပိုင်းမှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    Clear Space-1 လို့ အမည်ပေးထားတဲ့ ဒီရှင်းလင်းရေးကို ဆွီဒင်ကုမ္ပဏီ Clear Space က ဖန်တီးထားတဲ့ လက်တံလေးခုပါ စက်ရုပ်နဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ကမ္ဘာပတ်လမ်းကြောင်းမှာ အသုံးမပြုတော့တဲ့ ဂြိုဟ်တုတွေ၊ ဒုံးကျည်အပိုင်းအစတွေ၊ ဂြိုဟ်တုတွေက ကွာကြတဲ့ဆေးတွေ စတဲ့ အမှိုက်သရိုက် မြောက်များစွာ ရှိနေတာပါ။

    ESA ရဲ့ အခုစီမံကိန်းကို ၂၀၂၀ အစောပိုင်းမှာ စတင်သွားမှာ ဖြစ်ပါတယ်။ စက်ရုပ်ဟာ ၂၀၁၃ ခုနှစ် ESA ရဲ့ ဂြိုဟ်တုလွှတ်တင်မှုမှာ ကျန်ရစ်ခဲ့တဲ့ ဒုံးကျည်အပိုင်းအစတွေကို ရှင်းလင်းမှာပါ။ အမှိုက်သရိုက်တွေကို သိမ်းဆည်းပြီးတဲ့နောက် စက်ရုပ်ဟာ ကမ္ဘာကို ပြန်လာမှာဖြစ်ပြီး လေထုထဲဝင်ရောက်တဲ့အခါမှာ အမှိုက်တွေကိုရော၊ စက်ရုပ်ကိုပါ မီးရှို့ဖျက်ဆီးသွားဖို့ ပြင်ဆင်ထားပါတယ်။

    ဒီအစီအစဉ် အောင်မြင်မယ်ဆိုရင် ကမ္ဘာပတ်လမ်းက အခြားကြီးမားတဲ့အရာတွေကို ရှင်းလင်းဖို့ ရှိနေပါတယ်။ ၂၀၂၅ ခုနှစ်ကျရင် အာကာသ အမှိုက်သရိုက်ရှင်းလင်းရေးလုပ်ငန်းကို တရားဝင် စတင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။

    ESA က ထုတ်ပြန်တဲ့ကြေငြာချက်မှာ လက်ရှိ ကမ္ဘာပတ်လမ်းကြောင်းမှာ အသုံးပြုနေတဲ့ ဂြိုဟ်တုအရေအတွက်က ၂ ထောင်နီးပါးရှိပြီး အသုံးမပြုတော့တာတွေက ၃ ထောင်ကျော်ရှိနေကြောင်း အာကာသက အမှိုက်ပြဿနာဟာ အရင်ကထက် ပိုမိုကြီးထွားလာကြောင်း ဖော်ပြထားပါတယ်။

    မသုံးတော့တဲ့ ဂြိုဟ်တုတွေအပြင် ကမ္ဘာပတ်လမ်းကြောင်းမှာ လှည့်ပတ်နေတဲ့ အမှိုက်အရေအတွက်ဟာ သန်း ၁၇၀ လောက် ရှိမယ်လို့ ESA က ခန့်မှန်းတွက်ချက်ထားပါတယ်။ အချို့အမှိုက်တွေဟာ သေနတ်ကျည်ဆံထက် လျင်မြန်တဲ့အရှိန်နဲ့ လှည့်ပတ်နေတာကြောင့် ဂြိုဟ်တုတွေ၊ လူလိုက်ပါတဲ့ အာကာသယာဉ်တွေအတွက် အန္တရာယ်ရှိတယ်လို့လည်း ESA က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: CNN