News @ M-Media

Author: Ko Lay

  • နိုင်ငံ၏ အကြီးဆုံး နေစွမ်းအင်သုံး ဓာတ်အားပေးစနစ်ကို မကွေးတိုင်းတွင် ဖွင့်လှစ်

    နိုင်ငံ၏ အကြီးဆုံး နေစွမ်းအင်သုံး ဓာတ်အားပေးစနစ်ကို မကွေးတိုင်းတွင် ဖွင့်လှစ်

    ဒီဇင်ဘာ ၅၊ ၂၀၁၉
    M-Media

    photo credit – mmtimes

    -မြန်မာနိုင်ငံရဲ့ အကြီးဆုံး နေစွမ်းအင်သုံး သီးသန့်ဓာတ်အားပေးစနစ်တစ်ခုကို အင်္ဂါနေ့က မကွေးတိုင်းဒေသကြီးမှာ ဖွင့်လှစ်ခဲ့ပါတယ်။

    Mandalay Yoma Energy ကုမ္ပဏီက တာဝန်ယူဆောင်ရွက်တဲ့ အဲဒီ နေစွမ်းအင်သုံး ဓာတ်အားလိုင်းဟာ မကွေးတိုင်းဒေသ‌ကြီး လဲမာရွာက အိမ်ခြေ ၄၀၀ လောက်ကို ဓာတ်အားပေးနိုင်မှာဖြစ်ပါတယ်။ ကုမ္ပဏီအကြီးအကဲ ကာပီလ်ဆသ်က ဒီလိုဖွင့်လှစ်နိုင်မှုဟာ ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေးအတွက် မှတ်တိုင်သစ်တစ်ခု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှု အနိမ့်ဆုံးနိုင်ငံစာရင်းထဲမှာ ပါဝင်ပြီး နိုင်ငံလူဦးရေရဲ့ ၅၀ ရာခိုင်နှုန်း ဝန်းကျင်သာ ဓာတ်အားရရှိပါတယ်။

    Mandalay Yoma Energy ဟာ ပြင်သစ်နိုင်ငံက GDF International SAS ကုမ္ပဏီနဲ့ စင်ကာပူအခြေစိုက် Sol Partners Pvt Led တို့ ပူးပေါင်း တည်ထောင်ထားတာ ဖြစ်ပါတယ်။ အစိုးရရဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးက်ရေး ဦးစီးဌာနနဲ့ ပူးပေါင်းကာ ကျေးလက်နေပြည်သူ သိန်းနဲ့ချီ လျှပ်စစ်ဓာတ်အား ရရှိနိုင်ရေးအတွက် နောက်ထပ် နေစွမ်းအင်သုံး သီးသန့် ဓာတ်အားပေးစနစ်တွေကိုလည်း Mandalay Yoma Energy က ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။

    ၂၀၃၀ ပြည့်နှစ်ရောက်ရင် မြန်မာနိုင်ငံက အိမ်တိုင်း လျှပ်စစ်ဓာတ်အား ရရှိရေး အစိုးရက စီမံကိန်းချ ဆောင်ရွက်နေပြီး ဒေသအလိုက် သီးသန့်ဓာတ်အားပေးစီမံကိန်း‌တွေကို ကမ္ဘာ့ဘဏ်က ‌ပံ့ပိုးကူညီပေးနေပါတယ်။

    မြန်မာနိုင်ငံမှာ စီးပွားရေးနဲ့ စက်မှုလုပ်ငန်းတွေအတွက် နေစွမ်းအင်ကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ချေ ပမာဏဟာ ၇၀၀ မီဂါဝပ်ကျော်ရှိပြီး ဒါဟာ လက်ရှိ တိုင်းပြည်ရဲ့ ဓာတ်အားထုတ်လုပ်မှု ၁၀ ရာခိုင်နှုန်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့လကစပြီး အစိုးရက ဓာတ်အား တိုးမြှင့်ကောက်ခံခဲ့တာကြောင့် အခြား ပြည့်ဖြိုးမြဲရင်းမြစ်တွေထက် ပိုမို မြန်မြန်ဆန်ဆန် ဖန်တီးအသုံးပြုနိုင်တဲ့ နေစွမ်းအင်သုံး ဓာတ်အားပေးစနစ်ကို စိတ်၀င်စားမှု မြင့်တက်လာပါတယ်။

    Ref: Myanmar Times

    (Myanmar Times အင်္ဂလိပ်ပိုင်းမှသတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုပါသည်)

  • လူ့အခွင့်အရေးကိစ္စ မဆွေးနွေးရန် လုံခြုံရေးကောင်စီကို မြောက်ကိုရီးယား သတိပေး

    လူ့အခွင့်အရေးကိစ္စ မဆွေးနွေးရန် လုံခြုံရေးကောင်စီကို မြောက်ကိုရီးယား သတိပေး

    ဒီဇင်ဘာ ၅၊ ၂၀၁၉
    M-Media

    -နိုင်ငံရဲ့ လူ့အခွင့်အရေးအကြောင်း ဆွေးနွေးတာဟာ ‘ဆိုးဆိုးဝါးဝါး ရန်စတာမျိုး’ ဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုတွေ မြင်တက်လာလိမ့်မယ်လို့ မြောက်ကိုရီးယားက ကုလ လုံခြုံရေးကောင်စီကို မနေ့မှာ သတိပေးလိုက်ပါတယ်။

    မြောက်ကိုရီးယားက လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ ‌အခုလအတွင်း ဆွေးနွေးရေး တောင်းဆိုဖို့အတွက် အဖွဲ့ဝင်နိုင်ငံတွေက စီစဉ်ထားတာပါ။

    လုံခြုံရေးကောင်စီကို မနေ့ကပေးပို့တဲ့စာမှာ မြောက်ကိုရီးယားသံအမတ် ကင်ဆွန်က နိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို လုံခြုံရေးကောင်စီက ဆွေးနွေးတာဟာ အမေရိကန်ရဲ့ ရန်လိုတဲ့ပေါ်လစီက ပေါ်ထွက်လာမယ့် နောက်ထပ် ရန်စမှုတစ်ခုဖြစ်ပြီး မိမိတို့အနေနဲ့ ပြင်းပြင်းထန်ထန် တုန့်ပြန်သွားမှာဖြစ်ကြောင်း ဒီအတွက် အမေရိကန်နဲ့ အဖွဲ့ဝင်နိုင်ငံတွေမှာ တာဝန်ရှိမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် ဇွန်လကစလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ ၃ ကြိမ်တိုင်တိုင်တွေ့ဆုံခဲ့ပြီး မြောက်ကိုရီးယားရဲ့ နျူနဲ့ ဒုံးကျည်အစီအစဉ်တွေ ရပ်ဆိုင်းရေး ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမယ့် ထိရောက်တဲ့ တိုးတက်မှုမျိုးကို မမြင်ရပါဘူး။

    လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ဆိုရင် အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံထဲက ၉ နိုင်ငံရဲ့ ထောက်ခံမဲပေးမှု လိုအပ်တာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း မြောက်ကိုရီးယားအရေး ဆွေးနွေးဖို့ကြိုးစားမှုတွေကို တရုတ်က ဗီတိုအာဏာနဲ့ ပယ်ချခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတည်း မြောက်ကိုရီးယား လူ့အခွင့်အရေးကိစ္စ ဆွေးနွေးဖို့ အမေရိကန်က စီစဉ်ခဲ့ပေမယ့် လုံလောက်တဲ့ ထောက်ခံမှု မရတာကြောင့် ဖြစ်မလာခဲ့ပါဘူး။

    Ref: Aljazeera

  • ဝက်သက်ရောဂါပြန့်နှံ့မှုကြောင့် ဆာမိုအာက နိုင်ငံကို ၂ ရက်တာတံခါးပိတ်

    ဝက်သက်ရောဂါပြန့်နှံ့မှုကြောင့် ဆာမိုအာက နိုင်ငံကို ၂ ရက်တာတံခါးပိတ်

    ဒီဇင်ဘာ ၅၊ ၂၀၁၉
    M-Media

    -ပစိဖိတ်ကျွန်းစုနိုင်ငံငယ်တစ်ခုဖြစ်တဲ့ ဆာမိုအာမှာ ဝက်သက်ရောဂါ အကြီးအကျယ် ကူးစက်ပြန့်နှံ့နေမှုကြောင့် အစိုးရဟာ နိုင်ငံကို ၂ ရက်တာ တံခါးပိတ်ပြီး တစ်အိမ်တက်ဆင်း ကာကွယ်ဆေးတွေ လိုက်လံထိုးနှံပေနေပါတယ်။

    လူဦးရေ ၂ သိန်းသာရှိတဲ့ ဆာမိုအာမှာ ပြီးခဲ့တဲ့လကစလို့ ဝက်သက်ရောဂါ ပြန့်နှံ့ဖြစ်ပွားလာတာဖြစ်ပြီး ၆၂ ဦးသေဆုံးကာ အများစုက ကလေးငယ်တွေဖြစ်ပါတယ်။

    ဒါ့ကြောင့် အစိုးရဟာ ကြာသာပတေးနေ့ကနေစတင်ကာ နိုင်ငံကို ၂ ရက်တာ တံခါးပိတ်လိုက်တာ ဖြစ်ပါတယ်။ အရေးမကြီးတဲ့ အစိုးရဌာနတွေအားလုံးကို ပိတ်ထားသလို၊ စီးပွားရေးလုပ်ငန်းအားလုံးကိုလည်း ပိတ်ဖို့ ညွှန်ကြားထားပါတယ်။ ကျွန်းစုအတွင်း ပြေးဆွဲနေတဲ့ သယ်ယူပို့ဆောင်ရေးလိုင်းအားလုံးကိုလည်း ရပ်ဆိုင်းထားပါတယ်။

    ပြည်သူတွေအနေနဲ့ မိမိတို့အိမ်အတွင်းမှာသာ နေထိုင်ကြဖို့၊ ‌ကာကွယ်ဆေးမထိုးနှံရသေးရင် အိမ်ရှေ့မှာ ပိတ်စအနီနဲ့ အလံထောင်ထားဖို့လည်း အစိုးရက ညွှန်ကြားထားပါတယ်။ ဆေးရုံသွားတာမျိုး၊ အထူးခွင့်ပြုချက်နဲ့ သွားတာမျိုးကလွဲလို့ ပြည်သူတွေ အပြင်သွားတာကိုလည်း ပိတ်ပင်ထားပါတယ်။

    ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဝက်သက်ရောဂါဖြစ်ပွားမှု ၁၆၅ ခု ရှိခဲ့တယ်လို့ အစိုးရက ဒီကနေ့မနက်မှာ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့လကစလို့ ဒီရောဂါကြောင့် သေဆုံးမှုဟာ ၆၂ ဦးရှိခဲ့ပြီး ၅၄ ဦးက ရင်ခွင်ပိုက်ကလေးငယ်တွေ အသက် ၄ နှစ်နဲ့အောက် ကလေးငယ်တွေဖြစ်ပါတယ်။

    Ref: Aljazeera

  • ရှင်ကျန်းပြည်နယ်တွင် သာသနိကအဆောက်အဦးများ ဖျက်ဆီးကာ အစ္စလာမ်ပပျောက်အောင် တရုတ်က လုပ်ဆောင်နေ

    ရှင်ကျန်းပြည်နယ်တွင် သာသနိကအဆောက်အဦးများ ဖျက်ဆီးကာ အစ္စလာမ်ပပျောက်အောင် တရုတ်က လုပ်ဆောင်နေ

    ဒီဇင်ဘာ ၃၊ ၂၀၁၉
    M-Media

    ရှင်ကျန်းတွင် ဖျက်ဆီးခံခဲ့ရသည့် ဗလီတစ်လုံး

    -တရုတ်အစိုးရဟာ နိုင်ငံအနောက်မြောက်ပိုင်း ရှင်ကျန်းပြည်နယ်မှာရှိတဲ့ ဗလီတွေ၊ အစ္စလာမ့် သာသနိက အဆောက်အဦးတွေကို ဖြိုချဖျက်ဆီးတာ၊ ပိတ်ပင်တာတွေလုပ်ဆောင်ကာ ဝီဂါတွေရဲ့ အမှတ်သညာတွေကို ဖျောက်ဖျက်ပစ်နေတယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်ပါတယ်။

    “အစ္စလာမ်သာသနာ ပျောက်ပျက်သွားအောင်၊ မွတ်စလင်တွေကို ဘာသာပျက်သွားအောင် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်အစိုးရဟာ ဗလီတွေ၊ ဂူဗိမာန်တွေ၊ သုဿာန်တွေ၊ အခြား အစ္စလာမ်သာသနိက အဆောက်အဦးတွေ အခြားအရာတွေ ဖျက်ဆီးတာ၊ ပိတ်ပစ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်” လို့ အမည်မဖော်လိုတဲ့ အဲဒီအရာရှိက VOA သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ဖွင့်ခွင့်ပေးထားတဲ့ ဗလီတွေမှာတော့ မင်နာရတ်မျှော်စင်တွေ၊ အမိုးခုံး ဖယ်ရှားတာတွေ လုပ်ဆောင်ပြီး၊ စောင့်ကြည့်ကင်မရာတွေ တပ်ဆင်တာ၊ လုံခြုံရေးအစောင့်ချထားတာတွေလို အလွန်အမင်း ထိန်းချုပ်ထားကြောင်း၊ ဒါဟာ မွတ်စလင်တွေ သူတို့ရဲ့ ဘာသာတရား လွတ်လပ်စွာ ကျင့်သုံးခွင့်ကို တားမြစ်တာဖြစ်ကြောင်း အဲဒီတာဝန်ရှိသူက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ရှင်ကျန်းပြည်နယ်မှာ ဝီဂါနဲ့ အခြား တူရကီအနွယ်ဝင် မွတ်စလင်လူနည်းစု ၁၃ သန်းလောက် နေထိုင်နေကြပါတယ်။ ၂၀၁၇ ခုနှစ်ကတည်းက တရုတ်အစိုးရဟာ မွတ်စလင်တွေကို အကျဉ်းစခန်းတွေမှာ အစုလိုက်အပြုံလိုက် ဖမ်းဆီးထိန်းသိမ်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ကမ္ဘာ့သတင်းမီဒီယာတွေက စုံစမ်းဖော်ထုတ်ခဲ့ကြပါတယ်။

    တရုတ်အစိုးရကတော့ ဒါတွေဟာ အကျဉ်းစခန်းတွေ မဟုတ်ဘဲ အသိပညာပေးရေးနဲ့ အသက်မွေးဝမ်းကြောင်း သင်တန်းကျောင်းတွေဖြစ်ကြောင်း ပြန်လည်တုန့်ပြန် ပြောကြားခဲ့ပါတယ်။

    ဗလီဖျက်ဆီးခံရမှု ဂြိုဟ်တုပုံရိပ်

    အမေရိကန်အစိုးရနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက အနည်းဆုံး ဝီဂါတစ်သန်းလောက် ဖမ်းဆီးထိန်းသိမ်း ခံထားရပြီး အဓမ္မလုပ်အားခိုင်းစေတာ၊ ညှင်းပမ်းနှိပ်စက်တာတွေ ခံနေရကြောင်း ရှင်ကျန်းပြည်နယ်အတွင်းမှာလည်း မွတ်စလင်လူနည်းစုတွေကို အလွန်အမင်းထိန်းချုပ် ကန့်သတ်နေကြောင်း ပြောကြားထားပါတယ်။

    အမေရိကန်အခြေစိုက် ‘ဝီဂါလူ့အခွင့်အရေးစီမံကိန်း’ (UHRP) ရဲ့ စုံစမ်းမှုအရ ၂၀၁၆ ခုနှစ် နှောင်းပိုင်းကတည်းက ရှင်ကျန်းပြည်နယ်တစ်ဝှမ်းမှာရှိတဲ့ မြို့တွေ၊ ရွာတွေ၊ ခရိုင်တွေမှာ ဗလီဝတ်ကျောင်းတော်နဲ့ အစ္စလာမ့် သာသနိကအဆောက်အဦး ၁၀၀၀၀ ကနေ ၁၅၀၀၀ လောက်အထိ ဖျက်ဆီးခဲ့ပြီး ဒါဟာ ပြည်နယ်အတွင်း စုစုပေါင်း အစ္စလာမ်သာသနိကအဆောက်အအုံ ပမာဏရဲ့ ၄၀ ရာခိုင်နှုန်း ဖြစ်တယ်လို့ ဆိုပါတယ်။

    ဗလီဖျက်ဆီးခံရမှု ဂြိုဟ်တုပုံရိပ်

    မျက်မြင်ကြုံရတဲ့ ဒေသခံတွေရဲ့ ပြောဆိုမှုတွေနဲ့ ဂြိုဟ်တုပုံရိပ်တွေအရ အနည်းဆုံး ဝီဂါတွေရဲ့ သာသနိက အဆောက်အဦး ၁၄၀ လောက်ကို တရုတ်အစိုးရက ‘စနစ်တကျ ဖျက်ဆီးခဲ့တာကို’ ကို တွေ့ရကြောင်း UHRP ရဲ့ စုံစမ်းစစ်ဆေးမှုကို ဦးဆောင်သူ ဘာရမ် ဆင်တာရှ်က ပြောကြားခဲ့ပါတယ်။

    ဖျက်ဆီးခံရတဲ့ ဗလီဝတ်ကျောင်းတော်တွေထဲမှာ ဟိုတန်ပြည်နယ်မှာတည်ရှိပြီး ၁၃ ရာစုကတည်းက တည်ဆောက်ခဲ့တဲ့ Keriya ဗလီဝတ်ကျောင်းတော်လည်း ပါဝင်တယ်လို့ UHRP ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီဗလီဟာ သမိုင်းဝင်ဗလီဖြစ်ပြီး ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ခံထားရတာပါ။

    “တရုတ်အစိုးရဟာ ရှင်ကျန်းက ဗလီတော်တော်များများကို ဖျက်ဆီးခဲ့ပေမယ့် Korla Jama ဗလီအပါအဝင် မြို့ကြီးတွေက ဗလီတစ်ချို့ကိုတော့ ချန်ထားပါတယ်။ Korla Jama ဗလီဟာ ကိုလာမြို့မှာ ခရီးသွားတွေ စိတ်ဝင်တစား သွားရောက်နဲ့ နေရာတွထဲက တစ်ခုဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ တွေ့ရတယ်။ ဒါ့ကြောင့် Korla Jama ဗလီကို အစိုးရက ချန်ထားတယ်ဆိုတာ ဝီဂါလူ့အဖွဲ့အစည်းအတွက်၊ သူတို့ ဝတ်ပြုဆုတောင်းဖို့အတွက် မဟုတ်ဘဲ ခရီးသွားနေရာတစ်ခုအဖြစ် ချန်ထားတာ ဖြစ်ပါတယ်။ အစ္စလာမ်သာသနာကို ကာကွယ်ပေးထားတယ်လို့ ဟန်ဆောင်ဖို့နဲ့ နိုင်ငံတကာ လူ့အဖွဲ့အစည်းနဲ့ သတင်းထောက်တွေကို လိမ်ညာဖို့ပါ” လို့ ဘာရမ် ဆင်တာ့ရှ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ထွက်လာတဲ့ သတင်းတွေကို လေ့လာဆန်းစစ်နိုင်ရေး နိုင်ငံတကာက လွတ်လပ်တဲ့ အဖွဲ့တွေ ဝင်ရောက်ခွင့် မပေးမှုအတွက် ကုလနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက တရုတ်အာဏာပိုင်တွေကို ဝေဖန်ထားပါတယ်။

    Ref: VOA

  • လူထုအုံကြွမှုကြောင့် အဓမ္မကျင့်သတ်ဖြတ်မှုတစ်ခုကို အိန္ဒိယက ခုံရုံးဖွဲ့ စစ်ဆေးမည်

    လူထုအုံကြွမှုကြောင့် အဓမ္မကျင့်သတ်ဖြတ်မှုတစ်ခုကို အိန္ဒိယက ခုံရုံးဖွဲ့ စစ်ဆေးမည်

    ဒီဇင်ဘာ ၃၊ ၂၀၁၉
    M-Media

    -ပြီးခဲ့တဲ့တစ်ပတ်က တိရစ္ဆာန်ဆရာဝန်တစ်ဦး အဓမ္မကျင့်သတ်ဖြတ်ခံရမှုအတွက် အထူးခုံရုံးဖွဲ့ကာ အလျင်အမြန် စစ်ဆေးသွားမယ်လို့ အိန္ဒိယနိုင်ငံတောင်ပိုင်း တီလန်ဂါနာပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောကြားလိုက်ပါတယ်။

    အသက် ၂၇ နှစ်အရွယ် အမျိုးသမီးဟာ ဟိုက်ဒရာဘတ်မြို့မှာ ဗုဒ္ဓဟူးနေ့က ပြန်ပေးဆွဲ အဓမ္မပြုကျင့် ခံခဲ့ရတာ ဖြစ်ပါတယ်။ ကျူးလွန်သူတွေဟာ ဒီအမျိုးသမီးကို သတ်ဖြတ်ပြီး စောင်နဲ့ပတ်ကာ ရေနံဆီလောင်း မီးရှို့ခဲ့ပါတယ်။

    ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်မှုတွေကို ပြည်သူလူထုက မကျေနပ်တာကြောင့် စနေနေ့မှာ ဟိုက်ဒရာဘတ် ရဲစခန်းကို၀ိုင်းကာ ဆန္ဒပြခဲ့ကြပါတယ်။

    တီလန်နာဂါပြည်နယ် အုပ်ချုပ်ရေးမှူး ချန်ဒရာရှီခါ ရာအိုက ဒီသတ်ဖြတ်မှုဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ဆိုပြီး အထူးခုံရုံးဖွဲ့ကာ ကျူးလွန်သူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လူသိရှိကြား ရှုတ်ချခြင်းမရှိတဲ့အတွက် ရာအိုဟာ အရင်က ဝေဖန်ခံခဲ့ရပါတယ်။

    လက်ရှိမှာတော့ ဒီသတ်ဖြတ်မှုအတွက် လူ ၄ ဦးကို အိန္ဒိယရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

    ၂၀၁၂ ခုနှစ်က မြို့တော်ဒေလီမှာ ကျောင်းသူတစ်ဦး ဘတ်စ်ကားပေါ်မှာ အုပ်စုဖွဲ့ အဓမ္မကျင့် သတ်ဖြတ်ခံရမှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် အိန္ဒိယအစိုးရရဲ့ ဒီကိစ္စအပေါ် ကိုင်တွယ်မှုတွေအပေါ် နိုင်ငံတကာက အာရုံစိုက်လာကြပါတယ်။ နောက်ဆက်တွဲအဖြစ် မုဒိမ်းမှုအတွက် ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ထိရောက်မှု မရှိပါဘူး။

    ၂၀၁၇ ခုနှစ်တွင်း နိုင်ငံတစ်ဝှမ်း အဓမ္မကျင့်မှုပေါင်း ၃၂၀၀၀ လောက် ဖြစ်ပွားခဲ့တယ်လို့ အစိုးရမှတ်တမ်းတွေမှာ ဖော်ပြပြီး ကျွမ်းကျင်သူတွေကတော့ အရေအတွက်ဟာ ဒီထက်ပိုပြီး များပြားနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera