News @ M-Media

Author: Ko Lay

  • အိန္ဒိယတွင် အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ အဓမ္မကျင့်ကာ သတ်ဖြတ်မီးရှို့မှု ဖြစ်ပွား

    အိန္ဒိယတွင် အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ အဓမ္မကျင့်ကာ သတ်ဖြတ်မီးရှို့မှု ဖြစ်ပွား

    ဒီဇင်ဘာ ၁၊၂၀၁၉
    M-Media

    -အိန္ဒိယနိုင်ငံတောင်ပိုင်း ဟိုက်ဒရာဘက်မြို့မှာ အမျိုးသမီးတစ်ဦး အုပ်စုဖွဲ့ အဓမ္မကျင့် သတ်ဖြတ်ခံရမှု ဖြစ်ပွားခဲ့ပြီး နောက်ဆက်တွဲအဖြစ် လူထုအုံကြွမှုလည်း ဖြစ်ပေါ်လာပါတယ်။

    အသက် ၂၇ နှစ်အရွယ် တိရစ္ဆာန်ဆရာဝန် အမျိုးသမီးတစ်ဦးဟာ ဗုဒ္ဓဟူးနေ့ညပိုင်းက အမျိုးသား ၄ ဦးရဲ့ ပြန်ပေးဆွဲ အဓမ္မကျင့်မှုကို ခံခဲ့ရတာပါ။ နောက်ပိုင်းမှာ ကျူးလွန်သူတွေက အမျိုးသမီးကို သတ်ဖြတ်ခဲ့ပြီး စောင်နဲ့ပတ် ရေနံဆီလောင်းကာ အလောင်းကို မီးရှို့ခဲ့ပါတယ်။ ကြွင်းကျန်တဲ့ အစိတ်အပိုင်းနဲ့ ပြာတွေကို ကြာသာပတေးနေ့ မနကပိုင်းမှာ ရှာတွေ့ခဲ့ပါတယ်။

    ဒီအဖြစ်အပျက်ဟာ အိန္ဒိယ ဆိုရှယ်မီဒီယာမှာ အလျင်အမြန်ပြန့်နှံ့ခဲ့ပြီး အစိုးရနဲ့ ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်မှု ညံ့ဖျင်းတာတွေကို ပြည်သူတွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ စနေနေ့မှာတော့ ရာပေါင်းများစွာသောပြည်သူတွေဟာ ဟိုက်ဒရာဘတ်မြို့က ရဲစခန်းကို ပိတ်ဆို့ကာ ဆန္ဒပြခဲ့ကြပြီး အမှုမှန်ပေါ်ပေါက်ရေး၊ ကျူးလွန်သူတွေကို ထိထိရောက်ရောက် အပြစ်ပေးရေး တောင်းဆိုခဲ့ကြပါတယ်။

    ၂၀၁၂ ခုနှစ်က မြို့တော်ဒေလီမှာ ကျောင်းသူတစ်ဦး ဘတ်စ်ကားပေါ်မှာ အုပ်စုဖွဲ့ အဓမ္မကျင့် သတ်ဖြတ်ခံရမှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် အိန္ဒိယအစိုးရရဲ့ ဒီကိစ္စအပေါ် ကိုင်တွယ်မှုတွေအပေါ် နိုင်ငံတကာက အာရုံစိုက်လာကြပါတယ်။ နောက်ဆက်တွဲအဖြစ် မုဒိမ်းမှုအတွက် ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ထိရောက်မှု မရှိပါဘူး။

    ၂၀၁၇ ခုနှစ်တွင်း နိုင်ငံတစ်ဝှမ်း အဓမ္မကျင့်မှုပေါင်း ၃၂၀၀၀ လောက် ဖြစ်ပွားခဲ့တယ်လို့ အစိုးရမှတ်တမ်းတွေမှာ ဖော်ပြပြီး ကျွမ်းကျင်သူတွေကတော့ အရေအတွက်ဟာ ဒီထက်ပိုပြီး များပြားနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့ ၁၀ ရက်အရင်ကလည်း ဒေလီမှာ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးဟာ အိမ်နီးချင်းအမျိုးသားရဲ့ အဓမ္မကျင့်မှုကို ခံခဲ့ရပါတယ်။ ကျူးလွန်သူဟာ အဲဒီအမျိုးသမီးငယ်ကို မီးရှို့ခဲ့ပြီး ရရှိတဲ့ ဒဏ်ရာတွေကြောင့် မနေ့က ဆေးရုံမှာပဲ သေဆုံးသွားခဲ့ပါတယ်။

    Ref: AFP

  • ကောင်းမြတ်သော အကျင့်သီလများဖြင့် အစ္စလာမ့်သတင်းစကားဖြန့်ချီရန် မွတ်စလင်များကို မဟာသီ တိုက်တွန်း

    ကောင်းမြတ်သော အကျင့်သီလများဖြင့် အစ္စလာမ့်သတင်းစကားဖြန့်ချီရန် မွတ်စလင်များကို မဟာသီ တိုက်တွန်း

    နိုဝင်ဘာ ၃၀၊ ၂၀၁၉
    M-Media

    -မွတ်စလင်မဟုတ်သူတွေ အစ္စလာမ်သာသနာကို နားလည်လာစေဖို့ဆိုရင် မွတ်စလင်တွေက ကောင်းမြတ်တဲ့ ကိုယ်ကျင့်သီလတွေကို ‌မွေးမြူပြသဖို့ လိုအပ်တယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ပြောကြားလိုက်ပါတယ်။

    မလေးရှား မွတ်စလင်ရေးရာအဖွဲ့အစည်း (Perkim) ရဲ့ ၅၈ နှစ်မြောက် နှစ်ပတ်လည် ညစာစားပွဲကို မနေ့က ပြုလုပ်ခဲ့ပြီး ဝန်ကြီးချုပ် မဟာသီ တက်ရောက်မိန့်ခွန်းပြောကြားခဲ့တာပါ။ မဟာသီဟာ Perkim ရဲ့ ဥက္ကဌလည်း ဖြစ်ပါတယ်။

    မစဉ်းစားမဆင်ခြင်တာ၊ အခြားလူမျိုး၊ အခြားဘာသာတရားတွေကို စော်ကားတာ၊ သဘောထား မတိုက်ဆိုင်မှုအပေါ် ငြင်းခုံရန်ဖြစ်တာလို မကောင်းတဲ့ အကျင့်မျိုးတွေကို မမွေးဘဲ စစ်မှန်တဲ့ အစ္စလာမ်ဘာသာဝင်တစ်ယောက် ဖြစ်လာရေးအတွက်လည်း တိုက်တွန်းခဲ့ပါတယ်။

    “ကျွန်တော်တို့ ကိုယ်တိုင်က ကိုယ်ကျင့်တရားမကောင်းဘူး၊ ဘ၀မှာ မအောင်မြင်ဘူးဆိုရင် မွတ်စလင်မဟုတ်သူတွေက ကျွန်တော်တို့ကို ဝိုင်းပယ်မှာပါ။ ကောင်းမြတ်တဲ့အကျင့်သီလတွေကို ကျွန်တော်တို့ ပြသဖို့လိုတယ်။ ဒါမှ သူတို့တွေဟာ ကျွန်တော်တို့ရဲ့ လုပ်ရပ်ကို သဘောကျပြီး အစ္စလာမ်ရဲ့ သွန်သင်မှုတွေအပေါ် လက်ခံယုံကြည်လာမှာပါ”

    အတ္တကို ရှေ့တန်းမတင်ဘဲ အများနဲ့ လိုက်လျောညီထွေနေ‌ကြဖို့လည်း မဟာသီက တိုက်တွန်းခဲ့ပါတယ်။

    “လူသားတွေဟာ လူ့အဖွဲ့အစည်းတွေ စုပေါင်းနေထိုင်ကြတာပါ။ သီးခြားနေထိုင်တာမဟုတ်ပါဘူး။ စိတ်ခံစားမှုကို ရှေ့တန်းမတင်ဖို့လိုအပ်တယ်။ အဲဒီလို ရှေ့တန်းတင်တင်နေမယ်ဆိုရင် ပြဿနာတွေဖြစ်ပြီး အားလုံးဆုံးရှုံးမှာပါ”

    နိုင်ငံအတွင်းမှာ ပြည်သူတွေအချင်းချင်း တိုက်ကြခိုက်ကြမယ်ဆိုရင် ငြိမ်းချမ်းတော့မှာမဟုတ်ဘဲ တစ်ခြားနိုင်ငံတွေက ဝင်ရောက် အခွင့်အရေးရယူသွားလိမ့်မယ်လို့ မဟာသီက ထည့်သွင်း သတိပေးခဲ့သလို၊ Perkim အနေနဲ့ အစ္စလာမ့်သတင်းစကား ဖြန့်ချီရေးမှာ တက်တက်ကြွကြွဆက်လက်ဆောင်ရွက်သွားဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    Perkim ရဲ့ ဒုတိယဥက္ကဌ ၁ ဒါတွတ်ဆရီ ရှာဟီဒန် ကာဆင်ကလည်း မဟာသီရဲ့ ပြောကြားမှုကို ကြိုဆိုခဲ့ပြီး မွတ်စလင်တွေအနေနဲ့ အစ္စလာမ်ရဲ့ စစ်မှန်တဲ့ သွန်သင်မှုအောက်မှာ ညီညွတ်ဖို့လိုအပ်တယ်လို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

    “မွတ်စလင်တွေ စည်းလုံးညီညွတ်ရေး ဆောင်ရွက်တဲ့ ခေါင်းဆောင်တစ်ယောက် လိုအပ်ပါတယ်။ ဒေါက်တာမဟာသီ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူတဲ့အချိန်မှာတော့ သူက ဒီတာဝန်တွေကို ထမ်းဆောင်တယ်။ တစ်ခြားလူတွေအားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း လိုအပ်ပါတယ်”

    Ref: Malay Mail

  • ဒုံးကျည်စာမိမည်ဟု ဂျပန်ကို မြောက်ကိုရီးယားခြိမ်းခြောက်

    ဒုံးကျည်စာမိမည်ဟု ဂျပန်ကို မြောက်ကိုရီးယားခြိမ်းခြောက်

    နို၀င်ဘာ ၃၀၊ ၂၀၁၉
    M-Media

    -ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအားဘေးဟာ လူနုံလူအ၊ နိုင်ငံရေး သူငယ်နှပ်စား တစ်ယောက်ဖြစ်ပြီး မကြာခင် ဒုံးကျည်းစာမိမယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက ဒီကနေ့မှာ ခြိမ်းခြောက်လိုက်ပါတယ်။

    မြောက်ကိုရီးယားဟာ နိုင်ငံအရှေ့ပိုင်းမှာ ကြာသာပတေးနေ့က တာတိုဒုံးကျည် ၂ စင်း စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။ ဒါဟာ မြောက်ကိုရီယားရဲ့ ဧရာမဒုံးပစ်လောင်ချာသစ်နဲ့ စတုတ္ထမြောက် စမ်းသပ်မှုလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က စမ်းသပ်မှုကို အလွန်အမင်းအားရတယ်လို့ ပြောပါတယ်။

    ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြောက်ကိုရီးယားရဲ့ ဒီစမ်းသပ်မှုဟာ ဂျပန်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး မဟာမိတ်တွေနဲ့အတူ အခြေအနေကို စောင့်ကြည့်နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။

    မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဂျပန်ရေးရာဌာန ဒုတိယညွှနကြားရေးမှူးက အာဘေးဟာ ကမ္ဘာမှာ အသိဉာဏ်အနည်းဆုံးခေါင်းဆောင်ဖြစ်တယ်လို့ ဝေဖန်ခဲ့ကြောင်း နိုင်ငံပိုင် KNCA သတင်းဌာနက ဒီကနေ့မှာ ဖော်ပြခဲ့ပါတယ်။

    “အ‌ဘေးဟာ သိပ်မကြာခင်မှာ တကယ့်ဒုံးကျည်ကို မျက်ဝါးထင်ထင်မြင်ရတော့မှာပါ။ သူဟာ ကမ္ဘာ့ပြိုင်စံရှား လူနုံလူအတစ်ယောက်၊ နိုင်ငံရေး သူငယ်နှပ်စားတစ်ယောက်သာ ဖြစ်ပါတယ်”

    တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်တာ၊ ဒီနည်းပညာ အသုံးပြုတာတွေကို ကုလသမဂ္ဂက တားမြစ်ထားပေမယ့် မြောက်ကိုရီးယားကတော့ ဒီတားမြစ်ချက်ကို ချိုးဖောက်ပြီး စမ်းသပ်မှုတွေ ပြုလုပ်နေပါတယ်။

    Ref : Aljazeera

  • ICJ မှာ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးနိုင်ပါ့မလား

    ICJ မှာ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးနိုင်ပါ့မလား

    နိုဝင်ဘာ ၂၉၊ ၂၀၁၉
    M-Media

    -မြန်မာအစိုးရဟာ ၂ နှစ်ကျော်လောက် ခက်ခက်ခဲခဲ ကြိုးစားတားဆီးခဲ့တဲ့ အတွေ့အကြုံသစ်တစ်ခုကို လာမယ့်လမှာ ပထမဆုံး မြည်းစမ်းရတော့မှာဖြစ်ပါတယ်။ လူနည်းစု ရိုဟင်ဂျာမွတ်စလင်တွေအပေါ် အကြမ်းဖက်မှုတွေကို စနစ်တကျ၊ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့မှုနဲ့ပတ်သက်ပြီးနိုင်ငံတကာမျက်နှာစာမှာ တာဝန်ယူမှု၊ တာဝန်ခံမှု အတွေ့အကြုံ ဖြစ်ပါတယ်။

    ၁၉၄၈ ခုနှစ် ကုလရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု သဘောတူညီချက်ကို မြန်မာနိုင်ငံကချိုးဖောက်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံရဲ့ တရားဝင်တိုင်ကြားမှုကို သည်ဟေ့ဂ်က နိုင်ငံတကာခုံသမာဓိရုံး (ICJ) မှာ ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၂ ရက်နေ့အတွင်း ပထမဆုံး ကြားနာမှာဖြစ်ကာ မြန်မာအရပ်သားအစိုးရအကြီးအကဲ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အဖွဲ့က သွားရောက်ပြီး ခုခံချေပမှာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက ကျူးလွန်မှုနဲ့ပတ်သက်လို့ ဂမ်ဘီယာက ဒီလို တိုင်ကြားခဲ့တာပါ။

    ဂမ်ဘီယာရဲ့ မြန်မာနိုင်ငံအပေါ် စွပ်စွဲမှုတွေကို ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တည်း ရင်ဆိုင်မှာ မဟုတ်ပါဘူး။ ဒီအမှုကို ရင်ဆိုင်ဖို့အတွက် ‘ထင်ရှားတဲ့ နိုင်ငံတကာရှေ့နေတွေ’ ကို ငှားရမ်းထားပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံကကြေငြာထားပါတယ်။ ဘယ်သူဘယ်ဝါဆိုတာကို မပြောသလို၊ ‘အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရေး’ ဆိုတာကလွဲလို့ သည်ဟေ့ဂ်က ဒီကိစ္စမှာ ဘယ်လို ဥပဒေနည်းဗျူဟာ အသုံးချမလဲဆိုတာကိုလည်း မြန်မာနိုင်ငံက မထုတ်ပြန်ပါဘူး။ သေချာတာတစ်ခုက ရိုဟင်ဂျာအရပ်သားတွေအပေါ် အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ အုပ်စုဖွဲ့ အဓမ္မကျင့်တာ၊ ခုတ်ထစ်သတ်ဖြတ်ခဲ့တာတွေနဲ့ပတ်သက်ပြီး အသေးစိတ် စုစည်းမှတ်တမ်းတင်ထားမှုတွေကို ခုခံချေပမှာကိုက ဒေါ်အောင်စုကြည်နဲ့ မြန်မာဖက်ကရှေ့နေတွေအနေနဲ့ ရေဆန်ကိုလှော်ခတ်ရတာပါ။

    စုစည်းမှတ်တမ်းတင်ထားတာတွေထဲမှာ ကုလရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့က ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ ထုတ်ပြန်ခဲ့တဲ့ စာမျက်နှာ ၄၄၄ မျက်နှာပါ အစီရင်ခံစာလည်း ပါဝင်ပါတယ်။ မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ ရိုဟင်ဂျာတွေအပေါ် ရက်ရက်စက်စက် ကျူးလွန်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ အထင်အရှား တွေ့ရပြီး လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု (crimes against humanity)၊ စစ်ရာဇဝတ်မှု (war crimes)၊ လူမျိုးတုန်းသတ်ဖြတ်မှု (genocide) တွေနဲ့ တရားစွဲဆိုဖို့ လုံလောက်တဲ့ အထောက်အထားတွေဖြစ်တယ်လို့ အစီရင်ခံစာမှာ သုံးသပ်ခဲ့ပါတယ်။ ‘သတင်းမှားတွေ ဖြန့်ဖြူးတာ၊ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ကျူးလွန်မှုကို ဖုံးကွယ်တာ၊ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို တားမြစ်ပိတ်ပင်တာ၊ သက်သေခံအထောက်အထားတွေကို ဖျောက်ဖျက်ခိုင်းတာ’ စာတာတွေကြောင့် စုံစမ်းစစ်ဆေးကာ တရားစွဲဆိုရမယ့် စစ်ဖက်နဲ့ အရပ်ဖက်ခေါင်းဆောင်အမည်တွေကိုလည်း အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

    ကုလရဲ့ တွေ့ရှိမှုတွေဟာ Physicians for Human Rights (PHR) အဖွဲ့ရဲ့တွေ့ရှိချက်တွေနဲ့လည်း သွားတူနေပါတယ်။ PHR အဖွဲ့ဟာ ကျယ်ကျယ်ပြန့်ပြန့် စစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာလူ့အဖွဲ့အစည်းထဲက ရပ်မိရပ်ဖ ၆၀၄ ဦးကို တွေ့ဆုံ မေးမြန်းခဲ့တာပါ။ ရလဒ်ကို ၂၀၁၉ ခုနှစ်မတ်လ The Lancet Planetary Health ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။ ဒီကိစ္စမှာ တာဝန်အရှိဆုံးသူတွေဟာ တပ်မတော်လို့ခေါ်တဲ့ မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေဖြစ်ပြီး ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်း အကာအကွယ်မဲ့နေတဲ့ ရိုဟင်ဂျာအမျိုးသားတွေ၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပေါ် ကျူးလွန်မှုမှာ ‘ရဟတ်ယာဉ်၊ စစ်ကားတွေ၊ တင့်ကားတွေအပါအဝင် စစ်လက်နက်ပစ္စည်းမျိုးစုံ’ အသုံးပြုခဲ့တယ်လို့ PHR ရဲ့ စစ်တမ်းကောက့်ယူမှုမှာ တွေ့ခဲ့ရပါတယ်။

    ဒီသွေးချောင်းစီးမှုကို ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာနိုင်ငံက ထိထိရောက်ရောက် ကိုင်တွယ်အရေးယူမှု လုံး၀ မရှိတာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာရှေ့နေအဖွဲ့ဟာ သည်ဟေ့ဂ်မှာ ခက်ခက်ခဲခဲ ရင်ဆိုင်ရဖို့ ရှိပါတယ်။ မြန်မာအစိုးရဟာ ‘လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်’ တစ်ခုကို ၂၀၁၈ ခုနှစ် ဇူလိုင်လမှာ ဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၇ ခုနှစ် ရခိုင်မြောက်ပိုင်းမှာ ‘လုံခြုံရေးတပ်ဖွဲ့တွေက လူ့အခွင့်အရေး ချိုးဖောက်မှု ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအတွက် သက်သေပြနိုင်လောက်တဲ့ အထောက်အထားတွေ မတွေ့ရဘူး’ လို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အစီရင်ခံစာမှာ ဖော်ပြလိုက်တဲ့အခါမှာတော့ ကော်မရှင်ဟာ ဖြစ်ခဲ့တာတွေကို ဖုံးကွယ်ပေးတဲ့ အဖွဲ့တစ်ခုသာ ဖြစ်တယ်လို့ အထင်အမြင်သေးခံခဲ့ရပါတယ်။

    ရိုဟင်ဂျာတွေအပေါ် အစိုးရကျောထောက်နောက်ခံပြု ကျူးလွန်တဲ့ အကြမ်းဖက်မှုအတွက် စုံစမ်းစစ်း‌ဆေးနိုင်ရေး ‘ခုံရုံးတစ်ခု’ ဖွဲ့စည်းကြောင်း ၂၀၁၉ ခုနှစ် မတ်လမှာ မြန်မာစစ်တပ်က ကြေငြာခဲ့ပါတယ်။ ခုံရုံးမှာ တပ်မတော်က အကြီးတန်းအရာရှိ ၃ ဦး ပါဝင်ပြီး ၂၀၁၇ ခုနှစ် ဩဂုတ်လက ဖြစ်ခဲ့တာတွေကို ‘ထပ်မံစစ်ဆေးဖို့’ ဖြစ်တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ဝဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ် ဩဂုတ်လက ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးအားလုံးဟာ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ARSA က ရဲကင်းစခန်းတွေကို တိုက်ခိုက်မှုကို တရားသဖြင့် တုန့်ပြန်တာဖြစ်တယ်ဆိုတဲ့ ယုံကြည်မှုကင်းမဲ့ခြင်းခံရတဲ့ စစ်တပ်ရဲ့ပြောဆိုချက်ကို ဒီခုံရုံးက ထပ်လောင်းပြောဆိုခဲ့ပါတယ်။

    ရိုဟင်ဂျာတွေအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ထိရောက်တဲ့ အရေးယူ အပြစ်ပေးမှုမျိုး မြန်မာစစ်တပ်က လုပ်ဆောင်လိုစိတ် မရှိဘူးဆိုတာ ၂၀၁၉ ခုနှစ်မေလမှာ ပိုသေချာသွားပါတယ်။ ဒါကတော့ ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ ဖြစ်ပွားခဲ့တဲ့ နာမည်ကျော် အင်းဒင်လူသတ်ပွဲမှာ ရိုဟင်ဂျာအမျိုးသားနဲ့ ယောက်ျားလေး ၁၀ ဦးကို သတ်ဖြတ်ခဲ့တဲ့ စစ်သား ၇ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့လုပ်ရပ်ပါ။

    ရခိုင်ပြည်နယ်မြောက်ပိုင်းက ရက်စက်ကြမ်းကြုတ်မှု သက်သေတွေကို မြန်မာအစိုးရနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက တမင်တကာ ဖုံးကွယ်ဖျောက်ဖျက်ပစ်တယ်ဆိုတဲ့ အထောက်အထားတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေအဖွဲ့က ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ရခိုင်ပြည်နယ်က ရိုဟင်ဂျာရွာတွေဟာ ‘ဘူဒိုဇာတွေနဲ့ ဖျက်ဆီး ဖျောက်ဖျက်ခဲ့ခံရတယ်’ ဆိုတာကိုလည်း ဂြိုဟ်ဓာတ်ပုံအထောက်အထားတွေက ပြသနေပါတယ်။ အဲဒီရွာတွေမှာ လုံးခြုံရေးတပ်ဖွဲ့ဝင်တွေအတွက် အဆောက်အဦးတွေ၊ ရခိုင်ပြည်နယ် အခြားဒေသက ဗုဒ္ဓဘာသာဝင်တွေနေထိုင်ဖို့ နေအိမ်တွေ အစားထိုး ဆောက်လုပ်ပေးခဲ့ပြီး ဒါဟာ သေဆုံး၊ ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေရဲ့ ကျန်ရစ်တဲ့ပိုင်ဆိုင်မှုတွေကို ပဋိပက္ခအလွန်မှာ ရှင်းလင်းဖျောက်ဖျက်မှု ပုံစံလည်း ဖြစ်နေပါတယ်။

    သည်ဟေ့ဂ်က ICJ မှာ ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုမှုကို သွားရောက်ရင်ဆိုင်ရမယ့် မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့အတွက် နောက်ထပ် သတင်းဆိုးတစ်ခုက ရှေ့လာမယ့် လတွေ၊ နှစ်တွေအတွင်း အခြား တရားရေးဆိုင်ရာတွေကို ဆက်လက်ရင်ဆိုင်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ ရိုဟင်ဂျာနဲ့ လက်တင်အမေရိက လူ့အခွင့်အရေးအဖွဲ့တွေက ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် သတ်မှတ်ချက်အရ မြန်မာအစိုးရနဲ့ စစ်ခေါင်းဆောင်တွေကို နိုဝင်ဘာ ၁၃ ရက်နေ့ အာဂျင်တီးနား တရားရုံးမှာ တရားစွဲဆိုခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်ဆိုတာ နိုင်ငံတကာနဲ့ဆိုင်တဲ့ ဆိုးရွားတဲ့ရာဇဝတ်မှု ကျူးလွန်သူတွေကို မိခင်နိုင်ငံအပြင် အခြားနိုင်ငံတွေမှာပါ ဖမ်းဆီး၊ တရားစွဲဆို အပြစ်ပေးနိုင်ခွင့် ဖြစ်ပါတယ်။ အာဂျင်တီးနားက တရားစွဲဆိုမှုဟာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က ‘လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ သက်သေ‌ ဖုံးကွယ်ဖျောက်ဖျက်မှုကို ကျူးလွန်သူတွေ၊ ကြံရာပါအဖြစ် ပါဝင်သူတွေကို ရာဇဝတ်မှုဆိုင်ရာ အရေးယူအပြစ်ပေးဖို့’ ဖြစ်ပါတယ်။

    ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် မြန်မာအစိုးရရဲ့ ကျူးလွန်မှုတွေအတွက် တရား၀င် စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ ခွင့်ပြုကြောင်း နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က နောက်တစ်ရက် (နိုဝင်ဘာ ၁၄ ရက်)မှာ ကြေငြာခဲ့ပါတယ်။ ‘ရိုဟင်ဂျာတွေ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အထိ ထွက်ပြေးသွားခဲ့ရလောက်အောင် လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တဲ့ အကြမ်းဖက်မှုတွေကို စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့တယ်၊ ရိုဟင်ဂျာ လူ့အဖွဲ့အစည်းပေါ် လူမျိုးရေး၊ ဘာသာရေးကို အခြေခံပြီး ညှင်းပမ်းမှုတွေ လုပ်ဆောင်ခဲ့တယ်’ ဆိုတဲ့ အချက်တွေအပေါ် အခြေခံကာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ ဖြစ်ပါတယ်။

    ‌မြန်မာနိုင်ငံဟာ ရောမသဘောတူစာချုပ် (Rome Statute) မှာ လက်မှတ်ထိုးထားခြင်းမရှိတာကြောင့် စုံစမ်းစစ်ဆေးဖို့ ICC ရဲ့ ကနဦး ကြိုးပမ်းမှုတွေမှာ မရေရာ မသေချာမှုတွေ ရှိခဲ့ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တစ်ခုကနေတစ်ဆင့် ICC က စုံစမ်းစစ်ဆေးနိုင်ရေး နိုင်ငံတကာရဲ့ ကြိုးပမ်းအားထုတ်မှုတွေကလည်း တရုတ်နဲ့ ရုရှားတို့ရဲ့ ဆန့်ကျင်မှုကြောင့် မအောင်မြင်ပါဘူး။

    လွန်ခဲ့တဲ့ ၈ နှစ်အတွင်း ရိုဟင်ဂျာအပါအဝင် နိုင်ငံတစ်ဝှမ်းက တိုင်းရင်းသားလူနည်းစုတွေအပေါ် မြန်မာနိုင်ငံက လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ လုပ်ဆောင်ခဲ့မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုကို ကုလက အခုနှစ် စက်တင်ဘာလက ဖွဲ့စည်းခဲ့ပါတယ်။

    ‘အမျိုးသားအကျိုးစီးပွားကာကွယ်ရေး’ ဆိုတဲ့အချက်လောက်နဲ့ ရိုဟင်ဂျာတွေ ခံစားခဲ့ရတဲ့ ကြောက်မက်ဖွယ်ရာ အဖြစ်ဆိုးတွေကို ‌’နိုင်ငံတကာအဆင့်မှာ ထင်ရှားတဲ့ ရှေ့နေတွေကတောင်’ ကျိုးကြောင်းပြ မကာကွယ်ပေးနိုင်ဘူးဆိုတာ ဒီတရားရင်ဆိုင်မှုတွေကနေတစ်ဆင့် မြန်မာအစိုးရဟာ မှတ်မှတ်သာသား သိရှိနားလည်လာတော့မှာ ဖြစ်ပါတယ်။

    Ref: Asia Times

    (Asia Times တွင် ဆောင်းပါးရှင် Phelim Kine ရေးသားသည့် Myanmar’s judicial defense of the indefensible ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။ ဆောင်းပါးပါ အချက်အလက်များနှင့် သုံးသပ်ချက်များသည် ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်ပါသည်)

  • မွန်ပြည်နယ်တိုက်ပွဲကြောင့် ပြည်သူ ၇၀၀ ကျော် ထိုင်းနိုင်ငံထဲဝင်ပြေး

    မွန်ပြည်နယ်တိုက်ပွဲကြောင့် ပြည်သူ ၇၀၀ ကျော် ထိုင်းနိုင်ငံထဲဝင်ပြေး

    နိုဝင်ဘာ ၂၈၊ ၂၀၁၉
    M-Media

    Wat Tao Than ကယ်ဆယ်ရေးစခန်းတွင် တွေ့ရသည့် ဒုက္ခသည်များ

    -နိုင်ငံအနောက်ပိုင်း မွန်ပြည်နယ်မှာ မွန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ အစိုးရစစ်တပ်တို့အကြား တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂ ရက်အတွင်း မွန်ပြည်သူအများအပြား ထိုင်းနိုင်ငံထဲကို အိုးအိမ်စွန့်ခွာ ထွက်ပြေးရတယ်လို့ သိရပါတယ်။

    တိုက်ပွဲတွေဟာ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူအနီးမှာ ဗုဒ္ဓဟူးနေ့က စတင်ဖြစ်ပွားနေတာဖြစ်ပြီး လူ ၇၀၀ ကျော်လောက် ထိုင်းနိုင်ငံ ကချန်ဘူရီပြည်နယ်က ဆန်ခလာဘူရီခရိုင်ထဲကို ဝင်ပြေးလာကြောင်း၊ ခရိုင်အကြီးအကဲက ဒုက္ခသည်တွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့ ကြက်ခြေနီအဖွဲ့ကို စေလွှတ်ခဲ့ကြောင်း Bangkok Post မှာ ဖော်ပြထားပါတယ်။

    မြန်မာအစိုးရ စစ်တပ်ဖက်က ထိုင်းမြန်မာနယ်စပ်ကိုသွားဖို့ ပြီးခဲ့တဲ့ ၂ ရက် ညှိနှိုင်းမှုမှာ အချိန်ကြန့်ကြာနေတဲ့အတွက် အင်အားသုံးလေးဆယ်လောက်နဲ့ ဝင်ရောက်လာတာကြောင့် ပစ်တာခတ်တာတွေ ဖြစ်ပွားခဲ့တာ‌လို့ မွန်အမျိုးသားလွတ်မြောက်ရေးတပ် MNLA ရဲ့ စစ်ဦးစီးချုပ် ဦးနိုင်လရီကောင်းက ဘီဘီစီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    လက်ရှိမှာတော့ အစိုးရတပ်နဲ့ ကရင်နယ်ခြားစောင့်တပ် BGF တို့က ဂျပန်ရေတွင်းအနီး MNLA ရဲ့ မြို့နယ်ရုံးခွဲစခန်းကို ထိန်းချုပ်ထားပါတယ်။ သိမ်းပိုက်ခံရတဲ့စခန်းဟာ ၂၀၁၂ ခုနှစ် နှစ်ဖက် သဘောတူစာချုပ် လက်မှတ်ထိုးထားကတည်းက တည်ဆောက်ထားတဲ့စခန်းဖြစ်ပြီး သိမ်းပိုက်မှုဟာ စာချုပ်ကို ချိုးဖောက်တာဖြစ်တယ်လို့လည်း ဦးနိုင်လရီကောင်းက ဆိုပါတယ်။

    မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေထဲက ၄၄၇ ဦးဟာ Wat Tao Than က ယာယီကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေပြီး ကျန်တဲ့ ၁၁၇ ဦးက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ စိုးရိမ်တဲ့အတွက် ထိုင်းအာဏာပိုင်တွေ စီစဉ်ပေးတဲ့ ကယ်ဆယ်ရေးစခန်းမှာ မနေလိုဘဲ အိမ်ပြန်ဖို့အတွက် ဆန္ဒရှိနေကြောင်း Bangkok Post မှာ ထည့်သွင်းဖော်ပြထားပါတယ်။

    ဒေသခံအာဏာပိုင်တွေနဲ့ ရပ်မိရပ်ဖတွေဟာ ထွက်ပြေးလာသူတွေကို ဒီကနေ့မှာ သွားရောက်တွေ့ဆုံပြီး စားနပ်ရိက္ခာတွေ ဝေငှကျွေးမွေးခဲ့တယ်လို့လည်း Bangkok Post က ဆိုပါတယ်။

    Ref: Bangkok Post, BBC Burmese