News @ M-Media

Author: Ko Lay

  • မုန်တိုင်းကြောင့် ဖိလစ်ပိုင်ဆီးဂိမ်းကို ထိခိုက်မှုရှိမည်

    မုန်တိုင်းကြောင့် ဖိလစ်ပိုင်ဆီးဂိမ်းကို ထိခိုက်မှုရှိမည်

    ဒီဇင်ဘာ ၃၊ ၂၀၁၉
    M-Media

    -နိုင်ငံမြောက်ပိုင်းကို ဝင်ရောက်ဖို့ရှိနေတဲ့ တိုင်ဖုန်း ကမ်မူရီကြောင့် ဆီးဂိမ်းပြိုင်ပွဲက အားကစားနည်း ၈ မျိုးလောက်မှာ အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်လို့ ဖိလစ်ပိုင် ဆီးဂိမ်းပြိုင်ပွဲ ကျင်းပရေးအဖွဲ့က ဒီဇင်ဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

    တိုင်ဖုန်း ကမ်မူရီဟာ နိုင်ငံမြောက်ပိုင်းNorthern Samar ပြည်နယ် လူဇွန်မြို့ကို ဒီကနေ့ ဝင်ရောက်ဖို့ ရှိနေတာဖြစ်ပါတယ်။

    ဆီးဂိမ်းပြိုင်ပွဲကို ဖိလစ်ပိုင်က ဇုံ ၃ ခုခွဲကာ ကျင်းပတာဖြစ်ပြီး မုန်တိုင်းကြောင့် ဆူဘစ်ဇုံမှာ ကျင်းပနေတဲ့ အားကစားပြိုင်ပွဲတစ်ချို့ ထိခိုက်မယ်လို့ ဆီးဂိမ်းပြိုင်ပွဲ ကျင်းပရေးအဖွဲ့ PHISGOC က ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    အပြောင်းအလဲဖြစ်လာမယ့် ပြိုင်ပွဲတွေက ဘောလီဘော၊ လှိုင်းစီး၊ ရွက်လှေ၊ ပန်ကျပ်စီလပ်၊ ကနူးကယက်လှေပြိုင်ပွ၊ ရိုးရာလှေပြိုင်နဲ့ ခေတ်ပေါ် ပန်သလွန်၊ ထရိုင်သလွန်၊ ဂျူယဲလ်သလွန် စတာတွေဖြစ်ပါတယ်။ မနီလာဇုန်မှာတော့ ပြိုင်ပွဲတွေကို အပြောင်းအလဲမရှိ ကျင်းပသွားမယ်လို့ ဆိုပါတယ်။

    ဖိလစ်ပိုင်နိုင်ငံမှာ တစ်နှစ်ကို မုန်တိုင်းပေါင်း ၂၀ လောက်ဝင်လေ့ရှိပါတယ်။ နိုင်ငံသမိုင်းတစ်လျှောက် အဆိုးဝါးဆုံး မုန်တိုင်းကတော့ ၂၀၁၃ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ တိုင်ဖုန်းဟိုင်ယန်ဖြစ်ပြီး သေဆုံးသူနဲ့ ပျောက်ဆုံးသူ စုစုပေါင်း ၇၃၀၀ လောက် ရှိခဲ့ပါတယ်။

    နိုင်ငံအတွင်း လိုအပ်နေတဲ့နေရာတွေမှာ မသုံးစွဲဘဲ ငွေကုန်ကြေးကျခံကာ ဆီးဂိမ်းပြိုင်ပွဲ ကျင်းပမှုအတွက် ဖိလစ်ပိုင်းအစိုးရဟာ ဝေဖန်မှုတွေ ခံနေရသလို၊ ဆီးဂိမ်းပြိုင်ပွဲလာရောက်တဲ့ ကစားသမားတွေကို ကြိုဆိုမှု၊ နေရာချထားမှုတွေ လစ်ဟင်းတာတွေ ရှိတဲ့အတွက်လည်း ဝေဖန်ခံနေရပါတယ်။

    Ref: CNA

  • ၃၇ နှစ်အရင်က လူသတ်မှုအတွက် ဆူရီနမ်သမ္မတ ထောင် နှစ် ၂၀ ချမှတ်ခံရ

    ၃၇ နှစ်အရင်က လူသတ်မှုအတွက် ဆူရီနမ်သမ္မတ ထောင် နှစ် ၂၀ ချမှတ်ခံရ

    ဒီဇင်ဘာ ၁၊ ၂၀၁၉
    M-Media

    ဆူရီနမ်သမ္မတ ဒီဆီ ဘူတာ့စ်ဟာ

    -လွန်ခဲ့တဲ့ ၃၇ နှစ်က နိုင်ငံရေးအတိုက်အခံ ၁၅ ယောက်ကို သတ်ဖြတ်မှုအတွက် တောင်အမေရိက နိုင်ငံငယ် ဆူရီနမ်ရဲ့ လက်ရှိသမ္မတ ဒီဆီ ဘူတာ့စ်ဟာ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံခဲ့ရပါတယ်။

    ဘူတာ့စ်ဟာ ၁၉၈၀ ပြည့်နှစ်တွေ စစ်အစိုးရခေါင်းဆောင်အဖြစ် နိုင်ငံကို စတင်အုပ်ချုပ်ခဲ့ပြီး ၂၀၁၀ မှာ သမ္မတအဖြစ် တာဝန်ယူခဲ့ကာ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ပြန်လည်အနိုင်ရရှိခဲ့ပါတယ်။

    တရားသူကြီး ၃ ဦးပါဝင်တဲ့ ခုံအဖွဲ့ဟာ ၁၉၈၂ ပြည့်နှစ်က အတိုက်အခံ ၁၅ ယောက် အသတ်ခံရမှုအတွက် မနေ့မှာ အမိန့်ချမှတ်ခဲ့တာပါ။ ရှေ့နေတွေ၊ ဂျာနယ်လစ်တွေ၊ တက္ကသိုလ်ကျောင်းဆရာတွေ ပါဝင်တဲ့ အတိုက်အခံ စုစုပေါင်း ၁၆ ယောက်ကို ဘူတာ့စ်လက်အောက်မှာရှိနေတဲ့ စစ်သားတွေက ဖမ်းသွားပြီး ၁၅ ဦးကို သတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအမှုကို ၂၀၀၇ ခုနှစ်မှာ စတင်စစ်ဆေးခဲ့တာပါတယ်။

    အသက် ၇၄ နှစ်အတွင် သမ္မတ ဘူတာ့စ်ဟာ လက်ရှိ တရုတ်နိုင်ငံကို အလည်အပတ်ခရီး ရောက်ရှိနေပြီး အခု အမိန့်ကြောင့် ကျူးဘားသွားမယ့်ခရီးစဉ်ကိုဖျက်ကာ ဆူရီနမ်နိုင်ငံကို ပြန်လာမှာဖြစ်ပါတယ်။ တရားသူကြီးတွေက ဘူတာ့စ်ကို ဖမ်း၀ရမ်း မထုတ်ခဲ့ပါဘူး။

    ဆူရီနမ်အစိုးရကတော့ နိုင်ငံအတွင်းကပြည်သူတွေ တည်ငြိမ်ငြိမ်ရှိကြဖို့ တိုက်တွန်းထားပါတယ်။ တရားရုံးက အခုလို အမိန့်ချမှတ်တာကြောင့် ဘူတာ့စ်ဟာ သမ္မတအဖြစ် ဆက်ရှိမနေသင့်တော့ဘူးလို့ အတိုက်အခံခေါင်းဆောင်တွေက ပြောကြားခဲ့ကြပါတယ်။

    တရားရုံးဟာ ဘူတာ့စ်အပြင် သတ်ဖြတ်မှုမှာပါဝင်တဲ့ စစ်တပ်အရာရှိဟောင်း ၆ ဦးကိုလည်း ပြစ်ဒဏ်တွေ အသီးသီး ချမှတ်ခဲ့ပါတယ်။

    ဘူတာ့စ်ကို မူးယစ်မှောင်ခိုမှုနဲ့ ၁၉၉၉ ခုနှစ်မှာ နယ်သာလန်တရားရုံးက မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခဲ့ဖူးပါတယ်။ သူကတော့ စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။ မနေ့က တရားရုံးအမိန့်နဲ့ပတ်သက်ပြီး ဘူတာ့စ်က တုန့်ပြန်ပြောဆိုမှု မလုပ်သေးပါဘူး။

    Ref: Aljazeera



  • လူထုဆန္ဒပြမှုကြောင့် အီရတ်ဝန်ကြီးချုပ် နှုတ်ထွက်စာတင်

    လူထုဆန္ဒပြမှုကြောင့် အီရတ်ဝန်ကြီးချုပ် နှုတ်ထွက်စာတင်

    ဒီဇင်ဘာ ၁၊ ၂၀၁၉
    M-Media

    အီရန်ဝန်ကြီးချုပ် မဟ်ဒီ

    -မြို့တော် ဘဂ္ဂဒတ်နဲ့ နိုင်ငံတောင်ပိုင်းတွေမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပြီးတဲ့နောက် အီရတ်ဝန်ကြီးချုပ် အဒဲလ် အဘ်ဒူလ် မဟ်ဒီဟာ မနေ့က လွှတ်တော်မှာ နှုတ်ထွက်စာ တင်လိုက်ပါတယ်။

    ခြစားမှု၊ အလုပ်အကိုင်မပေးနိုင်မှု၊ အစိုးရဝန်ဆောင်မှုတွေ ညံ့ဖျင်းမှုတွေကြောင့် အီရတ်နိုင်ငံတစ်ဝှမ်း အောက်တိုဘာ ၁ ရက်နေ့ကနေစပြီး ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တာပါ။ လုံခြုံရေးတပ်ဖွဲ့တွေကလည်း ပြင်းပြင်းထန်ထန် နှိမ်နှင်းခဲ့ပြီး လူပေါင်း ၄၀၀ ကျော်လောက် သေဆုံးခဲ့ပါတယ်။ ၂၀၀၃ ခုနှစ် အမေရိကန်ရဲ့ ကျူးကျော်တိုက်ခိုက်မှုအပြီး ပေါ်ပေါက်လာတဲ့ နိုင်ငံရေးစနစ်ကို အဆုံးသတ်ဖို့လည်း ပြည်သူတွေက တောင်းဆိုခဲ့ကြပါတယ်။

    ရာထူးကနေ နှုတ်ထွက်မယ့်အကြောင်းကို မဟ်ဒီက သောကြာနေ့မှာကတည်းက အတည်ပြု ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ကျင်းပမယ့် အီရတ်လွှတ်တော်မှာ မဟ်ဒီရဲ့ နှုတ်ထွက်မှုကို လက်ခံမလားဆိုတာ အမတ်တွေက မဲခွဲဆုံးဖြတ်မှာပါ။

    မဟ်ဒီဦးဆောင်တဲ့ အစိုးရကို မထောက်ခံ‌တော့ကြောင်း နိုင်ငံရဲ့ ထိပ်တန်း ရှီအာဘာသာရေးခေါင်းဆောင်က သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • သတင်းတု ထုတ်လုပ်ဖြန့်ချီသည့် Deepfake နည်းပညာကို ရာဇဝတ်မှုအဖြစ် တရုတ်သတ်မှတ်

    သတင်းတု ထုတ်လုပ်ဖြန့်ချီသည့် Deepfake နည်းပညာကို ရာဇဝတ်မှုအဖြစ် တရုတ်သတ်မှတ်

    ဒီဇင်ဘာ ၁၊ ၂၀၁၉
    M-Media

    -ဉာဏ်ရည်တု (AI) နဲ့ Virtual Reality လို နည်းပညာတွေကို အသုံးပြုပြီး သတင်းတုတွေ ဖန်တီးဖြန့်ဝေတာကို တားမြစ်တဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေကို တရုတ်ဆိုက်ဘာစောင့်ကြည့်ရေးဌာန (CAC) က မနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    စည်းမျဉ်းအသစ်အရ နည်းပညာတွေကိုအသုံးပြုကာ သတင်းတု ဖန်တီးဖြန့်ဝေတာကို သတင်းဌာနတွေအပြင်၊ လူတစ်ဦးချင်းစီက ဆောင်ရွက်တာကိုပါ တားမြစ် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ သတင်းတုဆိုတာဟာ တကယ့်အချက်အလက်ကို ပုံဖျက်ဖြန့်ဝေတာ၊ လုပ်ကြံရေးသား ဖြန့်ဝေတာလို့ CAC က အဓိပ္ပါယ် ဖွင့်ဆိုထားပါတယ်။

    အခု စည်းမျဉ်းသစ်ဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင်အသက်ဝင်မှာဖြစ်ပါတယ်။ မလိုက်နာတဲ့သူတွေကို ဘယ်လိုအပြစ်ပေးမလဲဆိုတာကိုတော့ CAC က ထုတ်ပြန်ခြင်း မရှိပါဘူး။

    တစ်ကယ်မဖြစ်ခဲ့တာတွေကို တစ်ကယ်ဖြစ်ခဲ့သယောင်ယောင် နည်းပညာအသုံးပြု ဖန်တီးထားတဲ့ ဗီဒီယိုတွေ၊ အသံဖိုင်တွေကို Deepfake လို့ ခေါ်ဆိုပါတယ်။ Deepfake သတင်းတွေဟာ နိုင်ငံရေး မတည်ငြိမ်မှုကို ဖြစ်ပေါ်စေပြီး၊ အမျိုးသားလုံခြုံရေးနဲ့ လူထုတည်ငြိမ်ရေးကို ထိခိုက်စေတယ်လို့လည်း CAC က သတိပေး ပြောကြားခဲ့ပါတယ်။

    ၂၀၁၆ ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲ မဲဆွယ်ရေးမှာ အွန်လိုင်းကနေ သတင်းအမှားတွေ အုံလိုက်ကျင်းလိုက် ဖြန့်ဝေမှု ဖြစ်ပေါ်ခဲ့ပြီးကတည်းက Deepfake နည်းပညာနဲ့ပတ်သက်ပြီး ပညာရှင်တွေက စိုးရိမ်ခဲ့ကြတာပါ။ ဒီနည်းပညာကို တားမြစ်ပိတ်ပင်ဖို့ စဉ်းစားနေတယ်လို့ တရုတ်အစိုးရက အခုနှစ်အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

    Ref : AFP

  • ရေငုပ်သင်္ဘောသုံး ပြည်တွင်းဖြစ် ခရုဇ်ဒုံးကျည်ကို အီရန်က အမြောက်အများ ထုတ်လုပ်တော့မည်

    ရေငုပ်သင်္ဘောသုံး ပြည်တွင်းဖြစ် ခရုဇ်ဒုံးကျည်ကို အီရန်က အမြောက်အများ ထုတ်လုပ်တော့မည်

    ဒီဇင်ဘာ ၁၊ ၂၀၁၉
    M-Media

    -ရေငုပ်သင်္ဘောသုံး ပြည်တွင်းဖြစ် Jask ခရုဇ်ဒုံးကျည်ကို အမြောက်အများထုတ်လုပ်တော့မယ်လို့ အီရန်ရေတပ်က ကြေငြာလိုက်ပြီး ပြည်တွင်းဖြစ် ရေတပ်သုံးပစ္စည်းတွေကိုလည်း ထုတ်ပြလိုက်ပါတယ်။

    အီရန်ရေတပ်ဟာ မနေ့က စစ်လက်နက်ပစ္စည်းပြပွဲတစ်ခု ပြုလုပ်ခဲ့တာပါ။ ရေတပ်အကြီးအကဲ ဗိုလ်ချုပ် ဟိုစိန်ခန်ဇာဒီက Jask ခရုဇ်ဒုံးကျည်ကို အမြောက်အများ ထုတ်လုပ်တော့မှာဖြစ်ပြီး ရေငုပ်သင်္ဘောအားလုံးမှာ တပ်ဆင်အသုံးပြုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    တာဝေးပစ်နိုင်မယ့် Jask-2 ခရုဇ်ဒုံးကျည်ကို အီရန်က ထုတ်လုပ်ထားပြီး၊ Jask-3 စီမံကိန်းကိုလည်း လုပ်ဆောင်နေပါတယ်။

    မနေ့က အခမ်းအနားမှာ အီရန်က ပြည်တွင်းဖြစ် Pelikan ဒရုန်း၊ Sadaf-2 ရေမြှုပ်မိုင်း၊ Soren ရှာဖွေရေးစနစ်၊ Balaban ပဲ့ထိန်းဗုံးနဲ့ Loqman လေ့ကျင့်ရေး သင်္ဘောတွေကိုလည်း ထုတ်ပြခဲ့ပါတယ်။

    Soren စနစ်ဟာ တစ်ကမ္ဘာလုံးအသုံးပြုနေတဲ့ GPS စနစ်ကို အသုံးမပြုဘဲ သတင်းအချက်အလက်တွေကို ရယူ ထောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ Pelikan ဒရုန်းကတော့ ဒေါင်လိုက်ပျံတက်နိုင်စွမ်းရှိပြီး ရေကြောင်းစောင့်ကြည့်ရေးလုပ်ငန်းတွေအတွက် ဖြစ်ပါတယ်။

    ဗိုလ်ချုပ်ခန်ဇာဒီက လာမယ့်လအတွင်း အိန္ဒိယသမုဒ္ဒရာမှာ တရုတ်၊ ရုရှားတို့နဲ့ ရေတပ်စစ်ရေးလေ့ကျင့်မှု လုပ်ဆောင်သွားမယ်လို့လည်း မနေ့က အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

    Ref: Press TV