News @ M-Media

Author: Ko Lay

  • တရုတ်ပြည်က အကျဉ်းစခန်းတွေမှာ ဝီဂါနဲ့ အခြားလူမျိုးငယ်တွေ ဘယ်လောက်အထိ ညှင်းပမ်းခံနေရလဲ

    တရုတ်ပြည်က အကျဉ်းစခန်းတွေမှာ ဝီဂါနဲ့ အခြားလူမျိုးငယ်တွေ ဘယ်လောက်အထိ ညှင်းပမ်းခံနေရလဲ

    နိုဝင်ဘာ ၂၄၊ ၂၀၁၉
    M-Media

    ရှင်ကျန်းပြည်နယ်မှ အကျဉ်းစခန်းတစ်ခု

    -ဆင်တူဝတ်စုံဝတ်ထားပြီး အဆောင်အပြင်မှာ ငြိမ်သက်စွာ ရပ်နေကြတဲ့ အကျဉ်းသားတွေထဲက ဦးခေါင်းရိပ်ထားတဲ့ အချောဆုံး ဆယ်ကျော်သက် မိန်းကလေးငယ်တစ်ဦးကို အစောင့်တွေက ရွေးထုတ်သွားပါတယ်။ အဲဒီနောက် ကျူးလွန်ခဲ့တဲ့ ပြစ်မှုကို ပြောခိုင်းတဲ့အခါ မိန်းကလေးငယ်က သူမဟာ ပြုပြင်ပြောင်းလဲရေးသမားတစ်ယောက် ဖြစ်တယ်လို့ ပြန်ဖြေပါတယ်။ ဒါပေမယ့် အစောင့်တွေက တစ်ကိုယ်လုံးချွတ်ခိုင်းခဲ့ပြီး အကြိမ်ကြိမ်အဓမ္မပြုကျင့်ပါတော့တယ်။ ဒီ စက်ဆုပ်ဖွယ်ရာ အဖြစ်ဆိုးကို အမျိုးသား၊ အမျိုးသမီး ၂၀၀ လောက်ကို မကြည့်မနေရ ကြည့်ခိုင်းပြီး ကျူးလွန်တာဖြစ်ပါတယ်။

    ပြင်းထန်တဲ့ ဒုက္ခဝေဒနာကို ခံစားနေရပေမယ့် မိန်းကလေးငယ်ဟာ မအော်ရဲသလို၊ အသံထွက်ပြီးတောင် မငိုရဲပါဘူး။ ဘာတုန့်ပြန်မှုမှမလုပ်ဖို့ သတိပေးခံထားရပြီး အသံတစ်ချက် ထွက်လိုက်တာနဲ့ သူမရဲ့ ဆွေမျိုးတွေ ဒီလိုကံကြမ္မာမျိုး ခံစားရမယ်ဆိုတာကို သူမက သိထားပြီးဖြစ်ပါတယ်။

    ဒီအဖြစ်အပျက်ကို ကြည့်နေရသူတွေထဲက မျက်လုံးပိတ်ထားသူတွေ၊ စပ်ဆုပ်ကြောင်း အမူအယာပြသူတွေကတော့ သီးသန့်အခန်းထဲမှာ နှိပ်စက်ညှင်းပမ်ခံရပါတယ်။

    “ဘာအသံမှမထွက်ဖို့ သူမကိုပြောထားတယ်။ မကျေနပ်တဲ့အမူအရာပြတဲ့သူတွေ၊ မျက်နှာလွှဲပြီး မကြည့်ဘဲနေသူတွေကို အမိန့်မနာခံရကောင်းလားဆိုပြီး အပြစ်ပေးတယ်။ စိတ်ဓာတ်ကို ချိုးလိုက်တာပါ။ ဒါကိုကြည့်နေရင်းနဲ့ တုန်လှုပ်ပြီး စိတ်နဲ့ကိုယ်နဲ့ မကပ်တာကြောင့် သူမကို လူဘယ်နှစ်ယောက် အဓမ္မကျင့်လဲဆိုတာတောင် ကျွန်မ မမှတ်မိတော့ဘူး။ ညဖက်မှာလည်း ကျွန်မ အိပ်မပျော်ဘူး။ ငူငူငိုင်ငိုင်ကြီး ဖြစ်‌နေတယ်” လို့ ဒီအရိုင်းအစိုင်းလုပ်ရပ်မျိုးကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရဖူးသူ Sayragul Sauytbay က ပြောကြားခဲ့ပါတယ်။

    အခုအချိန်မှာ Sauytbay ဟာ တရုတ်နိုင်ငံက လျှို့ဝှက်တဲ့ အသိပညာပေးစင်တာတစ်ခုက ကြမ်းကြုတ်မှုတွေကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုနေပါတယ်။ တရုတ်နိုင်ငံအနောက်ပိုင်းက အဲဒီ အသိပညာပေးစခန်းတွေမှာ အစ္စလာမ်ဘာသာဝင် လူမျိုးစု ၃ သန်းလောက်အထိကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

    Sauytbay ဟာ စခန်းတစ်ခုမှာ ဆရာမအဖြစ် အဓမ္မ အလုပ်ခိုင်းခံရပြီး အကျဉ်းသားတစ်ယောက်အဖြစ် နေရတော့မယ်ဆိုတာကို သိလာတဲ့နောက် တရုတ်နိုင်ငံကနေ ထွက်ပြေးခဲ့ပါတယ်။ Sauytbay ရဲ့ ထွက်ဆိုမှုတွေဟာ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ပေါ်ပေါက်လာခဲ့တဲ့ တရုတ်နိုင်ငံရဲ့ အကျဉ်းစခန်းထဲက အဖြစ်အပျက်အသေးစိတ်ကို ဖော်ပြနေပါတယ်။

    ရှင်ကျန်းပြည်နယ်မှာ ဧရာမအကျဉ်းစခန်းတွေဆောက်၊ လူတွေကို အစုလိုက်အပြုံလိုက် ဖမ်းဆီးထိန်းသိမ်းထားတာ၊ ဗလီတွေကို ဖျက်ဆီးဖြိုချပစ်တာ၊ ပြည်နယ်တစ်ခုလုံးမှာ စစ်ဆေးရေးဂိတ်တွေ၊ မျက်နှာစကန်ဖတ်နိုင်နဲ့ စောင့်ကြည့်ကင်မရာတွေတပ်တာ၊ လုံခြုံရေးတပ်ဖွဲ့‌တွေချထားတာ စတဲ့ ဖိနှိပ်ချုပ်ခြယ်မှုတွေကို တရုတ်အစိုးရ လုပ်ဆောင်နေတယ်ဆိုတဲ့ စက်ဆုပ်ဖွယ်သတင်းတွေနဲ့အတူ အခု နောက်ထပ်ညှင်းပမ်းမှုသတင်းတစ်ခု ပေါ်ထွက်လာတာပါ။

    တာ့က်အနွယ်ဖြစ်ပြီး လူ ဦးရေ ၁၂ သန်းလောက်ရှိတဲ့ ဝီဂါတွေကို ပစ်မှတ်ထားတဲ့ ဒီဖိနှိပ်မှုဟာ အကြမ်းဖက်ဝါဒကို ရှောင်လွှဲဖို့ဖြစ်တယ်လို့ဆိုပေမယ့် ကာဇက်၊ တာဂျစ်နဲ့ ဥဇဘက်လူမျိုးတွေလို အခြား လူနည်းစုမွတ်စလင်တွေလည်း ဒီဒဏ်ကို ခံစားနေရပါတယ်။

    ရှင်ကျန်းဒေသက ရိုးရာယဉ်ကျေးမှုတွေကို ဖျောက်ဖျက်ဖို့ လုပ်ဆောင်နေတဲ့ တရုတ်အစိုးရရဲ့ ဒီလုပ်ရပ်ကို Sauytbay က ဂျူးတွေကို ရှင်းလင်းသုတ်သင်တဲ့ နာဇီတွေရဲ့လုပ်ရပ်နဲ့ ခိုင်းနှိုင်းပြောဆိုခဲ့ပါတယ်။ နာဇီတွေဟာ ဂျူးတွေကို အကြီးအကျယ်ကန့်သတ်ချုပ်ခြယ်တာ၊ အဓမ္မလက်ထပ်စေတာ၊ ဆေးဘက်ဆိုင်ရာ လျှို့ဝှက် စမ်းသပ်မှု ပြုလုပ်တာ၊ မြုံအောင်လုပ်တာ၊ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်တာတွေကို လုပ်ဆောင်ခဲ့တာပါ။

    “၂၄ နာရီ စောင့်ကြည်စနစ်လို နောက်ဆုံးပေါ် နည်းပညာတွေပေါင်းစပ်ကာ အဆိုးဝါးဆုံးညှင်းပမ်းမှုတွေကို လုပ်ဆောင်နေတာကြောင့် နာဇီတွေတွေထက်တောင် ဆိုးဝါးတယ်လို့ ပြောလို့ရပါတယ်” လို့ Sauytbay က ပြောကြားခဲ့ပါတယ်။

    ညှင်းပမ်းမှုတွေကို အကျဉ်းစခန်းအတွင်းက ‘မရဏအခန်း’ မှာ ပြုလုပ်တာဖြစ်ပါတယ်။ အဲဒီအခန်းမှာ ဘာစောင့်ကြည့်ကင်မရာမှမရှိဘဲ လျှပ်စစ်တုတ်၊ ကျဉ်စက်၊ အဆူးတွေတပ်ဆင်ထားတဲ့ ထိုင်ခုံစတဲ့ ညှင်းပမ်းရေးကိရိယာတွေလည်း ရှိနေပါတယ်။

    အသက် ၈၄ နှစ်အရွယ် အဖွားအိုတစ်ယောက် အကျဉ်းစခန်းထဲ ရောက်လာပြီး သူမကို ငိုယိုသိုင်းဖက်ကာ အကူအညီတောင်းတဲ့ အချိန်တုန်းက Sauytbay တစ်ယောက် ‘မရဏအခန်း’ ကို တစ်ခေါက် အပို့ခံရဖူးပါတယ်။

    “နိုင်ငံခြားကလူတွေကို အဆက်အသွယ်လုပ်တယ်ဆိုတဲ့ သံသယနဲ့ အဲဒီအဖွားကြီးကို အကျဉ်းစခန်းထဲ ဖမ်းထည့်တာပါ။ အဲဒီအဖွားအိုဟာ တောင်ပေါ်မှာ သိုးကျောင်းနေတဲ့သူဖြစ်ပြီး မိုဘိုင်းဖုန်းတောင် မရှိပါဘူး။ ကျွန်မကို မရဏအခန်းထဲထည့်ပြီး လျှပ်စစ်တုတ်နဲ့ တစ်ကိုယ်လုံးကို ရိုက်နှက်ကာ ၂ ရက်လောက် အငတ်ထားပါတယ်။ အဖွားအိုကို ဘာပြောလိုက်သလဲဆိုတာကိုပဲ ထပ်ကာတလဲလဲ မေးပါတယ်”

    တရုတ်နိုင်ငံကနေ ထွက်ပြေးလွတ်မြောက်ပြီးတဲ့နောက် တရုတ်ဖက် ပြန်လည်လွှဲပြောင်းမပေးရေး Sauytbay တစ်ယောက် ကာဇက်စတန်မှာ တရားရင်ဆိုင်ခဲ့ရပါတယ်။ အခုအချိန်မှာတော့ ဆွီဒင်နိုင်ငံမှာ ခိုလှုံခွင့်ရခဲ့ပြီး နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းမြို့လေးတစ်မြို့မှာ ခင်ပွန်း၊ သားသမီး ၂ ဦးနဲ့အတူ နေထိုင်နေပါတယ်။

    Sauytbay ဟာ ထက်မြက်တဲ့ ကာဇက်အမျိုးသမီးတစ်ယောက် ဖြစ်ပါတယ်။ ဆရာဝန်တစ်ယောက်ဖြစ်ပြီး တရုတ်အစိုးရရဲ့ ဖိနှိပ်မှုကို မခံရခင်အချိန်အထိ စာသင်ကျောင်း ၅ ကျောင်းကို ဦးစီးနေသူပါ။ ဆိုးဝါးတဲ့ အတိတ်ဖြစ်ရပ်ဆိုးတွေက သူမကို အခုအချိန်အထိ ခြောက်လှန့်နေဆဲ ဖြစ်ပါတယ်။

    “အဆိုးဝါးဆုံးက အဲဒီလူတွေကို ကျွန်မနဲ့ စကားပြောခွင့်မပေးဘူး။ ဒါပေမယ့် မျက်လုံးတွေကနေတစ်ဆင့် သူတို့ ကျွန်မကို အကူအညီတောင်းနေကြတယ်”

    သူမရဲ့ ပြောဆိုချက်တွေဟာ တော်တော်လေးကို စိတ်ထိခိုက်စရာကောင်းပါတယ်။ သီးခြားအတည်ပြုနိုင်ခြင်း မရှိပေမယ့် အကျဉ်းစခန်းကနေ လွတ်မြောက်လာသူတွေရဲ့ ပြောကြားမှုတွေနဲ့ ကိုက်ညီနေပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ အမျိုးသမီးတစ်ယောက်က အကျဉ်းစခန်းအတွင်း အရိုက်ခံရတာ၊ ဓာတ်တို့ခံရတာ၊ မူးယစ်ဆေးတွေ အဓမ္မတိုက်ကျွေးခံရတာတွေအကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

    လူ့အခွင့်အရေးအဖွဲ့တွေကလည်း ညှင်းပမ်းခံရမှု အသေးစိတ်ကို ဖော်ထုတ်တင်ပြခဲ့ပါတယ်။ အခုလအတွင်း တက်ကြွလှုပ်ရှားသူတွေဟာ ရှင်းကျန်းပြည်နယ်က ထိန်းသိမ်းရေးစခန်းတွေနဲ့ အကျဉ်းထောင် ၅၀၀ လောက်ရဲ့ မြေပုံတည်နေရာတွေကို ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်အစိုးရ တာဝန်ရှိသူတွေက အဲဒီအကျဉ်းစခန်းတွေထဲမှာ လူ ၁ သန်းကနေ ၃ သန်းလောက်ကို ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

    Sauytbay တစ်ယောက် ဆိုးရွားတဲ့အတွေ့အကြုံတွေကို ပြောပြစဉ်အတွင်း မျက်ရည်မဆည်နိုင်ဖြစ်တဲ့ အချိန်မျိုးတွေလည်း ရှိနေပါတယ်။

    “တစ်ခါတစ်လေကျရင် အရင်ကအချိန်တွေကို သတိရတယ်။ ဒါပေမယ့် ပြန်မရနိုင်တော့ပါဘူးလေ။ ဒီနေ့လို အဆင့်မြင့်နည်းပညာတွေ မရှိပေမယ့် ဘ၀ဟာ ပျော်စရာကောင်းခဲ့ပါတယ်”

    ဖခင်ဖြစ်သူဟာ စာသင်ကျောင်းတစ်ကျောင်းကို ဦးစီးပြီး Sauytbay က သစ်ပင်တွေ၊ အိမ်မွေးတိရစ္ဆာန်တွေ အပြည့်နဲ့ ကျေးလက်ဒေသမှာ မောင်နှမ ၃ ယောက်နဲ့အတူ ကြီးပြင်းခဲ့တာပါ။ ၁၉၉၀ ပြည့်နှစ်တွေမှာ‌တော့ သူတို့ရဲ့ တောင်ပေါ်ဒေသကို ဟန်တရုတ်တွေ အုံလိုက်ကျင်းလိုက် ရောက်လာပြီး မြေတွေသိမ်းတာ၊ သတ္တုတွင်းလုပ်ကိုင်တာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

    “တစ်ဖြည်းဖြည်းသိမ်းသွားတာပါ။ ရှင်ကျန်းကို ခေတ်မီအောင်လုပ်မယ်လို့ သူတို့ပြောတယ်။ ဒါပေမယ့် ဒီဒေသဟာ ကျွန်မတို့မြေ၊ ကျွန်မတို့ယဉ်ကျေးမှုနဲ့ ကျွန်မတို့ လူမျိုးတွေပါ။ ဥရောပက နိုင်ငံခြားတပ်ဖွဲ့တွေ အာဖရိကမှာရှိတဲ့ နိုင်ငံတစ်ခုကို သိမ်းလိုက်သလိုပါပဲ” လို့ Sauytbay က ပြောပါတယ်။

    “အစပိုင်းမှာ ဘာအမုန်းတရားမှ မရှိပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ သူတို့ စက်ရုံတွေဆောက်တယ်။ တောင်တွေကိုဖြိုတယ်။ မြစ်ရေစီးဆင်းတာတွေ ရပ်သွားပြီး ရေတစ်ပေါက်‌ရဖို့ ခြေတိုအောင်လျှောက်ရတယ်။ ဆောင်းတွင်းမှာဆိုရင် နှင်းတွေက အမဲရောင်ပြောင်းသွားတယ်”

    တရားဝင်အချက်အလက်တွေအရ တရုတ်အစိုးရဟာ ရှင်ကျန်းဒေသကို လူသန်းချီ ပြောင်းရွှေ့စေပြီး အကြီးအကျယ် ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်တာကို တွေ့ရပါတယ်။ အခုအချိန် ရှင်ကျန်းက လူ ၅ ယောက်မှာ ၂ ယောက်က ဟန်တရုတ်လူမျိုး ဖြစ်နေပြီး ၁၉၄၉ ခုနှစ် အဲဒီဒေသကို တရုတ်က သိမ်းပိုက်စဉ်ကထက် ၇ ဆ မြင့်တက်လာတာ ဖြစ်ပါတယ်။

    တိဘက်မှာဆိုရင် သိမ်းပိုက်မှုပြီးတဲ့နောက် ဒေသရဲ့ ယဉ်ကျေးမှု၊ အနုပညာနဲ့ ဘာသာတရား ပျောက်ကွယ်သွားအောင် ကွန်မြူနစ်ပါတီက ဦးဆောင်ပြုလုပ်ပါတယ်။ စာသင်ကျောင်းမှာ အလုပ်လုပ်တာကြောင့် ကလေးတွေကို သူတို့ရဲ့ မိခင် ဘာသာစကားအစား တရုတ်ဘာသာစကားသာပြောအောင် အဓမ္မလုပ်ဆောင်တာကို Sauytbay မြင်တွေ့ခဲ့ရပါတယ်။

    ကာဇက်ဘာသာစကား ပြောတာကြောင့် တစ်နေ့လုံး ပါးစပ်ကို တိပ်နဲ့ပိတ်ထားတဲ့အတွက် မူကြိုကျောင်း မသွားချင်ဘူးလို့ ၃ နှစ်အရွယ်သားဖြစ်သူက ပြောကြားတဲ့အခါမှာတော့ Sauytbay တစ်ယောက် တော်တော်လေး တုန်လှုပ်ခဲ့ပါတယ်။

    “ကျွန်မသား ကျောင်းမှာ ညှင်းပမ်းခံရတဲ့အတွက် တော်တော် စိတ်မကောင်းဖြစ်ရပါတယ်”

    အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ၊ တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးတဲ့နောက် သမ္မတ ရှီကျင့်ဖျင်ဟာ ‘အကြမ်းဖက်ဝါဒ၊ စိမ့်ဝင်မှုနဲ့ ခွဲထွက်ရေးဝါဒ’ တွေကို ‘အညှာအတာမရှိ’ နှိပ်ကွပ်ဖို့ အမိန့်ပေးခဲ့တယ်လို့ ပြီးခဲ့တဲ့တစ်ပတ်က ပေါက်ကြားလာတဲ့ တရုတ်အစိုးရ စာရွက်စာတမ်းတွေမှာ တွေ့ခဲ့ရပါတယ်။ ခင်ပွန်းနဲ့ ကလေးတွေ တရုတ်နိုင်ငံက ထွက်သွားပြီးတဲ့နောက် Sauytbay ဟာ အကျဉ်းစခန်းတစ်ခုမှာ စာသင်ပေးဖို့ အဓမ္မခေါ်ဆောင်သွားခြင်း ခံခဲ့ရပါတယ်။ သူတို့မိသားစုရဲ့ နိုင်ငံကူးလက်မှတ်တွေအားလုံး သိမ်းဆည်းမခံရခင် သီတင်းပတ်အနည်းငယ်အလိုမှာ ခင်ပွန်းနဲ့ ကလေးတွေ လွတ်မြောက်သွားတာ ဖြစ်ပါတယ်။

    တရုတ်အစိုးရဝန်ထမ်းတွေဟာ နိုင်ငံကူးလက်မှတ် အသိမ်းခံထားရတာကြောင့် Sauytbay တစ်ယောက် လိုက်သွားနိုင်ခြင်း မရှိပါဘူး။ လုံခြုံရေးတပ်ဖွဲ့တွေက လူတွေကို ဖမ်းဆီးထိန်းသိမ်းတာ၊ DNA နမူနာတွေကောက်ယူတာ၊ နေရာတိုင်းမှာ လုံခြုံရေးကင်မရာတွေကို တပ်ဆင်တာကြောင့် Sauytbay ဟာလည်း သူမရဲ့ အနာဂတ်အတွက် စိုးရိမ်လာပါတယ်။

    ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာတော့ Sauytbay ဖမ်းဆီးခံခဲ့ရပြီး မိသားစု အိမ်ပြန်လာအောင်လုပ်ဖို့ အမိန့်ပေးခဲ့သလို၊ စစ်ကြောမေးမြန်းမှုကို အပြင်မပြောဖို့လည်း အာဏာပိုင်တွေက သတိပေးခဲ့ပါတယ်။ နောက်ထပ် ၁၀ လအတွင်းမှာ ဒီလို စစ်ကြောမှုမျိုးကို အပတ်စဉ်ပြုလုပ်ပြီး ညဖက်မအိပ်ရတဲ့အနေ အခြေအနေတွေအထိ ရှိခဲ့ပါတယ်။ Sauytbay ဟာ သူမခံစားနေရတာကို မိသားစုအပါအဝင် ဘယ်သူ့ကိုမှ မပြောရဲပါဘူး။

    “လမ်းတိုင်းမှာ ကင်မရာတွေ တပ်ထားတယ်။ ဘယ်သူ ဘယ်သူမှ စကားမပြောရဲပါဘူး။ အရာအားလုံးကို စောင့်ကြည့်နေပြီး သံသယဖြစ်စရာရှိရင် သတင်းပေးဖို့လည်း ပြာထားတာကြောင့် အိမ်မှာတောင် ဘာမှ မပြောရဲကြပါဘူး”

    တစ်ရက်မှာတော့ လက်နက်ကိုင်ထားသူ ၄ ဦးက သူမကို ခေါင်းစွပ်စွပ်ပြီး ၄ နာရီလောက်ကားမောင်းရတဲ့ တောင်ပေါ်စခန်းတစ်ခုကို ခေါ်ဆောင်သွားပါတယ်။

    “ကျွန်မတော်တော်လေး တုန်လှုပ်နေခဲ့တာ။ ဒါဟာ ကျွန်မရဲ့ နောက်ဆုံးစခန်းပဲလို့တောင် ထင်သွားတာ”

    စခန်းကိုရောက်တဲ့အခါ Sauytbay ရဲ့ ပိုင်ဆိုင်တာတွေကို သိမ်းဆည်းဟာ စစ်ဝတ်စုံပုံစံ ယူနီဖောင်းတစ်စုံကို ထုတ်ပေးပါတယ်။ ကျောင်းဆရာမတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ရမယ်လို့ သူ့ကိုပြောခဲ့ပြီး အကျဉ်းသားတွေနဲ့အတူ ရယ်မောတာ၊ ငိုတာ၊ စကားပြောတာတွေလုပ်ရင် သေဒဏ်အထိ ချမှတ်နိုင်တဲ့ ဥပဒေကို လက်ခံကြောင်း စာရွက်တစ်ခုကိုလည်း အဓမ္မ လက်မှတ်ထိုးခိုင်းခဲ့ပါတယ်။ Sauytbay ဟောခန်းတစ်ခုမှာ နေထိုင်ရပြီး အိပ်ဖို့အတွက် ပါးလွှာတဲ့ ပလက်စတစ်မွေ့ယာတစ်ခုကိုသာ ပေးထားပါတယ်။ ဒါပေမယ့် ကွန်ကရစ်အခန်းကျဉ်းလေးထဲမှာ လက်ထိပ်ခတ်ခံထားရပြီး ညာဖက်လှည့်ကာ စုပြုံတိုးဝှေ့အိပ်ရတဲ့ အကျဉ်းသားတွေထက်စာရင် ပိုကောင်းတယ်လို့ ပြောရမှာပါ။

    “အမိန့်အတိုင်းပဲသွားရတာ။ ဘာ့ကြောင့် ညာဖက်လှည့်ပြီး အိပ်ရလဲဆိုတဲ့ အကြောင်းအရင်းမျိုးမရှိဘူး။ တစ်ဖက်ကိုလှည့်လိုက်တာနဲ့ မရဏအခန်းထဲ ရောက်ပြီမှတ်ပဲ”

    နောက်တစ်နေ့မနက်မှာတော့ သူမဟာ အကျဉ်းသား ၆၀ ကို စာသင်ပေးရပါတယ်။ အကျဉ်းသားတွေဟာ တရုတ်နိုင်ငံကို ချီးမွမ်းတာ၊ ကွန်မြူနစ်ပါတီအပေါ် သစ္စာခံတဲ့ သီချင်းတွေ သီဆိုရတာ၊ အပြစ်ကို ဝန်ခံရတာ စတာတွေ လုပ်ဆောင်ရပါတယ်။

    “အစိုးရက သံသယရှိတာတွေနဲ့ ကိုက်ညီအောင် သူတို့ ရေးပေးရတယ်။ အစိုးရက သူတို့ကို ဘာသာရေးလိုက်စားသူလို့ပြောရင် မိသားစုကို အလ္လာဟ်အကြောင်း ပြောတယ်လို့ ရေးပေးရပါတယ်”

    ဘာသာရေးလိုက်နာတဲ့ မွတ်စလင်တွေကိုတောင် သောကြာနေ့မှာ ဝက်သားအတင်းစားခိုင်းပါတယ်။

    “အစားအသောက်က တော်တော်‌ ဆိုးဆိုးဝါးဝါးပဲ။ စားစရာလို့တောင် မသတ်မှတ်ချင်ဘူး။ ရေလုံပြုတ်နဲ့ ပေါင်မုန့်ပဲ။ မစားရင်လည်း မရဏအခန်းထဲမှာ နှိပ်စက်ခံရတယ်” လို့ Sauytbay က ပြောကြားခဲ့ပါတယ်။

    ကျောင်းဆရာတွေနဲ့ အကျဉ်းသားတွေက အစောင့်တွေကို အလွန်အမင်းကြောက်ရပြီး အစောင့်တွေဟာ လုပ်ချင်တိုင်း လုပ်လို့ရနေတဲ့ ခွေးရူးတွေလိုပဲလို့လည်း သူမက ဆိုပါတယ်။

    “ချောလှတဲ့ကောင်မလေးတွေကို သူတို့က ရွေးခေါ်သွားပြီဆိုရင် ဘာဖြစ်တော့မယ်ဆိုတာ ရှင်တို့ သိကြမှာပေါ့”

    အကျဉ်းစခန်းတွေမှာ အဓမ္မဆေးထိုးတာတွေလည်း ရှိတယ်လို့ Sauytbay က ပြောပါတယ်။

    “လျို့ဝှက်ပြီး လုပ်တာမျိုး မဟုတ်ပါဘူး။ တစ်ခန်းလုံးကို တစ်ခါတည်း ထိုးတာပါ”

    ဆေးသင်တန်းပေးတုန်းက တွေ့ခဲ့ရတဲ့ ဆေးဝါးအကြောင်းတွေကိုလည်း သူမက ပြောပြပါတယ်။

    “ဆေးနာမည်တွေကို သူနာပြုက ကျွန်မကိုပြောတယ်။ သူကတော့ AIDS နဲ့ အခြားရောဂါတွေကို ကာကွယ်တဲ့ဆေးလို့ ဆိုတယ်။ ဒါပေမယ့် မြုံဆေးဖြစ်ပြီး ကလေးမရအောင်လုပ်တာလို့ ကျွန်မထင်ပါတယ်”

    တုန်လှုပ်ဖွယ်ရာ ဒီပြောကြားမှုတွေကို အတည်မပြုနိုင်ပါဘူး။ Sauytbay ကတော့ အမျိုးသမီးတွေ ဓမ္မတာထိန်အောင် လုပ်တယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ အခြားအကျဉ်းစခန်းက အမျိုးသားတစ်ဦးကလည်း ပန်းသေပန်းညှိုးဖြစ်အောင် လုပ်ခံရတယ်လို့ ပြောကြားခဲ့ပါတယ်။

    တရုတ်အစိုးဟာ ရှင်ကျန်းပြည်နယ်က သူတို့ဖွင့်လှစ်ထားတဲ့ မိဘမဲ့ဂေဟာတွေမှာ လူနည်းစုလူမျိုးတွေက ကလေးတွေကို သွားထားတယ်ဆိုတဲ့ ပြောကြားမှုနဲ့ Sauytbay ရဲ့ ပြောကြားမှုတွေဟာ ကိုက်ညီနေပါတယ်။ ခင်ပွန်းသည် အကျဉ်းချခံထားရတဲ့ အမျိုးသမီးတွေကို ဟန်တရုတ်တွေနဲ့ အဓမ္မ လက်ထပ်ပေးတယ်လို့လည်း Sauytbay က ဆိုပါတယ်။

    သူမနေခဲ့တဲ့ အကျဉ်းစခန်းမှာ အသက် ၁၃ နှစ်လောက်အထိ ငယ်ရွယ်တဲ့ လူပေါင်း ၂၅၀၀၀ လောက် ထိန်းသိမ်းထားတယ်လို့ သူမက ခန့်မှန်းပြောကြားခဲ့ပြီး စခန်းတည်ရှိရာနေရာ အတိအကျကို မသိဘူးလို့ ဆိုပါတယ်။ လေးလတာနေထိုင်ခဲ့ရစဉ်အတွင်း သူမကို အပြင်ထွက်ခွင့် မပေးပါဘူး။ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက မြင်ခဲ့ကြားခဲ့တာတွေကို ပြန်မပြောရဆိုတဲ့ ခံဝန်နဲ့ အိမ်ပြန်လွှတ်တဲ့အချိန်မှာ သူမရဲ့ အိပ်မက်ဆိုးက အဆုံးသတ်သွားပါတယ်။ ခေါင်းကို အိတ်အမဲစွပ်ကာ သူမနေထိုင်ရာမြို့ကို ကားနဲ့ မောင်းပို့ခဲ့တာပါ။

    ဒါပေမယ့် ရက်အနည်းငယ်အကြာမှာပဲ တန်ပြန်သူလျှိုလုပ်တယ်ဆိုတဲ့ စွဲချက်နဲ့ ပြန်အဖမ်းခံရပါတယ်။ မိသားစုတွေက နိုင်ငံခြားမှာ ရှိနေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ၃ နှစ် ပြုပြင်ရေးလုပ်ဖို့ လိုတယ်လို့ ရဲတပ်ဖွဲ့က သူမကို ပြောကြားခဲ့ပြီး ဒီဆုံးဖြတ်ချက်ကို လက်ခံကြောင်း လက်မှတ်ရေးထိုးခိုင်းခဲ့ပါတယ်။

    သူမဦးစီးတဲ့ ကျောင်းအကြောင်း အစီရင်ခံစာရေးဖို့ အိမ်ကို ပထမဆုံး ပြန်ပို့တဲ့အချိန်မှာ Sauytbay တစ်ယောက် တရုတ်နိုင်ငံကနေ ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။

    “အကျဉ်းစခန်းတွေထဲမှာ မြင်ရကြားရတာတွေကြောင့် အသက်ရှင်လျှက် ထွက်လာနိုင်မှာမဟုတ်ဘူးဆိုတာ ကျွန်မသိတယ်။ သေမယ်ဆိုရင်တော့ မိသားစုနဲ့တွေ့ဖို့ ကြိုးစားပြီးတော့ပဲ အသေခံလိုက်မယ် ကျွန်မ ဆုံးဖြတ်ခဲ့ပါတယ်”

    စောင့်ကြည့်ခံနေရတယ်ဆိုတာ သိတဲ့အတွက် Sauytbay တစ်ယောက် အိမ်ပြန် ထမင်းချက်ပြီး နောက်ဖွေး‌ ပြတင်းပေါကကနေ ထွက်ပြေးခဲ့ပါတယ်။ အသက်နဲ့ရင်းကာ တက္ကဆီ ၂ ဆင့်စီးပြီးတဲ့နောက် နယ်စပ်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

    “တရုတ်မှာ ‘နိုင်ငံတစ်ခု လူမျိုးတစ်မျိုး’ ဆိုတဲ့ ပေါ်လစီရှိတယ်။ အဲဒီစီမံကိန်းအောင်မြင်ရေးမှာ ဘယ်လို အတားအဆီးမျိုးကိုမဆို လက်ခံမှာ မဟုတ်ပါဘူး။ လူသားဆန်မှုဆိုတာကိုလည်း သူတို့ ဂရုမစိုက်ပါဘူး။ စီးပွားရေး အခွင့်အလမ်းကိုကျော်ပြီး ဒီစီမံကိန်း၊ ဒီအကြမ်းဖက်မှုနဲ့ ကွန်မြူနစ်ပါတီက လူထုအပေါ် ဖိနှိပ်နေတာကို ကမ္ဘာကြီးက မြင်ဖို့ လိုအပ်ပါတယ်။ တရုတ်အစိုးရမှာရှိတဲ့နေတဲ့ အာဏာရှင်ဝါဒမျိုးအတွက် လွတ်လပ်တဲ့ ကမ္ဘာကြီးက အသံထုတ်ဖို့ လိုအပ်နေပါပြီ” လို့
    Sauytbay က တိုက်တွန်းပြောကြားခဲ့ပါတယ်။

    Ref: Daily Mail

    (Daily Mail သတင်းဌာနတွင် ဖော်ပြထားသည့် ‌Inside China’s concentration camps holding up to three million Muslim prisoners subjected to a regime of modern surveillance and old-fashioned torture – as one survivor recounts how you can be executed for laughing ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။)



  • ရန်ကုန်မြို့သစ်စီမံကိန်း အရာရောက်မည်မဟုတ်ဟု ပညာရှင်များ သုံးသပ်

    ရန်ကုန်မြို့သစ်စီမံကိန်း အရာရောက်မည်မဟုတ်ဟု ပညာရှင်များ သုံးသပ်

    နိုဝင်ဘာ ၂၃၊ ၂၀၁၉
    M-Media

    စီမံကိန်းဒီဇိုင်း

    -ရန်ကုန်တိုင်းဒေသကြီးအစိုးရက ထုတ်ပြန်ကြေငြာထားတဲ့ ‘ရန်ကုန်မြို့သစ် စီမံကိန်း’ ကြောင့် စီမံကိန်းဒေသတွေထဲမှာပါတဲ့ ပြည်သူတွေက ပြောင်းလဲမှုတွေကို မျှော်လင့်နေကြပေမယ့် ကျွမ်းကျင်သူတွေကတော့ ဒီစီမံကိန်းဟာ ငွေကုန်ပြီး အရာရောက်မှာမဟုတ်ဘူးလို့ သုံးသပ်ပြောဆိုမှုတွေ ရှိနေပါတယ်။

    လူဦးရေ ၆ သန်းလောက် ရှိနေတဲ့ ရန်ကုန်မြို့ဟာ ဆိုးရွားတဲ့ ယာဉ်ကျောပိတ်ဆို့မှုတွေ၊ မြို့အင်္ဂါရပ်နဲ့ မညီညွတ်မှုတွေ၊ လျှပ်စစ်နဲ့‌ ရေကို ပုံမှန်မပေးနိုင်တာမျိုးတွေ စတဲ့ မြို့‌ပြ ပြဿနာတွေနဲ့ ကြုံတွေ့နေရတာပါ။

    ၂၀၁၈ ခုနှစ် မတ်လမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရဟာ ရန်ကုန်မြို့သစ် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ NYDC ကို တရုတ်နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုနဲ့ ပူးပေါင်း ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၅၀ ပြည့်နှစ်မှာ လူဦးရေ ၁.၂ သန်းလောက် နေထိုင်နိုင်မယ့် အဆင့်မြင့် စမတ်မြို့တော်သစ်တစ်ခုကို ရန်ကုန်မြစ် အနောက်ဖက်ကမ်းမှာ တည်ဆောက်ဖို့ ဖြစ်ပါတယ်။

    မြို့တော်သစ်မှာ စိမ်းစိုတဲ့နေရာတွေ ထည့်သွင်းကာ ကမ္ဘာ့အဆင့်မီနည်းပညာတွေ အသုံးပြုမှာဖြစ်ပြီး သိန်းနဲ့ချီတဲ့ လူနေအိမ်ယာတွေလည်း ပါဝင်မှာဖြစ်ပါတယ်။ တီထွင်ဖန်တီးမှု အချက်အခြာနေရာ၊ ယဉ်ကျေးမှုပေါင်းကူးရာ‌နေရာအဖြစ် မျှော်မှန်းထားသလို အလုပ်အကိုင် ၁ သန်းလောက် ဖန်တီးပေးနိုင်မယ်လို့လည်း ဆိုပါတယ်။ မြို့တော်သစ် ပထမအဆင့် စီမံကိန်းအတွက် ကန်ဒေါ်လာ ၁.၅ ဘီလီယံလောက် ကုန်ကျမှာ ဖြစ်ပါတယ်။

    ဒါပေမယ့် စီမံကိန်းအသေးစိတ် မသိရမှု၊ နည်းလမ်းပိုင်းဆိုင်ရာ ပြဿနာတွေ၊ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှု၊ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ရမှု စတာတွေကြောင့် လွှတ်တော်အမတ်တွေနဲ့ ကျွမ်းကျင်သူတွေက ဒီစီမံကိန်းဟာ ငွေကုန်လူပန်းပြီး အရာရောက်မှာမဟုတ်ဘူးလို့ ထောက်ပြမှုတွေ ရှိလာပါတယ်။

    တရုတ်အပေါ် စိုးရိမ်

    ရန်ကုန်မြို့သစ် စီမံကိန်းအတွက် စိုးရိမ်ရတာတွေထဲမှာ တရုတ်ရဲ့ ပါဝင်ပတ်သတ်မှုကလည်း အကြောင်းအရင်းတစ်ခု ဖြစ်နေပါတယ်။

    လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း တရုတ်ဟာ မြန်မာနိုင်ငံက စွမ်းအင်နဲ့ သဘာ၀သယံဇာတတွေမှာ ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ရထားလမ်း၊ အထူးစီးပွားရေးဇုန်တို့လို အခြေခံအဆောက်အဦးတွေဖက်ကို အဓိကထားလာပါတယ်။ ဒါပေမယ့် တရုတ်ရဲ့ ပါဝင်ပတ်သက်မှုအပေါ်မှာ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    “ကျွန်တော်တို့တိုင်းပြည်ထဲက ရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုကိုကြည့်ရင် သမိုင်းက သိပ်မကောင်းပါဘူး။ သူတို့ ဘာ့ကြောင့် စီမံကိန်းအကြီးကြီးတွေကို လုပ်ချင်နေတာလဲ ကျွန်တော် နားမလည်ဘူး။ သူတို့ရဲ့ စီမံကိန်းအားလုံးက အောင်မြင်နေတာမဟုတ်ဘူး။ နေရာတော်တော်များများမှာ ဆန့်ကျင်မှုတွေနဲ့ ကြုံနေရတယ်” လို့ Sandhi Governance Institute ရဲ့ အမှုဆောင်ဒါရိုက်တာ ကိုခိုင်ဝင်းက ပြောကြားခဲ့ပါတယ်။

    စွမ်းအင်နဲ့ သဘာ၀သယံဇာတကဏ္ဍမှာ ရင်းနှီးမြှုပ်နှံထားတဲ့ တရုတ်ကို ပြည်သူတွေက အမြတ်ထုတ်နေတယ်လို့ ထင်နေကြောင်း ဒီယူဆမှု ပျောက်သွားအောင် တရုတ်က လုပ်ဆောင်ဖို့ လိုအပ်ကြောင်းလည်း ကိုခိုင်ဝင်းက ထောက်ပြခဲ့ပါတယ်။ Sandhi Governance Institute ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေး အားကောင်းအောင် ကူညီဆောင်ရွက်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံရဲ့ စီးပွားရေးအင်အားဟာ အားနည်းတာကြောင့် မြစ်ဆုံနဲ့ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွေလို ငွေကုန်ပြီး အရာမရောက်တဲ့အဖြစ်မျိုး ရန်ကုန်မြို့သစ်စီမံကိန်းမှာ ပြည်ထောင်စုအစိုးရက အဖြစ်ခံလို့မရဘူးလို့လည်း ကိုခိုင်ဝင်းက သတိပေးခဲ့ပါတယ်။

    “ကျွန်တော်တို့တိုင်းပြည်က သိပ်ဆင်းရဲတယ်။ ဒါ့ကြောင့် ရင်းမြစ်တွေကို တော်တော်လေး စီစီစစ်စစ် သုံးစွဲဖို့ လိုအပ်ပါတယ်။ ပိုက်ဆံဖြုန်းလို့မရပါဘူး။ တက်သုတ်ရိုက်ပြီးလည်း မလုပ်နိုင်ဘူး။ အာရှကအစိုးရတွေဟာ အဓိကဦစားပေးလုပ်ရမယ့်အရာတွေကို သတ်မှတ်ကာ ကိုယ့်ရဲ့ ပိုင်ဆိုင်မှု မြဲစေဖို့ ဆောင်ရွက်ရပါမယ်။ ဒါက သိပ်ကို အရေးကြီးပါတယ်”

    Australian National တက္ကသိုလ် နိုင်ငံတကာ အုပ်ချုပ်ရေးနှင့် တရားမျှတရေးစင်တာက ပညာရှင် ကိုနိုင်ကိုကိုကလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သူမရဲ့ ပါတီအနေနဲ့ ရန်ကုန်မြို့သစ်စီမံကိန်းအတွက် လိုအပ်တာတွေ လုပ်ဆောင်ဖို့လိုအပ်ပြီး အသေးစိတ် လေ့လာဆန်းစစ်မှုပြီးမှ စီမံကိန်းကို ရှေ့ဆက်သင့်တယ်လို့ အကြံပြုခဲ့သလို၊ အကြွေးထောင်ချောင် ပြဿနာ ရှိနေတာကြောင့် တရုတ်ကလွဲပြီး တစ်ခြားတိုင်းပြည်တွေရဲ့ ရင်း‌နှီးမြှုပ်နှံမှုတွေကို ရှာဖွေတာက ပိုပြီး အကျိုးဖြစ်ထွန်းစေလိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။

    ရှိနေတာကို ပိုကောင်းအောင်လုပ်သင့်

    မြို့သစ်တစ်ခု တည်ဆောက်တာထက် ရှိပြီးသား ရန်ကုန်မြို့ကို ပိုကောင်းအောင် ဆောင်ရွက်ဖို့ အကြံပြုမှုတွေလည်း ရှိနေပါတယ်။

    “ပို့ဆောင်ရေးစနစ်၊ ရေပေဝေရေး၊ မိလ္လာစနစ်နဲ့ အခြားအခြေခံအဆောက်အဦးတွေ ပိုကောင်းအောင် ကျွန်တော်တို့ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော့်အတွက်တော့ ဒါတွေဟာ မြို့သစ်တစ်ခု ထပ်တည်တာထက် ပိုပြီးအရေးကြီးပါတယ်” လို့ မြို့ပြစီမံကိန်းဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ ကျော်လတ်က ပြောကြားခဲ့ပါတယ်။

    မြို့ပြဆိုတာမျိုးဟာ နှစ်ပေါင်းထောင်ချီ တည်ရှိနေတာဖြစ်ပြီး အင်္ကျီတစ်ထည်လို ဟောင်းသွားလို့ လွှတ်ပစ်ရတာမျိုး မဟုတ်ကြောင်း၊ ရန်ကုန်မြို့ကို ချဲ့ခြင်းအားဖြင့် ပြည်တွင်း ပြောင်းရွှေ့မှုဖြစ်ကာ နိုင်ငံအတွင်း အခြားဒေသတွေ ဖွံ့ဖြိုးတိုးတက်မှု မညီမျှတာမျိုး ဖြစ်လာနိုင်ကြောင်း သူက ထောက်ပြခဲ့ပါတယ်။ ဒါ့အပြင် လာရှိုးနဲ့ မြစ်ကြီးနားတို့လို အလယ်အလတ်မြို့လေးတွေကို ပိုပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ဖို့လိုကြောင်းလည်း ဒေါက်တာကျော်လတ်က အကြံပြုခဲ့ပါတယ်။

    “ရန်ကုန်မှာပဲ ငွေအများကြီး ထပ်ပြီး ရင်းနှီးမြှုပ်နှံတာမျိုးဟာ မမျှတပါဘူး။ တိုင်းပြည်နဲ့ဆိုင်တဲ့ပြဿနာတစ်ခုက တစ်ခြားလူမျိုးတွေ၊ အခြားပြည်နယ်ကလူတွေ ဘယ်လိုထင်ကြမလဲ ဆိုတာပါ”

    ရန်ကုန်မြို့သစ် စီမံကိန်းအတွက် လျာထားတဲ့ ဒေသတွေမှာ ရေကြီးတာ၊ မြစ်ကမ်းပါး တိုက်စားတာ၊ မိုးကြီးတာမျိုးတွေ ဖြစ်တတ်ပြီး မြို့သစ်တည်ရင် ဒီကိစ္စတွေကို ဖြေရှင်းရေး ငွေကြေးအလွန်ကုန်ကျမယ့် ကိစ္စကိုလည်း ပညာရှင်တွေက ထောက်ပြခဲ့ကြပါတယ်။

    ရေကြီးမှုရှောင်လွှဲရေး လေ့လာသုံးသပ်မှု အစီရင်ခံစာကို NYDC က ဩဂုတ်လအတွင်း ထုတ်ပြန်ရာမှာ ရန်ကုန်မြစ်ကမ်း ရေတားနံရံတွေ တည်ဆောက်ရေး ကိစ္စအတွက်ပဲ ကန်ဒေါ်လာ သန်း ၁၀၀ လောက် ကုန်ကျမယ်လို့ အကြံပြုထားပါတယ်။ ရေတားနံရံ မတည်ဆောက်ရင် နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် ဆုံးရှုံးမှုတန်ဖိုးက ကန်ဒေါ်လာ ၁.၂ ဘီလီယံလောက်အထိ ရှိမယ်လို့ ဆိုပါတယ်။

    ရန်ကုန်မြစ် အနောက်ဖက်ကမ်းက ရေကြောင်းကို လွှဲမယ်ဆိုရင် အရှေ့ဖက်ခြမ်း ဒေသတွေက ရေကြီးမှုဟာ ပိုဆိုးလာမယ်လို့လည်း ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    ပြည်သူများက မျှော်လင့်

    စီမံကိန်းဧရိယာမှာရှိတဲ့ မြေပိုင်ရှင်တွေကို ရှင်းလင်းတဲ့ ပြီးခဲ့တဲ့လ အခမ်းအနားတစ်ခုမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သိမ်းဆည်းခံမြေတွေအတွက် မြို့သစ်မှာ မြေအစား ပြန်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

    စီမံကိန်း‌အတွက် ‌တရားဝင်စာရွက်စာတမ်းနဲ့ မြေပေးလိုက်ရတဲ့ ကိုခင်ဇော်က ရန်ကုန်မြစ်အနောက်ခြမ်းက ရွာတွေမှာ အခြေခံလိုအပ်ချက်တွေ မပြည့်စုံဘဲ ရေကြီးရေလျှံမှု ဖြစ်တာကြောင့် စိုက်လို့ပျိုးလို့လည်း အဆင်မပြေဘူးလို့ ပြောကြားခဲ့ပါတယ်။ ရန်ကုန်မြို့တော်သစ်မှာ ပါလာမယ့် ဆေးရုံတွေ၊ အထက်တန်းကျောင်းတွေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေအပေါ် သူက မျှော်လင့်တကြီး စောင့်စားနေပါတယ်။

    “စီမံကိန်းကိုဆန့်ကျင်ကြသူတွေမှာလည်း သူတို့အကြောင်းနဲ့သူတို့ ရှိမှာပေါ့လေ။ ဒီဒေသကလူတွေ မဟုတ်တာမျိုးဖြစ်မှာပါ။ ကျွန်တော်တို့ခံစားနေရတာကို သူတို့ မသိနိုင်ဘူးလေ။ မြို့သစ်တစ်ခု ကျွန်တော်တို့ တော်တော်လေး လိုချင်တယ်။ ဘယ်သူဆောက်ဆောက် ကိစ္စမရှိပါဘူး။ တရုတ်ကဆောက်လည်း ပြဿနာမရှိဘူး။ ကျွန်တော်တို့တိုင်းပြည်မှာ အချိန်အတော်ကြာကတည်းက တရုတ်လွှမ်းမိုးမှု ရှိနေတာလေ။ တိုင်းပြည်က တရုတ်ရဲ့ အစိတ်အပိုင်းတစ်ခုလိုတောင် ဖြစ်နေပါပြီ”

    လွှတ်တော်တွင်း တိုက်ပွဲ

    စီမံကိန်းအတွက် မြေယာသိမ်းမှုတွေ လုပ်ဆောင်နေပေမယ့် တိုင်းဒေသကြီးလွှတ်တော်အတွင်း NYDC ကျော်ဖြတ်ရမယ့် အခက်အခဲတွေ ရှိနေပါသေးတယ်။

    တိုင်းဒေသကြီးလွှတ်တော်ရဲ့ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျက ရှင်းလင်းတဲ့ လမ်းညွှန်ချက်မျိုးမရှိဘဲ ဆောင်ရွက်တဲ့ ဒီစီမံကိန်းကို ဦးဆောင်တားဆီးနေပြီး NYDC က သူမေးထားတဲ့ မေးခွန်းတွေကို မဖြေနိုင်ဘူးလို့ ဆိုပါတယ်။

    “စီမံကိန်း ကောင်းကောင်းချထားရဲ့လား။ သဘာ၀ပတ်ဝန်းကျင်နဲ့ လူထူအပေါ် ထိခိုက်မှုအတွက် ဘယ်လိုပြင်ဆင်ထားလဲ။ စီးပွားရေးအရ အကျိုးရှိမှာလား။ ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ရှိမှာလား။ စီမံကိန်းကာလ ဘယ်လောက်သတ်မှတ်ထားလဲ။ ရင်းနှီးမြှုပ်နှံမှု ပုံစံက ဘယ်လိုလဲ။ ဒါတွေအားလုံး ရှင်းရှင်းလင်းလင်းရှိဖို့ လိုအပ်ပါတယ်”

    စီမံကိန်းကို စစ်တပ်ကဦးဆောင်တဲ့ အရင် ပြည်ခိုင်ဖြိုးအစိုးရလက်ထက်မှာ လွှတ်တော်က အတည်ပြုခဲ့တာပါ။ ဒါကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်ရှိ လွှတ်တော်မှာ ဆွေးနွေးမှု၊ ဆန္ဒခံယူမှု မလုပ်ဘဲ ရှေ့ဆက်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

    “လွှတ်တော်ရဲ့ အတည်ပြုမှုမရဘဲနဲ့ ဒီစီမံကိန်း ရှေ့ဆက်လို့ရမှာ မဟုတ်ဘူးလို့ ရဲရဲဝံ့ဝံ့ ကျွန်တော် ပြောချင်ပါတယ်” လို့ ဦးကျော်ဇေယျက ဆိုပါတယ်။

    ဒီလို မသေချာမှုတွေ ရှိနေပေမယ့် စီမံကိန်းစမယ်လို့ သတင်းတွေ ထွက်လာတဲ့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း စီမံကိန်းဧရိယာက မြေစျေးကွက်မှာ အကြီးအကျယ် ရိုက်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ ပြင်ပကလူတွေဟာ ဒေသခံတွေထံကနေ မြေကွက်တွေ အမြောက်အများ ဝယ်ယူခဲ့ပြီး NYDC က သိမ်းတဲ့အခါကျရင် အကျိုးအမြတ် ပိုရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။

    ဒါပေမယ့် စီမံကိန်းဧရိယာအတွင်းက ပြည်သူတွေကတော့ တိကျတဲ့သတင်းအချက်အလက်မျိုး မရပါဘူး။ CNA သတင်းဌာနက တွေ့ဆုံမေးမြန်းခဲ့သူ တော်တော်များများကတော့ စီမံကိန်းကြောင့် အနာဂတ်မှာ ဘယ်တွေဖြစ်လာနိုင်လဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိကြပါဘူး။

    “တကယ်ဖြစ်လာမယဆိုရင် ကျွန်တော်တို့ရဲ့ မိသားစုစီးပွားရေး ထိခိုက်မယ့်အနေအထား ရှိပါတယ်။ ဒါပေမယ့် ဒီအတွက် မစိုးရိမ်ပါဘူး။ ဖြစ်လာဖို့ နှစ်တော်တော်လိုသေးတယ်။ တကယ်ဖြစ်လာမယ်လို့လည်း မထင်ပါဘူး” လို့ အောက်တမာတကောရွာမှာ ဆန်စက်ငယ်တစ်လုံး ထောင်ထားတဲ့ ဦးဟိန်းကိုစိုးက ပြောကြားခဲ့ပါတယ်။

    Ref: CNA

    (CNA သတင်းဌာနပါ Speculative Yangon city mega-project draws ‘white elephant’ concerns for Myanmar ဆောင်းပါးကို လေးမောင်က ကောက်နှုတ်ကာ ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။)

  • ဟိန္ဒူအစွန်းရောက်များ၏ ကန့်ကွက်မှုကြောင့် မွတ်စလင် သက္ကတဘာသာ ပါမောက္ခ တိမ်းရှောင်နေရ

    ဟိန္ဒူအစွန်းရောက်များ၏ ကန့်ကွက်မှုကြောင့် မွတ်စလင် သက္ကတဘာသာ ပါမောက္ခ တိမ်းရှောင်နေရ

    နိုဝင်ဘာ ၂၃၊ ၂၀၁၉
    M-Media

    ဗာရာဏသီမြို့မြင်ကွင်း

    -ဟိန္ဒူလက်ယာစွန်းသမားတွေရဲ့ ကန့်ကွက်မှုကြောင့် အိန္ဒိယနိုင်ငံ တက္ကသိုလ်တစ်ခုက မွတ်စလင် သက္ကတာဘာသာ ပါမောက္ခတစ်ခုဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

    နိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ် ဗာရာဏသီမြို့က Banaras Hindu တက္ကသိုလ် ကော်မတီဟာ သက္ကတဘာသာဌာန လက်ထောက်ပါမောက္ခနေရာတွက် အသက် ၂၉ နှစ်အရွယ် ဖေရွတ်ဇ်ခန်းဆိုတဲ့ မွတ်စလင်တစ်ဦးကို ခန့်အပ်ခဲ့တာပါ။

    ဖေရွတ်ဇ်ခန်းဟာ ဖခင်ဖြစ်သူရဲ့ သင်ကြားမှုကြောင့် ငယ်စဉ်ကတည်းက သက္ကတဘာသာစကားကို လေ့လာခဲ့ပြီး တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တတ်မြောက်သူလည်းဖြစ်ပါတယ်။

    ဒါပေမယ့် ဖေရွတ်ဇ်ကို လက်ထောက်ပါမောက္ခအဖြစ် ခန့်အပ်ပြီး ၂ ရက်အကြာ နိုဝင်ဘာ ၇ ရက်နေ့မှာတော့ ဟိန္ဒူအမျိုးသားရေးဝါဒကို အခြေခံတဲ့ ကျောင်းသားအဖွဲ့အစည်း Akhil Bharatiya Vidyarthi Parishad က ကျောင်းအတွင် းဆန္ဒပြခဲ့ပြီး ဖေရွတ်ဇ်ကို တစ်ခြားဌာ‌န ရွှေ့ပြောင်းဖို့ တောင်းဆိုခဲ့ပါတယ်။

    ‘ငါတို့ဘာသာတရားကို မွတ်စလင်တစ်ယောက် သင်ခွင့်မရှိ’ ဆိုတဲ့ ဆိုင်းဘုတ်တွေကိုလည်း ကိုင်ဆောင်ခဲ့ပြီး ဖေရွတ်ဇ် ဌာနမပြောင်းမချင်း ဆန္ဒပြသွားမယ်လို့ ကျောင်းသားတွေက ပြောကြားခဲ့ပါတယ်။

    ဖေရွတ်ဇ်ကတော့ မလိုလားအပ်တဲ့အန္တရာယ်ဖြစ်လာမှာ စိုးတဲ့အတွက် မိသားစုရှိရာ ရာဂျက်စတန်ပြည်နယ်ကို ခေတ္တတိမ်းရှောင်နေပါတယ်။

    “ကလေးဘ၀ကတည်းက ကျောင်းပြီးတဲ့အချိန်အထိ ကျွန်တော့်ဘာသာတရားကြောင့် ခွဲခြားဆက်ဆံခံရမှုမျိုး ဘယ်တုန်းကမှ မကြုံခဲ့ဖူးပါဘူး။ ဒါဟာ သိပ်ကို စိတ်မကောင်းစရာပါ။ ဟိန္ဒူတစ်ယောက်မဟုတ်တဲ့အတွက် ကျောင်းသားတစ်စုက ကျွန်တော် သက္ကတဘာသာစကား သင်ကြားတာကို မလိုချင်ကြဘူး” လို့ ဖေရွတ်ဇ်ခန်းက ပြောကြားခဲ့ပါတယ်။

    Banaras Hindu တက္ကသိုလ်က ဖေရွတ်ဇ်ကို သက္ကတဘာသာဌာန လက်ထောက်ပါမောက္ခအဖြစ် ခန့်အပ်မှုကို ပြန်လည်ပယ်ဖျက်မှာမဟုတ်ဘဲ ဘာသာ၊ လူမျိုး၊ ဇာတ် ခွဲခြားမှုမရှိဘဲ တန်းတူညီမျှ အခွင့်အလမ်းပေးအပ်ရေးဆိုတဲ့ မူဝါဒကို ဆက်လက်ဆုပ်ကိုင်ထားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ဖေရွတ်ဇ် ခေတ္တတိမ်းရှောင်နေရတယ်ဆိုတာကိုတော့ အတည်ပြုခဲ့ပါတယ်။

    တက္ကသိုလ်ရှိရာ ပတ်ဝန်းကျင်က ဟိန္ဒူဘုန်းတော်ကြီးတွေကတော့ ဖေရွတ်ဇ်ကို သက္ကတဘာသာ လက်ထောက်ပါမောက္ခအဖြစ် ခန့်အပ်မှုကို ထောက်ခံတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဖေရွတ်ဇ်ရဲ့ဖခင်ဖြစ်သူ ရမ်ဇာန်ခန်းဟာ သက္ကတဘာသာစကားကို ကျွမ်းကျင်သူဖြစ်ပြီး ဟိန္ဒူ ဓမ္မတေးတွေကို ပိုင်နိုင်စွာသီဆိုနိုင်မှုကြောင့် ဒေသတွင်းမှာ ကျော်ကြားပါတယ်။ ဒါ့အပြင် နွားစောင့်ရှောက်ရေး ဂေဟာမှာ စေတနာ့ဝန်ထမ်းအဖြစ် ကူညီပေးနေပါတယ်။

    နှစ်ပေါင်း ၃၅၀၀ သက်တမ်းရှိပြီဖြစ်တဲ့ သက္ကတဘာသာဟာ ဟိန္ဒူဘာသာမှာ အရေးပါတဲ့ ဘာသာစကားတစ်ခုဖြစ်ပြီး ပညာရေးအသိုင်းအ၀ိုင်းနဲ့ ဟိန္ဒူဘာသာရေးအခမ်းအနားတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေဆဲ ဖြစ်ပါတယ်။

    Ref: The Guardian

  • နိုင်ငံအတွင်း အကြီးဆုံး အွန်လိုင်း တရုတ်လူလိမ်ဂိုဏ်းတစ်ခုကို မလေးရှားဖမ်းဆီး

    နိုင်ငံအတွင်း အကြီးဆုံး အွန်လိုင်း တရုတ်လူလိမ်ဂိုဏ်းတစ်ခုကို မလေးရှားဖမ်းဆီး

    နိုဝင်ဘာ ၂၁၊ ၂၀၁၉
    M-Media

    -တရုတ်နိုင်ငံသားတွေ လုပ်ဆောင်ပြီး နိုင်ငံအတွင်းက အကြီးဆုံး အွန်လိုင်း လူလိမ်ဂိုဏ်းတစ်ခုကို မလေးရှားနိုင်ငံက နိုဝင်ဘာ ၂၀ ရက်နေ့မှာ ဝင်ရောက်စီနင်းခဲ့ပြီး လူ ၇၀၀ လောက်ကို ဖမ်းဆီးခဲ့ပါတယ်။

    မြို့တော် ကွာလာလမ်ပူမြို့တောင်ဘက် ဆိုက်ဘာဂျာယာမြို့နယ်က ၆ ထပ်တိုက်တစ်လုံးမှာ မနေ့ မနက်ပိုင်းက စီးနင်းဖမ်းဆီးမှု ပြုလုပ်ခဲ့တာပါ။ အဆောက်အဦးထဲက လူတစ်ချို့ဟာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လ၀ကဝန်ထမ်းတွေကို တိုက်ခိုက်ခဲ့သလို ‌တစ်ချို့ကတော့ ထွက်ပြေးလွတ်မြောက်သွားကြပါတယ်။

    စီးနင်းမှုအတွင်း ဖုန်းအလုံး ၈၀၀၀ ကျော်၊ ကွန်ပျူတာအလုံးရေ ၁၀၀၀ နီးပါးလောက် သိမ်းဆည်းရမိခဲ့တယ်လို့ တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ပါတယ်။ ဒီအဖွဲ့ဟာ တရုတ်နိုင်ငံက အွန်လိုင်းအသုံးပြုသူတွေကို ပစ်မှတ်ထားပြီး အရင်းအနှီးနည်းနည်းထည့်ကာ အကျိုးအမြတ်များများရမယ်လို့ လိမ်လည်လှည့်ဖျားနေတာပါ။

    ဖမ်းဆီးရမိသူတွေထဲမှာ အမျိုးသား ၆၀၃ ဦး အမျိုးသမီး ၇၇ ဦး ပါဝင်ပြီး အလည်အပတ်ဗီဇာနဲ့ မနိုင်ငံအတွင်း ဝင်ရောက်လာကာ အလုပ်လုပ်ခွင့်မရှိဘူးလို့ မလေးရှား လ၀ကအကြီးအကဲ ခိုင်ရူလ် ဇာမီ ဒါအွဒ်က ပြောကြားခဲ့ပါတယ်။

    လူ ၁၀၀ ကနေ ၁၂၀ လောက်ဟာ အဆောက်အဦးထဲကနေ ထွက်ပြေးလွတ်မြောက်သွားကြပြီး အာဏာပိုင်တွေက လိုက်လံရှာဖွေနေပါတယ်။ မလေးရှားအာဏာပိုင်တွေဟာ ဒီအဆောက်အဦးကို ၁ လတာ စောင့်ကြည့်ပြီးတဲ့နောက် စီးနင်းခဲ့တာ ဖြစ်ပါတယ်။

    ဒီလူလိမ်ဂိုဏ်းဟာ အဆောက်အဦးကို တစ်လ ရင်းဂစ် ၃၆၀၀၀၀ ပေးကာ ပြီးခဲ့တဲ့ ၆ လကစတင်ပြီး မလေးရှားမှာ လုပ်ကိုင်လာတာဖြစ်ပါတယ်။ ဖမ်းဆီးခံရသူတွေဟာ လ၀က ဥပဒေချိုးဖောက်မှုတွေနဲ့ တရားစွဲခံရဖို့ ရှိနေပါတယ်။ ဖမ်းဆီးမှုအတွက် တရုတ်သံရုံးကို အကြောင်းကြားခဲ့တယ်လို့လည်း မလေးရှားအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

    Ref: CNA

  • အိန္ဒိယက ဘာသာရေးမစွက်တဲ့ နိုင်ငံရေးဝါဒ သေဆုံးပြီလား???

    အိန္ဒိယက ဘာသာရေးမစွက်တဲ့ နိုင်ငံရေးဝါဒ သေဆုံးပြီလား???

    နိုဝင်ဘာ ၂၁၊ ၂၀၁၉
    M-Media

    ခေတ်သစ်အိန္ဒိယ၏ ဗိသုကာ ဂျာဝါဟာလာ နေရူး

    -အိန္ဒိယနိုင်ငံ လွတ်လပ်ရေးလုဆဲဆဲမှာ နိုင်ငံရဲ့ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်လာမယ့် လူတစ်ယောက်က အားတက်လောက်ဖွယ် ရည်မှန်းချက်တစ်ခုကို ချပြခဲ့ပါတယ်။

    ၁၉၄၇ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့ အိန္ဒိယလွှတ်တော်က ဂျာဝါဟာလာ နေရူးရဲ့ သမိုင်းဝင်မိန့်ခွန်းမှာ အိန္ဒိယဟာ ဘာသာတရားအားလုံး တူညီတဲ့အခွင့်အရေး၊ ခံစားခွင့်နဲ့ တာဝန်၀တ္တရားတွေရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာမယ်လို့ ပြောဆိုခဲ့တာပါ။

    နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်တဲ့ အခုအချိန်မှာတော့ တိုင်းပြည်အတွက် နေရူးရဲ့ မျှော်လင့်ချက်တွေဟာ အကြီးအကျယ်ဆုံး ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရတဲ့ လက္ခဏာကို မြင်လာရပါပြီ။

    နိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရှ်မြို့က ရာစုနှစ်ချီ သက်တမ်းရှိပြီး ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ဘာသာရေး အထွဋ်အမြတ်နေရာတစ်ခုမှာ ဟိန္ဒူဘုရားကျောင်းဆောက်လုပ်ဖို့အတွက် နိုဝင်ဘာ ၉ ရက်နေ့မှာ အိန္ဒိယတရားရုံးချုပ်က ခွင့်ပြုခဲ့ပါတယ်။ အဲဒီနေရာဟာ ဘာသာရေးအတွက် အရေးပါတဲ့ နေရာတစ်‌ခုအဖြစ် ဟိန္ဒူတွေနဲ့ မွတ်စလင် နှစ်ဖက်စလုံးက မှတ်ယူထားကြတာ ဖြစ်ပါတယ်။

    ဟိန္ဒူတွေက အဲဒီနေရာဟာ ဟိန္ဒူဘာသာမှာ ကြည်ညိုလေးစားမှုခံရဆုံး နတ်ဘုရားဖြစ်တဲ့ ရာမနတ်ဘုရား မွေးဖွားရာလို့ ယုံကြည်နေကြတာပါ။ မွတ်စလင်တွေကတော့ အဲဒီနေရာမှာရှိနေတဲ့ ဘာဘရီဗလီမှာ ရာစုနှစ်ပေါင်းများစွာ ဝတ်ပြုလာခဲ့ကြတာ ဖြစ်ပါတယ်။

    အယွတ်ဒယမြို့က ဒီနေရာကို ဟိန္ဒူတွေကိုပေးဖို့ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ မွတ်စလင်တွေအတွက် ထိုးနှက်မှုတစ်ခု ဖြစ်ပါတယ်။ ဟိန္ဒူလူများစုတိုင်းပြည်မှာ ဒုတိယတန်းစား နိုင်ငံသားအဖြစ် ဆက်ဆံခံနေရတယ်လို့ မွတ်စလင်တွေရဲ့ထင်မြင်ယူဆမှု မြင့်တက်နေတဲ့အချိန် ဒီဆုံးဖြတ်ချက် ပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။

    အိန္ဒိယမှာ ဘာသာရေးလူမျိုးရေး အကြမ်းဖက်မှုတွေဟာ သမိုင်းနဲ့ချီ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာတော့ မွတ်စလင်တွေအပေါ် ပစ်မှတ်ထားတဲ့ အမုန်းရာဇဝတ်မှုတွေဟာ မြင့်တက်လို့ လာခဲ့ပါတယ်။ အိန္ဒိယရဲ့ သန်း ၁၃၀၀ သော လူဦးရေမှာ မွတ်စလင်တွေက သန်း ၂၀၀ လောက် ရှိပါတယ်။

    ဩဂုတ်လမှာ အိန္ဒိယအစိုးရဟာ မွတ်စလင်လူများစုရှိရာ ‘ဂျာမူနှင့် ကက်ရှ်မီးယားဒေသ’ ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အဆင့်အတန်းကို ရုပ်သိမ်းလိုက်ပြီး ဗဟိုအစိုးရက အဲဒီဒေသ ကိစ္စတွေကို ပိုမိုထိန်းချုပ်ဆောင်ရွက်ခွင့် ရသွားပါတယ်။ အဲဒီလအတွင်းမှာပဲ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်က အငြင်းပွားဖွယ် နိုင်ငံသား စီစစ်မှု လုပ်ငန်းစဉ်အသစ်ကြောင့် လူပေါင်း ၂ သန်းလောက် နိုင်ငံမဲ့ဘ၀ ရောက်ခဲ့ပါတယ်။ ပြည်နယ်အတွင်းမှာ ရှိနေတဲ့ မွတ်စလင်တွေအပေါ် ဘာသာရေးခွဲခြားမှုကို ဖာထေးဖို့အတွက် နိုင်ငံသားစီစစ်မှုကို အသုံးချလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    ဒါတွေအားလုံးဟာ ဟိန္ဒူအမျိုးသားရေးဝါဒီလို့ ကျွေးကြော်ထားတဲ့ ဝန်ကြီးချုပ် နရန်ဒါရာ မိုဒီရဲ့ အရိပ်အာ၀သအောက်မှာ ဖြစ်ပေါ်လာတာပါ။ မိုဒီဟာ အိန္ဒိယရဲ့ ဘာသာရေးမစွက်တဲ့ နိုင်ငံရေးစနစ်ကို အကြိမ်ကြိမ် ဝေဖန်ထားသူလည်းဖြစ်ပါတယ်။

    ၁၉၂၅ ခုနှစ်မှာ ဖွဲ့စည်းပြီး ဟိန္ဒူတစ်မျိုးတည်းနိုင်ငံဖြစ်ရေး ရည်မှန်းချက်ရှိနေတဲ့ လက်ယာစွန်းအဖွဲ့ RSS မှာ မိုဒီရဲ့ BJP ပါတီက မြစ်ဖျားခံတာ ဖြစ်ပါတယ်။

    ဒါ့ကြောင့် မေလက BJP ပါတီ ပြန်လည်ရွေးကောက်တင်မြှောက်ခံရတဲ့အချိန် အိန္ဒိယမွတ်စလင်တွေက လူ့အဖွဲ့အစည်းရဲ့ အောက်ခြေအနေအထား ပြောင်းလဲမှာကို စိုးရိမ်လာကြပါတယ်။ မိုဒီကတော့ ဒီစိုးရိမ်မှုတွေဟာ ‘အတွေးလွန်တာ’ လို့ ငြင်းချက်ထုတ်ခဲ့ပါတယ်။ ဒါပေမယ့် မိုဒီ ဒုတိယသက်တမ်း ရွေးကောက်ခံရပြီး ၆ လလောက်မှာပဲ အိန္ဒိယမွတ်စလင်တွေရဲ့ အခြေအနေ ပိုဆိုးလာစေမယ့် လက္ခဏာတွေ ပေါ်ပေါက်လာပါတယ်။

    ဘာသာရေးမစွက်တဲ့နိုင်ငံ

    မိုဒီလက်ထက်မှာ ဟိန္ဒူအမျိုးသားရေးဝါဒ အားကောင်းလာခဲ့ပေမယ့် ဒီဝါဒဟာ လွန်ခဲ့တဲ့ ၁၀ စုနှစ်တွေကတည်းက ဆူပွက်နေတာပါ။

    ၁၉၄၇ ခုနှစ် ဗြိတိသျှထံကနေ လွတ်လပ်ရေးရတဲ့အချိန် ခေတ်သစ်အိန္ဒိယရဲ့ ဗိသုကာ နေရူးက ‘လွတ်လပ်စွာ တွေးတောခွင့်၊ ပြောဆိုခွင့်၊ ယုံကြည်ကိုးကွယ်ခွင့်’ တွေကို ကာကွယ်ပေးထားတဲ့ အခြေခံဥပဒေတစ်ခုကို ရေးဆွဲပေးခဲ့ပါတယ်။

    “ဘာသာစုံလူမျိုးစုံရှိတဲ့ အိန္ဒိယအတွက် အလုပ်ဖြစ်မယ့် စနစ်ဟာ ဘာသာရေးမစွက်တဲ့ စနစ်ပဲဆိုတာ နေရူးက ကောင်းကောင်းသိပါတယ်” လို့ လွတ်လပ်တဲ့ နိုင်ငံရေးမဂ္ဂဇင်း Hardnews ရဲ့ အယ်ဒီတာဖြစ်ပြီး နိုင်ငံရေး လေ့လာသုံးသပ်သူလည်းဖြစ်တဲ့ ဆန်ဂျေးကပူးရ်က CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    လွတ်လပ်ရေးရပြီး နောက်ပိုင်းနှစ်တွေမှာတော့ ဘာသာရေးမစွက်တဲ့နိုင်ငံဆိုတဲ့ အယူအဆဟာ ပိုပြီး ရှုပ်ထွေးလာပြီး နေရူးရဲ့ အိန္ဒိယအမျိုးသားကွန်ဂရက်ပါတီ (INC) ကိုယ်တိုင် ဘာသာရေးကွဲပြားမှုကို ဇောင်းပေးပြီး မဲဆွယ်သူတွေကို သိမ်းသွင်းလာခဲ့ပါတယ်။

    ၁၉၈၀ ပြည့်နှစ်တွေမှာ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ နေရူးရဲ့ သမီး အင်ဒရာ ဂန္ဒီနဲ့ အကြီးဆုံးသားဖြစ်သူ ရာဂျစ် ဂန္ဒီတို့ဟာ သူတို့အဖေရဲ့ ဘာသာရေးမစွက်တဲ့ အိန္ဒိယနိုင်ငံ အယူအဆကို ဆက်လက်မြှင့်တင်ခဲ့ကြပါတယ်။ ဒါပေမယ့် အင်ဒရာ ဂန္ဒီဟာ အာဏာရှင်ဆန်ဆန် မူဝါဒတွေကို ချမှတ်ခဲ့တဲ့အတွက် မဲပေးသူတွေအကြား မကျေလည်မှုတွေဖြစ်ပေါ်ကာ ဟိန္ဒူအမျိုးသားရေးပါတီ BJP ကို ထောက်ခံမှုပိုလာအောင် လုပ်ပေးသလို ဖြစ်ခဲ့ပါတယ်။

    BJP ပါတီကို ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် သိသိသာသာ အားကောင်းစေတဲ့ ကိစ္စတစ်ခုကတော့ အယွတ်ဒယမြို့က ဘာဘရီဗလီကိစ္စ ဖြစ်ပါတယ်။ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ အဲဒီကိစ္စကို ဒေသခံပြည်သူတွေလောက်သာ အရေးစိုက်ခဲ့ကြပေမယ့် BJP က ဒီကိစ္စကို အသုံးချကာ ၁၉၉၁ ခုနှစ်မှာ အူတာပရာဒက်ရှ်ပြည်နယ်က အမတ်နေရာ ထက်ဝက်ကျော်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

    အမျိုးသားရေးဝါဒ မြင့်တက်လာ

    အဲဒီအချိန် နိုင်ငံရေး လေ့လာသုံးသပ်သူတွေက BJP ဟာ ဘာသာရေး၊ လူမျိုးရေး ကွဲပြားမှုကို မီးထိုးပေးပြီး ဟိန္ဒူ အမျိုးသားရေးဝါဒ အားကောင်းလာအောင် ဆောင်ရွက်နေတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။ မိုဒီရဲ့ပါတီအပေါ် ဒီဝေဖန်မှုတွေဟာ ဒီကနေ့အချိန်အထိ ရှိနေဆဲပါ။

    BJP ပါတီ ပြည်နယ်ရွေးကောက်ပွဲမှာ အနိုင်ရပြီး ၁ နှစ်အကြာ ၁၉၉၂ ခုနှစ်မှာတော့ လက်ယာစွန်းရောက် ဟိန္ဒူလူအုပ်ဟာ အယွတ်ဒယမြို့မှာ ၁၆ ရာစုကတည်းက တည်ရှိခဲ့တဲ့ ဘာဘရီဗလီကြီးကို တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။ နောက်ဆက်တွဲအဖြစ် နိုင်ငံတစ်ဝှမ်း အဓိကရုဏ်းတွေဖြစ်ပွားလာ လူ ၂ ထောင်ကျော်လောက် သေဆုံးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့နောက် အဆိုးဝါးဆုံး လူမျိုးရေးဓိကရုဏ်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

    တစ်ချို့တွေက ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံရေးကို ပြောင်းလဲစေတဲ့ အခိုက်အတံ့တစ်ခုလို့ ယူဆကြပါတယ်။ အယ်ဒီတာတစ်ဦးဖြစ်တဲ့ ကပူးရ်းက ဘာဘရီဗလီ ဖျက်ဆီးခံရမှုကို မျက်မြင်ကိုယ်‌တွေ့ ကြုံခဲ့ရတဲ့ သူရဲ့မိတ်ဆွေ ဂျာနယ်လစ်တွေအကြောင်း ပြောပြပြီး ဒါဟာ ဘာသာရေးမစွက်တဲ့ အိန္ဒိယနိုင်ငံ ကျဆုံးမှုလို့ သုံးသပ်ခဲ့ပါတယ်။

    ၂၀၀၀ ပြည့်နှစ်တွေအတွင်း ခြစားမှုကိစ္စတွေ တစ်ပုံတစ်ပင် ပေါ်ပေါက်လာပြီးတဲ့နောက် အိန္ဒိယအမျိုးသားကွန်ဂရက်ပါတီ INC ဟာ လူထုထောက်ခံမှု ကျဆင်းလာခဲ့ပြီး BJP ကို အာဏာလွှဲပေးရတဲ့လမ်းကြောင်းဆီ ဦးတည်ခဲ့ပါတယ်။

    ၂၀၁၄ အထွေထွေရွေးကောက်ပွဲမှာ မိုဒီနဲ့ BJP ပါတီ အနိုင်ရခဲ့ပြီး နှစ် ၃၀ အတွင်း လွှတ်တော်မှာ အများစုအနိုင်ရတဲ့ ပထမဆုံးနိုင်ငံရေးပါတီ ဖြစ်လာပါတယ်။ ဒါဟာ အမျိုးသားရေးဝါဒကို ဦးတည်ခဲ့ပြီး ယူကေမှာ Brexit ဇောင်းပေးတဲ့နိုင်ငံရေး၊ အမေရိကန်မှာ ‘အမေရိကန်သည်သာ ပထမ’ ဆိုတဲ့ ထရမ့်ရဲ့ မဲဆွယ်မှုတွေလို လက်ယာယိမ်း နိုင်ငံရေးအခင်းအကျင်း မဖြစ်ခင်တည်းက အိန္ဒိယမှာ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

    ခရိုနီဝါဒ၊ ဆွေစဉ်မျိုးဆက်အုပ်စိုးတဲ့ နိုင်ငံရေးဝါဒတွေကို ငြီးငွေ့နေသူတွေအတွက် မိုဒီရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ အိန္ဒိယရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေ ပြန်လည်ထိန်းသိမ်းရေးတွေက နှစ်သက်စရာ ဖြစ်ခဲ့ပါတယ်။

    ဒါပေမယ့် အိန္ဒိယရဲ့ခေါင်းဆောင်သစ် မိုဒီဟာ ဘာသာရေးအခြေခံ အမျိုးသားရေးဝါဒကို အားပေးလာပါတယ်။

    မိုဒီရဲ့ ပထမသက်တမ်းမှာ ဟိန္ဒူလူအုပ်တွေဟာ မွတ်စလင်အများစုအပါအဝင် ဒါဇင်နဲ့ချီတဲ့ လူတွေကို သတ်ဖြတ်ခဲ့ပြီး နွားပေါ်တယ်၊ နွားတွေကို ပို့ဆောင်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖြစ်ပါတယ်။ ဟိန္ဒူအများစုက နွားကို မြင့်မြတ်တယ်လို့ ယူဆထားကြတာပါ။ ဟိန္ဒူအမျိုးသားရေးအစိုးရ ဖြစ်နေတာက သဘောထားတင်းမာတဲ့ ဟိန္ဒူတွေဟာ မွတ်စလင်တွေနဲ့ အခြား လူနည်းစုတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်ဖို့ အားပေးသလို ဖြစ်နေတယ်လို့ လေ့လာ သုံးသပ်သူတွေက ပြောကြားခဲ့ပါတယ်။ BJP ကတော့ ဒီပြောကြားမှုတွေကို ယတိပြတ် ငြင်းဆိုပါတယ်။

    အနာဂတ် မရေရာ

    မိုဒီအာဏာရစဉ်အချိန်က ကတိ ၃ ခု ပေးခဲ့ပါတယ်။ ‘ဂျာမူးနဲ့ ကက်ရှ်မီးယားဒေသ’ ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရုပ်သိမ်းမယ်၊ အယွတ်ဒယက ဘာဘရီဗလီမှာ ရာမနတ်ဘုရားကျောင်း ဆောက်လုပ်မယ် ဆိုတာနဲ့ ဘာသာလူမျိုးအားလုံး လိုက်နာရမယ့် ဥပဒေကျင့်ထုံးတစ်ခု ရေးဆွဲပြဌာန်းမယ်- ဆိုတဲ့ ကတိတွေပါ။

    ဒုတိယအကြိမ် ရွေးကောက်ခံရပြီး ၆ လကျော်မှာပဲ သူ့ရဲ့ ကတိ ၂ ခုကို အကောင်အထည်ဖော်ဖို့ ဆောင်ရွက်လာပါတယ်။

    ‘ဂျာမူးနဲ့ ကက်ရှ်မီးယားဒေသ’ ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြုထားပြီး အမြဲတမ်းနေထိုင်သူတွေရဲ့ အလုပ်လုပ်ကိုင်ခွင့်၊ အိမ်ယာပိုင်ဆိုင်ခွင့်၊ ဗဟိုအစိုးရက ကူညီထောက်ပံ့မှုတွေကို ကာကွယ်ပေးထားတဲ့ အခြေခံဥပဒေက ‘အပိုဒ် ၃၇၀’ ကို ဩဂုတ်လမှာ မိုဒီက ပယ်ဖျက်လိုက်ပါတယ်။ ဒေသတွင်း ဆက်သွယ်ရေးလမ်းကြောင်းတွေအားလုံးကိုလည်း ဗဟိုအစိုးရက ဖြတ်တောက်ခဲ့ပါတယ်။

    ပြည်ထောင်စုနယ်မြေတစ်ခုအဖြစ် အဆင့်လျှော့ချခံလိုက်ရတဲ့ ဂျာမူးနဲ့ ကက်ရှ်မီးယားဒေသက ပြည်သူတွေကတော့ မိုဒီရဲ့ ဒီဆောင်ရွက်မှုကြောင့် မွတ်စလင်အများစုရှိရာ သူတို့ဒေသကို ဟိန္ဒူ‌တွေ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ကာ လူဦးရေအချိုး ပြောင်းလဲသွားမှာကို စိုးရိမ်နေကြပါတယ်။

    ဘာဘရီဗလီနေရာမှာ ရာမနတ်ဘုရားကျောင်း ဆောက်လုပ်နိုင်တယ်ဆိုတဲ့ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကိုလည်း မွတ်စလင်လူ့အဖွဲ့အစည်းက ဝေဖန်ခဲ့ကြပါတယ်။

    မွတ်စလင်နိုင်ငံရေးပါတီ AIMIM က ဥက္ကဌဖြစ်တဲ့ အဆာဒူဒင် အို၀ိုက်စီက တရားရုံးချုပ်ရဲ့ဆုံးဖြတ်ချက်ဟာ ‘အမှန်တရားထက် ကိုးကွယ်ရာဘာသာဖက်ယိမ်းတယ်’ လို့ဆိုပြီး BJP ဟာ သူတို့ရဲ့ ‘အဆိပ်ရှိတဲ့ဝါ’ အောင်မြင်ဖို့ ဒါကို အသုံးချလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒါက တစ်ဆင့်နိမ့် နိုင်ငံသားအဆင့်အတန်းနဲ့ အရှက်တကွဲဖြစ်မှု၊ တရားမဲ့မှုတွေကို နှုတ်ဆိတ်ကာ ခါးစီးခံရတော့မယ်လို့ သန်း ၂၀၀ ကျော်သော မွတ်စလင်တွေကို ထင်ရှားတဲ့ သတင်းစကားတစ်ခု ပေးလိုက်တာပါ” လို့ အို၀ိုင်စီက Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ဘာသာလူမျိုးအားလုံး လိုက်နာရမယ့် နိုင်ငံသား ကျင့်ဝတ်ကျင့်ထုံးတစ်ရပ် ပေါ်ပေါက်လာဖို့ သိပ်မလိုတော့ဘူး‌လို့လည်း တစ်ချို့တွေက ခံစားနေရပါတယ်။

    လက်ရှိ အိန္ဒိယမှာ အိမ်ထောင်ပြုမှု၊ အမွေဆက်ခံမှု၊ ကလေးမွေးစားမှုတွေအတွက် မတူညီတဲ့ ဘာသာတရားတွေမှာ သက်ဆိုင်ရာ ဘာသာအလိုက် ကျင့်သုံးခွင့်ပြုထားပါတယ်။ ဒါပေမယ့် ကျင့်ဝတ်ကျင့်ထုံးအသစ်က ဒီကျင့်သုံးမှုတွေကို ပယ်ဖျက်လာနိုင်ပါတယ်။ အထူးသဖြင့် မွတ်စလင်တွေက အိမ်ထောင်မှု၊ အမွေခွဲဝေ ဆက်ခံမှုတွေမှာ အစ္စလာမ့် ထုံးတမ်းဥပဒေအတိုင်း ကျင့်သုံးခွင့်မရမှာကို စိုးရိမ်နေကြပါတယ်။

    ဟိန္ဒူ အမျိုးသားရေးဝါဒီတွေက အဆိုပြုထားတဲ့ ဒီအယူအဆတွေဟာ လူထုနဲ့ လူထုကြားက အသင်းအဖွဲ့တွေအကြား ထောက်ခံမှု၊ ယုံကြည်မှု ရနေတာကြောင့် ဗဟုလူ့အဖွဲ့အစည်းမှာ အိမ်ထောင်မှုကို အစိုးရက ထိန်းချုပ်တဲ့စနစ်နဲ့သွားဖို့ ကြိုးစားမှုဟာ တိုင်းပြည်အတွင်း သွေးကွဲမှုကို ဆက်လက်ဖြစ်ပေါ်နေစေလိမ့်မယ်လို့ လေ့လာဆန်းစစ်သူတွေက စိုးရိမ်နေကြပါတယ်။

    “ရွေကောက်ပွဲကတိကဝတ်ကို အကောင်အထည်ဖေါ်တာထက် ပိုပြီး နက်ရှိုင်းတဲ့ အခြေအနေမျိုး အခုမြေပြင်မှာ ဖြစ်ပေါ်နေတာပါ။ လူ့အဖွဲ့အစည်းရဲ့ အနေအထား နက်နက်ရှိုင်းရှိုင်း ပြောင်းလဲမှုမျိုး ဖြစ်ပေါ်နေတာပါ” လို့ အိန္ဒိယနိုင်ငံ Ashoka တက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံ လက်ထောက်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဂီလက်စ် ဗာနီယာက ပြောကြားခဲ့ပါတယ်။

    မတူညီတဲ့ ဘာသာဝင်တွေ ဒုတိယတန်းစားနိုင်ငံသားပုံစံမျိုး ပိုဖြစ်လာစေမယ့် တိုင်းပြည်တစ်ခုကို မိုဒီရဲ့ BJP ပါတီက ပုံဖော်နေတာလို့လည်း ဗာနီယာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အယ်ဒီတာ ကပူးရ်ရဲ့ စိုးရိမ်မှုတွေကလည်း ပိုမိုကြီးလာခဲ့ပြီး ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးရဲ့ ခိုင်မာတောင့်တင်းမှုအတွက် စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

    “ဒါဟာ ဒီမိုကရေစီအတွက် မကောင်းဘူးလို့ ကျွန်တော်မြင်တယ်။ အထူးသဖြင့် ကျွန်တော်တို့ တည်ထောင်လာတဲ့ ဘာဘာသာရေးမစွက်တဲ့ ဒီမိုကရေစီနိုင်ငံမျိုးမှာပါ။ လူနည်းစုတွေနဲ့ လူတိုင်းအတွက် မျှတရမယ်လို့ ကျွန်တော်တို့ ပြောခဲ့ကြတယ်။ တိုင်းပြည်ကို ဘယ်ဆီခေါ်ဆောင်သွားချင်လဲဆိုတဲ့ အစိုးရရဲ့ အယူအဆကို ရှင်းရှင်းလင်းလင်း တွေ့နေရပြီ။ ဘာသာရေးမစွက်တဲ့စနစ်နဲ့ ဘာမှကိုမဆိုင်တော့တဲ့ အခြေအနေမျိုးပါ”

    Ref: CNN

    (CNN သတင်းဌာနပါ In secular India, it’s getting tougher to be Muslim ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)