News @ M-Media

Author: Ko Lay

  • ကိုလံဘီယာ အစုလိုက်အပြုံလိုက်အသတ်ခံရမှု ၁၇ ကြာမှာ ဈာပနကျင်းပနိုင်

    ကိုလံဘီယာ အစုလိုက်အပြုံလိုက်အသတ်ခံရမှု ၁၇ ကြာမှာ ဈာပနကျင်းပနိုင်

    နိုဝင်ဘာ ၂၀၊ ၂၀၁၉
    M-Media

    -လွန်ခဲ့တဲ့ ၁၇ နှစ်က ကိုလံဘီယာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုမှာ သေဆုံးသွားသူတွေရဲ့ ဈာပနအခမ်းအနားကို အခုတစ်ပတ်အတွင်းမှာ ကျင်းပခဲ့ပါတယ်။

    နိုင်ငံအနောက်ပိုင်း ‌ချိုကိုပြည်နယ်က ဘိုဂျာယာမြို့မှာ ၂၀၀၂ ခုနှစ် မေလ ၂ ရက်နေ့က FARC သူပုန်တွေနဲ့ ကိုလံဘီယာအစိုးရတပ်တွေအကြား တိုက်ပွဲဖြစ်ပွားစဉ် ‌‌အရပ်သားတွေ ခိုလှုံနေတဲ့ ခရစ်ယာန်ဘုရားကျောင်းပေါ်ကို စလင်ဒါဗုံး ကျရောက်လာတာကြောင့် အစုလိုက်အပြုံလိုက် သေဆုံးခဲ့တာပါ။

    တရားဝင်‌စာရင်းအရ ၇၄ ဦး သေဆုံးတယ်လို ထုတ်ပြန်ပေမယ့် အနည်းဆုံး ၁၁၉ ဦး သေဆုံးခဲ့ပြီး ၉၈ ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ ဗုံးကြဲမှုကို FARC အဖွဲ့က ပြုလုပ်တာဖြစ်ပြီး ‘ဘိုဂျာယာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု’ လို့ အမည်တွင်ပါတယ်။ သေဆုံးသူအများစုက အမျိုးသမီးနဲ့ ကလေးတွေ ဖြစ်ပါတယ်။

    သေဆုံးသွားသူတွေရဲ့ ရုပ်ကြွင်းတွေကို ကျန်ရစ်သူတွေက အခုတစ်ပတ်မှာ ရရှိခဲ့ပြီး ဈာပနအခမ်းအနားတွေ ကျင်းပခဲ့ကြပါတယ်။

    ကိုလံဘီယာ အစိုးရပ်တပ်ဟာ ခရစ်ယာန်ဘုရားကျောင်းရဲ့ ပတ်ဝန်းကျင်မှာ စခန်းချရာကနေ တိုက်ပွဲဖြစ်ပွားပြီး ဒီလို အစုလိုက်အပြုံလိုက်သေဆုံးမှု ဖြစ်ပွားခဲ့တာပါ။ ကုလကတော့ ဒီဖြစ်ရပ်အတွက် ကိုလံဘီယာအစိုးရနဲ့ FARC သူပုန် နှစ်ဖက်စလုံးမှာ တာဝန်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ဗလီဝတ်ကျောင်းတော် ဗိသုကာဆိုင်ရာ နိုင်ငံတကာညီလာခံတစ်ခု မလေးရှားတွင် ကျင်းပမည်

    ဗလီဝတ်ကျောင်းတော် ဗိသုကာဆိုင်ရာ နိုင်ငံတကာညီလာခံတစ်ခု မလေးရှားတွင် ကျင်းပမည်

    နိုဝင်ဘာ ၂၀၊ ၂၀၁၉
    M-Media

    -ဗလီဝတ်ကျောင်းတော် ဗိသုကာဆိုင်ရာ နိုင်ငံတကာညီလာခံတစ်ခုကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ နိုဝင်ဘာနှောင်းပိုင်းကျရင် ကျင်းပဖို့ရှိနေပြီး ဗိသုကာလက်ရာ အပြောင်မြောက်ဆုံး ဗလီကိုလည်း ရွေးချယ်သွားမှာဖြစ်ပါတယ်။

    ညီလာခံကို ဆော်ဒီအာရေဗျ၊ မလေးရှားနဲ့ အခြား နိုင်ငံတကာအဖွဲ့အစည်းတွေ ပူးပေါင်းကျင်းတာဖြစ်ပြီး ညီလာခံခေါင်းစဉ်ကို ‘Future Mosque Architecture’ (ဗလီဝတ်ကျောင်းတော်၏ အနာဂတ်ဗိသုကာလက်ရာ) လို့ အမည်ပေးထားပါတယ်။

    ညီလာခံဟာ နိုဝင်ဘာ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ကြာမြင့်မှာဖြစ်ပြီး ထင်ရှားတဲ့ပုဂ္ဂိုလ် ၉ ဦးက မိန့်ခွန်းပြောကာ၊ ကမ္ဘာတစ်ဝှမ်း ထိပ်တန်း သုတေသနပညာရှင် ၄၅ ဦးက စာတမ်းတွေ ဖတ်ကြားမှာ ဖြစ်ပါတယ်။

    ဗိသုလက်ရာဆိုင်ရာ ဆုတံဆိပ် Abdullatif Al-Fozan Award အတွက် တင်သွင်းလာတဲ့ ဗလီဝတ်ကျောင်းတော်တွေကို ညီလာခံမှာ ရွေးချယ်အမှတ်ပေးမှာဖြစ်ပြီး ဆုရတဲ့ ဗလီကိုတော့ ၂၀၂၀ ခုနှစ် မတ်လ ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့မှာ အခမ်းအနားနဲ့ ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။

    Abdullatif Al-Fozan Award ဆု ရွေးချယ်ရေးအဖွဲ့ကို ဆော်ဒီမင်းသားတစ်ပါးဖြစ်တဲ့ ဆူလ်တန် ဘင် ဆလ်မန်က ဦးဆောင်တာဖြစ်ပါတယ်။ မလေးရှားမှာ အခုလအတွင်းပြုလုပ်မယ့် ဗလီဝတ်ကျောင်းတော် ဗိသုကာဆိုင်ရာ နိုင်ငံတကာညီလာခံဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။

    Ref: Arab News

  • ကမ္ဘာ့ဖလား ပရိတ်သတ်များနေထိုင်ရန် ကာတာက ဇိမ်ခံသင်္ဘော ၂ စီး စီစဉ်ပေးမည်

    ကမ္ဘာ့ဖလား ပရိတ်သတ်များနေထိုင်ရန် ကာတာက ဇိမ်ခံသင်္ဘော ၂ စီး စီစဉ်ပေးမည်

    နိုဝင်ဘာ ၁၉၊ ၂၀၁၉
    M-Media

    -၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ လာရောက်ကြည့်ရှုမယ့် ပရိတ်သတ်တွေ နေထိုင်ရေးအတွက် ဇိမ်ခံသင်္ဘော ၂ စီး စီစဉ်ပေးသွားမယ်လို့ ကတာနိုင်ငံက မနေ့မှာ ကြေငြာလိုက်ပါတယ်။

    ပြိုင်ပွဲကျင်းပရေးကို ကြီးကြပ်ကွပ်ကဲနေတဲ့ ကာတာက Supreme Committee for Delivery and Legacy အဖွဲ့ဟာ ဇိမ်ခံသင်္ဘော ၂ စီး ငှားရမ်းနိုင်ရေးအတွက် ဆွီဒင်အခြေစိုက် ဇိမ်ခံသင်္ဘောကုမ္ပဏီ MSC Cruises နဲ့ တနင်္လာနေ့မှာ စာချုပ်ချုပ်ဆိုခဲ့တာပါ။

    လက်ရှိ ဒိုဟာမြို့ ဆိပ်ကမ်းတစ်ခုမှာ ဆိုက်ကပ်ထားတဲ့ အဲဒီ သင်္ဘော ၂ စီးဟာ စုစုပေါင်း လူ ၄၀၀၀ လောက် တည်းခိုနိုင်မှာဖြစ်ပါတယ်။

    “၂၀၂၂ မှာလာမယ့် ပရိတ်သတ်တွေအတွက် ထူးခြားတဲ့နေရာထိုင်ခင်း စီစဉ်ပေးရေး MSC Cruises နဲ့ ပူးပေါင်း ဆောင်ရွက်ခွင့်ရတာကို ကျွန်တော်တို့ ကျေနပ်မိပါတယ်။ ဇိမ်ခံသင်္ဘောတစ်စီးမှာ နေထိုင်ရမယ့် အနေအထားအတွက် ကမ္ဘာစ်ဝှမ်းက ပရိတ်သတ်တွေ စိတ်လှုပ်ရှားနေမယ်ဆိုတာလည်း ကျွန်တော်တို့ သိပါတယ်။ အနောက်ပင်လယ်အော်ရှုခင်းကို ကောင်းကောင်း ကြည့်နိုင်မှာဖြစ်သလို အားကစားကွင်းတွေနဲ့ ပရိတ်သတ်သီးသန့်နေရာတွေကိုလည်း မြန်မြန်ဆန်ဆန် သွားလာနိုင်မှာပါ” လို့ Supreme Committee for Delivery and Legacy အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ဟာဆန် အလ်-သာဝါဒီက ပြောကြားခဲ့ပါတယ်။

    ရေပေါ်ဟိုတယ်အပြင် တိုက်ခန်းတွေ၊ ပရိတ်သတ်ရွာတွေနဲ့ ဟိုတယ်တွေလို အခြား နေရာထိုင်ခင်းတွေကိုလည်း ကာတာက စီစဉ်ပေးထားပါတယ်။

    ၂၀၂၂ ခုနှစ် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အရှေ့အလယ်ပိုင်းမှာ ပထမဆုံး ကျင်းပမယ့်ပြိုင်ပွဲဖြစ်ပါတယ်။ Supreme Committee က ပြိုင်ပွဲကျင်းပမယ့် ကစားကွင်းတွေထဲက ၂ ခုအပါအဝင် ပြိုင်ပွဲအတွက် လိုအပ်တဲ့ပြင်ဆင်မှု ၇၅ ရာခိုင်နှုန်း ပြီးစီးသွားပြီလို့ ပြောကြားခဲ့ပါတယ်။ နောက်ထပ် ကစားကွင်း ၆ ကွင်းကတော့ ဆောက်လုပ်ဆဲဖြစ်ပါတယ်။

    Ref: Aljazeera

  • ပါလက်စတိုင်းရှိ အစ္စရေး၏ ကျူးကျော်အိမ်ယာများကို အမေရိကန်က အသိအမှတ်ပြု

    ပါလက်စတိုင်းရှိ အစ္စရေး၏ ကျူးကျော်အိမ်ယာများကို အမေရိကန်က အသိအမှတ်ပြု

    နိုဝင်ဘာ ၁၉၊ ၂၀၁၉
    M-Media

    ပါလက်စတိုင်းပိုင်နက်ရှိ အစ္စရေး၏ ကျူးကျော်အိမ်ယာများကို မြင်ရစဉ်

    -ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးက ဆောက်လုပ်ထားတဲ့ တရားမဝင်အိမ်ယာတွေဟာ နိုင်ငံတကာဥပဒေနဲ့ မညီညွတ်ဘူးဆိုတဲ့အချက်ကို လက်မခံတော့ဘူးလို့ အမေရိကန်အစိုးရက ကြေငြာလိုက်ပြီး ပါလက်စတိုင်းနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ဒီလုပ်ရပ်ကို ကန့်ကွက် ရှုတ်ချခဲ့ပါတယ်။

    အရှေ့ဂျေရုစလင်အပါအဝင် ပါလက်စတိုင်းပိုင် နောက်ဖက်ကမ်းဒေသမှာ အစ္စရေးဟာ တရားမဝင်အိမ်ယာ အမြောက်အများ ဆောက်လုပ်ထားပြီး ဂျူး ၆ သိန်းလောက် နေထိုင်နေတာပါ။ အစ္စရေးရဲ့ ဒီလုပ်ရပ်ဟာ ကုလရဲ့ ဂျီနီဗာသဘောတူညီချက်နဲ့ လုံး၀ ဆန့်ကျင်နေတာဖြစ်ပြီး ကမ္ဘာ့နိုင်ငံတွေက ဒီတရားမဝင်အိမ်ယာတွေကို အသိအမှတ်မပြုပါဘူး။

    ၁၉၇၈ ခုနှစ် အမေရိကန်အစိုးရရဲ့ ဥပဒေပိုင်းဆိုင်ရာ သဘောထားမှာလည်း ဒီတရားမဝင်အိမ်ယာတွေဟာ ‘နိုင်ငံတကာ ဥပဒေနဲ့ မညီဘူး’ လို့ သတ်မှတ်ထားတာပါ။

    ဒါပေမယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက အဖက်ဖက်ကနေ ဥပဒေပိုင်းဆိုင်ရာ လေ့လာ သုံးသပ်မှုတွေ ပြုလုပ်ပြီးတဲ့နောက် အနောက်ဖက်ကမ်း‌ဒေသမှာရှိတဲ့ အစ္စရေးရဲ့ လူနေအိမ်ယာတွေဟာ နိုင်ငံတကာဥပဒေနဲ့ မညီဘူးဆိုတဲ့ သဘောထားမျိုး ဆက်လက်ထားရှိသွားတော့မှာ မဟုတ်ဘူးလို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ၁၉၇၈ ခုနှစ် သဘောထားကိုလည်း ထရမ့်အစိုးရက လိုက်နာမှာမဟုတ်ဘူးလို့လည်း သူကဆိုပါတယ်။

    ပါလက်စတိုင်းပိုင်နက်အတွင်းမှာရှိတဲ့ အစ္စရေးရဲ့ တရားမဝင်အိမ်ယာတွေဟာ နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး ဒီလိုလုပ်ရပ်မျိုးကို ဆန့်ကျင်တယ်လို့ ကုလသမဂ္ဂက ဆုံးဖြတ်ချက်အမြောက်အများ ထုတ်ပြန်ထားပါတယ်။

    ဆန့်ကျင်ရှုတ်ချ

    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ် အဘတ်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ နဘီလ် အဘူ ရူဒီနာက အမေရိကန်ရဲ့ ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံတကာ ဥပဒေနဲ့ လုံး၀ဆန့်ကျင်ကြောင်း၊ နိုင်ငံတကာဥပဒေ ဆုံးဖြတ်ချက်တွေကို ပယ်ချဖို့ အမေရိကန်မှာ အာဏာ မရှိသလို၊ အစ္စရေးရဲ့ တရားမဝင်အိမ်ယာတွေကို တရာဝင်ကြောင်း အာမခံဖို့ အခွင့်လည်းမရှိကြောင်း ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး အေမန် ဆာဖာဒီက အမေရိကန်အနေနဲ့ ဒီလိုရပ်တည်ချက်ပြောင်းလဲမှုကြောင့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှင်သန်ရေးမှာ အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲကိစ္စတွေ ဖြစ်လာနိုင်တယ်လို့ ‌သတိပေးခဲ့ပါတယ်။

    ကုလ လူ့အခွင့်အရေးဆိုင်ရာရုံး OHCHR ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရူပါ့တ် ကိုလ်ဗီလ်က အစ္စရေးရဲ့ တရားမဝင်အိမ်ယာတွေဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တဲ့လုပ်ရပ်ဖြစ်တယ်ဆိုတဲ့ ကုလရဲ့ ရပ်တည်ချက်ကိုသာ ဆက်လက်စွဲကိုင်ထားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ဥရောပသမဂ္ဂကလည်း မိမိတို့အနေနဲ့ ပါလက်စတိုင်းပိုင်နက်တွေမှာ ဆောက်လုပ်ထားတဲ့ အစ္စရေးရဲ့ တရားမဝင် အိမ်ယာတွေဟာ နိုင်ငံတကာ ဥပဒေနဲ့ဆန့်ကျင်ပြီး ရေရှည်ငြိမ်းချမ်းရေး ရည်မှန်းချက်ကို ပျက်ဆီးစေမယ်ဆိုတဲ့ သဘောထားအတိုင်း ဆက်ရှိသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch ရဲ့ အမှုဆောင်ဒါရိုက်တာဖြစ်သူ ကန်နသ် ရို့သ်က ပွမ်ပီယိုရဲ့ ထုတ်ပြန်ချက်ကြောင့် ဘာပြောင်းလဲမှုမှ ဖြစ်လာမှာမဟုတ်ဘဲ အစ္စရေးရဲ့ တရားမဝင်အိမ်ယာတွေဟာ စစ်ရာဇဝတ်မှုဖြစ်တယ်ဆိုတဲ့ နိုင်ငံတကာဥပဒေအရ ကြေငြာချက်တွေကို ထရမ့်ကလည်း ဖျောက်ဖျက်နိုင်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန်လွှတ်တော်အမတ်တစ်ဦးဖြစ်ပြီး ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် ရေပန်းစားနေတဲ့ ဘာနီ ဆန်းဒါးစ်ကလည်း ပါလက်စတိုင်းက အစ္စရေးရဲ့အိမ်ယာတွေဟာ တရားမဝင်ဘူးလို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    အစ္စရေးဘက်လိုက်

    ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးက ကျူးကျော် သိမ်းပိုက်ထားပြီး တရားမဝင်အိမ်ယာ ဆောက်လုပ်မှုဟာ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးကိစ္စမှာ အဖုအထစ်တစ်ခု ဖြစ်နေတာပါ။

    အမေရိကန်ဟာ အစ္စရေး-ပါလက်စတိုင်းငြိမ်းချမ်းရေးမှာ ကြားဝင်ဆွေးနွေးသူအဖြစ် ရှိခဲ့ပေမယ့် ထရမ့်အစိုးရ လက်ထက်မှာတော့ အစ္စရေးဘက်လိုက်တဲ့ မူဝါဒတွေကို ချမှတ်ခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ်မှာ ထရမ့်ဟာ ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း ကြေငြာခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ အမေရိကန်သံရုံးကို တလ်အဗီးကနေ ဂျေရုစလင်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ပါလက်စတိုင်းဟာ အရှေ့ဂျေရုစလင်ကို မြို့တော်ထားပြီး လွတ်လပ်တဲ့ နိုင်ငံတစ်ခု တည်ထောင်ချင်နေတာ ဖြစ်ပါတယ်။

    ၂၀၁၈ ခုနှစ်မှာတော့ ပါလက်စတိုင်းပြည်သူတွေကို အကူအညီပေးနေတဲ့ ကုလရဲ့ UNRWA အဖွဲ့ကို ရန်ပုံငွေ ဖြတ်တောက်ကြောင်း အမေရိကန်က ကြေငြာခဲ့ပါတယ်။

    ၂၀၁၉ ခုနှစ် မတ်လမှာလည်း ထရမ့်ဟာ ၁၉၈၁ ခုနှစ်မှာ အစ္စရေးက ဆီးရီးယားထံကနေ ကျူးကျော်သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်ဒေသကို အစ္စရေးပိုင်နက်အဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက မိုက်ပွမ်ပီယိုရဲ့ မနေ့ကထုတ်ပြန်ချက်ကို ကြိုဆိုကြောင်း ပြောကြားခဲ့ပြီး ဒါဟာ သမိုင်းဆိုင်ရာ အမှားတစ်ခုကို ပြင်ဆင်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

    Ref: Aljazeera

  • ဝီဂါများကို မညှာတမ်းနှိပ်ကွပ်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က ညွှန်ကြားထားမှု ပေါက်ကြားလာ

    ဝီဂါများကို မညှာတမ်းနှိပ်ကွပ်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က ညွှန်ကြားထားမှု ပေါက်ကြားလာ

    နို၀င်ဘာ ၁၈၊ ၂၀၁၉
    M-Media

    ရှင်ကျန်းပြည်နယ်မှ အကျဉ်းစခန်းတွင် တွေ့ရသည့် ဝီဂါမွတ်စလင်များ

    -ခွဲထွက်မှု၊ အစွန်းရောက်မှု နှိမ်နှင်းရေး ခေါင်းစဉ်အောက်မှာ ရှင်ကျန်းပြည်နယ်က ဝီဂါမွတ်စလင်တွေကို ‘အညှာအတာမရှိ’ နှိပ်ကွပ်ဖို့ ညွှန်ကြားတဲ့ သမ္မတ ရှီကျင့်ဖျင်ရဲ့ အမိန့်တွေ၊ တရုတ်အစိုးရရဲ့ ညွှန်ကြားချက်တွေကို New York Times သတင်းစာက ရရှိပြီး ပြီးခဲ့တဲ့တစ်ပတ်မှာ ဖွင့်ချလိုက်ပါတယ်။

    ရှင်ကျန်းပြည်နယ်မှာ ဝီဂါနဲ့ အခြား လူနည်းစုမွတ်စလင် ၁ သန်းကျော်လောက်ဟာ အကျဉ်းစခန်းတွေထဲမှာ ထိန်းသိမ်းခံထားရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေ၊ တရုတ်အရေး ကျွမ်းကျင်သူတွေနဲ့ မီဒီယာတွေက ပြီးခဲ့တဲ့နှစ်တွေမှာ ဖော်ထုတ် တင်ပြခဲ့ကြပါတယ်။

    အခု New York Times သတင်းဌာနက ရရှိထားတဲ့ ၄၀၃ မျက်နှာပါ တရုတ်အစိုးရ စာရွက်စာတမ်းတွေမှာတော့ ဝီဂါမွတ်စလင်တွေနဲ့ပတ်သက်ပြီး ကွန်မြူနစ်ပါတီက လျှို့ဝှက်ဆောင်ရွက်နေတဲ့ ပြင်းထန်တဲ့ နှိပ်ကွပ်မှု နည်းလမ်းတွေကို ထပ်မံတွေ့လာရပါတယ်။

    ပေါက်ကြားလာတာတွေမှာ ဝီဂါမွတ်စလင် နှိပ်ကွပ်ရေးနဲ့ပတ်သက်ပြီး အရင်က လူသိရှင်ကြား ထုတ်ပြန်ထားခြင်းမရှိတဲ့ သမ္မတရှီရဲ့ အမိန့်ညွှန်ကြားချက်တွေ၊ ဝီဂါတွေကို စောင့်ကြည့်မှု၊ ထိန်းချုပ်မှုနဲ့ပတ်သက်တဲ့ အစီရင်ခံစာတွေ ပါဝင်ပါတယ်။

    ဝီဂါတွေအပေါ် နှိပ်ကွပ်မှုနဲ့ပတ်သက်ပြီး ကွန်မြူနစ်ပါတီအတွင်း သဘောထားကွဲလွဲမှုတွေ ရှိနေတယ်ဆိုတာကိုလည်း တွေ့ခဲ့ရပါတယ်။

    ဒီစာရွက်စာတမ်းတွေကို တရုတ်အစိုးရအတွင်းစည်းက အမည်မဖော်လိုတဲ့ အဖွဲ့ဝင်တစ်ဦးက ဖွင့်ချခဲ့တာဖြစ်ပြီး ဒီလိုဆောင်ရွက်မှုကြောင့် “အစုလိုက်အပြုံလိုက် ဖမ်းဆီးထိန်းသိမ်းထားမှုအတွက် အပြစ်ရှိနေမှုကနေ” သမ္မတရှီအပါအဝင် တရုတ်အစိုးရ ခေါင်းဆောင်ပိုင်းက လွတ်မြောက်နေမှုကို တားဆီးနိုင်မယ်လို့ သူက မျှော်လင့်ကြောင်း New York Times သတင်းဌာနက ဖော်ပြထားပါတယ်။

    အညှာအတာမရှိ နှိပ်ကွပ်ခိုင်း

    တရုတ်အစိုးရကိုဆန့်ကျင်တဲ့ ဝီဂါအဖွဲ့က တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဘူတာရုံတစ်ခုမှာ တိုက်ခိုက်ခဲ့တဲ့အတွက် လူ ၃၁ ဦး သေဆုံးတဲ့ ၂၀၁၄ ခုနှစ် အဖြစ်အပျက်အပြီး ရှီကျင့်ဖျင်က အစိုးရတာဝန်ရှိသူတွေကို ပြောကြားတဲ့မိန့်ခွန်းမှာ “အကြမ်းဖက်ဝါဒ၊ စိမ့်ဝင်မှုနဲ့ ခွဲထွက်ရေးဝါဒတွေကို’ ‘အာဏာရှင်ပုံစံမျိုး’ အသုံးပြုပြီး ‘မညှာမတာ နှိပ်ကွပ်ဖို့’ ညွှန်ကြားခဲ့ပါတယ်။

    ချွမ်ကျန်းဂိုဆိုသူကို ရှင်ကျန်းပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ကွန်မြူနစ်ပါတီက ခန့်အပ်ခဲ့တဲ့ ၂၀၁၆ ခုနှစ်နောက်ပိုင်း ရှင်ကျန်းပြည်နယ်အတွင်း အကျဉ်းစခန်းတွေ တိုးချဲ့တည်ဆောက်မှု ပိုမို မြန်မြန်ဆန်ဆန် ဖြစ်လာပါတယ်။ ချွမ်ဟာ တိဘက်က လူနည်းစုတွေကို ပြင်းထန်တဲ့ ပေါ်လစီတွေနဲ့ နှိပ်ကွပ်နိုင်ခဲ့မှုကြောင့် ပါတီတွင်း သတင်းကြီးသူဖြစ်ပါတယ်။

    ရှင်ကျန်းကကျောင်းသားတွေ နေရပ်ပြန်လာတဲ့အခါ မိသားစုတွေကို မတွေ့ရင် မေးမြန်းမယ့် မေးခွန်းတွေအတွက် ပြန်လည်ဖြေကြားရမယ့် ပုံစံကိုလည်း ကွန်မြူနစ်ပါတီက သတ်မှတ်ပေးထားကြောင်း ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေမှာ တွေ့ရပါတယ်။ ‘အစွန်းရောက်အတွေးအခေါ် ဗိုင်းရပ်စ်ပိုး ကူးစက်နေတဲ့အတွက် ရောဂါမရင့်ခင်’ ပြုပြင်ရေးစခန်းတွေမှာ ကုသပေးနေတယ်ဆိုပြီး ဖြေကြားခိုင်းတာပါ။

    ဒီလိုပေါက်ကြားမှုတွေအတွက် AFP သတင်းဌာနရဲ့ ‌မေးမြန်းမှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ရှင်ကျန်းပြည်နယ်အစိုးရတို့က ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

    သဘောထားကွဲမှုရှိနေ

    ဝီဂါတွေအပေါ် နှိပ်ကွပ်မှုနဲ့ပတ်သက်ပြီး ပါတီကချမှတ်တဲ့ အမိန့်တွေကို မလိုက်နာတဲ့အတွက် ရှင်ကျန်းအာဏာပိုင်ဟောင်း ၀မ်ယုံကြည် အပြစ်ပေးခံရမှုလည်း ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေမှာ ပါဝင်ပါတယ်။

    ဝမ်ဟာ အကျဉ်းစခန်းတွေမှာ ထိန်းသိမ်းထားတဲ့ ဝီဂါမွတ်စလင် ၇ ထောင်ကျော်ကို သူ့သဘောနဲ့သူ လွှတ်ပေးခဲ့ပြီး ‘ဒီလို လူအမြောက်အများ ဖမ်းထားတာဟာ ပဋိပက္ခကို လေပင့်ပေးသလိုဖြစ်‌နေကာ၊ ပိုမိုနာကျည်းလာစေလိမ့်မယ်လို့ ယူဆကြောင်း’ စုံစမ်းစစ်ဆေးမှုမှာ သူက ထွက်ဆိုခဲ့ပါတယ်။

    တရုတ်ကတော့ ရှင်ကျန်းမှာရှိနေတာတွေဟာ အကျဉ်းစခန်းတွေမဟုတ်ဘဲ အစွန်းရောက်ဝါဒနဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေ အသိပညာပေး၊ အသက်မွေးဝမ်းကြောင်း သင်တန်းကျောင်းတွေသာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

    လူ့အခွင့်အရေးအဖွဲ့တွေနဲ့ နိုင်ငံခြားမီဒီယာတွေက ဒီစခန်းတွေ တည်ဆောက်ထားပုံနဲ့ လည်ပတ်ပုံတွေဟာ အကျဉ်းထောင်တွေလို ဖြစ်နေတယ်လို့ တရုတ်အစိုးရ အထောက်အထားတွေ၊ ဂြိုဟ်တုဓာတ်ပုံတွေကို ကိုးကားပြီး ပြောကြားခဲ့ပါတယ်။

    တရုတ်နိုင်ငံက လူနည်းစုရေးရာ ကျွမ်းကျင်သူဖြစ်ပြီး မဲလ်ဘုန်းမြို့ La Trobe တက္ကသိုလ်က ပါမောက္ခလည်းဖြစ်တဲ့ ဂျိမ်းစ် လီဘိုးက အခု ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေကိုကြည့်ရင် ကွန်မြူနစ်ပါတီ ကိုယ်တိုင်က ရှင်ကျန်းပြည်နယ်မှာရှိတဲ့ မွတ်စလင်တွေကို စနစ်တကျ၊ ရည်ရွယ်ပြီး တရားလက်လွတ် ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာ ထင်ရှားနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီလိုဖမ်းဆီးထိန်းသိမ်းမှုနဲ့ပတ်သက်လို့ သဘောမတူတဲ့ ဒေသအာဏာပိုင်တွေကို အပြစ်ပေးတာမျိုး တွေ့ရတဲ့အပြင်၊ ဒါတွေဟာ ဉာဏ်မဲ့တဲ့ပေါ်လစီဖြစ်ကာ ဒီအတွက် သမ္မတ ရှီကျင့်ဖျင်နဲ့ ရှင်ကျန်းပြည်နယ် အုပ်ချုပ်ရေးမှူး ချွမ်ကျန်းဂိုတို့မှာ တာဝန်ရှိနေတာကို ပေါ်လွင်စေချင်သူတွေ ရှိတယ်ဆိုတာ အခုပေါက်ကြားမှုက မီး‌မောင်းထိုးပြနေတယ်လို့လည်း လီဘိုးက သုံးသပ်ခဲ့ပါတယ်။

    Ref: AFP