News @ M-Media

Author: Ko Lay

  • ခေတ်သစ်ဗလီများအတွက် နိုင်ငံတကာအဆင့် အထူးသတ်မှတ်ချက်များကို ပြဌာန်းတော့မည်

    ခေတ်သစ်ဗလီများအတွက် နိုင်ငံတကာအဆင့် အထူးသတ်မှတ်ချက်များကို ပြဌာန်းတော့မည်

    နိုဝင်ဘာ ၂၈၊ ၂၀၁၉
    M-Media

    ဗြိတိန်မှ ဗလီဝတ်ကျောင်းတော်တစ်လုံး

    -အနာဂတ်မှာ ပေါ်ပေါက်လာမယ့် ဗလီဝတ်ကျောင်းတော်တွေအနေနဲ့ လူတွေရဲ့ ပြောင်းလဲလာတဲ့ လူနေမှုစနစ်၊ တည်ဆောက်မယ့်ဒေသရဲ့ မြေပြင်အနေအထားကို ထည့်သွင်းစဉ်းစားဖို့လိုတယ်လို့ ဆော်ဒီတော်ဝင်မင်းသား ဆူလ်တန် ဆလ်မန် အဘ်ဒူလ်အဇစ် အလ် ဆာအွဒ်က ပြောကြားလိုက်ပါတယ်။

    မလေးရှားနိုင်ငံမှာ အခုတစ်ပတ်အတွင်း ဗလီဝတ်ကျောင်းတော် ဗိသုကာဆိုင်ရာ နိုင်ငံတကာ ညီလာခံတစ်ခု ကျင်းပခဲ့ပြီး အနာဂတ် ဗလီဝတ်ကျောင်းတော်တွေရဲ့ ဗိသုကာပညာရပ်နဲ့ လိုအပ်ချက်တွေကို ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။

    မင်းသား အဘ်ဒူလ်အဇစ်က အစ္စလာမ်သာသနာနဲ့ မွတ်စလင်လူ့အဖွဲ့အစည်းမှာ ဗလီဝတ်ကျောင်းတော်တွေရဲ့ အရေ‌းကြီးမှုကို ရှင်းလင်းတင်ပြခဲ့ပြီး ဗလီဝတ်ကျောင်းတော် တည်ဆောက်ရေး ဒီဇိုင်ဆွဲရေး၊ ထိန်းသိမ်းရေး ဝန်ဆောင်မှုပေးရေး အထူးသတ်မှတ်ချက်(special code) တွေကို နောက်နှစ်မှာ အဆင်သင့်ဖြစ်လာမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ခေတ်သစ်အဆောက်အဦးတွေအနေနဲ့ စွမ်းအင်၊ အရင်းအမြစ်တွေကို အကောင်းဆုံး အသုံးချဖို့ လိုအပ်ပါတယ်။ ဒါမှသာ ဗလီတွေဟာ အကုန်အကျသက်သာပြီး ပိုမိုထိရောက်တဲ့ ဝန်ဆောင်မှုမျိုး ပေးအပ်နိုင်မှာ ဖြစ်ပါတယ်”

    ဗလီ၀တ်ကျောင်းတော် ဆောက်လုပ်ရာမှာ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဆိုရှယ်မီဒီယာတွေကို ကောင်းကောင်းအသုံးချတတ်တဲ့ လူငယ်တွေရဲ့ လူနေမှုပုံစံတွေကို အလေးထားရေး လိုအပ်ပြီး သန့်ရှင်းသပ်ရပ်ကာ၊ လူတိုင်း အဆင်ပြေပြေ အသုံးပြုနိုင်ရေး ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်လို့လည်း မင်းသားက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဗိသုကာလက်ရာဆိုင်ရာ အကောင်းဆုံး ဗလီဝတ်ကျောင်းတော်ဆု (AFAMA) ချီးမြှင့်ရေးကော်မတီ အတွင်းရေးမှူး ပရော်ဖက်ဆာ မာရှာရီ အဘ်ဒူလာ အလ်-နအင်းက လာမယ့်နှစ်မှာ ပေါ်ထွက်မယ့် ‘ဗလီ၀တ်ကျောင်းတော် တည်ဆောက်ရေး အထူးသတ်မှတ်ချက်’ ဟာ ဘာသာစုံ၊ လူမျိုးစုံရှိတဲ့ လူ့အဖွဲ့အစည်းအတွင်း ဗလီဝတ်ကျောင်းတော် တည်ဆောက်ရာမှာ အထောက်အကူဖြစ်စေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဥပမာအားဖြင့် ဒီသတ်မှတ်ချက်မှာ အာဇန်နဲ့ အေကာမတ် နိဗ္ဗာန်ဆော်မှုအတွင်း လော်စပီကာအသံ ကျယ်လွန်းမှုကိစ္စကို ဖြရှင်းရေး၊ သောကြာနေ့ စုပေါင်းဝတ်ပြုမှုမှာ လာရောက်ကြတဲ့လူတွေနဲ့ ရှေ့ဆောင်အီမာမ်တို့အကြား ဆက်သွယ်ပြောဆိုမှုကိစ္စကို ဖြေရှင်းရေး ညွှန်ကြားမှုတွေ ပါဝင်လာမှာပါ”

    ဗလီဝတ်ကျောင်းတော်တွေနဲ့ပတ်သက်ပြီး ရှိနေတဲ့ ဝါဒဖြန့်မှုတွေကို ဖြေရှင်းရေးလည်း လိုအပ်ပြီး ဗလီဆိုတာ ငြိမ်းချမ်းရေး သွန်သင်ရာနေရာ၊ လူတွေအချင်းချင်း ဆက်သွယ်ရာနေရာ ဖြစ်တယ်လို့လည်း အလ်-နအင်းက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ဗလီဝတ်ကျောင်းတော် ဗိသုကာဆိုင်ရာ နိုင်ငံတကာညီလာခံကို နိုဝင်ဘာ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

    Ref: The Straits Times

  • ၂၀၁၆ အကြမ်းဖက်မှုတွင် ပါဝင်သူ ၇ ဦးကို ဘင်္ဂလားဒေ့ရှ် သေဒဏ်ပေး

    ၂၀၁၆ အကြမ်းဖက်မှုတွင် ပါဝင်သူ ၇ ဦးကို ဘင်္ဂလားဒေ့ရှ် သေဒဏ်ပေး

    နိုဝင်ဘာ ၂၈၊ ၂၀၁၉
    M-Media

    -၂၀၁၆ ခုနှစ် မြို့တော်ဒါကာ သံတမန်ရပ်ကွက်က ကော်ဖီဆိုင်တစ်ခု အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွင်း ပါဝင်သူ ၇ ဦးကို ဘင်္ဂလားဒေ့ရှ်က မနေ့မှာ သေဒဏ်တွေ ချမှတ်လိုက်ပါတယ်။

    ဇူလိုင်လ ၁ ရက် Holey Artisan Bakery ကော်ဖီဆိုင်ကို သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်မှုအတွင်း ၂၂ ဦး သေဆုံးခဲ့ပြီး ၁၇ ဦးက နိုင်ငံခြားသားတွေ ဖြစ်ပါတယ်။

    ဒါကာ အကြမ်းဖက်တိုက်ဖျက်ရေး အထူးခုံရုံးက တရားသူကြီး မိုဟာမက် မာဂျီဘူး ရဟ်မန်က ကျူးလွန်သူတွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ မတည်မငြိမ်ဖြစ်အောင် လုပ်ချင်နေပြီး ဂျီဟတ်နိုင်ငံတစ်ခု တည်ထောင်ချင်နေကြောင်း၊ သူတို့ရဲ့ လုပ်ရပ်တွေဟာ အများပြည်သူ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့အတွက် မ‌သေမချင်း ကြိုးပေးကွပ်မျက်ဖို့ အမိန့်ချလိုက်ကြောင်း အမိန့်စာ ဖတ်ကြားခဲ့ပါတယ်။

    အမိန့်ချမှတ်မှုအတွင်း သံသယရှိသူ ၁ ဦးကိုတော့ သက်သေမခိုင်လုံတဲ့အတွက် တရားသူကြီးက တရားသေ လွှတ်ပေးခဲ့ပါတယ်။ အဲဒီ ၈ ဦးဟာ အစိုးရက ပိတ်ပင်ထားတဲ့ လက်နက်ကိုင်အဖွဲ့ Jamaatul Mujahideen Bangladesh (JMB) က အဖွဲ့ဝင်တွေလည်းဖြစ်ပါတယ်။

    မနေ့ကချမှတ်ခဲ့တဲ့ သေဒဏ်ကို ဘင်္ဂလားဒေ့ရှ် တရားရေးအသိုင်းအဝိုင်းကလည်း ကြိုဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲ မြန်မာနိုင်ငံလာမည်

    ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲ မြန်မာနိုင်ငံလာမည်

    နိုဝင်ဘာ ၂၈၊ ၂၀၁၉
    M-Media


    ဗိုလ်ချုပ် အဇစ် အဟ်မဒ်

    -နှစ်နိုင်ငံ စစ်ဖက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေဖို့အတွက် ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် အဇစ် အဟ်မဒ် ဒီဇင်ဘာအစောပိုင်းမှာ မြန်မာနိုင်ငံကို တစ်ပတ်တာ လာရောက်လည်ပတ်ဖို့ ရှိနေပါတယ်။

    မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စ နှောင့်နှေး ကြန့်ကြာနေတာကောင့် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား အပြန်အလှန်ပြစ်တင်ပြောဆိုမှုတွေ ရှိနေတာပါ။

    ဘင်္ဂလားဒေ့ရှ်စစ်တပ် ပြည်တွင်းဆက်ဆံရေးဌာန အကြီးအကဲ ဒုတိယဗိုလ်မှူးကြီး အဘ်ဒူလာ ဘင် ဇာဟစ်က စစ်တပ်အကြီးအကဲရဲ့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်မှုဟာ ရှိပြီးသား စစ်ဖက်ဆက်ဆံရေး တိုးတက်စေဖို့နဲ့ ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းတွေ ရှာဖွေဖို့ဖြစ်ကြောင်း ရိုဟင်ဂျာကိစ္စနဲ့ သက်ဆိုင်ခြင်းမရှိကြောင်း မနေ့မှာ ပြောကြားခဲ့ပါတယ်။

    “ရိုဟင်ဂျာကိစ္စက နိုင်ငံခြားရေးဝန်ကြီးဌာန ကိစ္စပါ။ ကျွန်တော်တို့အကြီးအကဲ လည်ပတ်မှာက နှစ်နိုင်ငံ စစ်ဖက်ဆက်ဆံရေး ပိုမိုအားကောင်းစေဖို့ ဖြစ်ပါတယ်”

    ဒါပေမယ့် ဝန်ကြီးချုပ် ရှိခ်ဟာဆီနာက သီးသန့်ညွှန်ကြားတဲ့ကိစ္စဆိုရင်တော့ မြန်မာနိုင်ငံခရီးစဉ်မှာ ထည့်သွင်း ဆွေးနွေးသွားဖို့ ရှိတယ်လို့လည်း ‌ဇာဟစ်က ဆိုပါတယ်။

    “ကျွန်တော်တို့ဟာ မြန်မာနိုင်ငံနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်။ အပြန်အလှန် လေ့ကျင့်ပေးရေးအပါအဝင် ဆက်ဆံရေးပိုမိုအားကောင်းစေဖို့ ကျွန်တော်လည်း မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်”

    ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲ မြန်မာနိုင်ငံကိုသွားရောက်မှုဟာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ကမ္ဘာရဲ့ တိုက်တွန်းအားပေးမှုကို အားနည်းစေလိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် နိုင်ငံရေးသုတေသီတစ်ချို့က သုံးသပ်ခဲ့ကြပါတယ်။

    Ref: AA.com

  • စည်းကျော်လျှင် ချေမှုန်းမည်ဟု အမေရိကန်နှင့် မဟာမိတ်များကို အီရန် သတိပေး

    စည်းကျော်လျှင် ချေမှုန်းမည်ဟု အမေရိကန်နှင့် မဟာမိတ်များကို အီရန် သတိပေး

    နိုဝင်ဘာ ၂၆၊ ၂၀၁၉
    M-Media

    -အမေရိကန်နဲ့ မဟာမိတ်တွေက စည်းကျော်လာရင် ချေမှုန်းမယ်လို့ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC အကြီးအကဲ ဗိုလ်ချုပ် ဟိုစိန် ဆာလာမီက ပြောကြားလိုက်ပါတယ်။

    မနေ့က မြို့တော်တီဟီရန်မှာပြုလုပ်တဲ့ အစိုးရထောက်ခံပွဲအခမ်းအနားမှာ ဆာလာမီက အခုလို ပြောကြားလိုက်တာဖြစ်ပြီး လူဒါဇင်နဲ့ချီ သေဆုံးခဲ့တဲ့ မကြာသေးခင်က လူထုဆန္ဒပြမှုအတွက်လည်း အမေရိကန်နဲ့ မဟာမိတ်တွေကို အပြစ်တင်ခဲ့ပါတယ်။

    “အမေရိကန်၊ ဇိုင်ယွန်အာဏာရှင် (အစ္စရေး)နဲ့ ဆော်ဒီအာရေဗျတို့ရဲ့ ရန်လိုတဲ့လုပ်ရပ်ကို ကျွန်တော်တို့ ချုပ်တည်းခဲ့တယ်၊ သည်းခံခဲ့တယ်။ ဒါပေမယ့် စည်းကျော်လာမယ်ဆိုရင်တော့ သူတို့ကို ချေမှုန်းသွားမှာပါ”

    အဲဒီအစိုးရထောက်ခံပွဲကို အီရန်ပြည်သူ ထောင်သောင်းချီ တက်ရောက်ခဲ့ကြပါတယ်။

    ဓာတ်ဆီစျေး မြင့်တက်မှုကြောင့် အီရန်မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း လူထုအုံကြွမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ လုံခြုံရေတပ်ဖွဲ့ဝင်တွေကလည်း အင်အားသုံးနှိမ်နှင်းခဲ့တဲ့အတွက် ဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။ အီရန်ကတော့ ဒီ လူထုအုံကြွမှုတွေဟာ နိုင်ငံခြားတိုင်းပြည်တွေရဲ့ ကြားဝင် သွေးထိုးမှုကြောင့် ပေါ်ပေါက်လာတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref : Aljazeera

  • ရိုဟင်ဂျာများနေရပ်ပြန်ရေး တရုတ်အစီအစဉ်ကို လက်ခံရန် မြန်မာစဉ်းစား

    ရိုဟင်ဂျာများနေရပ်ပြန်ရေး တရုတ်အစီအစဉ်ကို လက်ခံရန် မြန်မာစဉ်းစား

    နိုဝင်ဘာ ၂၆၊ ၂၀၁၉
    M-Media

    -ဘင်္ဂလားဒေ့ရှက်ဖက်ကို ထွက်ပြေးရတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် တရုတ်က အဆိုပြုတဲ့ နည်းလမ်းတစ်ခုကို လက်ခံဖို့ စဉ်စားနေတယ်လို့ မြန်မာအာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

    ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်က သူတို့နေရပ်တွေပြန်ရေး ကိစ္စဟာ နှောင့်နှေးမှုတွေ ဖြစ်နေပြီး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့ကလည်း အပြန်အလှန် ပြစ်တင်ပြောဆိုမှုတွေ ရှိနေပါတယ်။

    တနင်္ဂနွေနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာမှာပြုလုပ်တဲ့ ရိုဟင်ဂျာတွေနေရပ်ပြန်ရေး ဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ တရုတ်သံအမတ်‌ကြီး လီကျီမင်းက နည်းလမ်းတစ်ခုကို အဆိုပြုခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ နေထိုင်နေရတဲ့ ရိုဟင်ဂျာမိသားစုတွေထဲက တစ်ဦးစီ အရင်နေရပ်ပြန်ပြီး အခြေအနေကို ကျန်ခဲ့တဲ့ မိသားစုတွေထံ ပြန်လည်ပြောပြရမယ့် နည်းလမ်း ဖြစ်ပါတယ်။

    လီက မိသားစုတစ်စုချင်းစီဟာ အရင်ဆုံး နေရပ်ပြန်မယ့်လူတွေကို ရွေးချယ်ပေးရမှာဖြစ်ပြီး အဲဒီလူတွေ ရခိုင်ပြည်နယ်က အရင်နေထိုင်ခဲ့ရာ ရွာတွေကို ပြန်ရောက်သွားတဲ့အခါ လက်ရှိအခြေအနေ၊ လုံခြုံမှု ရှိ၊ မရှိ စတာတွေကို မိသားစုတွေထံ ပြန်လည်ပြောကြားရမှာဖြစ်ကြောင်း၊ လိုအပ်တဲ့ဖုန်းတွေကို တရုတ်အစိုးရက ထုတ်ပေးသွားမှာဖြစ်ကာ ဒုက္ခသည်စခန်းမှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေက ပြန်သင့်၊ မပြန်သင့် ဆုံးဖြတ်ရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေပြီး တရုတ်သံအမတ်ရဲ့ အဆိုပြုချက်ကို လက်ခံသင့်လားဆိုတာ အရင်ဆုံး ဆွေးနွေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂ နှစ်အတွင်း ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး သဘောတူညီချက်တစ်ခုကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က လက်မှတ်ရေးထိုးထားပေမယ့် ထိထိရောက်ရောက် အကောင်အထည် မဖော်နိုင်သေးပါဘူး။

    ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ကိုသာအေးက တရုတ်သံအမတ်ရဲ့ အဆိုပြုချက်ဟာ အလုပ်ဖြစ်မှာမဟုတ်ဘဲ နိုင်ငံသားဖြစ်ရေး၊ ပညာသင်ကြားခွင့်တွေလို အခွင့်အရေး ကန့်သတ်ခံရမှုကို အရင်ဆုံး ဖြေရှင်းဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    တရုတ်က ဒီနည်းလမ်းကို အဆိုပြုတာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ စက်တင်ဘာလ ကော့ဇ်ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်ရာမှာ လီက ဒီနည်းလမ်းကို ပြောပြခဲ့ဖူးပါတယ်။

    Ref: RFA