News @ M-Media

Author: Ko Lay

  • ဗြိတိန်၏ အကောင်းဆုံး ဗိသုလက်ရာဆုကို ကမ်းဘရစ်ဂျ်ဗလီက ရရှိ

    ဗြိတိန်၏ အကောင်းဆုံး ဗိသုလက်ရာဆုကို ကမ်းဘရစ်ဂျ်ဗလီက ရရှိ

    နိုဝင်ဘာ ၂၆၊ ၂၀၁၉
    M-Media

    ဆုရသွားသည့် ကမ်းဘရစ်ဂျ်ဗလီ

    -ယူကေတစ်ဝှမ်းက ဘာသာ၊ လူမျိုးပေါင်းစုံရဲ့ လူသာအကျိုးပြု လုပ်ငန်းတွေ၊ စီမံကိန်းတွေကို စောင့်ကြည့်မှတ်တမ်းတင်တဲ့ Community and Faith စီမံကိန်းရဲ့ ‘၂၀၁၉ ခုနှစ် ဗိသုကာဆု’ ကို ကမ်းဘရစ်ဂျ်‌မြို့မှာရှိတဲ့ ဗလီဝတ်ကျောင်းတော်က ရရှိသွားပါတယ်။

    ဆုရသွားတဲ့ ‘ကမ်းဘရစ်ဂျ် ဗလီ’ (Cambridge Mosque) ဟာ ဥရောပရဲ့ ပထမဆုံး ဂေဟစနစ်နဲ့ကိုက်ညီတဲ့ ဗလီတစ်လုံးဖြစ်ပြီး ဆန်းသစ်တဲ့ ဗိသုကာလက်ရာ၊ အမြဲမပြတ်ရရှိနိုင်တဲ့ ရင်းမြစ်တွေကို အသုံးပြုထားမှု၊ သက်တောင့်သက်သာရှိမှုတွေကြောင့် Community and Faith စီမံကိန်းရဲ့ Architects’ Awards ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

    ဗလီရဲ့ ဗိသုကာလက်ရာဟာ မွတ်စလင်ရိုးရာနဲ့ ခေတ်သစ်အမြင်တွေကို ပေါင်းစပ်ထားတာပါ။ ကာဘွန်ထုတ်လွှတ်မှုကို အနည်းဆုံးဖြစ်အောင် စီမံထားသလို၊ သဘာ၀ပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ နည်းပညာတွေကိုလည်း အသုံးပြုထားပါတယ်။ မိုးရေကို ဗလီရဲ့ ရေအရင်းအမြစ်အဖြစ် စီစဉ်ထားပြီး၊ လေအားအသုံးပြု အပူစုပ်စက်တွေ၊ နေစွမ်းအင်အသုံးပြု ဓာတ်အားပေးနည်းလမ်းတွေကိုလည်း အသုံးပြုထားပါတယ်။

    Community and Faith စီမံကိန်းရဲ့ ဗိသုကာဆိုင်ရာဆုဟာ စာသင်ကျောင်းတွေ၊ ဝတ်ပြုရာအဆောက်အဦးတွေ၊ လူနေအိမ်ယာတွေ၊ အပန်းဖြေနေရာတွေလို ယူကေအတွင်း နယ်ပယ်စုံက ဗိသုကာလက်ရာတွေကို စာရင်းပြုစု ရွေးချယ်တာ ဖြစ်ပါတယ်။ ဇကာတင်စာရင်းမှာ ပါဝင်တဲ့ အဆောက်အဦးတွေကို ဆုရွေးချယ်ရေးအဖွဲ့က တာဝန်ရှိသူတွေကိုယ်တိုင် သွားရောက်လေ့လာ သုံးသပ်တာဖြစ်ပါတယ်။

    စီမံကိန်းရဲ့ ၂၀၁၉ ခုနှစ် ဆုပေးပွဲကိုတော့ လန်ဒန်မြို့မှာ နိုဝင်ဘာ ၂၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

    Ref: Cambridge Independent

  • မြန်မာနိုင်ငံတွင် အန္တရာယ်ရှိ ဓာတုလက်နက်များ ရှိနိုင်ဟု အမေရိကန် ထုတ်ဖော်ပြောဆို

    မြန်မာနိုင်ငံတွင် အန္တရာယ်ရှိ ဓာတုလက်နက်များ ရှိနိုင်ဟု အမေရိကန် ထုတ်ဖော်ပြောဆို

    နိုဝင်ဘာ ၂၆၊ ၂၀၁၉
    M-Media

    -မြန်မာနိုင်ငံမှာ အရင်က ထုတ်လုပ်ထားတဲ့ ဓာတ်တုလက်နက် အကြွင်းအကျန်တွေ ရှိနေနိုင်ပြီး ဒါတွေကို လူသိရှင်ကြား မဖော်ပြတာနဲ့ မဖျက်ဆီးသေးတာတွေကြောင့် နိုင်ငံတကာ သဘောတူညီချက်ကို ဖောက်ဖျက်နေတယ်လို့ အမေရိကန်က ပြောကြားလိုက်ပါတယ်။

    ‘ဓာတုလက်နက်တားဆီးရေးအဖွဲ့’ ရဲ့ မနေ့ကပြုလုပ်တဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ ၁၉၈၀ ပြည့်နှစ်တွေက အဆိပ်ဓာတ်ငွေ့ (mustard gas) ထုတ်လုပ်တဲ့ စက်ရုံမှာ ဓာတုလက်နက်တွေ ရှိနိုင်သေးတယ်လို့ အမေရိကန်က ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး သောမတ်စ် ဒီနန်နိုက ပြောကြားခဲ့တာ‌ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံဟာ ဓာတုလက်နက် ထုတ်လုပ်မှု၊ သိုလှောင်ထားမှု၊ အသုံးပြုမှုကို တားမြစ်ထားတဲ့ ‘ဓာတုလက်နက်ဆိုင်ရာ သဘောတူညီချက်’ (CWC) ကို ၂၀၁၅ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

    “မြန်မာနိုင်ငံမှာ အရင်ကရှိခဲ့တဲ့ ဓာတုလက်နက်စက်ရုံမှာ ဓာတုလက်နက် အကြွင်းအကျန်တွေ ရှိနိုင်တဲ့အတွက် အမေရိကန်က အလွန်အမင်း စိုးရိမ်မိပါတယ်” လို့ သောမတ်စ်က ဆိုပါတယ်။

    ‘အဆိပ်ဓာတ်ငွေ့ (sulphur mustard) နဲ့ ဓာတ်တုလက်နက်တွေ ထုတ်လုပ်ရေး စီမံကိန်းတစ်ခုကို ၁၉၈၀ ပြည့်နှစ်တွေက မြန်မာနိုင်ငံမှာ ဆောင်ရွက်ခဲ့တယ်’ ဆိုတဲ့ သတင်းတွေကို အမေရိကန်က ရရှိထားတာဖြစ်ပါတယ်။

    “ရရှိထားတဲ့ အချက်အလက်တွေအရဆိုရင် အရင်ကလုပ်ခဲ့တဲ့ ဓာတုလက်နက်စီမံကိန်းကို ထုတ်ဖော်မပြောတာနဲ့ လက်နက်ထုတ်လုပ်ရာ အဆောက်အဦးကို မဖျက်ဆီးတာတွေကြောင့် မြန်မာနိုင်ငံဟာ CWC သဘောတူညီချက်ကို ဖောက်ဖျက်နေတယ်လို့ အမေရိကန်က သတ်မှတ်ပါတယ်” လို့ ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး သောမတ်စ်က ထည့်သွင်ပြောကြားခဲ့ပါတယ်။

    စွပ်စွဲမှုတွေရှိ

    မြန်မာနိုင်ငံဟာ ဓာတုလက်နက်တွေ စုဆောင်းထားပြီး၊ အသုံးပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိခဲ့ပါတယ်။

    ၂၀၁၂ ခုနှစ် နိုင်ငံမြောက်ပိုင်းက ကြေးနီတောင်မှာ ပြည်သူတွေရဲ့ ဆန္ဒပြမှုကို နှိမ်နှင်းစဉ်အတွင်း ရဲတပ်ဖွဲ့ဟာ ဖော့စဖော့ရက်စ် ကို အသုံးပြုခဲ့တယ်လို့ ၂၀၁၃ ခုနှစ် လွှတ်တော်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    မြန်မာစစ်တပ်ဟာ ဓာတုလက်နက်တွေ ထုတ်လုပ်နေတယ်ဆိုတဲ့ကို သတင်းဖော်ပြခဲ့တဲ့ ဂျာနယ်လစ် ၅ ဦးဟာ ၂၀၁၄ ခုနှစ် ဇူလိုင်လမှာ ဖမ်းဆီးခံရကာ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရပါတယ်။

    ကချင်ပြည်နယ်က တိုက်ပွဲတွေအတွင်း ဓာတုလက်နက်အသုံးပြုခဲ့တယ်ဆိုတဲ့ သတင်းမျိုး ၂၀၁၃ ခုနှစ်မှာ ထွက်ခဲ့ဖူးပြီး ဒါကိုလည်း အဲဒီတုန်းက အရပ်သားတစ်ပိုင်းအစိုးရက ငြင်းဆိုခဲ့ပါတယ်။

    ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး သောမတ်စ်က အမေရိကန်ဟာ ဒီကိစ္စအတွက် မြန်မာအစိုးရ၊ စစ်တပ်တို့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ဓာတုလက်နက်တွေဖျက်ဆီးရေး ကူညီဖို့ အဆင်သင့်ရှိနေတယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    CWC သဘောတူညီချက်ကို နိုင်ငံပေါင်း ၁၉၁ နိုင်ငံက လက်မှတ်ရေးထိုးထားပြီး သဘောတူညီချက်ပါ အချက်တွေ လိုက်နာမှုရှိလားဆိုတာကို OPCW က စောင့်ကြည့်နေတာဖြစ်ပါတယ်။

    ၂၀၀၅ ခုနှစ်မှာ လန်ဒန်အခြေစိုက် Christian Solidarity Worldwide က အစီရင်ခံစာတစ်စောင် ထုတ်ပြန်မှုအတွင်း မြန်မာစစ်အစိုးရဟာ ကရင်လက်နက်ကိုင်တွေကို တိုက်ခိုက်ရာမှာ ဓာတုလက်နက်တွေ အသုံးပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    Ref: AFP

  • ဆီးဂိမ်းပြိုင်ပွဲကြိုဆိုမှု လစ်ဟင်းမှုများအတွက် ဖိလစ်ပိုင် ပြန်တောင်းပန်

    ဆီးဂိမ်းပြိုင်ပွဲကြိုဆိုမှု လစ်ဟင်းမှုများအတွက် ဖိလစ်ပိုင် ပြန်တောင်းပန်

    နိုဝင်ဘာ ၂၅၊ ၂၀၁၉
    M-Media

    -အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) အတွက် ရောက်ရှိလာတဲ့ အားကစားသမားတွေကို အချိန်မီ လာမခေါ်နိုင်မှု၊ ဟိုတယ်မှားကာ ပို့ဆောင်မှု စတဲ့ လွဲချော်မှုတွေအတွက် ဖိလစ်ပိုင်နိုင်ငံက နိုဝင်ဘာ ၂၄ ရက်နေ့ (မနေ့) မှာ တောင်းပန်လိုက်ပါတယ်။

    ဆီးဂိမ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို လာမယ့်တစ်ပတ်စနနေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။ ပြိုင်ပွဲအတွက် မြို့တော်မနီလာကို ရောက်ရှိလာကြတဲ့ နိုင်ငံပေါင်းစုံက ကစားသမားတွေဟာ လေယာဉ်ကွင်းဆိုက်ရောက်စဉ်မှာပဲ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။

    ကမ္ဘောဒီးယား‌ ဘောလုံးအသင်းဟာ တည်းခိုရာဟိုတယ်ရဖို့အတွက် ၈ နာရီကနေ ၉ နာရီလောက်အထိ လေယာဉ်ကွင်းမှာ ထိုင်စောင့်ခဲ့ရသလို၊ အရှေ့တီမောအသင်းကိုလည်း ဟိုတယ်မှားခေါ်သွားတာကြောင့် လေ့ကျင့်ချိန်တွေ ကမောက်ကမ ဖြစ်ခဲ့ရပါတယ်။

    “နိုင်ငံအားလုံးကို အလေးထားရမှာပါ။ မနေ့ကဖြစ်သွားတာတွေဟာ သိပ်ပြီးတော့ မျက်နှာပန်း မလှပါဘူး” လို့ အရှေ့တီမောနည်းပြ ဖေဘီယာနို ဖလိုရာက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    ဖိလစ်ပိုင် ဆီးဂိမ်းပြိုင်ပွဲ ကျင်းပရေးကော်မတီက ပို့ဆောင်ရေးအစီအစဉ်တွေ နောက်ဆုံးမိနစ်မှ အပြောင်းအလဲဖြစ်တာနဲ့ ဟိုတယ်တွေရဲ့ check-in အချိန် နောက်ကျတာကြောင့် လွဲချော်မှုတွေ ဖြစ်ခဲ့ရတာဖြစ်ပြီး အဲဒီအတွက် တောင်းပနးတယ်လို့ မနေ့မှာ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

    “နားလည်မှုလွဲမှာတွေကြောင့် အဆင်မပြေမှုတွေ ဖြစ်သွားရတဲ့အတွက် ဧည့်သည်တွေကို အနူးအညွတ် တောင်းပန်ပါတယ်။ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားမယ်လို့လည်း ကတိပြုပါတယ်”

    ဖိလစ်ပိုင်နိုင်ငံဟာ ၂၀၀၅ ခုနှစ်က ဆီးဂိမ်းပြိုင်ပွဲ တစ်ကြိမ် ကျင်းပခဲ့ဖူးပါတယ်။

    အဆင်မပြေမှုတွေကို နိုင်ငံခြား ကစားသမားတွေသာ မကဘဲ ဖိလစ်ပိုင်ကစားသမားတွေလည်း ကြုံတွေ့ခဲ့ရပါတယ်။ ဖိလစ်ပိုင် အမျိုးသမီးဘောလုံးကစားသမား ဟာလီလောင်က အခန်းအချိန်မီမရတာ၊ ၂ ယောက်ခန်းမှာ ၄-၅ ယောက် စုပြုံနေရတာ၊ နေ့လည်စာ နောက်ကျတာတွေကို ဆိုရှယ်မီဒီယာမှာ ဖွင့်ချ ရေးသားခဲ့ပါတယ်။

    “အိမ်ရှင်အသင်းဖြစ်တဲ့ ကျွန်မတို့မှာတောင် ဒီလောက်ဆိုးရွားနေရင် အခြားတိုင်းပြည်က ကစားသမားတွေ ဘယ်လိုခံစားရမလဲ စဉ်းစားသာကြည့်ပါတော့”

    ၂ ပတ်တာကြာမြင့်မယ့် ဖိလစ်ပိုင်ဆီးဂိမ်းမှာ အားကစားနည်း ၅၆ မျိုး ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ပြိုင်ပွဲကို ငွေကုန်ကြေးကျခံ ကျင်းပမှုအတွက် ဖိလစ်ပိုင်အစိုးရအပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ အထူးသဖြင့် မီးရှူးတိုင်းထွန်းညှိမယ်နေရာကို ‌ကန်ဒေါ်လာ ၁ သန်း အကုန်အကျခံ တည်ဆောက်မှုဖြစ်ပြီး နိုင်ငံအတွင်းက ကလေးငယ်တွေ။ ဆင်းရဲသားတွေအတွက် ဒီငွေတွေကို အသုံးပြုသင့်တယ်လို့ ထောက်ပြဝေဖန်ခဲ့ကြပါတယ်။

    Ref : AFP

  • ဟောင်ကောင် ခရိုင်ကောင်စီ ရွေးကောက်ပွဲတွင် ဒီမိုကရေစီ လိုလားသူများ အောင်ပွဲခံ

    ဟောင်ကောင် ခရိုင်ကောင်စီ ရွေးကောက်ပွဲတွင် ဒီမိုကရေစီ လိုလားသူများ အောင်ပွဲခံ

    နိုဝင်ဘာ ၂၅၊ ၂၀၁၉
    M-Media

    -၆ လတာ နိုင်ငံရေးမငြိမ်သက်မှုဖြစ်ပွားပြီးတဲ့နောက် ဟောင်ကောင်မှာပြုလုပ်တဲ့ ခရိုင်ကောင်စီ ရွေးကောက်ပွဲတွေမှာ ဒီမိုကရေစီလိုလားတဲ့ အဖွဲ့တွေက သောင်ပြိုကမ်းပြို အနိုင်ရနေတယ်လို့ သိရပါတယ်။

    မနေ့ကပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် ၇.၄ သန်းလောက် လာရောက်မဲပေးခဲ့ပြီး ဒါဟာ ဟောင်ကောင်သမိုင်းမှာ မဲပေးသူအရေအတွက် အများဆုံးလည်း ဖြစ်ပါတယ်။ ခရိုင်ကောင်စီဝင်နေရာ ၄၅၂ နေရာ ရှိရာမှာ ဒီမိုကရေစီ လိုလားတဲ့သူတွေက ပထမဆုံးအကြိမ် ထက်ဝက်ကျော် အနိုင်ရခဲ့ပါတယ်။

    ဟောင်ကောင်က ခရိုင်ကောင်စီတွေဟာ အစိုးရရဲ့ ဘက်ဂျက်အချို့ကို စီမံခန့်ခွဲနိုင်တဲ့ အခွင့်အာဏာ ရှိသလို၊ ပို့ဆာင်ရေးလို့ ဒေသတွင်း အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကိစ္စတွေမှာလည်း အဆုံးအဖြတ်ပေးပိုင်ခွင့် ရှိပါတယ်။

    အနိုင်ရတဲ့ ကောင်စီဝင်တစ်ချို့က ဒီရလဒ်ဟာ နိုင်ငံရဲ့ ဒီမိုကရေစီစွမ်းအားကို ပြသတာဖြစ်ပြီး တရုတ်ဖက်ယိမ်းတဲ့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်အပေါ် ဖိအားဖြစ်လာစေမယ်လို့ ပြောကြားခဲ့ကြပါတယ်။

    ဗြိတိသျှဟာ သူတို့အုပ်ချုပ်တဲ့ ဟောင်ကောင်ဒေသကို ၁၉၉၇ ခုနှစ်မှာ တရုတ်နိုင်ငံထံ လွှဲပြောင်းပေးခဲ့တာပါ။ အဲဒီအချိန်ကတည်းက တရုတ်ဟာ ဟောင်ကောင်ကို ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပမယ့် ဟောင်ကောင်ပြည်သူတွေကတော့ တရုတ်ဟာ ဟောင်ကောင်အရေးကို ဝင်ရောက်ချယ်လှယ်နေတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

    ရာဇဝတ်သားတွေကို တရုတ်ပြည်မကြီးထံ လွှဲပြောင်းပေးနိုင်မယ့် ဥပဒေတစ်ခု ပြဌာန်းဖို့ ဟောင်ကောင်အစိုးရက ကြိုးစားခဲ့တဲ့ လွန်ခဲ့တဲ့ ၆ လခန့်ကစလို့ ဟောင်ကောင်မှာ ဒီမိုကရေစီတောင်းဆိုတဲ့ ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ၊ လူသေဆုံးမှုတွေအထိ ဖြစ်ခဲ့ပါတယ်။

    Ref: CNA

  • တူရကီနှင့် ကာတာခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးမည်

    တူရကီနှင့် ကာတာခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးမည်

    နိုဝင်ဘာ ၂၅၊ ၂၀၁၉
    M-Media

    -တူရကီသမ္မတ အာဒိုဂန်နဲ့ ကာတာစော်ဘွား ရှိခ် တာမင် ဘင် ဟာမဒ် အလ် သာနီတို့ဟာ ဒီကနေ့ ကာတာမြို့တော် ဒိုဟာမှာ တွေ့ဆုံပြီး အရှေ့အလယ်ပိုင်း အရေးကိစ္စတွေကို ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။

    ကာတာနဲ့ တူရကီတို့ဟာ ခိုင်မာတဲ့ဆက်ဆံရေးတစ်ခု ရှိနေပြီး ဆီးရီးယား၊ ပါလက်စတိုင်းနဲ့ အီဂျစ်လို ဒေသတွင်းနိုင်ငံတွေက နိုင်ငံရေးနဲ့ စစ်ရေးပြဿနာတွေမှာလည်း တူညီတဲ့ ရပ်တည်ချက်မျိုး ရှိနေတာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ဆော်ဒီ၊ ယူအေအီး၊ ဘာရိန်းနဲ့ အီဂျစ်တို့က ကာတာနဲ့ အဆက်အသွယ် ဖြတ်တောက်ပြီးနောက်ပိုင်း တူရကီနဲ့ ကာတာတို့အကြား စီးပွားရေး ဆက်ဆံမှုကလည်း ပိုမို အားကောင်းလာခဲ့ပါတယ်။

    ဆီးရီးယားနိုင်ငံမြောက်ပိုင်းကို ကျူးကျော်ကာ ကာ့ဒ်တပ်ဖွဲ့တွေကို တိုက်ခိုက်တဲ့ တူရကီရဲ့ စစ်ဆင်ရေးကို ကာတာက ထောက်ခံထားပါတယ်။

    စစ်ဖက်ဆိုင်ရာမှာလည်း ကာတာနဲ့ တူရကီတို့ဟာ ခိုင်မာတဲ့ ဆက်ဆံရေးတစ်ရပ် ရှိနေပြီး ၂၀၁၅ ခုနှစ်ကတည်းက တူရကီဟာ ကာတာနိုင်ငံမှာ စစ်အခြေစိုက်စခန်းတစ်ခု ထားရှိပြီး၊ နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။

    Ref: Aljazeera