News @ M-Media

Author: Ko Lay

  • ဘရာဇီးလ်မှ အမေဇုန်ကာကွယ်ရေး ဌာနေအဖွဲ့ခေါင်းဆောင် အသတ်ခံရ

    ဘရာဇီးလ်မှ အမေဇုန်ကာကွယ်ရေး ဌာနေအဖွဲ့ခေါင်းဆောင် အသတ်ခံရ

    နိုဝင်ဘာ ၄၊ ၂၀၁၉
    M-Media

    သေဆုံးသွားသူ Paulo Paulino Guajajara

    -ဘရာဇီးလ်နိုင်ငံက အမေဇုန်တောထဲမှာနေထိုင်တဲ့ ဌာနေလူမျိုးစုတစ်ခုရဲ့ အမေဇုန် ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်ဟာ တရားမဝင်သစ်ခုတ်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။

    သေဆုံးသူဟာ Paulo Paulino Guajajara ဆိုသူဖြစ်ပြီး မာရန်ဟိုပြည်နယ်က Arariboia ဌာနေ သစ်တောကြိုး၀ိုင်းကို ကာကွယ်တဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်ပါတယ်။

    သောကြာနေ့က အမဲလိုက်ခရီးသွားစဉ်အတွင်း တရားမဝင် သစ်ခုတ်သမားတွေရဲ့ ချုံခိုတိုက်ခိုက်မှုကို ခံရခဲ့ပြီး မျက်နှာကို သေနတ်နဲ့ ပစ်ခံခဲ့ရတယ်လို့ Guajajara မျိုးနွယ်စု ခေါင်းဆောင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

    ဘရာဇီးလ် ပြည်သူ့လုံခြုံရေးဝန်ကြီး ဆာဂျီယိုမိုရိုက ကျူးလွန်သူတွေကို အရေးယူနိုင်ရေး ဖက်ဒရယ် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ဘရာဇီးလ်နိုင်ငံက အကြီးမားဆုံး ဌာနေလူမျိုးစုတိုင်းရင်းသားတွေထဲမှာ ပါဝင်ပြီး လူဦးရေ ၂ သောင်းလောက်ရှိတဲ့ Guajajaras လူမျိုးစုတွေဟာ ၂၀၁၂ ခုနှစ်ကစလို့ သစ်တောကာကွယ်ရေးအဖွဲ့ကို ဖွဲ့စည်းကာ ပုံမှန်ကင်းလှည့်မှုတွေ ဆောင်ရွက်ခဲ့တာပါ။

    ဒါပေမယ့် တရားမဝင် သစ်ခုတ်သမားတွေ၊ သတ္တုတူးဖော်ရေးသမားတွေနဲ့ မကြာခဏ အချေအတင် ဖြစ်လေ့ရှိပါတယ်။ အခုနှစ်မှာ အာဏာရခဲ့တဲ့ လက်ယာစွန်းသမ္မတ ဂျာအီရ် ဘိုလ်ဆိုလ်နာရိုက ဌာနေလူမျိုးစုတွေရဲ့ နေရာတွေမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ခွင့်ပေးမယ်လို့ ပြောကြားပြီးတဲ့နောက် အမေဇုန်မှာ တရားမဝင်လုပ်ငန်းလုပ်ကိုင်သူတွေရဲ့ ကျူးကျော်မှုက တိုးမြင့်လာခဲ့ပါတယ်။

    ဌာနေလူမျိုးစုတွေထဲက အမေဇုန်ကာကွယ်ရေးအဖွဲ့တွေဟာ အသက်အန္တရာယ် ခြိမ်းခြောက်မှုတေ ကြုံတွေ့လာခဲ့ရပြီး ကင်းလှည့်တဲ့အခါ ကျည်ကာအင်္ကျီတွေ ဝတ်ဆင်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

    Ref: Aljazeera

  • တမန်တော်နေ့ကို ကိုင်ရိုမှာ ဘယ်လို ကြိုဆိုကျင်းပလဲ

    တမန်တော်နေ့ကို ကိုင်ရိုမှာ ဘယ်လို ကြိုဆိုကျင်းပလဲ

    နိုဝင်ဘာ ၄၊ ၂၀၁၉
    M-Media

    – အစ္စလာမ်သာသနာကို စတင်ဟောကြားတင်ပြခဲ့တဲ့ တမန်တော် မုဟမ္မဒ်ရဲ့ မွေးနေ့မင်္ဂလာ နီးကပ်လာတဲ့အချိန်မှာ အီဂျစ်နိုင်ငံမြို့တော် ကိုင်ရိုက သမိုင်းဝင် ဘာ့ဘ် အလ်-ဘဟာရ်လမ်းမကြီးမှာ ပွဲတော်အငွေ့အသက်တွေပျံ့လွင့်လာပါတယ်။

    အစ္စလာမ့်ပြက္ခဒိန် ရဘီအွလ်အောင်ဝလ်လ ၁၂ ရက် (နိုဝင်ဘာ ၉ ရက်) နေ့မှာ ကျရောက်မယ့် ‘တမန်တော်နေ့’ အခမ်းအနားအတွက် ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်တွေဟာ ပုံစံမျိုးစုံနဲ့ ကြိုဆိုကျင်းပကျမှာဖြစ်ပါတယ်။ ဝတ်ပြုဆုတောင်းတာ၊ တရားဒေသနာဟောကြားတာ၊ စတုဒီသာကျွေးတာမျိုးတွေအပြင် နိုင်ငံအလိုက်၊ လူမျိုးအလိုက် ရိုးရာဓလေ့ထုံးတမ်းတွေနဲ့ ထုံးမွှမ်းထားတဲ့ အခမ်းအနားတွေလည်း ရှိနေပါတယ်။

    တမန်တော်နေ့နီးကပ်လာရင် ကိုင်ရိုမြို့က ဘာ့ဘ် အလ်-ဘဟာရ်လမ်းမကြီးမှာ နှစ်စဉ်ပေါ်ပေါက်လာလေ့ရှိတဲ့ အခြေအနေကတော့ ထူးခြားပါတယ်။ လမ်းမကြီးတစ်လျှောက် ရိုးရာ မုန့်အချိုဆိုင်တွေ ပေါ်ပေါက်လာပြီး အရသာအကောင်းဆုံး၊ အဆင်းအလှဆုံး မုန့်တွေကို သူ့ထက်ငါ အပြိုင်အဆိုင် ဖန်တီးကြတာပါ။

    “ပျော်ရွှင်ဖွယ်ရာခံစားမှုကို မျှဝေရတာ ကျွန်တော်တို့ ကြိုက်ပါတယ်။ နှစ်စဉ် ဒီလိုအချိန်ရောက်ရင် ဘာ့ဘ် အလ်-ဘဟာရ်လမ်းမကြီးကို ရောက်လာပြီး သကြားမုန့်တွေနဲ့ ဆင်ယင်ချယ်သကြပါတယ်” လို့ မုန့်အချိုဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

    သကြားမုန့်အချိန်တွေနဲ့ အရုပ်တွေဖန်တီးကာ ရောင်စုံပစ္စည်းတွေနဲ့ လှပအောင်ချယ်သပြရဲ့ သူ့ရဲ့ဆိုင်ရှေ့မှာတော့ ကလေးလူကြီးအားလုံး စိတ်ဝင်တစား ၀ိုင်းအုံကြည့်ရှုနေကြပါတယ်။

    တမန်တော် မုဟမ္မဒ်သခင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၅၀ အရင်က ဒီကနေ့ ဆော်ဒီအာရေဗျလို့ခေါ်တဲ့ နိုင်ငံရဲ့ မက္ကာမြို့မှာ ဖွားမြင်ခဲ့တာဖြစ်ပါတယ်။ ဖွားမြင်ခြင်းအထိမ်းအမှတ်နဲ့ အစ္စလာမ်ကမ္ဘာမှာ ကျင်းပတဲ့ တမန်တော်နေ့အခမ်းအနား (Al Mawlid Al Nabawi) ကို အီဂျစ်နိုင်ငံမှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ အရင် ဖာတီမိုက်မင်းဆက်တွေလက်ထက်မှာ စတင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

    ကိုင်ရိုက ဘာ့ဘ် အလ်-ဘဟာရ်လမ်းမကြီးက မုန့်အချိုဆိုင်တွေကတော့ တမန်တော်နေ့ အထိမ်းအမှတ် အဖြစ် မုန့်တွေကို မြေပဲ၊ နှမ်း၊ အုန်းသီးနဲ့ အခြားသစ်စေ့တွေနဲ့ အထူးကောင်းမွန်အောင် ဖန်တီးကြပါတယ်။

    “လွန်ခဲ့တဲ့ ၃၅ နှစ်လုံးလုံး ကျွန်တော် ဒီနေရာကို နှစ်တိုင်းလာတယ်။ မုန့်အချိုတွေကို လှတပတဖြစ်အောင် ဖန်တီးရတာကို ကျွန်တော် နှစ်သက်တယ်လေ။ ဆင်းရဲ၊ ချမ်းသာမရွေး ဒီမုန့်တွေကို ဝယ်စားနိုင်ပါတယ်” လို့ အသက် ၅၆ နှစ်အရွယ် အဘ်ဒူက ပြောကြားခဲ့ပါတယ်။

    အသက် ၂၅ နှစ်အရွယ် ဆယဒ်ကတော့ ‌သကြားအိုးကို သစ်သားယောက်မကြီးနဲ့ မွှေနေပါတယ်။

    “အသက် ၁၂ နှစ်အရွယ်ကတည်းက ကျွန်တော် ဒီဆိုင်မှာ အလုပ်လုပ်လာတာပါ”

    သူ့ရဲ့အလုပ်က အီဂျစ်နိုင်ငံမှာရှိတဲ့ မုန့်အချိုကြိုက်သူတွေကို ပျော်ရွှင်အောင် ထားရတဲ့အလုပ်ဖြစ်ပြီး တမန်တော်နေ့ပွဲတော်ပြီးရင်တော့ အိမ်ပြန်ကာ ပုံမှန် ချောကလက်တွေ၊ မုန့်အချိုတွေ လုပ်တယ်လို့လည်း သူက ဆိုပါတယ်။

    Ref: Yahoo

  • အမေရိကန်နှင့် မဆွေးနွေးဟု အီရန်အဓိပတိပြော

    အမေရိကန်နှင့် မဆွေးနွေးဟု အီရန်အဓိပတိပြော

    နိုဝင်ဘာ ၄၊ ၂၀၁၉
    M-Media

    -အမေရိကန်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဆောင်ရွက်မယ်ဆိုတဲ့ သတင်းတွေကို အီရန် အဓိပတိ အယာတိုလာ အလီခါမေနီက ပယ်ချလိုက်ပါတယ်။

    “အမေရိကန်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်တာဟာ ပြဿနာအားလုံးရဲ့ အဖြေပဲလို့ မြင်နေတာတွေဟာ လုံး၀ မှားယွင်းပါတယ်။ အမေရိကန်ဟာ လုံး၀ အလျော့ပေးမှာ မဟုတ်တာကြောင့် သူတို့နဲ့ ဆွေးနွေးရင်လည်း ဘာအဖြေမှ ထွက်မှာ မဟုတ်ပါဘူး” လို့ တီဟီရန်မြို့က အမေရိကန်သံရုံးကို စီးနင်းမှု နှစ် ၄၀ မြောက် နှစ်ပတ်လည်နေ့ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

    အမေရိကန်ကျောထောက်နောက်ခံပြု ရှားဘုရင်ကို ပြုတ်ကျပြီးတဲ့နောက် ၉ လပျော့ပျော့ ၁၉၇၉ ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ အမေရိကန်သံရုံးကို ကျောင်းသားတွေ စီးနင်းမှုဟာ ရက်ပေါင်း ၄၄၄ ရက် ကြာမြင့်ခဲ့ပါတယ်။

    ကျောင်းသားတွေဟာ အမေရိကန်မှာ ဆေးကုနေတဲ့ ရှားဘုရင်ကို အီရန်ထံ လွှဲပြောင်းပေးဖို့ တောင်းဆိုခဲ့ကြတာပါ။ နောက်ဆုံးမှာ စီးနင်းမှုအတွင်း ပိတ်မိနေတဲ့ အမေရိကန်နိုင်ငံသား ၅၂ ဦး လွတ်မြောက်လာခဲ့ပေမယ့် ၁၉၈၀ ခုနှစ်မှာတော့ အမေရိကန်ဟာ အီရန်နဲ့ သံအဆက်အသွယ် ဖြတ်တောက်ခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ်က ရရှိခဲ့တဲ့ နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း ပြီးခဲ့တဲ့နှစ်မှာ အမေရိကန်က ကြေငြာခဲ့ပြီးတဲ့နောက် အီရန်နဲ့ အမေရိနကန်တို့အကြား တင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့တာပါ။ အမေရိကန်ဟာ အီရန်အပေါ် ပိတ်ဆို့မှုတွေကိုလည်း တိုးမြှင့်ပြုလုပ်ခဲ့ပါတယ်။

    Ref: Aljazeera

  • ဂျာမနီမြို့တစ်မြို့တွင် နာဇီဝါဒ အရေးပေါ်အခြေအနေအဖြစ် ကြေငြာ

    ဂျာမနီမြို့တစ်မြို့တွင် နာဇီဝါဒ အရေးပေါ်အခြေအနေအဖြစ် ကြေငြာ

    နိုဝင်ဘာ ၃၊ ၂၀၁၉
    M-Media

    လက်ယာစွန်းရောက်များ၏ ဆန္ဒပြမှုတစ်ခု

    -ဂျာမနီနိုင်ငံအရှေ့ပိုင်းက ဒရက်စ်ဒန်မြို့မှာ လက်ယာအစွန်းရောက်အတွေးအခေါ်တွေ၊ လှုပ်ရှားမှုတွေ အအကြမ်းဖက်မှုတွေ လွန်အမင်း မြင့်တက်လာတာကြောင့် ဒေသအာဏာပိုင်တွေက မြို့ကို ‘နာဇီဝါဒအရေး‌ပေါ်အခြေအနေ’ အဖြစ် ကြေငြာလိုက်ပါတယ်။

    ဒရက်စ်ဒန်မြို့ဟာ အစ္စလာမ်ဆန့်ကျင်ရေးလှုပ်ရှားမှု Pegida အခြေပြုရာဒေသဖြစ်ပြီး လက်ယာစွန်းရောက်တွေ အပတ်စဉ် ဆန္ဒပြမှုတွေလည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလက ဒေသန္တရရွေးကောက်ပွဲမှာလည်း ပြောင်းရွှေ့အခြေချမှုဆန့်ကျင်ရေးပါတီ AfD က ၂၈ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ပါတယ်။

    ဒရက်စ်ဒန်မြို့တော်ကောင်စီက ‘နာဇီဝါဒ အရေးပေါ်အခြေအနေ’ ကြေငြာရေး ဆုံးဖြတ်ချက်မူကြမ်းတစ်ခုကို မနေ့က အတည်ပြုလိုက်ပါတယ်။ မြို့တော်အတွင်းမှာ ဒီမိုကရက်တစ်ဆန့်ကျင်ရေး၊ ဗဟုဝါဒဆန့်ကျင်ရေး၊ လူမျိုးရေးခွဲခြားမှုဝါဒ၊ အကြမ်းဖက်မှုအထိ ဦးတည်လာတဲ့ လက်ယာစွန်းရောက်ဝါဒ စတာတွေနဲ့ စိုးရိမ်ဖွယ်ရာဖြစ်လာတယ်လို့ ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။

    ‌ဒီမိုကရေစီယဉ်ကျေးမှု အားကောင်းစေရေး၊ လူနည်းစုကာကွယ်ရေး၊ လူ့အခွင့်အရေး၊ လက်ယာစွန်း အကြမ်းဖက်မှုတွေရဲ့ သားကောင်တွေကို ကာကွယ်ပေးရေး ‌ဦးစားပေးဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်မှာ တိုက်တွန်းထားသလို၊ ဂျူးဆန့်ကျင်ရေးဝါဒ၊ လူမျိုးရေးခွဲခြားမှုနဲ့ အစ္စလာမ်ကြောက်ရောဂါ တိုက်ဖျက်ရေး အထူးအလေးထား ဆောင်ရွက်ရမယ်လို့ ဖော်ပြထားပါတယ်။

    ဒရက်စ်ဒန်မြို့ရှိတဲ့ ဂျာမနီအရှေ့ပိုင်းဟာ လက်ယာပါတီ AfD အားကောင်းပြီး လူမျိုးခြားကြောက်ရောဂါ၊ လူမျိုးရေးအခြေပြု အမုန်းရာဇဝတ်မှုတွေ အများအပြားဖြစ်ပွားရာ နေရာလည်း ဖြစ်ပါတယ်။

    Ref: Aljazeera

  • IS အကြမ်းဖက်အဖွဲ့က ခေါင်းဆောင်အသစ်တင်မြှောက်

    IS အကြမ်းဖက်အဖွဲ့က ခေါင်းဆောင်အသစ်တင်မြှောက်

    နိုဝင်ဘာ ၁၊ ၂၀၁၉
    M-Media

    ဘဂ္ဂဒါဒီ နောက်ဆုံး ပုန်းအောင်းခဲ့ရာနေရာ

    -ခေါင်းဆောင် အဘူ ဘာကာ အလ်-ဘဂ္ဂဒါဒီ သေဆုံးကြောင်း IS အကြမ်းဖက်အဖွဲ့က အတည်ပြုလိုက်ပြီး အဘူ အီဘရာဟင် အလ်-ဟာရှီမီ အလ်-ကူရိုက်ရှီကို ခေါင်းဆောင်သစ်အဖြစ် ခန့်အပ်လိုက်တယ်လို့ မနေ့မှာ ကြေငြာလိုက်ပါတယ်။

    အမေရိကန် အထူးတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့တစ်ပတ် ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ ဘဂ္ဂဒါဒီကို ဖမ်းဆီးရေး စစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့ပြီး ဘဂ္ဂဒါဒီကတော့ အသေခံဗုံးခွဲကာ သတ်သေသွားခဲ့ပါတယ်။

    IS အကြမ်းဖက်အဖွဲ့က Telegram ကနေတစ်ဆင့် မနေ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဘဂ္ဂဒါဒီနဲ့ သူ့ရဲ့ညာလက်ရုံး အဘူ အလ်-ဟာဆန် အလ်-မူဟာဂျီရ်တို့ သေဆုံးသွားပြီလို့ အတည်ပြုခဲ့ပါတယ်။

    ဆော်ဒီနိုင်ငံသားဖြစ်တဲ့ အလ်-မူဟာဂျီရ်ဟာ ဘဂ္ဂဒါဒီနေရာကို ဆက်ခံမယ့်သူလို့ နာမည်ကြီးပြီး ဘဂ္ဂဒါဒီသေဆုံးပြီးနောက် ဆီးရီးယားနိုင်ငံ အခြားတစ်နေရာမှာ ကာ့ဒ်တပ်ဖွဲ့တွေနဲ့ အမေရိကန်တို့ရဲ့ ပူးပေါင်းစစ်ဆင်ရေးအတွင်း သေဆုံးခဲ့တာဖြစ်ပါတယ်။

    ခေါင်းဆောင်သစ်အဖြစ် အဘူ အီဘရာဟင် အလ်-ဟာရှီမီကို တင်မြှောက်ကြောင်း IS က ကြေငြာခဲ့သလို အလ်-မူဟာဂျီရ်နေရာကို ဆက်ခံတဲ့ အဘူ ဟမ်ဇာ အလ်-ကိုရိုက်ရှီကလည်း IS အဖွဲ့ကို သစ္စာခံဖို့ မွတ်စလင်တွေအားလုံးကို တိုက်တွန်းခဲ့ပါတယ်။

    အလ်-ဟာရှီမီဟာ IS ရဲ့ တိုက်ခိုက်မှုတွေမှာ ပါဝင်ခဲ့ကြောင်း ကမ္ဘာ့လုံခြုံရေးဆိုင်ရာ ရင်းမြစ်တွေမှာ မှတ်တမ်းရှိနေပြီး IS ကတော့ ဂျီဟတ်လှုပ်ရှားမှုမှာ အလ်-ဟာရှီမီဟာ ထင်ရှားတဲ့ခေါင်းဆောင်တစ်ဦးဖြစ်ကာ အရင်က အမေရိကန်တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အသေးစိတ်အချက်အလက်နဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်ခြင်း မရှိပါဘူး။

    Ref: BBC