News @ M-Media

Author: Ko Lay

  • ဦးဝီရသူ၏ ဘဏ်အကောင့်များကို ရပ်ဆိုင်းထားရန် တရားရုံးက အမိန့်ထုတ်

    ဦးဝီရသူ၏ ဘဏ်အကောင့်များကို ရပ်ဆိုင်းထားရန် တရားရုံးက အမိန့်ထုတ်

    အောက်တိုဘာ ၃၁၊ ၂၀၁၉
    M-Media

    -ဖမ်း၀ရမ်းထုတ်ခံရပြီးတဲ့နောက် ထွက်ပြေးတိမ်ရှောင်နေတဲ့ အမျိုးသားရေးဘုန်းကြီး ဦးဝီရသူရဲ့ ဘဏ်အကောင့်တွေကို ရပ်ဆိုင်းထားဖို့အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက မနေ့မှာ ၀ရမ်းတစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

    ထွက်ပြေးတိမ်းရှောင်ခြင်းမပြုမီ ဦးဝီရသူနေထိုင်ခဲ့တဲ့ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့က မြန်မာ့စီးပွားရေးဘဏ်ခွဲ (၃) က ဦးဝီရသူရဲ့ ဘဏ်အကောင့်မှာ ငွေကျပ် သိန်း ၁၂၀ ကျော် ရှိနေပြီး၊ ဧရာ၀တီဘဏ် ဘဏ်ခွဲ ၁၁ က အကောင့်မှာတော့ ၄၅ သိန်းလောက် ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

    “ဒီဘဏ်နှစ်ခုမှာပဲ ဒီဘုန်းကြီးရဲ့ ပိုင်ဆိုင်မှုတွေကို တွေ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီငွေထွေကို ထုတ်ယူတာ၊ အခြားတစ်ယောက်ကို လွှဲပေးတာမျိုး လုပ်လို့မရအောင် ကျွန်တော်တို့ အကောင့်တွေကို ရပ်ဆိုင်းလိုက်ပါတယ်” လို့ တရားရုံးရဲ့ ပြန်ကြားရေးအရာရှိ ဦးဇော်ဇော်ထွန်းက ပြောကြားခဲ့ပါတယ်။

    နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) အရ ဖမ်း၀ရမ်းထုတ်ခံရပြီးတဲ့နောက် ဦးဝီရသူဟာ မေလမှာ ထွက်ပြေးတိမ်းရှောင်သွားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဦးဝီရသူကို မျက်ကွယ် တရားစီရင်မှုတွေ လုပ်ဆောင်နေပါတယ်။

    ပုဒ်မ ၁၂၄ (က) အရ အပြစ်ရှိကြောင်းထင်ရှားရင် ထောင်ဒဏ် ၇ နှစ်ကနေ အမြင့်ဆုံး ထောင်ဒဏ် နှစ် ၂၀‌ ဖြစ်စေ ဒဏ်ငွေဖြစ်စေ ချမှတ်ခံရမှာ ဖြစ်ပါတယ်။

    ဖမ်း၀ရမ်းအပြင် ဦးဝီရသူပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို သိမ်းဆည်းဖို့အတွက်လည်း တရားရုံးက ၀ရမ်းထုတ်ခဲ့ပေမယ့် ဦးဝီရသူ နေထိုင်တဲ့ ဘုန်းကြီးကျောင်းနဲ့ သူတာဝန်ယူထားတဲ့ ကျောင်းဆောင်တွေဟာ သူပိုင်ပစ္စည်းတွေ မဟုတ်တာကို တွေ့ခဲ့ရပါတယ်။

    Ref: Irrawaddy

    (ဧရာ၀တီသတင်းဌာန အင်္ဂလိပ်ပိုင်းမှ သတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်)

  • ၂၇ နှစ်အရင်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် ဆာ့ဘ်စစ်သားတစ်ဦး ထောင်နှစ် ၂၀ ကျ

    ၂၇ နှစ်အရင်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် ဆာ့ဘ်စစ်သားတစ်ဦး ထောင်နှစ် ၂၀ ကျ

    အောက်တိုဘာ ၃၁၊ ၂၀၁၉
    M-Media

    -လွန်ခဲ့တဲ့ ၂၇ နှစ်က ဘော့စနီယက်လူမျိုး အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ရာမှာ ပါဝင်သူ ဆာ့ဘ်စစ်သားဟောင်းတစ်ဦးကို ဆာရာယေဗိုတရားရုံးက မနေ့မှာ ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ပါတယ်။

    အသက် ၆၄ နှစ်အရွယ် ရာဒိုမီရန် ဆွန်ဂျာဆိုသူဖြစ်ပြီး ပြစ်သစ်နိုင်ငံက ပြီးခဲ့တဲ့နှစ်မှာ လွှဲပြောင်းပေးခဲ့တာပါ။ ဆွန်ဂျာဟာ ၁၉၉၂ ခုနှစ် ဇွန်လ ၁၄ ရက်နေ့က ဘော့စနီးယားနိုင်ငံအရှေ့ပိုင်း ဗီဆီဂရဒ်မြို့က အိမ်တစ်အိမ်မှာ ဘော့စနီယက် အရပ်သား အနည်းဆုံး ၂၆ ဦးကို မီးရှို့သတ်ဖြတ်မှုမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အို‌တွေအပြင် ၂ ရက်သား ကလေးငယ်တစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။

    ဒီအဖြစ်အပျက်ဟာ ၁၉၉၂ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ ဘော့စနီးယားစစ်ပွဲမှာ ဘော့စနီယက်တွေ အစုလိုက်အပြုံလိုက် အသတ်ခံရမှုတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

    တရားသူကြီး Enida Hadziomerovic က ၁၉၉၂ ခုနှစ် ဇွန်လ ၁၄ ရက်နေ့က သတ်ဖြတ်မှုမှာ ဘော့စနီယက် အရပ်သားတွေကို သော့ပိတ်ကာ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေနဲ့ မီးရှို့ခဲ့တာဖြစ်ကြောင်း၊ ဆွန်ဂျာဟာ အရပ်သားတွေအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့အတွက် ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ကြောင်း ပြောကြားခဲ့ပါတယ်။

    ဆာ့ဘ်စစ်သားတွေဟာ အိမ်ထဲက‌လူတွေ ထွက်မပြေးနိုင်အောင် အိမ်ရှိရာဘက်ကို ရိုက်ဖယ်တွေနဲ့ အဆက်မပြတ် ပစ်ခတ်မှုတွေ လုပ်ခဲ့တယ်လို့လည်း တရားသူကြီးက ဆိုပါတယ်။ အမိန့်ချမှုအတွင်း သေဆုံးသွားသူ တစ်ဦးချင်းစီရဲ့ အမည်တွေကိုလည်း ဖတ်ကြားခဲ့ပါတယ်။

    ဆွန်ဂျာဟာ ဓားပြတိုက်မှု အရပ်သားတွေကို မတရားသဖြင့် ဖမ်းဆီးမှုတွေနဲ့လည်း အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။

    ဗီဆီဂရဒ်မြို့က အဲဒီအဖြစ်အပျက်မှာ စုစုပေါင်း အရပ်သား ၅၇ ဦး အိမ်ထဲမှာ ပိတ်လှောင်ခံခဲ့ရတာဖြစ်ပြီး လွတ်မြောက်သွားသူတွေဟာ ဆွန်ဂျာရဲ့အမှုမှာ တရားရုံးကို လာရောက် သက်သေထွက်ဆိုခဲ့ကြပါတယ်။

    ဒီသတ်ဖြတ်မှုမှာ ပါဝင်ခဲ့တဲ့ ဆာ့ဘ် စစ်သားတွေထဲက ၂ ဦးကို ၂၀၁၂ ခုနှစ်မှာ The Hague နိုင်ငံတကာ ခုံသမာဓိရုံးက ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခဲ့ပါတယ်။ ဆွန်ဂျာဟာ ပြင်သစ်နိုင်ငံမှာ နှစ်အတော်ကြာ တိမ်းရှောင် နေထိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ပြင်သစ်အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပေမယ့် နောက်ပိုင်းမှာ ခြေချုပ်နဲ့ ပြန်လည် လွှတ်ပေးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဇွန်လမှာတော့ ထပ်မံဖမ်းဆီးကာ ဘော့စနီးယားကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

    ဘော့စနီးယားစစ်ပွဲအတွင်း ဆာ့ဘ်တပ်ဖွဲ့ဟာ ဘော့စနီယက်တွေ၊ ခရိုအက်လူမျိုးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြပါတယ်။ စုစုပေါင်း လူ ၁ သိန်းလောက် သေဆုံးခဲ့ရာမှာ အများစုက ဘော့စနီယက်တွေ ဖြစ်ပါတယ်။

    Ref: Aljazeera

  • IS ခေါင်းဆောင်အား သုတ်သင်နိုင်မှု၏ နောက်ကွယ်မှ စိတ်၀င်စားဖွယ်ရာများ

    IS ခေါင်းဆောင်အား သုတ်သင်နိုင်မှု၏ နောက်ကွယ်မှ စိတ်၀င်စားဖွယ်ရာများ

    အောက်တိုဘာ ၃၀၊ ၂၀၁၉
    M-Media

    -IS အကြမ်းဖက်အဖွဲ့ရဲ့ခေါင်းဆောင် အဘူ ဘာကာ အလ်-ဘဂ္ဂဒါဒီကို အမေရိကန်က အထူးစစ်ဆင်ရေးတစ်ရပ်နဲ့ စနေနေ့မှာ သုတ်သင်ရှင်းလင်းနိုင်ခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ်မှာ အီရတ်နဲ့ ဆီးရီးယားတို့က နယ်မြေအများအပြားကို သိမ်းယူပြီးနောက်ပိုင်း ဘဂ္ဂဒါဒီဟာ ဘုန်းမီးနေလ တောက်ခဲ့ပြီး သူ့ကိုယ်သူ မွတ်စလင်အားလုံးရဲ့ ခေါင်းဆောင် ‘ခလီဖာ’ အဖြစ် ကြေငြာခဲ့ပါတယ်။

    နောက်ပိုင်းမှာတော့ IS အဖွဲ့ရဲ့ နယ်မြေတွေ တစ်စတစ်စ ကျဉ်းမြောင်းလာခဲ့ပြီး ဘဂ္ဂဒါဒီတစ်ယောက်လည်း ပုန်းရှိုးကွယ်ရှိုးနဲ့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။ အရင်က ဘဂ္ဂဒါဒီ သေဆုံးသွားပြီလို့ ကောလဟလ သတင်းတွေလည်း ထွက်ခဲ့ဖူးပါတယ်။

    အောက်တိုဘာ ၂၆ ရက်နေ့မှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဘဂ္ဂဒါဒီဟာ ဆီးရီးယားနိုင်ငံ အီဒလစ်မြို့က အမေရိကန်အထူးတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးအတွင်း ကိုယ့်ကိုကိုယ် ဗုံးခွဲသတ်သေသွားတယ်လို့ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

    ဘဂ္ဂဒါဒီနေထိုင်ရာနေရာ အတိအကျကို သိရဖို့အတွက် အမေရိကန်ဟာ အီရတ်၊ ဆီးရီးယား၊ တူရကီ၊ ရုရှား စတဲ့ နိုင်ငံတွေရဲ့ အကူအညီကို ယူခဲ့ရသလို၊ ဆီးရီးယားက လက်နက်ကိုင်တွေ အထူးသဖြင့် ကာ့ဒ်တပ်ဖွဲ့ဦးဆောင်တဲ့ SDF ရဲ့ ထောက်လှမ်းရေးသတင်းအချက်အလက်တွေကို အဓိက အားထားခဲ့ရပါတယ်။

    အတွင်းခံဘောင်းဘီကို DNA စစ်ခဲ့

    စစ်ဆင်ရေးမတိုင်ခင်မှာ ဘဂ္ဂဒါဒီမှန်း သေချာစေဖို့အတွက် သူ့ရဲ့ အတွင်းခံဘောင်းဘီကို ရအောင်ယူဆောင်ကာ DNA စစ်ဆေးခဲ့တယ်လို့ ဆီးရီးယားက ကာ့ဒ်တပ်ဖွဲ့ ဦးဆောင်တဲ့ ဆီးရီးယား လက်နက်ကိုင်အဖွဲ့ SDF က အကြီးတန်း အကြံပေး ပိုလတ်ကန်က ပြောပါတယ်။

    IS ခေါင်းဆောင်ကို သုတ်သင်နိုင်မှုမှာ ကာ့ဒ်တပ်ဖွဲ့ကပေးအပ်တဲ့ သတင်းအချက်အလက်တွေဟာ တော်တော်လေး အထေက်အကူ ဖြစ်ခဲ့တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ကိုယ်တိုင် ထုတ်ဖော်ပြောဆိုထားပါတယ်။

    ပိုလတ်ကန်က ဘဂ္ဂဒါဒီကို ရှာဖွေနိုင်ရေး SDF ဟာ မေလ ၁၅ ရက်နေ့ကတည်းက CIA နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဆီးရီးယားနိုင်ငံအရှေ့ပိုင်း ဒီရ် အက်ဇိုရ်ကနေ အီဒလစ်ပြည်နယ် ရွှေ့ပြောင်းသွားမှုကို အတည်ပြုနိုင်ခဲ့တယ်လို့ Twitter စာမျက်နှာမှာ ထုတ်ဖော် ရေးသားခဲ့ပါတယ်။

    ဘဂ္ဂါဒီအမှန်တကယ်ဖြစ်တယ်ဆိုတာ သေချာရေး DNA စစ်ဆေးဖို့အတွက် သူ့ရဲ့အတွင်းခံကို ရအောင်ယူပေးတာ၊ နေထိုင်တဲ့နေရာ အတိအကျကို ရှာဖွေကာ ကိုဩဒိနတ်တွေပေးတာ၊ ကန်အထူးတပ်ဖွဲ့ဝင်တွေ ရဟတ်ယာဉ်နဲ့ ဆင်းရမယ့်နေရာကို သတ်မှတ်ပေးတာ‌ စတာတွေကို မိမိတို့အဖွဲ့က လုပ်ပေးတာဖြစ်ပြီး စစ်ဆင်ရေး နောက်ဆုံးမိနစ်အထိ မိမိတို့ ပါဝင်ခဲ့တယ်လို့လည်းက ပိုလတ်ကန်က ဆိုပါတယ်။

    ဘဂ္ဂဒါဒီကို အီဒလစ်ကနေ ဂျာရာဘလက်စ်မြို့ကို ပြောင်းရွှေ့မယ့်ဆဲဆဲမှာ သုတ်သင်ရှင်းလင်းနိုင်ခဲ့တာဖြစ်ပါတယ်။

    စစ်ဆင်ရေးတွေ ရွှေ့ဆိုင်းခဲ့ရ

    ဘဂ္ဂဒါဒီ နောက်ဆုံးပုန်းအောင်းခဲ့သည့်နေရာ

    စစ်ဆင်ရေးလုပ်တဲ့ အောက်တိုဘာ ၂၆ ရက်နေ့ မတိုင်ခင် ၂ ပတ်အလိုကတည်းက
    ဘဂ္ဂဒါဒီကို ခြေရာခံမိနေတာဖြစ်ပါတယ်။

    ခြေရာခံမိပြီးနောက်ပိုင်း ဝင်ရောက်စီးနင်းမယ့် စစ်ဆင်ရေး အနည်ဆုံး ၂ ခုကနေ ၃ ခုလောက်အထိ စီစဉ်ခဲ့ပေမယ့် ဘဂ္ဂဒါဒီက မကြာခဏ နေရာရွှေ့ပြောင်းနေထိုင်တာကြောင့် စစ်ဆင်ရေးတွေကို ရွှေ့ဆိုင်းခဲ့ရတယ်လို့ သမ္မတထရမ့်က ပြောကြားခဲ့ပါတယ်။

    အီဒလစ်မြို့ကို ဘဂ္ဂဒါဒီ ပြောင်းရွှေ့သွားတာဟာ IS အဖွဲ့ကို ပြန်လည်ဖွဲ့စည်းဖို့ ဖြစ်တယ်လို့ ထောက်လှမ်းရေး သတင်းတွေက ဆိုပါတယ်။

    စစ်ဆင်ရေးမှာ အမေရိကန်တပ်ဖွဲ့တွေဟာ ရဟတ်ယာဉ် ၈ စီး အသုံးပြုခဲ့ရပြီး ကွန်မန်ဒိုတွေဟာလည်း အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့ပါတယ်။ ဘဂ္ဂဒါဒီနေထိုင်ရာ အဆောက်အဦးအတွင်း ဝင်ရောက်ရာမှာတော့ မူလ တံခါးမကြီးက မဝင်ဘဲ နံရံကို ဖောက်ခွဲကာ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပေမယ့် အမေရိကန်တပ်ဖွဲ့ဝင်တွေ ဆိုးဆိုးဝါးဝါး ထိခိုက်ဒဏ်ရာရတာမျိုး မရှိခဲ့ပါဘူး။

    ဘဂ္ဂဒါဒီတစ်ယောက် ဆီးရီးယားမှာ တစ်ရွာကနေတစ်ရွာ ရွှေ့ပြောင်းနေထိုင်‌နေတာကို လွန်ခဲ့တဲ့ တစ်နှစ်နီးပါးက အတည်ပြုနိုင်ခဲ့ပြီး နေရာအတိကျကိုတော့ အီရတ်အာဏာပိုင်တွေရဲ့ အကူအညီနဲ့ ပြီးခဲ့တဲ့ ၅ လအရင်က ဂြိုဟ်တုတွေ၊ ဒရုန်းတွေနဲ့ ထောက်လှမ်း ကြည့်ရှုနိုင်ခဲ့ပါတယ်။

    အနီးကပ်အကြံပေးက သတင်းပေး

    ဘဂ္ဂဒါဒီကို ဖမ်းဆီးနိုင်ရေး ကြိုးပမ်းမှုမှာ အနီးကပ်အကြံပေး အစ္စမာအီလ် အလ်-အီသာဝီထံကနေ ရရှိခဲ့တဲ့ သတင်းတွေက အလွန်အရေးပါခဲ့တယ်လို့ အီရတ်အာဏာပိုင်တွေက ပြောပါတယ်။

    အလ်-အီသာဝီကို တူရကီက ဖမ်းဆီးကာ အီရတ်ကို လွှဲ‌ပြောင်းပေးခဲ့တာပါ။ ဘဂ္ဂဒါဒီရဲ့ သွားလာလှုပ်ရှားမှုတွေ၊ တိမ်းရှောင်နေထိုင်ရာနေရာတွေနဲ့ပတ်သက်ပြီး အီရတ်အာဏာပိုင်တွေ လိုအပ်နေတဲ့ ကွက်လပ်ကို အီသာဝီထံကရရှိတဲ့ သတင်းအချက်အလက်တွေနဲ့ ဖြည့်ဆည်းနိုင်ခဲ့ပါတယ်။

    ဘဂ္ဂဒါဒီဟာ အသီးအရွက်တွေတင်ပြီး မောင်းနေတဲ့ မီနီဘတ်စ်ကားထဲမှာ တပ်မှူးတွေနဲ့ အစည်းအဝေးလုပ်တာ၊ သူအပါအဝင် ဘဂ္ဂဒါဒီရဲ့ ထိပ်တန်းအကြံပေး ၅ ဦးအကြောင်း အသေးစိတ်၊ ဆီးရီးယားမှာ အစည်းအဝေးလုပ်တဲ့အခါ အသုံးပြုတဲ့နေရာတွေ စတဲ့အချက်အလက်တွေကိုလည်း အီသာဝီက ဖွင့်ပြောခဲ့ပါတယ်။

    ဆက်ခံမယ်သူလည်း သေပြီ

    အီဒလစ်မှာ ဘဂ္ဂဒါဒီကို သုတ်သင်တဲ့ စစ်ဆင်ရေးအတွင်း သူ့ရဲ့ အနီးကပ်လူယုံတွေ၊ တပ်မှူးတွေကိုလည်း ရှင်းလင်းနိုင်ခဲ့သလို ဆီးရီးယားက အခြားနေရာတွေမှာလည်း IS အဖွဲ့က ထိပ်တန်းခေါင်းဆောင်တွေကို သုတ်သင်နိုင်ခဲ့ပါတယ်။

    ဘဂ္ဂဒါဒီသေဆုံးအပြီး တစ်ရက်အကြာ အောက်တိုဘာ ၂၆ ရက်နေ့က ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာ ပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်း သူ့ရဲ့ ညာလက်ရုံးဖြစ်သူ အဘူ အလ်-ဟာဆန် အလ်-မူဟာဂျီကို သုတ်သင်နိုင်ခဲ့ပါတယ်။ မူဟာဂျီဟာ ဘဂ္ဂဒါဒီရဲ့နေရာကို ဆက်ခံမယ့်သူအဖြစ် နာမည်ကြီးနေသူ ဖြစ်ပါတယ်။

    ဘဂ္ဂဒါဒီကို သုတ်သင်ရှင်းလင်းတဲ့ ဗီဒီယိုက တစ်စိတ်တစ်ပိုင်းကို ထုတ်ပြန်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစောပိုင်းမှာ ပြောခဲ့ပေမယ့် အမေရိကန် စစ်ဦးစီးအရာရှိချုပ်များအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ် မိုက်မီလီက လက်ရှိမှာတော့ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေကို ထုတ်ပြမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    ဗုံးခွဲသေဆုံးမှုကြောင့် ဘဂ္ဂဒါဒီရဲ့ ခန္ဓာကိုယ်ဟာ အပိုင်းပိုင်းပြတ်သွားခဲ့ပြီး အဲဒီရုပ်ကြွင်းတွေကို ရေချသင်္ဂြိုဟ်လိုက်တယ်လို့ အမေရိကန်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

    Ref: Reuters, Aljazeera, BBC

  • နန်းတွင်းအရာရှိ ၄ ဦးကို ထိုင်းဘုရင်က ထပ်မံထုတ်ပယ်ပြန်

    နန်းတွင်းအရာရှိ ၄ ဦးကို ထိုင်းဘုရင်က ထပ်မံထုတ်ပယ်ပြန်

    အောက်တိုဘာ ၃၀၊ ၂၀၁၉
    M-Media

    -ထိုင်းဘုရင် မဟာ ဝိဇယလောင်ကွန်ဟာ နန်းတွင်းအရာရှိ ၄ ဦးကို ရာထူးကနေ ထပ်မံ ထုတ်ပယ်လိုက်ပြီး တစ်ပတ်အတွင်း မိဖုရားငယ်တစ်ပါးနဲ့ နန်းတွင်းအရာရှိ ၁၀ ဦးကို ထုတ်ပယ်မှုလည်း ဖြစ်ပါတယ်။

    မနေ့ကထုတ်ပြန်တဲ့ကြေငြာချက်တစ်ခုမှာ အိပ်ဖန်စောင့်အရာရှိ ၂ ဦးကို ‘အလွန်ဆိုးရွားတဲ့ အပြုအမူတွေလုပ်တာ’ ‘အိမ်ထာင်ရေးဖောက်ပြန်တာ’ ကြောင့် ရာထူးကနေ ထုတ်ပယ်လိုက်ပြီး ဒါဟာ ကျေးတော်မျိုး၊ ကျွန်တော်မျိုးတွေ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေကို ချိုးဖောက်မှုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    နောက်ထပ် ကြေငြာချက်တစ်ခုမှာတော့ နန်းတွင်း ကိုယ်ရံတော်တာဝန်ကို ပြည့်ပြည့်၀၀ ထမ်းဆောင်ခြင်းမရှိဘဲ၊ ရာထူး အဆင့်အတန်းနဲ့ ထိုက်တန်တဲ့ အပြုအမူမျိုး မရှိတဲ့အတွက် စစ်ဖက်အရာရှိ ၂ ဦးကို အဆောင်အယောင်တွေ ရုပ်သိမ်းကာ ရာထူးကနေ ထုတ်ပယ်လိုက်တယ်လို့ ဖော်ပြထားပါတယ်။

    ထိုင်းဘုရင်ဟာ ပြီးခဲ့တဲ့တစ်ပတ်က ကိုယ်လုပ်တော် စီနီနတ်ကို အဆောင်အယောင်တွေရုပ်သိမ်းခဲ့ပြီး ဘုရင်မင်းမြတ်အပေါ် သစ္စာမဲ့မှု၊ မိဖုရားခေါင်ကြီးနေရာကို ရရှိဖို့ ကြိုးစားမှုတွေကြောင့်ဖြစ်တယ်လို့ နန်းတော်ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အဲဒီနောက်မှာတော့ နန်းတွင်းအရာရှိ ၆ ပြီးကို ရာထူးကနေ ထပ်မံ ထုတ်ပယ်ခဲ့ပါတယ်။

    ၂၀၁၆ ခုနှစ်မှာ ခမည်းတော် နတ်ရွာစံပြီး ထီးနန်းဆက်ခံရတဲ့နောက် ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်ဟာ နန်းတွင်းရေးရာကိစ္စတွေနဲ့ ဘဏ္ဍာတော်တွေကို တိုက်ရိုက် ကိုင်တွယ်ထိန်းချုပ်နိုင်ဖို့ ကြိုးစားလာခဲ့ပြီး စစ်တပ်က တပ်ဖွဲ့ ၂ ခုကိုလည်း သူ့ရဲ့ ကွပ်ကဲမှုအောက်ကို ပြောင်းရွှေ့ခဲ့ပါတယ်။

    Ref: Ajazeera

  • ဗလီဝတ်ကျောင်းကို တိုက်ခိုက်မှု ‘စက်ဆုပ်ဖွယ်ရာ’ ဟု ပြင်သစ်သမ္မတ ရှုတ်ချ

    ဗလီဝတ်ကျောင်းကို တိုက်ခိုက်မှု ‘စက်ဆုပ်ဖွယ်ရာ’ ဟု ပြင်သစ်သမ္မတ ရှုတ်ချ

    အောက်တိုဘာ ၃၀၊ ၂၀၁၉
    M-Media

    ပစ်ခတ်မှုဖြစ်ပွားရာ ဗလီဝတ်ကျောင်းတော်

    -တနင်္လာနေ့က လူဖြူအစွန်းရောက်တစ်ဦး ဗလီဝတ်ကျောင်းတော်အတွင်း ဝင်ရောက်ပစ်ခတ်မှုဟာ ‘စက်ဆုပ်ဖွယ်ရာ’ လုပ်ရပ်ဖြစ်ပြီး နိုင်ငံအတွင်းက အစ္စလာမ်ဘာသာဝင် လူ့အဖွဲ့အစည်းနဲ့ တစ်သားတည်းရှိတယ်လို့ ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်က ပြောကြားလိုက်ပါတယ်။

    ပြင်သစ်နိုင်ငံတောင်ပိုင်းBayonne မြို့က ဗလီဝတ်ကျောင်းတော်ကို အသက် ၈၄ နှစ် အရွယ် လူဖြူအစွန်းရောက်တစ်ဦးက ဝင်ရောက်မီးရှို့ခဲ့ပြီး ဝတ်ပြုသူတွေ မြင်တွေ့တဲ့အခါမှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ပစ်ခတ်မှုကြောင့် အသက် ၇၄ နှစ်နဲ့ ၇၈ နှစ်အရွယ် အဖိုးအို ၂ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

    ပစ်ခတ်မှုကို ကျူးလွန်ခဲ့သူ ကလောဒေးစင်ကီဟာ ပြင်သစ်က လက်ယာသမား မာရီ လီပန်ရဲ့ အမျိုးသားရေးပါတီ National Front ကို ကိုယ်စားပြုကာ ၂၀၁၅ ခုနှစ်က ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူလို့ ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ ပြစ်သစ်ရဲတပ်ဖွဲ့ဟာ ကလောဒေးစင်ကီကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

    ပြင်သစ်သမ္မတ မာခရွန်က ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ‘စက်ဆုပ်ဖွယ်ရာ တိုက်ခိုက်မှု’ ဖြစ်တယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    “ပြင်သစ်နိုင်ငံဟာ အမုန်းတရားတွေကို ဘယ်တော့မှ သည်းခံမှာ မဟုတ်ပါဘူး။ ကျူးလွန်သူတွေ ‌အရေးယူ အပြစ်ပေးဖို့အတွက် လုပ်ဆောင်သင့်တာအားလုံး လုပ်ဆောင်သွားမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ မွတ်စလင်ညီအစ်ကို မောင်နှမတွေကိုလည်း ကာကွယ်ပေးသွားမှာပါ။ ဒီအတွက် ကျွန်တော်ကတိပြုပါတယ်”

    ပြင်သစ် ပြည်ထဲရေးဝန်ကြီး ခရစ္စတိုဖီ ကက်စ်တာနာကလည်း ‘မွတ်စလင်လူ့အဖွဲ့အစည်းနဲ့ တစ်သားတည်းရှိကာ ကာကွယ်စောင့်ရှောက်သွားမယ်’ လို့ ပြောကြားခဲ့ပါတယ်။

    တိုက်ခိုက်မှုရဲ့နောက်ကွယ်က အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

    ၂၀၀၇ ခုနှစ်ကစလို့ ပြစ်သစ်နိုင်ငံမှာ ဗလီဝတ်ကျောင်းတော်တွေနဲ့ မွတ်စလင်လူ့အဖွဲ့အစည်းအပေါ် တိုက်ခိုက်မှုတွေဟာ မကြာခဏဖြစ်ပွားခဲ့ပါတယ်။

    အခုနှစ်ဇွန်လအတွင်းက နိုင်ငံအနောက်မြောက်ပိုင်း Brest မြို့က ဗလီတစ်လုံးမှာ သေနတ်သမားတစ်ဦး ဝင်ရောက်ပစ်ခတ်မှုကြောင့် ရှေ့ဆောင်အီမာမ်တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    Ref: Aljazeera