News @ M-Media

Author: Ko Lay

  • ပြုပြင်ပြောင်းလဲမှုအပြီး ဆော်ဒီခရီးသွားဗီဇာလျှောက်ထားမှု ပိုမိုမြင့်တက်

    ပြုပြင်ပြောင်းလဲမှုအပြီး ဆော်ဒီခရီးသွားဗီဇာလျှောက်ထားမှု ပိုမိုမြင့်တက်

    နိုဝင်ဘာ ၁၊ ၂၀၁၉
    M-Media

    -ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ကန့်သတ်ချက်တစ်ချို့ကို ဖယ်ရှားလိုက်ပြီးတဲ့နောက် ၃၃ ရက်အတွင်း ခရီးသွားဗီဇာ ၇ သောင်းကျော် ထုတ်ပေးခဲ့ရပြီး တရုတ်ခရီးသွားတွေ အများစုဖြစ်တယ်လို့ ဆော်ဒီအာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။

    စက်တင်ဘာ ၂၇ ရက်နေ့ကနေ အောက်တိုဘာ ၃၀ ရက်နေ့အထိ ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းတွေကနေ ဆော်ဒီနိုင်ငံထဲ ဝင်ရောက်ခဲ့တဲ့ ကမ္ဘာလှည့်ခရီးသွားအရေအတွက်ဟာ ၂၈၁၉၀ ဦး ရှိခဲ့တာပါ။

    ခရီးသွားဗီဇာ ရယူခဲ့တဲ့ နိုင်ငံခြားသားခရီးသွား အရေအတွက်ကတော့ ၇၇၀၆၉ ဦး ရှိပါတယ်။ ဗီဇာလျှောက်ထားသူ အများစုက တရုတ်ခရီးသွားတွေဖြစ်ပြီး ၁၇၉၈၈ ဦး ရှိခဲ့ပါတယ်။ ဗြိတိန်ခရီးသွားတွေက ဗီဇာလျှောက်ထားမှုမှာ ဒုတိယနေရာ လိုက်နေပြီး၊ အမေရိကန်ခရီးသွားတွေက တတိယနေရာမှာ ရှိနေပါတယ်။

    ဆော်ဒီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ Jawazat က ကမ္ဘာလှည့်ခရီးသွားတွေအနေနဲ့ ဗီဇာကို အွန်လိုင်း (visa.visitsaudi.com) ကနေဖြစ်စေ၊ စမတ်ဖုန်းအက်ပလီကေးရှင်းကနေဖြစ်စေ ကြိုတင်လျှောက်ထားနိုင်ပြီး၊ လေဆိပ်တွေ၊ နယ်စပ်ဂိတ်တွေမှာလည်း ဆိုက်ရောက်ဗီဇာ လျှောက်ထားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

    ဆော်ဒီဗီဇာ လျှောက်ထားဖို့အတွက် နိုင်ငံကူးလက်မှတ်သက်တမ်းဟာ အနည်းဆုံး ၆ လ ရှိရမှာဖြစ်ပြီး ပြက္ခဒိန်တစ်နှစ်အတွင်း ဆော်ဒီနိုင်ငံအတွင်းမှာ အများဆုံး ရက်ပေါင်း ၉၀ အထိ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

    Ref : Saudigazeete

  • ခရိုက်ချက်ဗလီ အကြမ်းဖက်ခံရမှု အသားပေးသည့်ဂိမ်းကို နယူးဇီလန် ပိတ်ပင်

    ခရိုက်ချက်ဗလီ အကြမ်းဖက်ခံရမှု အသားပေးသည့်ဂိမ်းကို နယူးဇီလန် ပိတ်ပင်

    နိုဝင်ဘာ ၁၊ ၂၀၁၉
    M-Media

    ခရိုက်ချက်မြို့မှ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသည့် အလ်-နူရ် ဗလီ

    -မတ်လအတွင်း ခရိုက်ချက်မြို့က ဗလီဝတ်ကျောင်းတော် ၂ လုံးမှာ လူဖြူအစွန်းရောက်တစ်ဦးရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို အားပေးတဲ့ ဗီဒီယိုဂိမ်းတစ်ခုကို နယူးဇီလန်အစိုးရက တားမြစ် ပိတ်ပင်လိုက်ပါတယ်။

    လူပေါင်း ၅၁ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တဲ့ အဲဒီတိုက်ခိုက်မှုကို ကျူးလွန်သူဟာ Facebook မှာ live လွှင်ခဲ့တာပါ။

    နယူးဇီလန် ဆင်ဆာအကဲဖြတ်ရေးအဖွဲ့ ဒေးဗစ်ရှန့်က ဒီ live ဗီဒီယိုကို ကျောရိုးယူပြီး ဖန်တီးဖြန့်ချီတဲ့ ဂိမ်းတစ်ခုကို ပိတ်ပင်လိုက်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “လူဖြူအစွန်းရောက် အကြမ်းဖက်သမားရဲ့ နေရာကနေ ကစားဖို့ ဂိမ်းထုတ်လုပ်သူက ဒီဇိုင်းဆွဲထုတ်ပြီး ရောင်းချတာပါ။ လူဖြူမဟုတ်တဲ့သူတွေ၊ လိင်တူဆက်ဆံသူတွေကို ပစ်မှတ်တွေအဖြစ်လည်း ထည့်သွင်းထားပါတယ်”

    နယူးဇီလန် ဆင်ဆာအဖွဲ့ဟာ ခရိုက်ချက်ပစ်ခတ်မှု ကျူးလွန်တဲ့ Live Video နဲ့ သေနတ်သမားရဲ့ ကြေငြာစာတမ်းတွေကို တားမြစ်ပိတ်ပင်ကာ ဆိုရှယ်မီဒီယာအပါအဝင် မီဒီယာဖလက်ဖောင်းအားလုံးပေါ်ကနေ ဖယ်ရှားခဲ့ပါတယ်။

    ဂျာမနီနိုင်ငံ Halle မြို့ ဂျူးဘုရားကျောင်းတစ်ခုမှာ အောက်တိုဘာလအစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ဂျူးဆန့်ကျင်ရေး အကြမ်းဖက်တိုက်ခိုက်မှု ဗီဒီယိုကိုလည်း နယူးဇီလန်မှာ ပိတ်ပင်ထားပါတယ်။

    ရှန့်က တစ်ချို့ဂိမ်းထုတ်လုပ်သူတွေဟာ လူဖြူအစွန်းရောက်သမားတွေကို အသားပေးတဲ့ ဂိမ်းတွေ ထုတ်လုပ်လေ့ရှိတယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Free Malaysia Today

  • ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    အောက်တိုဘာ ၃၁၊ ၂၀၁၉
    M-Media

    နေးမာကိုခေါ်ရန် လစာစောင့်ယူပေးမည်ဟု ဘာကာကစားသမားများ ကမ်းလှမ်း
    ===============
    နေးမာကို ပီအက်စ်ဂျီကနေ ပြန်လည်ခေါ်ယူရေး လိုအပ်လာရင် လစာကို စောင့်ယူပေးလို့ရတယ်လို့ ဘာစီလိုနာ ကစားသမားတွေက အသင်းကို ကမ်းလှမ်းလိုက်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀၀ နဲ့ ပြောင်းသွားတဲ့ နေးမာကို ပြန်လည်ခေါ်ယူရေးအတွက် ဘာစီလိုနာဟာ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေပေမယ့် လက်တွေ့မှာ ဖြစ်မလာပါဘူး။ နောက်ခံလူ ပီကေးက Financial Fair Play သတ်မှတ်ချက် ပြည့်မီရေးအတွက် လစာတစ်ချို့တစ်ဝက်ကို ၁ နှစ်၊ ၂ နှစ်လောက် စောင့်ယူကာ အသင်းကို အကူအညီပေးလို့ ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဗြိတိန်တွင် လွှမ်းမိုးမှုအရှိဆုံးလူမည်းကစားသမားစာရင်း ထုတ်ပြန်
    =====================
    ဗြိတိန်ရဲ့ လွှမ်းမိုးမှုအရှိဆုံး လူမည်းကစားသမားစာရင်း Football Black List မှာ မန်စီးတီးအသင်း တိုက်စစ်မှူး ရဟင်း စတာလင်က ထိပ်ဆုံးမှာ ရှိနေပါတယ်။ ၂၀၀၈ ခုနှစ်က စတင်ထုတ်ပြန်ခဲ့တဲ့ ဒီစာရင်းမှာ ကစားသမားတစ်ဦးရဲ့ နယ်ပယ်စုံ ကြိုးစားအားထုတ်မှုတွေကို လေ့လာဆန်းစစ်ကာ အဆင့်သတ်မှတ်တာ ဖြစ်ပါတယ်။ စတာလင်ရဲ့အနောက်မှာ ဆာဒီယို မာနေး၊ ဒန်နီရို့စ်၊ အီနီလို အလူကိုနဲ့ အန်နီတာ အေဆန်တီတို့က အစဉ်လိုက်ရှိနေပါတယ်။ စတာလင်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း လူမျိုးရေးခွဲခြားမှုကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်မှုအတွက် အသိအမှတ်ပြုခံခဲ့ရပါတယ်။

    မန်စီးတီးဒေတာဘေ့စ်ကို ဟက်ခဲ့မှုအတွက် လီဗာပူးလ်ကို FA က ဖြေရှင်းချက်တောင်း
    =======================
    ဘောလုံးသမားရှာဖွေတဲ့ ကွန်ပျူတာစနစ်ကို ချိုးဖျက်ဝင်ရောက်မှုအတွက် မန်စီးတီးကို လီဗာပူးလ်က ပေါင် ၁ သန်း ပေးခဲ့ရတယ်ဆိုတဲ့သတင်းအတွက် အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ် FA က လီဗာပူးလ်အသင်းထံ ဖြေရှင်းချက် တောင်းလိုက်ပါတယ်။ လီဗာပူးလ်ဟာ မန်စီးတီးရဲ့ ဒေတာဘေ့စ် ၇ ခုထဲကို အကြိမ်ရေ ရာနဲ့ချီ ၀င်ရောက်ခဲ့တယ်လို့ဆိုပြီး ဒီအတွက် ၂၀၁၃ ခုနှစ်က ပေါင် ၁ သန်းနဲ့ ကျေအေးမှုယူခဲ့တာပါ။ လီဗာပူးလ်ကတော့ ဒီသတင်းကို ငြင်းဆိုပါတယ်။ လက်ရှိမှာ FA ဒီကိစ္စအတွက် စုံစမ်းစစ်ဆေးရမလားဆိုတာ သုံးသပ်မှုတွေ လုပ်ဆောင်နေပါတယ်။

    Ref: BBC, Daily Mail

  • IS ခေါင်းဆောင်အား သုတ်သင်မှု ဗီဒီယိုတစ်စိတ်တစ်ပိုင်းကို အမေရိကန် ထုတ်ပြန်

    IS ခေါင်းဆောင်အား သုတ်သင်မှု ဗီဒီယိုတစ်စိတ်တစ်ပိုင်းကို အမေရိကန် ထုတ်ပြန်

    အောက်တိုဘာ ၃၁၊ ၂၀၁၉
    M-Media

    စစ်ဆင်ရေးမတိုင်ခင်နှင့် စစ်ဆင်ရေးအပြီးတွင် တွေ့ရသည့် ဘဂ္ဂဒါဒီပုန်းအောင်ရာ နေရာ

    -IS အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အဘူ ဘာကာ အလ်-ဘဂ္ဂဒါဒီကို သုတ်သင်တဲ့ စစ်ဆင်‌ရေးရဲ့ ဗီဒီယို အစိတ်အပိုင်းတစ်ခု၊ ဓာတ်ပုံတွေနဲ့ စစ်ဆင်ရေး အချက်အလက်တစ်ချို့ကို အမေရိကန်က မနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း အစ်ဒလစ်ပြည်နယ်က ရွာတစ်ရွာမှာ စနေနေ့က အမေရိကန် အထူးတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆင်ရေးအတွင်း ဘဂ္ဂဒါဒီဟာ အသေခံဗုံးခွဲကာ အဆုံးစီရင်သွားခဲ့တာပါ။ စစ်ဆင်ရေးမှာ ဘဂ္ဂဒါဒီရဲ့ အနီးကပ်လူယုံ တော်တော်များများကို သုတ်သင်နိုင်ခဲ့သလို၊ အရေးပါတဲ့ စာရွက်စာတမ်းတွေ၊ အီလက်ထရောနစ် ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

    လက်စားချေမှုတွေ ရှိလာနိုင်

    အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ်အကြီးအကဲ ဗိုလ်ချုပ် ဖရန့် မက်ကင်ဇီက ‌ဘဂ္ဂဒါဒီရဲ့ ရုပ်အလောင်းကို သေဆုံးပြီး ၂၄ နာရီအတွင်းမှာပဲ ပင်လယ်ထဲ မြုပ်နှံခဲ့တယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    ဘဂ္ဂဒါဒီ အသေခံဗုံးခွဲတဲ့အချိန်မှာ သူနဲ့အတူ သားသမီး ၃ ယောက်လည်း သေဆုံးသွားတယ်လို့ စောစောပိုင်းမှာ သမ္မတထရမ့်က ပြောကြားခဲ့ပေမယ့် ဗိုလ်ချုပ် မက်ကင်ဇီက ၂ ဦးသာဖြစ်ပြီး အသက် ၁၂ အောက်တွေလို့ ယူဆရကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    နေအိမ်ထဲက ကလေးငယ် ၁၁ ဦးကို အထိအခိုက်မရှိ ကယ်တင်နိုင်ခဲ့သလို၊ အသေခံဗုံးခွဲအင်္ကျီတွေ ဝတ်ဆင်ထားတဲ့ အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၂ ဦးတို့ကိုတော့ လက်နက်ချဖို့ ငြင်းဆန်တဲ့အတွက် အသေပစ်သတ်ခဲ့တယ်လို့ မက်ကင်ဇီက ဆိုပါတယ်။

    ဘဂ္ဂဒါဒီသေဆုံးသွားပေမယ့် IS ကို လုံး၀ချေမှုန်းလိုက်ပြီလို့ ယူဆလို့မရသေးဘဲ အချိန်တစ်ခုယူကာ ခေါင်းဆောင်ရွေးပြီး လူပြန်စုလာနိုင်သလို၊ လစ်စားချေတိုက်ခိုက်မှုတွေလည်း လုပ်ဆောင်လာနိုင်တယ်လို့လည်း ဗိုလ်ချုပ်က သတိပေးခဲ့ပါတယ်။

    ဗီဒီယိုထုတ်ပြန်

    ဘဂ္ဂဒါဒီ သုတ်သင်မှု စစ်ဆင်ရေးရဲ့ ဗီဒီယိုအစိတ်အပိုင်းတစ်ချို့ကိုလည်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

    အဲဒီ အဖြူအမဲ ဗီဒီယိုမှာ ဘဂ္ဂဒါဒီ ပုန်းအောင်းရာ အဆောက်အဦးနားကို အမေရိကန်အထူးတပ်ဖွဲ့ဝင်တွေ ချဉ်းကပ်သွားတာ၊ ဘယ်သူဘယ်ဝါမှန်းမသိတဲ့ လက်နက်ကိုင်တွေက ကွန်မန်ဒိုတွေကိုချပေးတဲ့ အမေရိကန် ရဟတ်ယာန်ဉ်ကို လှမ်းပစ်တာ၊ သေနတ်သမားတွေအပေါ် ရဟတ်ယာဉ်ပေါ်ကနေ ဗုံးကြဲချတာ၊ စီးနင်းတိုက်ခိုက်မှုအပြီး အဆောက်အဦး မီးလောင်နေတာ စတဲ့ ပုံရိပ်တွေ ပါဝင်ပါတယ်။

    စစ်ဆင်ရေးအပြီးမှာတော့ အမေရိကန်ဟာ ဘဂ္ဂဒါဒီပုံးအောင်းခဲ့ရာနေအိမ်ကို ဗုံးကြဲဖြိုချခဲ့ပြီး ဒီပုံရိပ်တွေကိုလည်း ဗီဒီယိုမှာ တွေ့ရပါတယ်။

    Ref: Aljazeera

  • ဆော်ဒီနှင့် ယူအေအီးတို့ ပူးတွဲဗီဇာထုတ်ပေးရန် စီစဉ်နေ

    ဆော်ဒီနှင့် ယူအေအီးတို့ ပူးတွဲဗီဇာထုတ်ပေးရန် စီစဉ်နေ

    အောက်တိုဘာ ၃၁၊ ၂၀၁၉
    M-Media

    -‌ဆော်ဒီ-ယူအေအီး နှစ်နိုင်ငံ ပူးတွဲဗီဇာထုတ်ပေးရေး နှစ်နိုင်ငံတာဝန်ရှိသူတွေ ‌ပူးပေါင်းဆောင်ရွက်နေကြတယ်လို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) စီးပွားရေးဝန်ကြီး ဆူလ်တန် အလ်-မန်ဆူရီက ပြောကြားလိုက်ပါတယ်။

    ပူးတွဲဗီဇာထုတ်ပေးမှုဟာ ၂၀၂၀ ခုနှစ်မှာ စတင်အကြုံးဝင်မှာဖြစ်ပြီး ခရီးသွားသူတွေအနေနဲ့ ဗီဇာတစ်ခုတည်းနဲ့ ၂ နိုင်ငံစလုံးကို သွားရောက်နိုင်မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပူးတွဲဗီဇာထုတ်ပေးနိုင်ရေး ဆော်ဒီနဲ့ ယူအေအီးအာဏာပိုင်တွေက ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။

    နိုင်ငံအတွင်းဝင်ရောက်တဲ့ ကမ္ဘာလှည့်ခရီးသွားအရေအတွက် တိုးတက်ရေး ဆော်ဒီရဲ့ ကြိုးပမ်းဆောင်ရွက်မှုကနေ ရရှိလာမယ့် အလားအလာတွေကို အမိအရ ဆုပ်ကိုင်နိုင်ဖို့ ကြိုးပမ်းမှုဖြစ်တယ်လို့ အလ်-မန်ဆူရီက ဆိုပါတယ်။

    ဒီဆောင်ရွက်မှုကြောင့် ခရီးသွားလာရေးလုပ်ငန်းသာမက နှစ်နိုင်ငံ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေမှာပါ တိုးတက်လာဖို့ မျှော်လင့်ထားပါတယ်။

    အလ်-မန်ဆူရီက ပူးတွဲဗီဇာထုတ်ပေးရင် ခရီးသွားတွေ မြင့်တက်လာမှာဖြစ်တဲ့အတွက် လေယာဉ်ခရီးစဉ်တွေ တိုးချဲ့ပြေးဆွဲဖို့ လိုအပ်တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Saudi Gazette