News @ M-Media

Author: Ko Lay

  • အကြမ်းဖက်တိုက်ဖျက်ရေး အစ္စလာမ့်မဟာမိတ်ဌာနချုပ်သို့ အင်ဒိုစစ်တပ် သွားရောက်လေ့လာ

    အကြမ်းဖက်တိုက်ဖျက်ရေး အစ္စလာမ့်မဟာမိတ်ဌာနချုပ်သို့ အင်ဒိုစစ်တပ် သွားရောက်လေ့လာ

    အောက်တိုဘာ ၂၄၊ ၂၀၁၉
    M-Media

    -အင်ဒိုနီးရှားစစ်တပ်က အကြမ်းဖက်တိုက်ဖျက်ရေး ကျောင်းသားတွေဟာ ဆော်ဒီအာရေဗျနိုင်ငံ ဂျစ်ဒါမြို့မှာရှိတဲ့ အကြမ်းဖက်တိုက်ဖျက်ရေး အစ္စလာမ့်မဟာမိတ်အဖွဲ့ (IMCTC) ဌာနချုပ် ကို မနေ့က သွားရောက်ပြီး အဖွဲ့ရဲ့လုပ်ငန်းတွေကို လေ့လာခဲ့တယ်လို့ သိရပါတယ်။

    ကျောင်းသားတွေကို IMCTC အဖွဲ့ရဲ့ အတွင်းရေးမှူး ဗိုလ်ချုပ် မိုဟာမက် ဘင် စအစ် အလ်-မိုဂ်ဟီဒီက လက်ခံတွေ့ဆုံ ရှင်းလင်းခဲ့ပါတယ်။

    IMCTC ဟာ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး၊ အစွန်းရောက်အယူဝါဒ တိုက်ဖျက်ရေးကို ပညာရေး၊ မီဒီယာ၊ ဘဏ္ဍာရေး၊ စစ်ရေးနည်းလမ်းတွေ စသဖြင့် နည်းလမ်းပေါင်းစုံအသုံးပြုကာ တိုက်ဖျက်နေပြီး အသေးစိတ်အချက်အလက်တွေကို ဗိုလ်ချုပ် အလ်-မိုဂ်ဟီဒီက ရှင်းပြခဲ့ပါတယ်။

    အကြမ်းဖက်တိုက်ဖျက်ရေး အစ္စလာမ့်မဟာမိတ်အဖွဲ့ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ အဖွဲ့ဝင် ၃၄ နိုင်ငံနဲ့ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်မှာတော့ ၄၁ နိုင်ငံအထိ ရှိလာပြီဖြစ်ပါတယ်။ အကြမ်းဖက်တိုက်ဖျက်ရေးအတွက် အဖွဲ့နိုင်ငံတွေအချင်းချင်း ပူးပေါင်းဆောင်ရွက်နေပြီး အဖွဲ့ကို ပါကစ္စတန်စစ်တပ် အကြီးအကဲဟောင်း ရဟီးလ်ရှရစ်ဖ်က ကွပ်ကွဲပါတယ်။

    IMCTC အဖွဲ့ရဲ့ ရည်ရွယ်ချက်ဟာ အစ္စလာမ့်တန်ဖိုးတွေ၊ လွတ်လပ်ရေး၊ ညှိနှိုင်းပူးပေါင်းရေး စတာတွေအပေါ် အခြေခံပြီး နိုင်ငံတကာ ဥပဒေ၊ စည်းကမ်းနဲ့ သတ်မှတ်ချက်တွေအတိုင်း လုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ ဗိုလ်ချုပ် အလ်-မိုဂ်ဟီဒီက အင်ဒိုနီးရှားကျောင်းသားတွေကို ထည့်သွင်း ရှင်းလင်းခဲ့ပါတယ်။

    Ref: Arab News

  • မိန်းကလေးငယ်တစ်ဦးကို မီးရှို့သတ်သည့် မွတ်စလင်ဘာသာရေးဆရာနှင့် အပေါင်းအပါ ၁၆ ဦးကို ဘင်္ဂလားဒေ့ရှ်က သေဒဏ်ပေး

    မိန်းကလေးငယ်တစ်ဦးကို မီးရှို့သတ်သည့် မွတ်စလင်ဘာသာရေးဆရာနှင့် အပေါင်းအပါ ၁၆ ဦးကို ဘင်္ဂလားဒေ့ရှ်က သေဒဏ်ပေး

    အောက်တိုဘာ ၂၄၊ ၂၀၁၉
    M-Media

    -ဆယ်ကျော်သက် အမျိုးသမီးငယ်ကို မီးရှို့သတ်ဖြတ်ရာမှာ ပါဝင်ခဲ့တဲ့ ဗလီဆရာနဲ့ အပေါင်းအပါ ၁၆ ဦးကို ဘင်္ဂလာဒေ့ရှ်က ဒီကနေ့မှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။

    နိုင်ငံအရှေ့တောင်ပိုင်း ဖီနီမြို့က Sonagazi Islamia Senior Fazil ဆိုတဲ့ မဒ်ရာဆာ ဘာသာရေးစာသင်ကျောင်းမှာ အသက် ၁၈ နှစ်အရွယ် နူဆရတ် ဂျာဟန်ဟာ ဧပြီလက မီးရှို့သတ်ဖြတ်ခံလိုက်ရတာပါ။ သတ်ဖြတ်မှုကို မွတ်စလင်ဘာသာရေးဆရာ ဆီရဂျ်ဒေါင်လာရဲ့ အပေါင်းအပါတွေက ကျူးလွန်ခဲ့တာဖြစ်ပြီး၊ လိင်စော်ကားမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ဒေါင်လာက သတ်ဖြတ်ခိုင်းခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

    ဘာသာရေးဆရာဒေါင်လာဟာ ဂျာဟန်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုပြုလုပ်ခဲ့ပြီး ဂျာဟန်က ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ရာမှာ မကျေနပ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ပုံစံမျိုးဖြစ်အောင် ဖန်တီးကာ သတ်ဖြတ်ခိုင်းခဲ့တာ ဖြစ်ပါတယ်။

    ဒီအမှုအတွက် ဖမ်းဆီးခံထားရသူတွေထဲမှာ ၁၂ ဦးက သူတို့ကျူးလွန်ကြောင်း ဝန်ခံခဲ့ကြပါတယ်။ အစိုးရရှေ့နေအဖွဲ့က ခေါင်းဆောင် ဟာဖစ်ဇ် အဟ်မဒ်က ပြစ်ဒဏ်ချမှတ်မှုကို ကြိုဆိုခဲ့ပြီး ဘင်္ဂလားဒေ့ရှ်မှာ ရာဇဝတ်ဘေး ဘယ်သူမှ ပြေးမလွတ်ဘူးဆိုတာ သက်သေပြလိုက်တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒါဟာ ကျွန်တော်တို့တိုင်းပြည် တရားရေးစနစ်ရဲ့ အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်”

    ဂျာဟန်ရဲ့ အစ်ကိုဖြစ်သူ မဟ်မူဒူလ် ဟာဆန် နိုမန်ကလည်း ပြစ်ဒဏ်အတွက် ကျေနပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီသတ်ဖြတ်မှုဖြစ်ပွားပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝှမ်းမှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ကျူးလွန်သူတွေကို ထိထိရောက်ရောက်အပြစ်ပေးရေး ပြည်သူတွေက တောင်းဆိုခဲ့ကြပါတယ်။

    မီးရှို့မှုကြောင့် ကြိုးတွေပြတ်ကာ ဂျာဟန်လွတ်မြောက်လာခဲ့ပြီး သူမကို ကျူးလွန်မှုတွေနဲ့ပတ်သက်လို့ အသေးစိတ ပြောပြနိုင်ခဲ့ပါတယ်။ ခန္ဓာကိုယ်ရဲ့ ၈၀ ရာခိုင်နှုန်း မီးလောင်သွားတာကြောင့် ဂျာဟန်ဟာ အခင်းဖြစ်ပွားပြီး ၅ ရက်အကြာ ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။

    Ref: Reuters

  • မလေးရှားမှ အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်ပေးသူ ကုလ၏ ဂုဏ်ပြုဆု ရရှိ

    မလေးရှားမှ အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်ပေးသူ ကုလ၏ ဂုဏ်ပြုဆု ရရှိ

    အောကတိုဘာ ၂၄၊ ၂၀၁၉
    M-Media

    ဇိုင်နာ အန်ဝါရ် (လယ်)

    -ကုလရဲ့ 2030 Agenda for Sustainable Development ရည်မှန်းချက်ပါ သတ်မှတ်ချက်တွေကို ပြည့်မီအောင်ဆောင်ရွက်နိုင်မှုဆုကို မလေးရှားနိုင်ငံက အမျိုးသမီး စွမ်းဆောင်ရည်မြှင့်တင်ရေးအဖွဲ့ Sisters in Islam ကို ပူးတွဲတည်ထောင်သူ ဇိုင်နာ အန်ဝါရ်က ရရှိသွားခဲ့ပါတယ်။

    အဲဒီဆုကို လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို ကုလက နှစ်စဉ် ပေးအပ်ချီးမြှင့်တာပါ။ ဇိုင်နာရဲ့ ကျား၊ မ တန်းတူညီရေး၊ အမျိုးသမီးတွေကို စွမ်းဆောင်ရည်မြှင့်တင်ပေးရေး အရေးပါတဲ့ ဆောင်ရွက်ချက်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ဒီလို ရွေးချယ်ချီးမြှင့်တာလို့ ကုလက ပြောကြားခဲ့ပါတယ်။

    ဇိုင်နာဟာ SIS နဲ့ Musawah ဆိုတဲ့ အဖွဲ့နှစ်ခုကိုလည်း တည်ထောင်ထားပြီး အစ္စလာမ်ဘာသာဝင် အမျိုးသမီးတွေ၊ အစ္စလာမ့်အသိုင်းအဝိုင်းမှာ နေထိုင်ကြတဲ့ အမျိုးသမီးတွေရဲ့ အခြေအနေကို မြှင့်တင်ပေးနေသူလည်း ဖြစ်ပါတယ်။

    Musawah ဟာ အစ္စလာမ်ဘာသာဝင် မိသားစုတွေမှာ တရားမျှတရေးနဲ့ တန်းတူညီမျှရေး ရရှိအောင် အသိပညာပေးနေတဲ့ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။

    ဇိုင်နာကို ပြည်တွင်းမှာ ဝေဖန်ရှုတ်ချမှုတစ်ချို့ ရှိနေပြီးဆီလန်ဂေါပြည်နယ် ဖသ်ဝါဓမ္မသတ်ကော်မတီက သူမရဲ့ SIS အဖွဲ့အစည်းဟာ လမ်းမှားတဲ့အဖွဲ့ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီကိစ္စကို ဖြေရှင်းဖို့ SIS က တရားရုံးချုပ်ကို လျှောက်ထားခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။

    မလေးရှားနိုင်ငံသားတွေဖြစ်ကြတဲ့ အလီရှာ စီထရီဒါနဲ့ ပက်ထရစ်ရှာ ရှီးတို့လည်း ကုလရဲ့ ဂုဏ်ပြုဆုကို ရရှိခဲ့ပြီး ဖယ်ကျဉ်ခံထားရတဲ့ ကလေးငယ်တွေကို ပညာသင်ကြားခွင့်ရရှိအောင် ကြိုးပမ်းဆောင်ရွက်မှုတွေအတွက် အသိအမှတ်ပြု ခံရတာ ဖြစ်ပါတယ်။

    အခြား မလေးရှားနိုင်ငံသားတစ်ဦးဖြစ်တဲ့ ဇက်ကရီ အဘ်ဒူလ် ဟာမစ်ဟာ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်မှု၊ ဂေဟစနစ်ညီညွတ်ရေး ဆောင်ရွက်မှုတွေအတွက် ကုလရဲ့ ဂုဏ်ပြုဆုကို ရရှိခဲ့ပါတယ်။ ဇက်ကရီဟာ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူတစ်ဦးလည်း ဖြစ်ပါတယ်။

    Ref: Malaysia Kini

  • နန်းတွင်းအကြီးအကဲ ၆ ဦးကို ထိုင်းဘုရင်က ရာထူးမှ ဖယ်ရှား

    နန်းတွင်းအကြီးအကဲ ၆ ဦးကို ထိုင်းဘုရင်က ရာထူးမှ ဖယ်ရှား

    အောက်တိုဘာ ၂၄၊ ၂၀၁၉
    M-Media

    -ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်ဟာ မနေ့က နန်းတွင်း ထိပ်တန်းတာဝန်ရှိသူ ၆ ဦးကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီး ရာထူးအာဏာကို အလွဲသုံးစားပြုမှုတာကြောင့်ဖြစ်တယ်လို့ နန်းတော်ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ကြင်ယာတော်ငယ်တစ်ပါးဖြစ်တဲ့ ကိုယ်လုပ်တော် စီနီနတ်ကို သစ္စာမဲ့တယ်လို့ဆိုကာ တနင်္လာနေ့က အဆောင်အယောင် ရုပ်သိမ်းပြီး ၂ ရက်အကြာမှာပဲ နန်းတွင်းက ဒီအပြောင်းအလဲ ဖြစ်ပေါ်လာခဲ့တာပါ။

    မနေ့က ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ထိပ်တန်း တာဝန်ရှိသူ ၆ ဦးမှာ အိပ်ဖန်စောင့်အဖွဲ့က သူနာပြုတစ်ဦးနဲ့ နန်းတွင်းတိရစ္ဆာန်ဆရာဝန်တစ်ဦးတို့ ပါဝင်ပါတယ်။

    “ဆိုးဝါးတဲ့လုပ်ရပ်တွေလုပ်ဆောင်ကာ စည်းမျဉ်းစည်းကမ်းတွေကို လွန်လွန်ကျူးကျူး ချိုးဖောက်ခဲ့ပြီး သူတို့ကိုယ်တိုင်နဲ့ တစ်ခြားသူတွေအကျိုးအတွက် ရာထူးကိုလည်း အလွဲသုံးစား လုပ်ခဲ့ပါတယ်” လို့ နန်းတွင်းက ထုတ်ပြန်တဲ့ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နန်းတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အပြောင်းအလဲတွေကြောင့် ထိုင်းပြည်သူတွေက အံ့အားသင့်ခဲ့ကြပြီး အဆောင်အယောင် ရုပ်သိမ်းခံလိုက်ရတဲ့ ကိုယ်လုပ်တော် စီနီနတ်ကို အားပေးထောက်ခံတဲ့ လှုပ်ရှားမှုတွေလည်း ဆိုရှယ်မီဒီယာတွေမှာ ပေါ်ပေါက်လာပါတယ်။

    ဘုရင့်ကိုယ်ရံတော်တပ်ဖွဲ့က အရာရှိဖြစ်ပြီး ပြီးခဲ့တဲ့ ၃ လကမှ ကိုယ်လုပ်တော်နေရာ ခန့်အပ်ခံရတဲ့ စီနီနတ်ဟာ မိဖုရားခေါင်ကြီး ဆုသီဒါနေရာကို ရယူဖို့ကြိုးပမ်းတာကြောင့် ဘုရင်မင်းမြတ်ရဲ့‌ ကျေးဇူးသစ္စာကို မစောင့်သိဘူးလို့ နန်းတော်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြခဲ့ပါတယ်။

    ထိုင်းနိုင်ငံမှာ တော်ဝင်မိသားစုကို အသရေဖျက်ပြောဆိုတာဟာ ရာဇဝတ်မှုမြောက်ပါတယ်။

    လက်ရှိဘုရင် ဝိဇယလောင်ကွန်ဟာ ၂၀၁၆ ခုနှစ်က ခမည်းတော် နတ်ရွာစံသွားပြီးတဲ့နောက် ထီးနန်းအရိုက်အရာကို ဆက်ခံခဲ့တာ ဖြစ်ပါတယ်။

    Ref: AFP

  • အပူချိန်မြင့်မားသည့် ကာတာတွင် လမ်းများ၌ လေအေးပေးစက် တပ်ဆင်

    အပူချိန်မြင့်မားသည့် ကာတာတွင် လမ်းများ၌ လေအေးပေးစက် တပ်ဆင်

    အောက်တိုဘာ ၂၄၊ ၂၀၁၉
    M-Media

    -အပူချိန်အလွန်အမင်း မြင့်တက်လာတာကြောင့် ပင်လယ်ကွေ့နိုင်ငံတစ်ခုဖြစ်တဲ့ ကာတာနိုင်ငံဟာ လူသွားလမ်းတွေမှာ လေအေးပေးစက်တွေတပ်ဆင်တာ၊ ကားလမ်းတွေကို ဆေးအပြာရောင်ပြောင်းသုတ်တာ စတဲ့ အပူချိန်လျော့ကျရေး ဆာင်ရွက်မှုတွေကို လုပ်ဆာင်လာပါတယ်။

    လက်ရှိ ကာတာနိုင်ငံရဲ့ နွေရာသီအပူချိန်ဟာ အနိမ့်ဆုံး ၄၆ ဒီဂရီဆဲလ်စီးယက်စ် ရှိနေတာပါ။ ဒါ့ကြောင့် နိုင်ငံအတွင်းမှာရှိတဲ့ လူသွားလမ်းတွေ၊ စျေးဝယ်စင်တာတွေမှာ ပြည်သူတွေ အဆင်ပြေစေဖို့အတွက် ဧရာမ လေအေးပေးစက်တွေ တပ်ဆင်ခဲ့ပါတယ်။

    မြို့တော် ဒိုဟာမှာတော့ ကတ္တရာလမ်းတွေကို ဆေးအပြာရောင်တွေ သုတ်ထားပြီး အပူချိန် ပိုမို လျော့ကျစေဖို့ ဖြစ်ပါတယ်။

    ဒူဘိုင်း လမ်းပန်းဆက်သွယ်ရေး အာဏာပိုင်အဖွဲ့က အင်ဂျင်နီယာ ဆအဒ် အလ်-ဒိုဆာရီက အမဲရောင်ဟာ အပူချိန်ကို စုပ်ယူတဲ့အတွက် သာမန်အပူချိန်ထက် ၂၀ ရာခိုင်နှုန်း ပိုမြင့်သွားကြောင်း၊ အပြာရောင်ကတော့ လျော့ကျစေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဆေးအပြာရောင်တွေမှာ ခရမ်းလွန်ရောင်ခြည်ကို တုန့်ပြန်နိုင်တဲ့ ဒြပ်ပစ္စည်းလည်း ပါဝင်ပါတယ်။

    ပင်လယ်ကွေ့ဒေသမှာ သာမန်အပူချိန်ဟာ ၃၂.၄ ဒီဂရီ ဆဲလ်စီးယက်စ် ရှိတတ်ပြီး နွေရာသီရောက်ရင် တိမ်ကင်းစင်ကာ မိုးလုံး၀ မရွာတတ်ပါဘူး။ ဒါ့ကြောင့် မြို့ပြစီမံကိန်း ဆောင်ရွက်တဲ့အခါ ကားလမ်းတွေ၊ လူလျှောက်လမ်းတွေကို မြောက်ဖက်ဦးတည်ကာ ဖောက်လုပ်လေ့ရှိပြီး လေလမ်းကြောင်းနဲ့ ကိုက်ညီအောင် ဖြစ်ပါတယ်။

    ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပမယ့် ကာတာနိုင်ငံဟာ ပြိုင်ပွဲအတွင်း ဘောလုံးကွင်းတွေမှာ လေအေးတွေရရှိဖို့အတွက်လည်း အထူးစီမံထားပါတယ်။

    Ref: Daily Mail