News @ M-Media

Author: Ko Lay

  • IS အကြမ်းဖက်အဖွဲ့ခေါင်းဆောင်ကို အမေရိကန်က ဘယ်လိုသုတ်သင်ခဲ့သလဲ

    IS အကြမ်းဖက်အဖွဲ့ခေါင်းဆောင်ကို အမေရိကန်က ဘယ်လိုသုတ်သင်ခဲ့သလဲ

    အောက်တိုဘာ ၂၈၊ ၂၀၁၉
    M-Media

    IS အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အဘူ ဘာကာ အလ်-ဘဂ္ဂဒါဒီ

    -ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း အီဒလစ်မြို့မှာ အမေရိကန်အထူးတပ်ဖွဲ့ဝင်တွေ ပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်း IS အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အဘူ ဘာကာ အလ်-ဘဂ္ဂဒါဒီ သေဆုံးခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    ဘဂ္ဂဒါဒီတစ်ယောက် ဘာရီရှာရွာအနီး ပိတ်ဆို့ခံထားရချိန်မှာ မြေအောက်လှိုင်ခေါင်းထဲကို ပြေးဝင်သွားပြီးတဲ့နောက် ခန္ဓာကိုယ်မှာ ဝတ်ဆင်ထားတဲ့ အသေခံဗုံးခွဲဝတ်စုံကို ဖောက်ခွဲကာ အဆုံးစီရင်ခဲ့တာ ဖြစ်ပါတယ်။ ပေါက်ကွဲမှုအတွင်း သူ့ရဲ့ ကလေး ၃ ဦးလည်း သေဆုံးသွားတယ်လို့ ထရမ့်က ဆိုပါတယ်။

    မနေ့က အိမ်ဖြူတော်ကနေတစ်ဆင့် တိုင်းပြည်ကိုပြောကြားတဲ့မိန့်ခွန်းမှာ ထရမ့်က ဘဂ္ဂဒါဒီကို သုတ်သင်ဖို့ ဆောင်ရွက်မှု အသေးစိတ်၊ ဘဂ္ဂဒါဒီရဲ့ နောက်ဆုံးအခြေအနေတွေကို ထည့်သွင်းပြောဆိုခဲ့ပါတယ်။ စစ်ဆင်ရေးအတွင်း ဘဂ္ဂဒါဒီရဲ့ အဖွဲ့ဝင်တွေ တော်တော်များများလည်း သေဆုံးခဲ့ပါတယ်။

    ဘဂ္ဂဒါဒီရဲ့ ကျန်ရစ်ခဲ့တဲ့ ကလေး ၁၁ ဦးကို ကြားနေအဖွဲ့တစ်ခုက ထိမ်းသိန်းစောင့်ရှောက်ထားတယ်လို့ ထရမ့်က ပြောကြားခဲ့ပြီး ဘယ်သူဘယ်ဝါလည်းဆိုတာကိုတော့ မပြောခဲ့ပါဘူး။

    နောက်ဆုံးအချိန်မှာ ဘဂ္ဂဒါဒီဟာ သွေးရူးသွေးတန်းနဲ့ အော်ဟစ် ငိုယို ပြေးလွှားနေခဲ့ပြီး သူရဲဘောကြောင်စွာ သေဆုံးသွားခဲ့တာဖြစ်တယ်လို့လည်း ထရမ့်က ဆိုပါတယ်။ သမ္မတထရမ့်ဟာ စစ်ဆင်ရေးတစ်ခုလုံးကို အိမ်ဖြူတော်ကနေ တိုက်ရိုက်ကြည့်ရှုခဲ့တာပါ။

    DNA စစ်ဆေးပြီး

    စစ်ဆင်ရေးပြီးဆုံးပြီးတဲ့နောက် အပိုင်းအပိုင်းဖြစ်နေတဲ့ ဘဂ္ဂဒါဒီရဲ့ ခန္ဓာကိုယ်အပိုင်းအစတွေကို DNA စစ်ဆေးခဲ့ပြီး ဘဂ္ဂဒါဒီဖြစ်ကြောင်း အတိအကျ အတည်ပြုနိုင်ခဲ့တယ်လို့ ထရမ့်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို စစ်ဆင်ရေးကနေ ရရှိခဲ့သလို အမေရိကန်တပ်ဖွဲ့တွေ တစ်ဦးမှ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့လည်း ထရမ့်က ဆိုပါတယ်။

    ဘဂ္ဂဒါဒီကို ဆက်ခံမယ့်သူတွေအနေနဲ့ အမေရိကန်ရဲ့လက်ကနေ ပြေးမလွတ်ဘူးလို့လည်း ထရမ့်က ထည့်သွင်းသတိပေးခဲ့ပါတယ်။

    နိုင်ငံခြားရေး အောင်မြင်မှု

    ဒီစစ်ဆင်ရေးလုပ်ဆောင်ဖို့အတွက် ရုရှား၊ တူရကီ၊ ဆီးရီးယား၊ အီရတ်နဲ့ ဆီးရီးယားက ကာ့ဒ်တပ်ဖွဲ့တွေဟာ ထောက်လှမ်းရေးသတင်းအချက်အလက်တွေ ပေးတာအပါအဝင် ကူညီဆောင်ရွက်မှုတွေ ရှိခဲ့ပြီး ဒီအတွက် ကျေးဇူးတင်တယ်လို့လည်း ထရမ့်က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ဘဂ္ဂဒါဒီ ဘယ်မှာရှိလဲဆိုတာကို ရင်းမြစ်တစ်ခုကနေ ထောက်လှမ်းရေးသတင်း ရရှိခဲ့ပြီးတဲ့နောက် စစ်ဆင်ရေးကို လွန်ခဲ့တဲ့ ၂ ပတ်လောက်ကတည်းက စီစဉ်ခဲ့တာပါ။ ဘဂ္ဂဒါဒီ ပုန်းအောင်းနေတဲ့နေရာဟာ ရုရှားနဲ့ ဆီးရီးယားတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေရာ ဖြစ်ပါတယ်။

    အမေရိကန်ကာကွယ်ရေးဝန်ကြီး မာ့ခ် အက်စ်ပါက စစ်ဆင်ရေးဟာ ဘဂ္ဂဒါဒီကို ဖမ်းဆီး သတ်ဖြတ်ဖို့ဖြစ်ပြီး တပ်ဖွဲ့ဝင်နှစ်ဦး အသေးစားဒဏ်ရာတွေ ရခဲ့ပေမယ့် ပြန်လည်တာဝန်ထမ်းဆောင်နေပြီလို့ ပြောကြားခဲ့ပါတယ်။

    ထရမ့်ရဲ့ နိုင်ငံတော်လုံခြုံရေးအကြံပေး ရောဘတ် အို ဘရိုင်ယန်က ဘဂ္ဂဒါဒီရဲ့ ရုပ်အလောင်းကို အစ္စလာမ်ထုံးစံအတိုင်း သင်္ဂြိုဟ်သွားမှာဖြစ်ပြီး၊ ဘင်လာဒင်လိုပဲ ပင်လယ်ရေအောက်မှာ မြှုပ်နှံသွားမယ်လို့ ထုတ်ပြန်‌ခဲ့ပါတယ်။

    ဘဂ္ဂဒါဒီ ဘယ်သူလဲ

    ဘဂ္ဂဒါဒီဦးဆောင်တဲ့ IS အကြမ်းဖက်အဖွဲ့ဟာ ၂၀၁၄ ခုနှစ်မှာ အီရတ်နဲ့ ဆီးရီးယားက နယ်မြေတော်တော်များများကို သိမ်းပိုက်နိုင်ခဲ့ပြီး ဘဂ္ဂဒါဒီက သူတို့သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို စုပေါင်းကာ ခါလီဖိတ်နိုင်ငံတစ်ခု ထူထောင်ကြောင်း ကြေငြာခဲ့ပါတယ်။

    ဆီးရီးယားနဲ့ အီရတ်တို့က ဘာသာရေးလူနည်းစုတွေအပေါ် ကျူးလွန်မှု၊ နိုင်ငံတော်တော်များများမှာ IS အဖွဲ့က ပြုလုပ်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွက် ဘဂ္ဂဒါဒီကို တာဝန်ရှိသူအဖြစ် သတ်မှတ်ထားပြီး အမေရိကန်က သူ့ရဲ့ခေါင်းကို ကန်ဒေါ်လာ ၂၅ သန်း ဆုကြေးငွေ ထုတ်ခဲ့ပါတယ်။

    IS အဖွဲ့ နယ်မြေတွေ ပြန်လည်ဆုံးရှုံးခဲ့ပြီးတဲ့နောက် ဘဂ္ဂဒါဒီဟာ ပုန်းအောင်းနေထိုင်ခဲ့ပြီး အသံဖိုင်တွေ ထုတပြန်ကာ သူ့ရဲ့နောက်လိုက်တွေကို သတင်းစကားပေးခဲ့ပါတယ်။ သူ့ရဲ့ နောက်ဆုံးအသံဖိုင်ဟာ ပြီးခဲ့တဲ့လမှာ ပေါ်ထွက်ခဲ့တာပါ။

    အီရတ်ဟာ IS အကြမ်းဖက်အဖွဲ့ကို ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှာ အပြီးသတ် ချေမှုန်းနိုင်ခဲ့ပြီး ဆီးရီးယားမှာတော့ အခုနှစ်မတ်လမှာ IS အဖွဲ့ကို ချေမှုန်းနိုင်ခဲ့ပါတယ်။

    Ref: CNN, Aljazeera

  • ထိုင်းပင်လယ်စာလုပ်ငန်းအပေါ် ပေးထားသည့် ခံစားခွင့်များကို အမေရိကန် ရုပ်သိမ်း

    ထိုင်းပင်လယ်စာလုပ်ငန်းအပေါ် ပေးထားသည့် ခံစားခွင့်များကို အမေရိကန် ရုပ်သိမ်း

    အောက်တိုဘာ ၂၇၊ ၂၀၁၉
    M-Media

    -အလုပ်သမားတွေ ကျွန်ပြုခံရမှု၊ ခေါင်းပုံဖြတ်ခံရမှုကို ထိုင်းအာဏာပိုင်တွေက ထိထိရောက်ရောက် မဖြေရှင်းနိုင်တာကြောင့် ထိင်းပင်လယ်စာလုပ်ငန်းကို ပေးထားတဲ့ အခွန်ကင်းလွတ်ခွင့်ကို ရုပ်သိမ်းသွားမယ်လို့ အမေရိကန်က ကြေငြာလိုက်ပါတယ်။

    ထိုင်းနိုင်ငံဟာ ကမ္ဘာ့ တတိယအကြီးဆုံး ပင်လယ်စာတင်ပို့တဲ့နိုင်ငံဖြစ်ပြီး ဒီလုပ်ငန်းမှာ ပြောင်းရွှေ့အခြေချ လုပ်သားတွေကို ကျွန်ပြုခိုင်းစေမှု၊ လူကုန်ကူးမှုတွေကြောင့် ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဝေဖန်မှုတွေ ဆိုးဆိုးဝါးဝါး ခံစားခဲ့ရပါတယ်။

    ‘ပင်လယ်စာလုပ်ငန်းနဲ့ ပို့ဆောင်ရေးလုပ်ငန်းတွေမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ အချိန်အတော်‌ကြာ ရှိနေတာကြောင့် ကုန်သွယ်ရေးခံစားခွင့်တွေအားလုံး ဆုံးရှုံးလိမ့်မယ်’ လို့ အမေရိကန်ကုန်သွယ်ရေးအာဏာပိုင်တွေကို ကိုးကားပြီး Bloomberg သတင်းဌာနက မနေ့မှာ ဖော်ပြခဲ့ပါတယ်။

    အခွန်ကင်းလွတ်ခွင့်နဲ့ အခြား ကုန်သွယ်ရေးခံစားခွင့်တွေကို အမေရိကန်က ရုပ်သိမ်းမှုဟာ ၂၀၂၀ ခုနှစ် ဧပြီလ ၂၅ ရက်နေ့မှာ စတင်သက်ရောက်မှာ ဖြစ်ပါတယ်။ ပင်လယ်စာအပါအဝင် ထိုင်နိုင်ငံက တင်ပို့နေတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ချည်ထည်ပစ္စည်းနဲ့ လျှပ်စစ်ပစ္စည်းတွေလည်း အခွန်ကင်းလွတ်ခွင့် ဆုံးရှုံးမှာ ဖြစ်ပါတယ်။

    ထိုင်းနိုင်ငံကနေ အမေရိကန်ကိုတင်ပို့တဲ့ ကုန်သွယ်မှုတန်ဖိုးဟာ ၂၀၁၈ ခုနှစ်မှာ ကန်ဒေါ်လာ ၃၁.၉ ဘီလီယံ ရှိခဲ့ပြီး လျှစ်စစ် စက်ပစ္စည်းတွေကို အဓိကထား တင်ပို့တာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ခရစ်ယာန်ဘုရားကျောင်းများ တိုက်ခိုက်ခံရမှု သီရိလင်္ကာအစိုးရတွင်သာ တာဝန်ရှိသည်ဟု အစီရင်ခံစာတွင်ဖော်ပြ

    ခရစ်ယာန်ဘုရားကျောင်းများ တိုက်ခိုက်ခံရမှု သီရိလင်္ကာအစိုးရတွင်သာ တာဝန်ရှိသည်ဟု အစီရင်ခံစာတွင်ဖော်ပြ

    အောက်တိုဘာ ၂၇၊ ၂၀၁၉
    M-Media

    -ဧပြီလက ခရစ်ယာန်ဘုရားကျောင်းတွေ ဗုံးခွဲတိုက်ခိုက်ခံရတဲ့ အဖြစ်အပျက်မှာ အဓိကအပြစ်တင်ရမယ့် အဖွဲ့ဟာ နိုင်ငံတော်ထောက်လှမ်းရေးအဖွဲ့ (SIS)၊ သမ္မတနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေဖြစ်ပြီး၊ အစ္စလာမ်ဘာသာဝင်တွေအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် မွတ်စလင်လူ့အဖွဲ့အစည်းမှာ အစွန်းရောက်ဝါဒ မြင့်တက်လာတယ်လို့ သီရိလင်္ကာလွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့ PSC ရဲ့ နောက်ဆုံး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ခရစ်ယာန်ဘုရားကျောင်း ၃ ခုနဲ့ ဟိုတယ် ၄ ခုမှာ ဧပြီလ ၂၁ ရက် အီစတာနေ့က ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေအတွင်း ၂၆၉ ဦး သေဆုံးခဲ့ပြီး လူ ၅၀၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ တိုက်ခိုက်မှုကို ပြည်တွင်းက လူသိနည်းတဲ့ မွတ်စလင်အစွန်းရောက်အဖွဲ့တစ်ခုက လုပ်ဆောင်တာလို့ သိရိလင်္ကာအစိုးရက ထုတ်ပြန်ခဲ့ပြီး IS အကြမ်းဖက်အဖွဲ့ကလည်း သူတို့လက်ချက်လို့ ကြေငြာခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်လို့ သီရိလင်္ကာလွှတ်တော်ရဲ့ ထူးကော်မတီ (PSC) က စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ကာ အောက်တိုဘာ ၂၃ ရက်နေ့မှာ နောက်ဆုံးအစီရင်ခံစာကို လွှတ်တော်ထံ တင်သွင်းခဲ့ပါတယ်။

    ထောက်လှမ်းရေးအဖွဲ့ကို အပြစ်တင်

    စာမျက်နှာ ၂၇၂ မျက်နှာ ပါဝင်တဲ့ အဲဒီ အစီရင်ခံစာမှာ နိုင်ငံရဲ့ ထိပ်တန်းထောက်လှမ်းရေးအဖွဲ့ SIS ဟာ တိုက်ခိုက်မယ့်သတင်းကို ကြိုတင်ရရှိခဲ့ပေမယ့် ဟန့်တားဖို့ ထိထိရောက်ရောက် ဆောင်ရွက်ခဲ့ခြင်း မရှိဘူးလို့ ဖော်ပြထားပါတယ်။

    SIS အကြီးအကဲဟောင်း Nilantha Jayawardena ဟာ တိုက်ခိုက်မှုပြုလုပ်တော့မယ့်သတင်းကို အခင်းမဖြစ်ခင် ၁၇ ရက်စောပြီး ဧပြီလ ၄ ရက်ကတည်းက ရရှိခဲ့ကြောင်း၊ ဒါပေမယ့် လက်အောက်က ထောက်လှမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ အရာရှိတွေကို အချိန်မီ အသိပေးညွှန်ကြားခြင်းမရှိခဲ့ကြောင်း အစီရင်ခံစာက ဆိုပါတယ်။

    တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ရရှိတဲ့ ထောက်လှမ်းရေးသတင်းအချက်အလက်ဟာ ‘ထိပ်တန်းလျှို့ဝှက်’ ‘ထိပ်တန်းဦးစားပေး’ ဖြစ်ပြီး ဒီလိုအချက်အလက်တွေကို တိုင်းပြည်ထိပ်တန်းခေါင်းဆောင်တွေ ပုံမှန်ပြုလုပ်တဲ့ ထောက်လှမ်းရေး ညှိနှိုင်းအစည်းအဝေး ICM မှာ ထည့်သွင်း တင်ပြလေ့ရှိပါတယ်။

    ဒါပေမယ့် အီစတာနေ့ တိုက်ခိုက်မှုလုပ်မယ့် သတင်းကိုတော့ ဧပြီလ ၉ ရက်နေ့ကပြုလုပ်တဲ့ ICM အစည်းအဝေးမှာ SIS အကြီးအကဲက တင်ပြခဲ့ခြင်းမရှိဘဲ ဘာ့ကြောင့် ဒီလိုချန်လှပ်ခဲ့တာလဲဆိုတာကို စုံစမ်းစစ်ဆေးနေတယ်လို့လည်း PSC အဖွဲ့က အစီရင်ခံစာမှာ ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

    နိုင်ငံအရှေ့ပိုင်း Kattankudy မြို့မှာ ဧပြီလ ၁၆ ရက်နေ့က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီးတဲ့နောက် ရရှိတဲ့ ထောက်လှမ်းရေးအချက်အလက်တွေနဲ့ပတ်သက်ပြီး SIS က ထိထိရောက်ရောက် လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ အီစတာနေ့တိုက်ခိုက်မှုတွေအတွက် SIS အကြီးအကဲ Nilantha Jayawardena မှာ လုံး၀ တာဝန်ရှိတယ်လို့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။

    အစွန်းရောက်ခေါင်းဆောင်ကို မျက်ကွယ်ပြု

    ဗုံးခွဲတိုက်ခိုက်မှုတွေကို ဦးဆောင်တဲ့ အစွန်းရောက် မွတ်စလင်တရားဟောဆရာ မိုဟာမက် ဇဟ်ရန်ကို သီရိလင်္ကာအစိုးရက ၂၀၁၅ ခုနှစ်ကတည်းက စောင့်ကြည့်ခဲ့ပြီး ၂၀၁၇ ခုနှစ် မတ်လမှာ ဖမ်း၀ရမ်း ထုတ်ခဲ့ပါတယ်။

    ဇဟ်ရန်နဲ့ပတ်သက်ပြီး သီရိလင်္ကာ ရဲတပ်ဖွဲ့နဲ့ စစ်တပ်တို့ရဲ့ စုံစမ်းထောက်လှမ်းမှုကို ရပ်ဆိုင်းဖို့ ၂၀၁၈ ခုနှစ် ဧပြီလ ၈ ရက်နေ့မှာ SIS အကြီးအကဲက အမိန့်ပေးခဲ့ပါတယ်။

    ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ သမ္မတို့ဟာ ဗုံးခွဲတိုက်ခိုက်မယ့်အစီအစဉ်ကို တားဆီးဟန့်တားနိုင်ရေး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်း မရှိဘဲ၊ အကြိမ်ကြိမ် ပျက်ကွက်ခဲ့တယ်လို့လည်း အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။

    မွတ်စလင်တွေ အစွန်းကို တွန်းပို့ခံနေရ

    သီရိလင်္ကာနိုင်ငံမှာ မွတ်စလင်အစွန်းရောက်ဝါဒ မြင့်တက်လာတာဟာ ဗုဒ္ဓဘာသာအစွန်းရောက်တွေက မွတ်စလင်တွေအပေါ် တိုက်ခိုက်မှုတွေကြောင့် ဖြစ်တယ်လို့လည်း PSC ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    Digana ဒေသမှာ ၂၀၁၈ ခုနှစ်မတ်လက အစ္စလာမ်ဘာသာဝင်တွေပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနောက်ပိုင်း ‌အီစတာတိုက်ခိုက်မှုကို ဦးဆောင်တဲ့ မွတ်စလင်တရားဟောဆရာ မိုဟာမက် ဇဟ်ရန်ဟာ မွတ်စလင်လူငယ်တွေကို ‌တုန့်ပြန်လက်စားချေဖို့ သိမ်းသွင်းခဲ့တယ်ဆိုတာကို PSC က စုံစမ်းစစ်ဆေးမှုမှာ တွေ့ခဲ့ရပါတယ်။

    ဒါပေမယ့် ဇဟ်ရန်ဟာ IS အကြမ်းဖက်အဖွဲ့နဲ့ တိုက်ရိုက်ဆက်သွယ်မှုမရှိဘဲ သူ့ရဲ့လုပ်ရပ်တွေကို မွတ်စလင်လူ့အဖွဲ့အစည်းက ၂၀၁၃/၂၀၁၄ လောက်ကတည်းက သက်ဆိုင်ရာအာဏာပိုင်တွေကို သတင်းပေးပို့ တိုင်ကြားခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

    Kattankudy ဒေသမှာ ဝဟာဘီဝါဒနဲ့ အာရပ်ဇာတ်သွင်းမှု မြင့်တက်လာတာဟာ အစ္စလာမ်ဘာသာဝင် လူ့အဖွဲ့စည်းမှာ အစွန်းရောက်ဝါဒကို မြင့်တက်လာစေပြီး ဒါကို သီးသန့် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် ပြုလုပ်ရမယ်လို့လည်း PSC က ထည့်သွင်း အကြံပြုခဲ့ပါတယ်။

    မွတ်စလင်လူ့အဖွဲ့အစည်း အပြစ်လွတ်

    ကိုလံဘိုအခြေစိုက် နိုင်ငံတကာလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ Muheed Jeeran က PSC ရဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ အစီရင်ခံစာတွေဟာ အစိုးရရဲ့ လက်ညှိုးထိုးမှုတစ်ခုသာဖြစ်ပြီး၊ တိုက်ခိုက်မှုဖြစ်ပွားရတဲ့ အကြောင်းအရင်းနဲ့ အစွန်းရောက် ဗုံးခွဲသမားတွေအပေါ် လှုံ့ဆော်မှုတွေကို အဓိကထားပြီး လေ့လာသင့်တယ်လို့ ထောက်ပြခဲ့ပါတယ်။

    “‌တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်ခြင်းမရှိတဲ့ အပြစ်မဲ့ မွတ်စလင်တစ်ချို့ဟာ သင့်လျော်တဲ့ တရားရေးလုပ်ငန်းစဉ်တွေ မရရှိဘဲ ဖမ်းဆီးအကျဉ်းချ ခံနေရဆဲပါ”

    သီရိလင်္ကာအနောက်ပိုင်းပြည်နယ် ဝန်ကြီးချုပ်ဟောင်းနဲ့ အမျိုးသားညီညွတ်ရေး မဟာမိတ်အဖွဲ့ခေါင်းဆောင် Azath Salley က တိုက်ခိုက်မှုတွေအတွက် သီရိလင်္ကာက မွတ်စလင်လူ့အဖွဲ့အစည်းအပေါ် အပြစ်မဖို့တာကို မြင်ရတာ ပျော်ရွှင်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

    သီရိလင်္ကာ မွတ်စလင်ကန်ဂရက်အဖွဲ့ရဲ့ အကြီးအကဲ N.M. Ameen က အစွန်းရောက် ဗုဒ္ဓဘာသာဝင်တွေရဲ့ လုပ်ရပ်တွေကြောင့် မွတ်စလင်လူငယ်တစ်ချို့ဟာ သွေးဆောင်ဖျားယောင်း အသုံးချခံလိုက်ရတယ်ဆိုတာကို အစီရင်ခံစာက ရှင်းရှင်းလင်းလင်း ဖော်ပြနေကြောင်း ပြောကြားခဲ့ပါတယ်။

    “တိုက်ခိုက်မှုအကြာင်းအရင်းအမှန်ကို အစီရင်ခံစာမှာ တိတိကျကျ ဖော်ပြထားပြီး၊ အရေးယူဖို့ အစိုးရရဲ့ ပျက်ကွက်မှုကို ထောက်ပြထားတဲ့အတွက် ကျွန်တော်တို့ တော်တော်လေး ကျေနပ်ပါတယ်”

    Ref: Sunday Observer, Arab News

  • ကမ္ဘာ့တပ်မတော်များ အားကစားပြိုင်ပွဲတွင် တရုတ်အသင်းက မသမာမှု ပြုလုပ်

    ကမ္ဘာ့တပ်မတော်များ အားကစားပြိုင်ပွဲတွင် တရုတ်အသင်းက မသမာမှု ပြုလုပ်

    အောက်တိုဘာ ၂၈၊ ၂၀၁၉
    M-Media

    -လက်ရှိ တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့ ‘ကမ္ဘာ့တပ်မတော်များ အားကစားပြိုင်ပွဲ’ (Military World Games) မှာ ‌အိမ်ရှင်တရုတ်အသင်းက မသမာမှုတွေ လုပ်ဆောင်တဲ့အတွက် ပြိုင်ပွဲကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။

    အဖွဲ့လိုက်ကစားရတဲ့ တာလတ် လမ်းကြောင်းရှာပြိုင်ပွဲ (orienteering competition) မှာ တရုတ်စစ်တပ်ကိုယ်စားပြု အမျိုးသမီးအသင်းဟာ ပထမ၊ ဒုတိယနဲ့ စတုတ္ထနေရာတွေ ရရှိခဲ့ပြီး၊ အမျိုးသားအသင်းက ဒုတိယနေရာ ရရှိခဲ့တာပါ။

    ဒါပေမယ့် ပြိုင်ပွဲကို လာရောက်ကြည့်ရှုသူ တရုတ်ပရိတ်သတ်တွေဟာ တရုတ်အသင်း အနိုင်ရအောင် နေရာတွေမှတ်ပေးတာ၊ ဖြတ်လမ်းရှာပေးတာတွေ လုပ်ဆောင်ခဲ့တာကြောင့် ရုရှားနဲ့ ပြင်သစ်တို့အပါအဝင် ဥရောပနိုင်ငံ ၆ နိုင်ငံက နိုင်ငံတကာ လမ်းကြောင်းရှာအားကစားအဖွဲ့ချုပ် (IOF) ကို တိုင်ကြားခဲ့ပါတယ်။

    IOF က ထုတ်ပြန်တဲ့ကြေငြာချက်မှာတော့ သူတို့အနေနဲ့ တရုတ်အသင်းကို ထိထိရောက်ရောက် အရေးယူခဲ့ပြီး အောက်တိုဘာ ၂၅ ရက်နေ့ကနေစတင်ကာ ကွမ်ကျိုးမြို့မှာကျင်းပမယ့် ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ မျှမျှတတ ယှဉ်ပြိုင်နိုင်ရေး အာမခံချက် ပေးနိုင်မလားဆိုတာကို စုံစမ်းစစ်ဆေးသွားမယ်လို့ ဖော်ပြထားပါတယ်။

    ဒါ့အပြင် တာဝေးလမ်းကြောင်းရှာပြိုင်ပွဲမှာ တရုတ်အသင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကိုလည်း IOF က ပိတ်ပင်ခဲ့ပါတယ်။

    ၁၉၉၅ ခုနှစ်က ရောမမြို့မှာ ပထမဆုံးကျင်းပခဲ့တဲ့ Military World Games ကို အိုလံပစ်ပြိုင်ပွဲလိုပဲ ၄ နှစ်တစ်ကြိမ် ကျင်းပတာ ဖြစ်ပါတယ်။ အခုတစ်ကြိမ်ဟာ တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံး လက်ခံကျင်းပတာပါ။

    ဒီပြိုင်ပွဲကို နိုင်ငံပေါင်း ၁၀၉ နိုင်ငံက အားကစားသမား ၉၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ရေးကူး၊ လေထီးခုန်၊ လမ်းကြောင်းရှာ၊ နပန်း စတဲ့ အားကစားနည်းတွေ ပါဝင်ပါတယ်။ လက်ရှိမှာတော့ ဆုတံဆိပ်ရရှိမှုဇယားမှာ တရုတ်က ဦးဆောင်နေပြီး ဒုတိယနေရာမှာ ရုရှားက ရှိနေပါတယ်။

    Ref: CNN

  • အရှေ့ဂျေရုစလင်တွင် ပါလက်စတိုင်းနေအိမ်များ ဖျက်ဆီးခံရမှု စံချိန်တင်မြင့်တက်

    အရှေ့ဂျေရုစလင်တွင် ပါလက်စတိုင်းနေအိမ်များ ဖျက်ဆီးခံရမှု စံချိန်တင်မြင့်တက်

    အောက်တိုဘာ ၂၅၊ ၂၀၁၉
    M-Media

    -အရှေ့ဂျေရုစလင်မှာ အခုနှစ်အတွင်း အစ္စရေးက ဖြိုချဖျက်ဆီးခဲ့တဲ့ ပါလက်စတိုင်းအိမ်အရေအတွက်ဟာ အနည်းဆုံး ၁၄၀ လောက် ရှိနေပြီး ၂၀၀၄ ခုနှစ်နောက်ပိုင်း တစ်နှစ်အတွင်း စံချိန်တင်ပမာဏဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့ B’Tselem က မနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    အစ္စရေးဟာ ပါလက်စတိုင်းပိုင်နက်ဖြစ်တဲ့ အရှေ့ဂျေရုစလင်ကို ၁၉၆၇ ခုနှစ်ကတည်းက ကျူးကျော်သိမ်းပိုက် ပိတ်ဆို့ထားတာပါ။ အရှေ့ဂျေရုစလင်မှာ ပါလက်စတိုင်းတွေရဲ့အိမ်တွေ ဖြိုချဖျက်ဆီးခံရမှုကို B’Tselem က ၂၀၀၄ ခုနှစ်ကတည်းက စောင့်ကြည့် စစ်တမ်းကောက်လာတာ ဖြစ်ပါတယ်။

    အခုနှစ်အတွင်း အသက် ၁၈ နှစ်အောက် ၁၂၇ ဦးအပါအဝင် ပါလက်စတိုင်းပြည်သူ ၂၃၈ ဦးဟာ အိုးအိမ်တွေ ဆုံးရှုံးခဲ့တယ်လို့ B’Tselem ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ၂၀၁၆ ခုနှစ်က ပါလက်စတိုင်းနေအိမ် ၉၂ ဖြိုချခံရပြီး အခုနှစ်မတိုင်ခင် တစ်နှစ်အတွင်း အမြင့်ဆုံးပမာဏ ဖြစ်ပါတယ်။

    ဆောက်လုပ်ခွင့်ပါမစ် ရယူထားခြင်းမရှိတဲ့အတွက် ဖြိုချရတာလို့ အစ္စရေးအာဏာပိုင်တွေက ပြောကြားထားပေမယ့်၊ စောင့်ကြည့်လေ့လာသူက အစ္စရေးဟာ ပါလက်စတိုင်းတွေ ပါမစ်လျှောက်တဲ့အခါမှာ လွယ်လွယ်ကူကူ ထုတ်ပေးခြင်း မရှိတာကြောင့် ပါမစ်မရှိတဲ့ အဆောက်အဦးတွေ ဖြစ်လာတာလို့ ထောက်ပြ‌ပြောဆိုခဲ့ပါတယ်။

    ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်မှာ အစ္စရေးရဲ့ ကျူးကျော်အိမ်ယာ ဆောက်လုပ်မှုအရေအတွက်ဟာလည်း သိသိသာသာ မြင့်တက်လာပါတယ်။

    Ref: Aljazeera